Monday, December 31, 2018

ဒီဇင်ဘာရထား

ထွက်ခွာသွားတော့မယ့် ဒီဇင်ဘာရထားကို နှုတ်ဆက်စကားလေး ဆိုလိုက်ပါရစေ
နောက်တစ်ကြိမ် ဆိုက်ရောက်လာတဲ့အခါ
နောက်ထပ်လည်း အကြိမ်ပေါင်းများစွာ ဆိုက်ရောက်လာဦးမယ့် ဒီဇင်ဘာ
သက္ကရာဇ်ဘူတာတွေကို မရပ်မနားဖြတ်သန်း
အနာဂတ်လမ်းပေါ်မှာ သူ့တာဝန် သူထမ်းနေလိမ့်ဦးမှာလေ
ဒီဇင်ဘာရထားကို နောက်ထပ် ဘယ်နှစ်ကြိမ်များ နှုတ်ဆက်ခွင့်ကြုံရမှာလဲ
အနာဂါတ်ဆိုတာ နောက်ထပ် တစ်မိနစ် တစ်စက္ကန့်တောင် သေချာနိုင်တာမှ မဟုတ်ပဲလေ
နောက်ထပ်တနှစ်ဆိုတာထက် ပိုနီးတာဟာ သေခြင်းတရားမဟုတ်လား
ပစ္စုပ္ပန်မဟုတ်တဲ့ ဘယ်အရာတွေကိုများ အပိုင်တွက်ထားလို့ ရနိုင်ပါ့မလဲ
ပြီးဆုံးသွားမယ့် တစ်မိနစ်နောက်မှာ ပြောင်းလဲသွားမယ့် တစ်မိနစ်က ကပ်ပါလာနေဦးမှာ
ကဲ..လာ ဟောဒီမှာ ဒီဇင်ဘာရထားခွာတော့မယ်
နှုတ်ဆက်ကြ၊ လက်ပြကြ၊ ဝမ်းနည်းကြ၊ ကြေကွဲကြ၊ ခံစားကြလို့မှ မပြီးခင်
နောက်တစ်နှစ်ကိုဝင်ပြန်ပြီတဲ့လား
ချက်ချင်းပြောင်းလဲသွားခဲ့ရပြန်တဲ့ ခံစားချက်များနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရပေဦးမယ်
ခရီးဆက်သွားပါ ဒီဇင်ဘာ တချိန်မှာ ပြန်ဆုံရဖို့တော့ မျှော်လင့်ထားပါတယ်
တစ်နှစ်တာရဲ့ အဆိုးအကောင်း အကျိုးအကြောင်းတွေကို မင်းနဲ့ တပါတည်း သယ်ဆောင်ယူသွားလိုက်ပါ
ကံအကြောင်းမလှလို့ ဒီဇင်ဘာကို နှုတ်ဆက်ခွင့်မကြုံလိုက်ကြရသူတွေကို
သတိတရနဲ့ တမ်းတနေခဲ့ကြသူတွေ ရှိနေသေးတဲ့အကြောင်း
အမှာစကားအပေါင်းကို ထပ်ခါလောင်းလို့ ဒီဇင်ဘာရေ
သက်ဆိုင်သူများဆီ နှစ်သစ်အမီ ဆောင်ယူသွားလှည့်ပါ

▬ § ▬ § ▬ § ▬ § ▬ § ▬ § 

                   အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ...။ ၂၀၁၈ ခုနှစ်ကို နှုတ်ဆက်စကားဆိုရင်း ၂၀၁၉ ခုနှစ်ကို ကြိုဆိုတဲ့အနေနဲ့ ဒီကဗျာလေးကို ရေးဖြစ်ပါတယ်။ မရောက်တာကြာနေတဲ့ ကိုယ့်ဘလော့ဂ်လေးပေါ်လည်း အလည်အပတ် တစ်ခေါက် လာရင်းနဲ့ပေါ့...။ နှစ်သစ်မှာ စာလေးတွေ ကြိုးစားရေးနိုင်ဖို့လည်း အားယူရင်းနဲ့ ဆိုပါတော့လေ...။ ကိုယ်ပြောချင်လှတဲ့ အကြောင်းအရာမျိုးစုံကို စိတ်ကူးထဲမှာပဲ စီနေဖြစ်ခဲ့တဲ့ စာတွေများနေခဲ့ပြီး လက်တွေ့ ချမရေးဖြစ်ခဲ့တာ အတော်လေး ကြာနေခဲ့ပေါ့...။ နှစ်သစ်နဲ့အတူ ဘလော့ဂ်ပို့စ် အသစ်လေးတွေ မကြာမကြာ ရေးဖြစ်နိုင်ဖို့ ကိုယ့်ဟာကိုယ် တွန်းအားပေးနေဖြစ်အောင် ကြိုးစားနေပါတယ်လို့...။

🎉🎆🎆"Happy New Year!"🎆🎆🎉



အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...