Monday, June 6, 2011

ဦးနှောက်နဲ့ နှလုံးသား

ဦးနှောက်နဲ့ နှလုံးသားဆိုတာ အဆက်အစပ်မဲ့သွားလို့ မဖြစ်ဘူး။
နှလုံးသား ခံစားချက်ကို ဦးနှောက်က စဉ်းစားဉာဏ်နဲ့ ထိန်းကွပ်ရသလို ဦးနှောက်ရဲ့ အတွေးကိုလဲ နှလုံးသားက ခံစားမှုနဲ့ အနားသတ်ပေးရတယ်။
ဒါဆိုရင် ဦးနှောက်နဲ့ နှလုံးသား ဘယ်ဟာက ပိုအရေးကြီးသလဲ။
အဲဒီနှစ်ခုဟာ ချိန်ခွင်တစ်ခုလိုဘဲ။ ဦးနှောက်ရဲ့ တွေးတောမှု နှလုံးသားရဲ့ ခံစားချက် နှစ်ဘက်ညီပြီး ချိန်ခွင်လျှာ ဘက်မျှနေမှ လက်တွေ့ကျပြီး မှန်ကန်တဲ့ စိတ်နေစိတ်ထားနဲ့ ကျိုးကြောင်းတကျ တွေးခေါ် ဆုံးဖြတ်နိုင်သူ ဖြစ်လိမ့်မယ်။ တစ်ဖက်ဖက်ကို အလေးသာနေခဲ့ရင် လူတွေရဲ့ စဉ်းစား တွေးခေါ် ဆင်ခြင် ဆုံးဖြတ်မှုတွေမှာ အမှားအယွင်းတွေ ဘက်လိုက်မှုတွေ အစွန်းရောက်မှုတွေ ဖြစ်လာဖို့ အခွင့်အလမ်းတွေ ရှိလာနိုင်တာပေါ့။

ကမ္ဘာပေါ်က ထူးချွန်ကျော်ကြားခဲ့တဲ့ လူသားတွေဖြစ်တဲ့ လင်ကွန်းလို ၊ အိုင်စတိုင်းတို့ ဂန္ဓီတို့လို ၊ မာသာ ထရီဆာတို့ ဗိုလ်ချုပ်အောင်ဆန်းတို့လို လူတွေဟာ သူတို့တွေရဲ့ ဆုံးဖြတ်ချက် လုပ်ဆောင်ချက်တွေကို ဦးနှောက်နဲ့ နှလုံးသား ပေါင်းစပ်ပြီးမှ ပြုလုပ်ခဲ့ကြသူတွေဖြစ်တယ်။ သူတို့ရဲ့ အတွေးအခေါ်တွေ လုပ်ဆောင်ချက်တွေ ပြောင်မြောက်သလို သူတို့ရဲ့ ဆုံးဖြတ်ချက် အမြင်တွေဟာလဲ လူသားဆန်တယ်။ လက်တွေ့ကျတယ်။ ဒါဟာ ဦးနှောက်နဲ့ နှလုံးသားရဲ့ ဟန်ချက်ညီ လုပ်ဆောင်မှု ရလာဒ်တွေပေါ့။

ဦးနှောက်ကိုချည်းဘဲ ဦးစားပေးခဲ့ရင် အတွေးအခေါ်တွေ အစွန်းရောက် ခံစားချက်တွေပျောက်လို့ လူသားမဆန်တော့တဲ့ စက်ရုပ်တစ်ရုပ်ဘ၀ ရောက်သွားနိုင်သလို နှလုံးသားကိုဘဲ ဦးစားပေးလွန်းပြန်ရင်လဲ ခံစားမှုတွေနောက် ကောက်ကောက်ပါပြီး မှန်ကန်သင့်မြတ်တဲ့ ဆုံးဖြတ်ချက်မျိုး မချနိုင်တော့ဘဲ အတ္တတရားတွေနဲ့ တွေဝေပျော့ညံ့တဲ့ လူတစ်ယောက် ဘ၀ကို ရောက်ရမှာပါဘဲ။
နှလုံးသားနဲ့ ဦးနှောက်တို့ သမမျှတမှုကနေ မွေးဖွားလာတဲ့ ဆင်ခြင်တုံတရား ဆိုတာ အရာအားလုံးကို အစွန်းတဖက် မရောက်အောင် ထိန်းညှိပေးနိုင်တဲ့ စွမ်းအားပေါ့။ အဲဒီ စွမ်းအားဟာ ကိုယ့်ကိုယ်ကိုလဲ ထိန်းသိမ်းနိုင်စွမ်းသလို  လောကပါလ တရားတွေကိုလဲ  စောင့်ရှောက်နိုင်တဲ့အစွမ်းရှိတယ်။ လောကမှာ လူတွေအားလုံးသာ တစ်ဦးချင်းစီ မိမိတို့ရဲ့ ဦးနှောက်နဲ့ နှလုံးသားကို မျှတစွာ ချိန်ညှိပေးနိုင်ကြမယ် ဆိုရင် ကမ္ဘာကြီး ငြိမ်းချမ်းမှာပါ။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

4 comments:

မိုးယံ said...

ဒီလို စာမျိုးကို ဘင်လာဒင် မဖတ်ဘူးတာ သေချာတယ်။ :P

မြစ်ကျိုးအင်း said...

လူတိုင်းမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ဦးနှောက်က ချမှတ်ပြီး ကိုယ်ချင်းစာတရားကို နှလုံးသားက ဖြည့်စွက်နိင်ရင် ပတ်ဝန်းကျင်က အရင်ထက် ပိုသာယာလာမှာပဲ။

mstint said...

မှတ်သားပြီး လိုက်နာဖို့ရာ ကောင်းတဲ့ဆောင်းပါးလေး တစ်ပုဒ်ကို ဖတ်သွားပြီနော် လောကီလူသားများအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခ ပြည့်ဝကြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

အလယ်အလတ် လမ်းစဉ်သာ အကောင်းဆုံးပါ... ဦးနှောက်နဲ့ နှလုံးသားကို သင့်တင့်မျှတစွာ အသုံးချရင် အကောင်းဆုံး အဖြေထွက်ပါလိမ့်မယ်...း)

ခင်မင်လျက်
နေ၀ဿန်

Related Posts Plugin for WordPress, Blogger...