Tuesday, June 11, 2019

ချိုမြိန်တဲ့ ၁၆ အရောက် မြန်လွန်းထင်..


အချိန်တွေကုန်တာ မြန်လွန်းလှချည့် ၁၆နှစ်ဆိုတဲ့ အချိန်ကာလဟာ ဘယ်လို ကုန်ဆုံးသွားလိုက်မှန်း တကယ်ကို သတိမထားမိခဲ့ဘူး။ စိတ်ထဲမှာ မနေ့တနေ့ကလို့သာ ထင်နေတုန်း.. ဒါပေမယ့် အချိန်တွေက မြန်မြန်ဆန်ဆန်ကြီးကိုပဲ ကျော်လွန် ဖြတ်သန်းသွားခဲ့တော့တာ။ ကိုယ့်သမီးလေး ဒီနေ့ အသက် ၁၆နှစ် ပြည့်ပြီပေါ့။ သူ့အတွက် Sweet 16 ဆိုပေမယ့် အမေတစ်ယောက် အနေနဲ့တော့ ကလေး လေးလို့သာ မြင်နေမိဆဲ.. ဒါပေမဲ့လည်း အရှိတရားတွေကိုတော့ မျက်ကွယ်ပြုထားလို့ မရနိုင်တာ ကိုယ်နားလည်ပါတယ်။ သူဟာ နောက်ထပ် နှစ်အနည်းငယ်အတွင်း သိပ်မကြာ တော့မယ့် အချိန်တွေမှာ သူ့ဘဝအတွက် ရှေ့ဆက်ပညာတွေ သင်ယူနိုင်ဖို့၊ သူ့အနာဂါတ်၊ သူ့ရည်မှန်းချက်တွေအတွက် သူ့လမ်းသူလျှောက်နိုင်ဖို့ မိဘတွေ အရိပ်အောက်က ထွက်ခွာသွားဖို့ အားယူနေပြီ။ ဒါဟာ ခွင့်ပြုသင့်တဲ့အရာ ခွင့်ပြုရမယ့်အရာ ဆိုတာလည်း ကိုယ် နားလည် လက်ခံထားပါတယ်လေ..။ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ဘဝမှာ ရှောင်လွဲလို့ မရနိုင်တာတွေဟာ အမြဲတမ်း ရှိနေခဲ့သလို ရှေ့ဆက်ပြီးလဲ ရှိနေဦးမှာ သဘာဝပဲ မဟုတ်လား။

လွန်ခဲ့တဲ့ ၁၆နှစ် ဆိုတာ ကိုယ့်အတွက် တကယ့်ကို ခဏလေးပဲ။ အားလုံးဟာ ကိုယ့်စိတ်ထဲမတော့ ခုထိ မနေ့တနေ့ကလို ခံစားမိနေတုန်း..။ သမီးက မိဘတွေ အနေနဲ့ ကိုယ်တို့တွေ ဘာကိုမှ မျှော်လင့်ချိန် ပြင်ဆင်ချိန် မရပဲနဲ့ ကိုယ်တို့ဘဝထဲကို သူ့အစီအစဉ်နဲ့ သူချည်းပဲ ရောက်လာခဲ့တဲ့ ကလေးပေါ့။ မိခင်တိုင်းမှာတော့ သား သမီး တစ်ဦးချင်းစီတိုင်းကို မွေးဖွားခဲ့ရပုံတွေ၊ ကြီးပြင်းတဲ့အထိ ဘယ်လိုပြုစု စောင့်ရှောက်ခဲ့ရတာ ဆိုတာမျိုး တွေအတွက် တသက်စာ ပြောမကုန်တဲ့ အမှတ်တရတွေ အများကြီး ရှိနေကြတာပါပဲ။ ကိုယ့်အမေဆိုလည်း ကိုယ်တို့ ညီအစ်မတွေကို ဘယ်သူ့ကိုတော့ ဘယ်လို အတွေ့အကြုံတွေနဲ့ ဘယ်လိုမွေးခဲ့ရတာ ဆိုတာတွေ ခုချိန်ထိ ပြောပြနေဆဲ.. ကိုယ်တွေကလည်း တသက်လုံး အထပ်ထပ် ကြားခဲ့ရပြီးသား အကြောင်းတွေ ဆိုပေမဲ့ နားထောင်မငြီး အမေပြောတိုင်း နားထောင် ကောင်းနေဆဲပါပဲလေ။

ပြောရရင် ကိုယ်က မိန်းကလေး တစ်ယောက်အနေနဲ့ အိမ်ထောင်ကျတာ နောက်ကျပါတယ်။ ကိုယ်အိမ်ထောင်ကျတော့ အသက် ၂၉နှစ် ပြည့်ပြီးခါစ.. အမျိုးသားကတော့ ကိုယ့်ထက် တစ်နှစ်ကြီးတာမို့ ၃၀ကျော်ပေါ့။ ဒါပေမဲ့ အိမ်ထောင်ကျပြီးတာနဲ့ အမျိုးသားက ဒီကမ္ဘောဒီးယားမှာ အလုပ်လုပ်ဖို့ ထွက်သွားတော့ ကလေးလဲ ချက်ချင်း မယူဖြစ်ခဲ့ကြဘူး။ ကိုယ်ကလည်း မိဘအိမ်မှာ တစ်နှစ်လောက် ပြန်နေပြီးတော့မှ ကမ္ဘောဒီးယားကို လိုက်လာနေဖြစ်ခဲ့တယ်။ ဒီရောက်ခါစမှာ ကိုယ်ကလည်း အလုပ်လုပ်ချင်တော့ တခါ ကလေးမယူဖြစ်ခဲ့ သေးပြန်ဘူး။ အဲဒီလို နေရင်းကနေ ကိုယ်တို့နှစ်ယောက်လုံး ဘာအစီအစဉ်မှလည်း မရှိသေးသလို ဘာကိုမှလည်း မမျှော်လင့်ထားခဲ့မိတဲ့ အချိန်မှာပဲ ကိုယ့်ဆီမှာ ကလေးလေးတစ်ယောက် ရှိနေခဲ့ပြီမှန်း သိခဲ့ရတယ်။ အဲဒီအချိန်မှာ ခံစားရတာကို ဘယ်လိုမှ ပေါ်လွင်အောင် ဖေါ်ပြလို့ရနိုင်မယ် မထင်ဘူး။ ပျော်တာလား.. စိတ်လှုပ်ရှားတာလား.. အံ့တာလား.. ဝမ်းသာကြည်နူးတာလား ဘယ်လိုမှ သရုပ်ခွဲပြလို့ မရနိုင်တဲ့ ခံစားမှုမျိုးပဲ..။ အဲဒါနဲ့ ကိုယ်တို့လည်း ဒီနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေအရကော၊ နှစ်ဘက်မိသားစုတွေရဲ့ ဆန္ဒ၊ ကိုယ်တို့နှစ်ယောက်စလုံးရဲ့ ဆန္ဒတွေနဲ့ သမီးကို ရန်ကုန်ပြန်မွေးဖို့ စီစဉ်ခဲ့ကြတယ်။ ကိုယ်ကအရင်ပြန်ပြီး အမျိုးသားကတော့ သမီးမွေးခါနီး Due date နီးမှ အလုပ်က ခွင့်ယူပြီး ပြန်လာဖို့ စီစဉ်ထားခဲ့ ကြတာပေါ့။

ဒါပေမဲ့ ကိုယ်ပြောခဲ့သလိုပါပဲ.. သမီးက ကိုယ့်ဗိုက်ထဲကို ကိုယ်တို့ မမျှော်လင့် မစဉ်းစားထားခဲ့ချိန်မှာ ရောက်လာခဲ့သလို၊ သူလူ့လောကထဲ ရောက်ရှိလာဖို့ ကိုယ်တို့တွေ ဘယ်လိုပဲ စီစဉ် မျှော်လင့်ထားကြသည်ဖြစ်စေ သမီးကတော့ သူ့ကိုယ်ပိုင် အစီအစဉ်နဲ့ပဲ ကိုယ်တို့ မမျှော်လင့်ထားရ သေးတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ အခြေအနေမျိုးနဲ့ လူ့လောကထဲကို ဝင်ရောက်လာခဲ့သူပါပဲ။ တကယ်တမ်း သမီးကို မွေးဖွားဖို့ ဆရာဝန်က ခန့်မှန်းပေးထားတဲ့ ရက်က ဇူလိုင် ၁၅ရက်နေ့ပါ။ ကိုယ်ဝန်ရှိကတည်းက ဆရာဝန်နဲ့ တောက်လျှောက် စစ်ဆေး ပြသနေတာလည်း အားလုံး ပုံမှန်အခြေအနေမှာပဲမို့ ကိုယ့်အနေနဲ့ ရိုးရိုးပဲ မွေးဖွားဖို့ မျှော်လင့်ထားတာပေါ့။ ဒါပေမယ့် ဇွန်လ ၈ရက်နေ့မနက် ကိုယ်အိပ်ယာက ထတဲ့အချိန် ကိုယ်ဝန် ရှစ်လ တိတိ ပြည့်တဲ့နေ့မှာပဲ မနက်စောစောမှာ သွေးဆင်းလာတော့ မိသားစုတွေ အစ်မဆရာဝန်တွေ အားလုံး စိတ်ပူစွာနဲ့ ချက်ချင်း ဆေးရုံကို ရောက်သွားရတော့တာပေါ့။ အဲဒီမှာ အားလုံး စမ်းသပ်ပြီးချိန်မှာ အိုဂျီက မွေးဖို့ ရက်ကလည်း တစ်လကျော်လောက်တောင် လိုနေသေးတော့ ကလေးလမစေ့ ပေါင်မပြည့် ဖြစ်မှာစိုးတဲ့အတွက် သားအိမ်ထိန်းဆေး ထိုးပေးပြီး ဆေးရုံမှာပဲ အိပ်ယာပေါ် bed rest ဆိုပြီး နေရပါတော့တယ်။ ဆေးရုံမှာပဲ ထားရတာကလည်း မတော်တဆ အရေးပေါ် အခြေအနေ ထပ်ဖြစ်လာခဲ့ရင် ချက်ချင်း ခွဲစိတ်နိုင်အောင်လည်း ပါတာပေါ့။ အားလုံး ပုံမှန်အနေအထားကနေ ဒီလို မမျှော်လင့်ထားတဲ့ အခြေအနေ တစ်ခုဖြစ်လာတော့ နှစ်ဘက် မိဘ ဆွေမျိုး မောင်နှမတွေ အားလုံး အရမ်းစိတ်ပူပန်နေကြပေမဲ့ ကိုယ့်ကိုတော့ အားလုံးက ဂရုတစိုက်နဲ့ စိတ်မပူအောင် ပုံမှန် ပြောဆိုနေကြတာကို ကိုယ်သိနေခဲ့တယ်။ 

အမှန်တော့ ကိုယ့်ပင်ကိုယ် သဘာဝက ရှာရှာကြံကြံ တွေးတော ပူပန်တတ်သူပါပဲ။ ဒါပေမယ့် တကယ်တမ်း အရမ်းကို စိတ်ပူစရာ အခြေအနေတစ်ခုကို ရုတ်တရက်ကြုံရတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် အတွက်ကော ကလေးအတွက်ကော အဆုံးစွန် အဆိုးဆုံး အခြေအနေအထိကို ကြိုတွေးပြီး ကိုယ့်စိတ်ကို အေးအေးဆေးဆေးနဲ့ အတည်ငြိမ်ဆုံး ဖြစ်အောင်ပဲ ပြင်ဆင်ထားခဲ့မိတယ်။ အဲဒီအချိန်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ အကောင်းဆုံး ရင်ဆိုင်မယ်ဆိုတဲ့ စိတ်တစ်ခုပဲ ရှိနေတော့တယ်။ ၈ရက် ၉ရက် ၁၀ရက် သုံးရက်လုံး ဆေးရုံပေါ်မှာ အချိန်ပြည့် စောင့်ကြည့်ခံနေရင်း ၁၁ရက်နေ့မနက် ဆရာဝန်ရောက်လာချိန်မှာတော့ ဆက်ထားလို့မဖြစ်တော့လို့ ချက်ချင်းပဲ ခွဲစိတ်ခန်းထဲ ဝင်ဖို့ ပြင်ဆင်ရတော့တာပဲ။ ကိုယ်ကတော့ အဲဒီအချိန်မှာ စိတ်ထဲ စိုးရိမ်တာတွေ ပူပန်တာတွေ ကြောက်တာတွေ စိတ်လှုပ်ရှားတာတွေ ဘာတစ်ခုမှကို ရှိမနေတော့ဘူး။ အဆုံးထိတွေးထားပြီးသားမို့ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ တစ်ခုပဲ မျှော်လင့်ထားတော့တယ်။ စိတ်ထဲကနေ ဘုရားစာရွတ်ရင်း အေးအေးဆေးဆေးပဲ ခွဲခန်းထဲ သွင်းတာကို စောင့်နေမိတော့တာ။ အဲဒီလိုနဲ့၂၀၀၃ခုနှစ် ဇွန်လ ၁၁ ရက်နေ့ မနက် ၁၁နာရီ ၂၂မိနစ်မှာ ဗိုက်ခွဲမွေးပြီးတော့ သမီးဟာ လူ့လောကထဲကို ရောက်လာခဲ့ရတယ်။ ဘုရားဂုဏ်ကျေးဇူးနဲ့ အင်မတန်ကို ကံကောင်းလှစွာပဲ ကိုယ်ဝန် လမစေ့သေးပေမယ့် အားလုံး စိတ်ပူခဲ့ကြသလို ပေါင်မပြည့်တာတို့ ဘာတို့ မဖြစ်ခဲ့ဘူး။ ငါးပေါင် ဆယ့်နှစ်အောင်စနဲ့ ကျန်းကျန်းမာမာ အခြေအနေမျိုးနဲ့ မွေးဖွားခဲ့တယ် ဆိုရမယ်။ ကိုယ့်အတွက်ကတော့ အဆိုးဆုံးကို မျှော်လင့်ထားခဲ့ပြီးသားမို့ ဒီလို အကောင်းဆုံး အခြေအနေ ဖြစ်လာခဲ့တာ အတွက် ဘုရားကိုပဲ ကျေးဇူးတင်မိတာပါပဲ။

အဲဒီလိုပုံစံမျိုးနဲ့ ကိုယ်တို့ဘဝထဲကို ဝင်ရောက်လာခဲ့တဲ့ သမီးပိစိကွေးလေးက ဒီနေ့ ၁၆နှစ်သမီး ဖြစ်လာခဲ့ပြီ။ သိပ်ပြီး ချွဲတတ် နွဲ့တတ်တဲ့ ကလေးမျိုးမဟုတ်တဲ့၊ လွတ်လပ်မှုကို သိပ်မက်မောတတ်တဲ့၊ ကိုယ့်စိတ်ကူးနဲ့ကိုယ် တသီးတသန့် နေတတ်တဲ့၊ ပုံဆွဲတာတို့ စာဖတ်တာတို့လို သူစိတ်ဝင်စားတဲ့ အရာတွေကို အခန်းထဲ ငြိမ်ငြိမ်သက်သက် တစ်ယောက်တည်း ထိုင်လုပ်နေတတ်တဲ့ သမီးက ကိုယ့်အနား လက်ပွန်းတတီး မနေတော့တာတောင် ကြာခဲ့ပေါ့။ သမီးကို သူ့ဘဝမှာ သူ့ကိုယ်ပိုင် ရွေးချယ်မှုတွေနဲ့ ပျော်ရွှင်စွာ နေနိုင်ဖို့ကိုပဲ ကိုယ်မျှော်လင့်တယ်။ နောက်ပြီးတော့ သမီးကို Attitude ကောင်းပြီး သူတပါးအပေါ် စိတ်ပုတ် စိတ်ယုတ် မထားတတ်တဲ့၊ စိတ်ထားဖြူစင်တဲ့၊ လူတိုင်းအပေါ် စာနာ နားလည် ခွင့်လွှတ်ပေးတတ် မေတ္တာထားတတ်တဲ့ လူမျိုးပဲ ဖြစ်စေဖို့ မျှော်လင့်တာပါပဲ..။

◘•◘•◘•◘•◘•◘

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

6 comments:

စံပယ်ချို said...

အေးအေးလေးနေတတ်တဲ့သမီး စာတွေအများကြီးဖတ်နိုင်ပြီး မိဘများနဲ့အတူ နှစ်၁၀၀တိုင်ပျော်ရွှင်ချမ်းမြေ့ပါစေ။

မအိမ်သူ said...

ဂျက်စ်ရေ သမီးအတွက် ဆုတောင်းပေးတာ ကျေးဇူးအထူးပါရှင်.. <3 <3

PhyoPhyo said...

Happy Birthday Thamee Lay😘🥰🎼🎶🎉🎊

မအိမ်သူ said...

Thanks billion ပါ ညီမဖြိုးရေ... <3 <3

Unknown said...

သမီးလေးရှိတာ သားလေးထက် အဖော်ပိုရတယ် အစ်မ ကံကောင်းတာ... သမီးလေးဒီမွေးနေ့မှ နောင်နှစ်ပေါင်းများစွာထိ မိဘကျေးဇူးကိုသိတတ်သော လိမ္မာသော သမီးလေးဖြစ်ပါစေ...း)

မိုးငွေ့

မအိမ်သူ said...

ညီမမိုးငွေ့ရေ သမီးအတွက် ဆုတောင်းလေးကို အခုမှ တွေ့မိလို့ ကွန်မန့်ပြန်တာ နောက်ကျသွားတာ ဆောရီးပါနော်။ မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးအထူးပါ ညီမရေ... ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့.. ☺ ☺ ♥♥♥

Related Posts Plugin for WordPress, Blogger...