Tuesday, September 27, 2011

ရေနစ်တဲ့မြို့

ချောင်းရေကလျှံ မြစ်ရေကတိုး
မိုးမင်းရှင် သူ မသနားတယ်
သွန်းဆင့်ကာဖြိုး..။
ရေတိုးတဲ့မြစ်ပြင်
တသွင်သွင်လျှံကာဖြိုးပါလို့
ကမ်းကိုပင် ကျော်ကာလွှမ်းလို့ရယ်
မြို့တွင်းဝယ် ဘောင်ဘင်စီးတာကြောင့်
မြစ်ရေလျဉ် တစ်ခွင်ကြောမှာ ရေနစ်တဲ့မြို့။      ။

ကမ္ဘောဒီးယားမှာ ပြီးခဲ့တဲ့သြဂုတ်လထဲကစလို့ တနိုင်ငံလုံးမှာ နေရာအနှံ့
ရေတွေကြီးနေပါတယ်။ နောက်ဆုံးသိရတဲ့ သတင်းများအရ အဲဒီလို
ရေလွှမ်းမိုးမှုကြောင့် တနိုင်ငံလုံးမှာ ဗြိတိန်နိုင်ငံသားတစ်ဦး အပါအ၀င် 
အနည်းဆုံး လူ ၁၀၀နီးပါးသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ ရေကြီးမှုကြောင့် 
အိမ်ယာပေါင်း ၆၃ ၀၀၀ ခန့် ရေမြုပ်သွားကာ အခုအချိန်အထိတနိုင်ငံလုံး 
အတိုင်းအတာနဲ့ မိသားစုပေါင်း ၁၀၀ ၀၀၀ ကျော်လောက် ရေဘေးဒဏ် 
ခံစားနေရပြီး ကျောင်းပေါင်း ၃၀၀ခန့်လည်း ပိတ်ထားရပါတယ်။ 
လယ်ယာမြေ ၁၆၃ ၀၀၀ ဟက်တာခန့်လည်း (ဧက ၄၀၇ ၀၀၀ခန့်)
ရေနစ်မြုပ်သွားခဲ့ရတယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ 
သိရပါတယ်။ ရေကအခုအချိန်ထိ ဆက်လက်ပြီး ကြီးနေဆဲပါ။ 
ဘယ်နှစ်ရက်လောက် ဆက်ကြီးအုံးမယ် မသိသေးပါဘူး။ ကမ္ဘောဒီးယား 
အစိုးရကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အတော်အရေးပေးပြီး 
လုပ်နေပါတယ်။ ၀န်ကြီးချုပ် ဟွန်ဆန် ကိုယ်တိုင် အရေးပေါ် 
အစည်းအဝေးခေါ်ပြီး ရေဘေးကယ်ဆယ်ရေးနဲ့ ရေဘေးကြုံခဲ့ရတဲ့
ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို 
စီမံချက်တွေချပြီး ညွှန်ကြား လုပ်ဆောင်နေပါတယ်။

အမှန်တော့ ကမ္ဘောဒီးယားမှာ ရေကြီးတာဟာ ပုံမှန်အနေအားဖြင့် 
အဆန်းမဟုတ်ပါဘူး။ မဲခေါင်မြစ်ဝှမ်းဒေသတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယား
နိုင်ငံဟာ ဟိုးအရင်ကတည်းက နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလတွေမှာ 
ဆိုရင် မဲခေါင်မြစ်ရေတိုးလို့ ရေလွှမ်းနေကျဧရိယာတွေ သဘာဝအတိုင်း 
ရှိနေပြီးသားပါ။ ဒါပေမယ့် အခုနောက်ပိုင်း နှစ်တွေမှာတော့ မဲခေါင်မြစ်
ရေလွှမ်းမိုးမှုဟာ ပုံမှန်အတိုင်း မဟုတ်တော့ပဲ တစ်နှစ်ထက်တစ်နှစ် 
ဆိုးဝါးလာလိုက်တာ အခုတစ်ကြိမ်ရေကြီးတဲ့ အဖြစ်ကတော့ ပြီးခဲ့တဲ့ 
ဆယ်စုနှစ်တွေအတွင်းမှာ အဆိုးဝါးဆုံး အခြေအနေ ဖြစ်တယ်လို့
ဆိုကြပါတယ်။

မအိမ်သူတို့တွေ ကမ္ဘောဒီးယားမှာ နေတာ အတော်လေး ကြာပါပြီ။ 
အရင်တုန်းက အဲဒီလို ရေကြီးမှုမျိုးကို မကြုံခဲ့ရပေမယ့် လွန်ခဲ့တဲ့ ၂၀၀၈
ခုနှစ်ကစလို့ ပထမဦးဆုံးအကြိမ် မြစ်ရေတွေလျှံတက်ပြီး မြို့ထဲကို 
ဒလဟောစီးဝင်ကာ ရေလွှမ်းသွားတာကို စပြီးကြုံခဲ့ရပါတယ်။
အဲဒီတုန်းက ဒီမြို့ဒေသခံတွေရဲ့ အပြောအရဆိုရင် သူတို့တစ်သက်မှာ 
ဒီလိုရေကြီးတာဟာ ဒါဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်တဲ့။ 
အဲဒီတုန်းကဆိုရင် မြစ်ကိုဖြတ်တဲ့ တံတားပေါ်မှာ လူတွေအုံခဲပြီး
ကြိတ်ကြိတ်တိုးနေအောင် မြစ်ရေလျှံတာကို လာကြည့်ကြတာ
တွေ့ခဲ့ရဖူးပါတယ်။ အဲဒီနှစ်ကစလို့ နှစ်စဉ် စက်တင်ဘာ အောက်တိုဘာ
ဆိုရင် မြစ်ရေလျှံတက်လာပြီး မြို့ကို တစ်နှစ်တစ်ကြိမ် ရေလွှမ်းတာ
ဒီနှစ်ဆိုရင် လေးနှစ်ဆက်တိုက်ရှိပါပြီ။

ဒါ ၂၀၀၈တုံးက ပထမဦးဆုံးအကြိမ် မြစ်ရေတွေ ကမ်းပေါ်ကို လျှံတက်လာတဲ့ပုံပါ။ ဒီနှစ်မှာတော့ အခုမြင်နေရတဲ့ လူထိုင်နေတဲ့ကမ်းကိုပါ ရေတွေအကုန်လွှမ်းသွားပါတယ်။ တစ်မြို့လုံး ရေအပြည့်ပါပဲ။
 ဒီနှစ်မှာတော့ အခြေအနေ ပိုဆိုးလာတဲ့အပြင် တစ်ကြိမ်နဲ့တစ်ကြိမ် 
ကြားထဲမှာ တစ်ပတ်တိတိပဲခြားပြီး နှစ်ကြိမ်တိုင်တိုင် ရေကြီးတာပါ။ 
အခု ဒုတိယတစ်ကြိမ် ရေကြီးတာဟာ ကြုံခဲ့သမျှထဲမှာ အဆိုးဆုံးပါပဲ။ 
အရင်တုံးက တစ်ခါမှ ရေမလွှမ်းဖူးတဲ့ နေရာတွေအထိ တစ်မြို့လုံးနီးပါး ဒူးလောက် ပေါင်လောက်ရှိတဲ့ ရေထဲနစ်နေတာ ဒီနေ့ဆိုရင် ၆ရက်တောင်
ရှိနေပါပြီ။ လွန်ခဲ့တဲ့ ကြာသပတေးနေ့ ညနေပိုင်းလောက်မှာ ရေတွေ 
တရိပ်ရိပ်စတက်လာလိုက်တာ သောကြာနေ့မနက်မှာတော့ တစ်မြို့လုံးကို
ရေတွေလွှမ်းသွားပါတယ်။ တစ်မြို့လုံးလည်း သွားရေးလာရေးတွေ အကုန်
ခက်ခဲကုန်ပြီး ဈေးတွေဘာတွေ ၀ယ်တာခြမ်းတာကအစ အတော်လေးကို 
ဒုက္ခရောက်ပါတယ်။ ဘယ်သွားသွား အဲဒီဒူးလောက် ပေါင်လောက်ရှိနေတဲ့
ရေတောထဲမှာ ခြေလျင်ရုန်းပြီး သွားနေရတာ ခြေသလုံးတွေကြွက်တက် မတတ်ပါပဲ။ မြစ်ရေလျှံတာမို့လို့ ရေတွေက မြစ်ထဲကနေ အရှိန်နဲ့စီးဆင်း
နေတဲ့အတွက်ကြောင့် အဲဒီရေစီးတဲ့ အရှိန်ကို ရုန်းပြီးသွားရတာ 
အတော့်ကိုမလွယ်တဲ့ ကိစ္စပါ။ အခုအချိန်ထိ ရေကသိသိသာသာ 
ကျ မသွားသေးပါဘူး။ မိုးကလဲ ဒီရက်တွေမှာ ဆက်တိုက်ဆိုသလို
နေ့နေ့ညည ရွာနေတဲ့အတွက် ဘယ်နှစ်ရက်လောက် ဒီရေတွေနဲ့ 
စခန်းသွားရအုံးမယ် မသိသေးပါ။ ပုံမှန် အနေအထားအရ ဆိုရင်
အောက်တိုဘာလဟာ ကမ္ဘောဒီးယားမှာ မိုးများတဲ့လ ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေ ရေကြီးရင် အောက်တိုဘာလောက်မှ ကြီးတတ်တာပါ။ ဒီနှစ်မှာတော့ စောစီးစွာ နှစ်ကြိမ်တောင် ကြီးပြီးနေပြီဆိုတော့ ရှေ့လ
အတွက်ကိုလည်း စိတ်ပူစရာပါပဲ။ နောက်ထပ်ရေကြီးနိုင်တဲ့ အနေအထား အများကြီးရှိနေပါသေးတယ်။ စောင့်ကြည့်ရုံပဲ တတ်နိုင်ပါတယ်။ 
သဘာဝတရားရဲ့ဖေါက်ပြန်မှုတွေကို တားဆီးလို့မှ မရနိုင်တာမဟုတ်လား။

ဒါက ဟိုလွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပထမအကြိမ် ရေကြီးတဲ့ပုံပါ။

ဒါကတော့ အခု ဒုတိယအကြိမ်ပေါ့။ အိမ်အပေါ်ထပ်က လှမ်းရိုက်ထားတာ။ ပထမ အကြိမ်တုံးက အိမ်အောက်ထပ်ထဲ ရေမ၀င်ဘူး။ အခု အောက်ထပ်ထဲထိဝင်လို့ သဲအိတ်တွေနဲ့ ကာထားတဲ့ပုံပါ။ လှေကား သုံးထစ်မြုပ်နေပြီး အရှေ့က သဲအိတ်လေး ၂ခုက လှေကားဘောင်ကို ရေထဲမှာ တိုက်မိမစိုးလို့ အမှတ်အသားလုပ်ပြီး တင်ထားတာ။

ခြံထဲက တစ်ဝက်လောက်ရေမြုပ်နေတဲ့ သရက်ပင်။ ကြည့်လေရာ ရေဖွေးဖွေးပါပဲ။ ကျွန်းပေါ်ရောက်နေသလိုတောင် ခံစားရတယ်။

ဒါကတော့ ကမ္ဘောဒီးယား ရေကြီးတဲ့ သတင်းလေးတွေပါ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, September 23, 2011

ချစ်သောအမေ့အတွက်...


နေထွက်ချိန် အမေ့ရဲ့အလှ
အို..အမေ
အမေ့ရဲ့မေတ္တာရေနဲ့
သားသမီးတို့ဘဝ
ရှင်သန်ခဲ့ရတယ်အမေ…။
အမေ့ရဲ့ရင်ငွေ့ကိုခြုံ
ခိုလှုံခွင့်ရခဲ့ကြလို့
သားတို့သမီးတို့
အရာရာပြည့်စုံခဲ့ကြတယ်အမေ…။
အမေ့ရဲ့အစွမ်းနဲ့
သားသမီးတွေမှာ
ဝမ်းဝလို့ခါးလှခဲ့ကြတယ်အမေ…။
အမေ့ရဲ့ကျေးဇူးတရား
သားသမီးများအတွက်
ကြီးမားလွန်းလှတယ်အမေ…။
အမေဟာ…
သားသမီးတို့ရဲ့ခိုကိုးရာ
မြတ်နိုးစရာကောင်းတဲ့မိခင်..
ခမ်းနားတဲ့ရာဇ၀င်တွေနဲ့
တန်ဖိုးဖြတ်မရတဲ့
သမိုင်းကြောင်းအလှတွေကို
ပိုင်ဆိုင်ထားတဲ့အမေအတွက်
သားသမီးတွေမှာ ဂုဏ်တက်ခဲ့ရတယ်အမေ…။
အခုအမေ့ကိုလေ…
သားသမီးတွေလက်လွတ်ဆုံးရှုံးရတော့မယ်။
အမေ့ကို…
သွေးမတော် သားမစပ်သူတွေလက်
ဝကွက်လို့အပ်လိုက်ရတော့မယ်။
အမေဟာ…
မကြာခင်အချိန်အတွင်းမှာ
အဆင့်ဆင့်ထိန်းချုပ်မှုတွေအောက်
အသက်ပျောက်ရတော့မယ်။
ထားမသွားပါနဲ့အမေ…
သားသမီးတွေရဲ့ဘ၀များ
အမိမဲ့သား ရေနည်းငါးလိုအဖြစ်မျိုးနဲ့
ခိုကိုးရာမဲ့ကြရတော့မှာလားအမေ…။
အမေ့ကို…
မဆုံးရှုံးပါရစေနဲ့အမေ…
ညှိုးချုံးတဲ့ဘ၀တွေနဲ့
သားသမီးတွေမှာ
ရင်ခွင်မမဲ့ပါရစေနဲ့အမေ…။
အမေခွဲခွာသွားမယ့်နေ့ရက်တွေကို
သားသမီးတွေလက်ချိုးရေတွက်လို့
စောင့်နေရမယ်တဲ့လား…
မဖြစ်နိုင်ပါဘူးအမေ…
အမေ့ကိုနှိပ်စက်ကြမယ့်
သူစိမ်းများရဲ့လက်က
အမေလွတ်မြောက်ရအောင်
သားသမီးတွေရဲ့မျက်ရည်စက်
နှလုံးသွေးတွေနဲ့စက်လို့
ကယ်တင်ကြမယ်အမေ…။
အမေကျန်းမာပါစေ…
      အမေအသက်ရှည်ပါစေ…
             သားသမီးတွေအတွက်
                    မျိုးဆက်သစ်တွေအတွက်
             ရှေ့ဆက်ရမယ့်ရာဇ၀င်သစ်တွေ
      ဆက်လက်ပြီးလှပစေဖို့အတွက်..        
အမေ့ရဲ့ နေ့ရက်တွေ
ဆက်လက်ရှင်သန်ပါစေအုံးအမေ…။
အမေ့ရဲ့ နှလုံးသွေးတွေ
ဆက်လက်စီးဆင်းပါစေအုံးအမေ…။
အမေ့ရဲ့ အနာဂတ်များ
ဆက်လက်လှပပါစေအုံးအမေ…။
~ ~ ~ @ @ @ ~ ~ ~
အမေ့ရင်ခွင်ထဲက တံငါလှေများ

ပျော်ပါးနေကြတဲ့ လင်းပိုင်လေးတွေ

ကံဆိုးရှာတဲ့လင်းပိုင်လေး
(ကြီးမားလွန်းတဲ့ အရင်းအနှီးအတွက် ချွေးသိပ်ပေးတဲ့ ဆင့်ပါးစပ်နှမ်းပက် 
သလောက် ရလာဒ်ကလေးကို တွေးကြည့်ရုံနဲ့တင် ရင်နာစရာအဖြစ်ပါ။ 
အကောင်းအဆိုး အကျိုးအပြစ်တွေကို ချိန်ဆလို့ အရင်းအနှီးနဲ့ အကျိုးအမြတ်
ရလာဒ်တွေ တူနေခဲ့ရင်တောင် မလုပ်သင့်တဲ့ အဖြစ်မို့ မနှောင်းသေးခင်
ပြန်လည်ဆင်ခြင်သင့်ပါတယ်။
ဘ၀မှာ အစားထိုးမရတဲ့ အမေအရင်းရဲ့ မေတ္တာကိုစော်ကား အမေ့ကို 
ရက်စက်စွာသတ် အမေ့ရင်ကိုခွဲ အသဲနှလုံးကိုထုတ် ချစ်သူကိုပေးဆက်ဖို့ 
လုပ်တဲ့ မိုက်မဲလှတဲ့ သားဆိုးသားမိုက်ရဲ့ လုပ်ရပ်မျိုး ဖြစ်နေခဲ့ရင် အားလုံး
အတွက် တသက်တာ ကြေကွဲစရာတွေ ဖြစ်နိုင်တာမို့ အချိန်မှီစဉ်းစား ပြင်ဆင်
နိုင်ကြပါစေ။)

(ပုံများကို အင်တာနက်ကယူပါတယ်။ Photos credit to Google Image and flicker.com)

လေ့လာစရာ ဆိုက်လေးတွေပါ။
http://www.burmariversnetwork.org/burmese/component/content/article/11/51.html
http://www.burmariversnetwork.org/burmese/    (English version လဲရှိပါတယ်)
http://www.dameffects.org/
http://www.hydroreform.org/
http://chamisa.freeshell.org/dam.htm
http://www.guardian.co.uk/world/2011/may/20/three-gorges-dam-china-warning
http://www.timesonline.co.uk/tol/news/world/article2537279.ece
http://chinadigitaltimes.net/2011/05/china-admits-three-gorges-dam-problems/

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Monday, September 19, 2011

ဘ၀လှေ


ဘ၀ဆိုတာ…
ပင်လယ်ပြင်ထဲက
လှေငယ်တစ်စင်းဖြစ်လိမ့်မယ်။

တခါတရံတော့လည်း…
ပင်လယ်ရေစီးကြောင်းထဲမှာ
ငြိမ့်ညောင်းစွာနဲ့ရွက်လွှင့်
နေခြည်ကလဲပွင့်လို့…
လေပြေလေးကလဲမြူး
လှိုင်းကလေးတွေလဲဖြူးလို့
ကြည်နူးဖို့ကောင်းလိုက်ပုံများ…။

တခါတလေမှာတော့…
ပင်လယ်ကမူမမှန်
ဒေါမာန်တွေနဲ့ထကြွ
ကြောက်စရာ့ အသွင်သဏ္ဍာန်နဲ့
မုန်တိုင်းထန်တဲ့ရေပြင်မှာ
အရိုင်းဆန်တဲ့လှိုင်းလုံးတွေက
လှေငယ်ကိုတစစီဖြစ်ရအောင်
ဦးထောင်ကာပဲ့စိုက်
ကိုင်ကာရိုက်လိုက်သလို…။

ဘ၀ဆိုတာ…
ပြုံးတခါ ပျော်တလှည့်
ငိုတလှည့် ရယ်တခါ
လမ်းပြေမှာ သက်သာလည်း
လမ်းဆိုးလည်း လျှောက်ရမှာ
မငြင်းသာတဲ့ ကံတရား
လောကဓံတွေကြားမှာ
လူသားမှန်ရင်ဖြင့်
အားမာန်ကိုတင်း
လှေငယ်တစ်စင်းနဲ့
ပင်လယ်တွင်းမှာ စွန့်စားခြင်းပေါ့…။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Thursday, September 15, 2011

B – L – O – G – G – E – R

အခုတလော ရွာထဲမှာ တက်(တဂ်)စာတွေက ရာသီစာဖြစ်နေတယ်ထင်ပါ့။ ဟိုလူလဲတဂ် ဒီလူလဲတဂ်နဲ့ ရာသီစာလေးတွေကို အရသာအမျိုးမျိုးနဲ့ မရိုးရအောင် ချက်ကြပြုတ်ကြတာတွေ အိမ်တကာလည်စားရင်း ကိုယ့်အိမ်ကတဂ်စာကို စားတဲ့အလှည့် မရောက်နိုင်ဖြစ်နေတယ်။ ရာသီစာဆိုတာကလည်း လူတိုင်းလို နှစ်သက်တတ်ကြတာဆိုတော့ တက်ချင်လည်းတက် ရာသီစာလေးကို နည်းနည်းဖြစ်ဖြစ်တော့ မလွတ်တမ်းလေး မြည်းချင်ကြသေးတာပဲကိုး။ အခုပေါ်တဲ့ ရာသီစာကလည်း ဘလော့ဂ်နဲ့ ပတ်သက်တာတွေ ပေါ်တဲ့အချိန်မို့ထင်ပါရဲ့ အခုပဲ ဘလော့ဂ်ဒေးလိုက်ရ တော်ကြာနေ ဘလော့ဂါလိုက်ရနဲ့ဆိုတော့… အင်း.. ပြောလို့မရဘူး.. နောက်ဆက်ပြီး ဘလော့ဘာညာတွေ ထပ်ပေါ်ချင် ပေါ်လာနိုင်သေးတယ်။ လူလည်း ဘလော့ဂ်တကာလည်ပြီး ဘလော့ဂ်ဒေးတက်စာတွေ ဘလော့ဂါတက်စာတွေ လိုက်လည်စားတာ များသွားလို့လားမသိ ပြီးခဲ့တဲ့အပတ်ထဲ ခေါင်းတွေကိုက် ဇက်ကြောတွေတက် နောက်ကြောတွေတက်ဖြစ်ပြီး အပေါ်ရောအောက်ရော သွေးပေါင်ချိန်တွေပါတက်လို့ နှစ်ရက်သုံးရက်လောက် ဘလော့ဂ်မလည်နိုင် ဖြစ်သွားသေးတယ်။ နောက်ဆက်ပြီးတော့လဲ ဘလော့ဂ်ရွာထဲ အလည်လွန်လို့ မျက်စေ့ပါဝါရော အရိုးကျည်းပေါင်းပါတက်နိုင်တဲ့ အလားအလာတွေလည်း ကြိုမြင်ထားသေးတယ်။ အသက်တွေကလည်း စကားပြောလာပြီကိုး။ ဒါပေမယ့်လည်း အခုလောလောဆယ်တော့ ဘာပဲဖြစ်ဖြစ် တက်ချင်ရာတက် အရေးကြီးတာက လောလောဆယ် ကိုယ့်ကိုတဂ်ထားတဲ့ ဘလော့ဂါတဂ်ပို့စ်ကို အကြွေးမတင်ဖို့က ပိုအရေးကြီးတယ်ဆိုတော့ ရာသီစာလေးကို တစ်မျိုးတစ်ဖုံလေးချက်လို့ တဂ်စာစားဖို့ ပြင်ရပြန်တာပေါ့။

တဂ်တဲ့သူတွေက တဂ်ကြလို့သာ ကိုယ့်ဟာကိုယ်တော့ အခုအချိန်ထိ ဘလော့ဂါ တစ်ယောက်ပါလို့ ဘယ်လိုမှကို မြင်လို့မရသေးဘူး။ အရင်တုန်းကလိုပဲ ဘလော့ဂ်တွေလျှောက်သွားပြီး စာတွေဖတ်နေရတာကြိုက်တဲ့ ဘလော့ဂ်ရီဒါတစ်ယောက် အနေနဲ့ပဲ မြင်နေတုန်း။ စာမရေးပဲ ဘလော့ဂ်တကာလည်ပြီး စာတွေ လိုက်လိုက်ဖတ်နေရတာကိုပဲ ကြိုက်နှစ်သက်တုန်း။ ဘလော့ဂ်တွေ တစ်ခုကနေ တစ်ခုကူးပြီး တိတ်တိတ်ဆိတ်ဆိတ်လေး ကိုယ့်ဖီလင်နဲ့ကိုယ် စာလေးတွေလိုက်ဖတ် ဖတ်ပြီးတဲ့အပေါ်မှာ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ပြန်ပြီးခံစား ပြီးရင် အဲဒီခံစားချက် စိတ်ကူးလေးတွေပိုက်ပြီး တိတ်တိတ်လေးပဲ အသံမပေးဘာမပေး ပြန်လာချင်နေတုန်း။ စာရေးဖို့အတွက်စဉ်းစားရင် ကိုယ့်ဘလော့ဂ် Feed Roll မှာ ပို့စ်အသစ်တွေတက်နေပြီး သွားမဖတ်ဖြစ်နိုင်သေးတဲ့ ဘလော့ဂ်စာရင်းတွေကိုပဲ မျက်စေ့ထဲမြင်နေတုန်း။ ကြာလာတော့ ဖတ်စရာတွေလည်းပုံ ရေးစရာတွေလည်းပုံပြီး တနေ့တခြား အကြွေးတွေ တစ်ပုံတစ်ခေါင်းတင်နေသလို ဖြစ်နေပါရောလား။ ဒီတော့ ရေးစရာအကြွေးလေး တစ်ခုလောက်တော့ ဆပ်နိုင်အောင် တဂ်စာလေးနဲ့ပဲ စလိုက်တာ ကောင်းမယ်ထင်ပါရဲ့။

အင်္ဂလိပ်လို ဘလော့ဂါဆိုတဲ့ စာလုံးပေါင်းကိုမြင်တိုင်း သတိရမိတာ တစ်ခုရှိတယ်။ လွန်ခဲ့တဲ့လေးငါးနှစ်က အလယ်တန်းကလေးတွေကို အိုင်တီ သင်ခန်းစာတွေ သင်ခဲ့ရတုန်းက သူတို့သင်ရတဲ့အထဲမှာ ၀က်ဘ်ဆိုဒ်တွေ ပြုလုပ်ပုံအကြောင်းပါတော့ သူတို့လေးတွေကို ၀က်ဘ်ဆိုဒ် အမျိုးမျိုးတွေအကြောင်း ပြောပြရင်းနဲ့ ပါစင်နယ် ၀က်ဘ်ဆိုဒ်တွေအဖြစ် ဘလော့ဂ်တွေအကြောင်းလည်း နည်းနည်းပါးပါး ရှင်းပြနေတုန်း ကိုယ်ရှင်းလို့မပြီးခင်မှာ ကလေးတစ်ယောက်ကထပြီး Blogger ဆိုတဲ့စာလုံးကို မေးပုံက “ဆရာမ ဘလိုဂျာ ဆိုတာဘာလဲ” တဲ့။  အခုလဲ “ဘလော့ဂါဆိုတာ ဘာလဲ” ဆိုပြီးတဂ်တော့ အဲဒီကလေးမေးခဲ့တာကို ပြန်ပြီးသတိရမိသွားတယ်။ ကဲ အဲဒီတော့လည်း ဘလိုဂျာ ဆိုတာကြီးကို ရှင်းပြရအုံးမှာပေါ့လေ...း)

ဘလော့ဂါဆိုတာ ဖြစ်လာဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်က ဘလော့ဂ်စာမျက်နှာပါ ဆိုတာတော့ ပြောစရာလိုတော့မယ် မထင်ဘူး။ ဘလော့ဂါရဲ့ အခြေခံအကြောင်းတရားဖြစ်တဲ့ ဘလော့ဂ်စာမျက်နှာများနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘလော့ဂ်ဆိုတာ အင်တာနက် ကွန်ယက်အတွင်းက ပုဂ္ဂလိကပိုင် ဂျာနယ်လို့ဆိုပါတယ်။ အဲဒီဂျာနယ်ထဲမှာ နေ့စဉ်ဘ၀မှာ တွေ့ကြုံရတဲ့ ဖြစ်စဉ်တွေ အတွေ့အကြုံတွေကို မှတ်တမ်းတင်ရာ၊ အဲဒီအဖြစ်အပျက် အတွေ့အကြုံတွေပေါ်မူတည်ပြီး ခံစားရတဲ့ ခံစားချက်တွေ အတွေးအမြင်တွေ အဲဒီဖြစ်စဉ်တွေရဲ့ ရောင်ပြန်ဟပ်မှုတွေကို ပုဂ္ဂလိက ခံစားမှုပေါ်မူတည်ပြီး ရေးသားမှတ်တမ်းတင်ထားတဲ့ အကြောင်းအရာတွေကို တွေ့နိုင်တယ်လို့ဆိုထားပါတယ်။ ကွန်ယက်ထဲက ကိုယ်ရေးမှတ်တမ်း စာအုပ်တစ်အုပ်လို့ ပြောနိုင်ပါတယ်တဲ့။ နည်းပညာ အသုံးအနှုန်းအနေနဲ့ အဲဒီမှတ်တမ်းစာအုပ်ကို ဘလော့ဂ်လို့ခေါ်ပြီး အဲဒီစာအုပ်ထဲ မှတ်တမ်းရေးသွင်းခြင်းကို ဘလော့ဂင်းလို့ ခေါ်ကြောင်း မှတ်တမ်းကို ရေးသားသူကိုတော့ ဘလော့ဂါလို့ အမည်သညာ သတ်မှတ်ကြောင်း သိရပါတယ်။ လွယ်လွယ်ပြောရင် ဘလော့ဂ်မှာ ဘလော့ဂင်းလုပ်သူဟာ ဘလော့ဂါပေါ့။ အရှင်းဆုံး အဓိပ္ပါယ် သတ်မှတ်ချက်ပါပဲ။

ဒါပေမယ့်လည်း ကိုယ်တိုင်ဖွင့်ဆိုစေချင်လို့ တဂ်ကြသူများနဲ့ အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုးကနေ အသီးသီး အသက အဓိပ္ပါယ် ဖွင့်ဆိုထားကြတာတွေ ဖတ်ရတာ အားရစရာကောင်းလှသလို ဘလော့ဂါဆိုတဲ့ လူသားကို ပိုမိုပြီး ရုပ်လုံးကြွလာအောင် ဆလိုက်မီးမျိုးစုံနဲ့ မီးမောင်းထိုးပြနေကြသလိုပါပဲ။ မျက်စေ့ထဲမှာ ဘလော့ဂါဆိုတာကို ကွင်းကွင်းကွက်ကွက် မြင်ယောင်လာစေပါတယ်။ အဲဒါကြောင့် ကိုယ်လည်း ဘလော့ဂါကို ရုပ်လုံးကြွစေဖို့ တထောင့်တနေရာကနေ ဆလိုက်မီး သေးသေးလေးတစ်လုံးလောက်နဲ့ ၀င်ပြီးအလှဆင်လိုက်ပါတယ်။ တွေးမိသမျှ ဘလော့ဂါဆိုတာရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ဘလော့ဂါစာလုံးပေါင်းက စာတစ်လုံးချင်းစီလေးတွေကိုပဲ ကိုးကားလို့ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။
B     : Broad-minded 
ဘလော့ဂ်တစ်ခုပေါ်မှာ စာတွေရေးနေတဲ့လူတစ်ယောက်အနေနဲ့ အသိပညာ ဗဟုသုတတွေ ကြွယ်ဝဖို့ စူးစမ်း လေ့လာတတ်မှုနဲ့ အတွေးအမြင်တွေ ကျယ်ပြန့်ဖို့ အနည်းနဲ့အများတော့ လိုအပ်ပါလိမ့်မယ်။ အကြောင်းအရာတိုင်းကို တဖက်သတ်အမြင်မဟုတ်ပဲ မတူညီတဲ့ ရှုထောင့်များကနေလည်း ကြည့်တတ်မြင်တတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆည်းပူးတတ်ဖို့ဆိုတာ ဘလော့ဂါတစ်ဦးအတွက် ရှိသင့်တဲ့လိုအပ်ချက်လို့ ထင်ပါတယ်။

L      : Liberal
လွတ်လပ်ပွင့်လင်းတဲ့စိတ်ထား၊ ကွဲပြားတဲ့ အယူအဆများအပေါ် သဘောပေါက်လက်ခံနိုင်ခြင်း၊ သဘောထားကြီးမှု၊ သည်းခံခြင်းတရားနဲ့၊ မျှတတဲ့အမြင်မျိုးဟာလည်း ဘလော့ဂါတိုင်းမှာ ရှိအပ်တဲ့ အရည်အချင်း  တစ်ခုပဲဖြစ်မှာပါ။

O     : Openhearted
ဘလော့ရွာထဲမှာရှိကြတဲ့ ဘလော့ဂါတွေမှာ နားလည်စာနာတတ်မှုနဲ့ ကူညီယိုင်းပင်းတတ်မှုက ပြောစရာမလိုလောက်အောင်ကို ပြည့်စုံကြပြီးသားပါ။

G     : Good-natured
မမြင်ဖူးမတွေ့ဖူးကြသော်လည်း ရွှင်ပျတဲ့စိတ်ထားနဲ့ ခင်မင်နှစ်လိုဖွယ်ရာကောင်းပြီး ရင်းနှီးဖေါ်ရွေတတ်ကြတာလည်း ဘလော့ဂါများပါပဲ။

G     : Generous
ကိုယ့်ရဲ့အသိပညာ အတတ်ပညာ အတွေ့အကြုံ ခံစားချက်များကို ဘာအကျိုးအမြတ်ကိုမှ မမျှော်လင့်ပဲ ကိုယ့်ရဲ့ စိတ်အား လူအား ဉာဏ်စွမ်းအားတွေစိုက်ထုတ်လို့ စားချိန်အိပ်ချိန်တွေတင်မက ကိုယ်ပိုင်အားလပ်ချိန်များကိုပါ ရင်းပြီး ဘလော့ဂ်ပေါ်မှာ ရက်ရောစွာ စေတနာ သဒ္ဓါတရားထက်သန်စွာနဲ့ ရေးသားမျှဝေပေးနေတာ ဘလော့ဂါများပါ။

E     : Enlightened
ကိုယ်သိသလောက် တတ်သလောက် နားလည်ခံစားမိသလောက်ကို အခြားသူများထံ ဘလော့ဂ်တွေပေါ်ကနေ အခမဲ့မျှဝေလို့ ကိုယ်ဝါသနာပါရာ စာရေးသားခြင်းအမှုနဲ့ ကိုယ့်ပတ်ဝန်းကျင်အကျိုး လောကအကျိုးကို တတ်နိုင်သလောက် ဖြည့်ဆည်း အလင်းဆောင်ပေးနေကြသူများကို ဘလော့ဂါတွေလို့ ခေါ်ဆိုသင့်ပါတယ်။

R     : Rational
ဆင်ခြင်တုံတရားကို အခြေခံလို့ ကျိုးကြောင်းဆက်စပ် ဝေဖန်စဉ်းစား တွေးတောတတ်တဲ့ ဉာဏ်ပညာ အမြော်အမြင်များနဲ့ လောကကြီးကို ကိုယ်နှစ်သက်ရာ ရှုထောင့်အမျိုးမျိုးကနေ ရှုမြင်သုံးသပ်ရင်း မြင် တွေ့ သိရှိ ခံစားရသမျှတွေကို ဘလော့ဂ်စာမျက်နှာများပေါ်မှာ ရေးသားရင်း စာဖတ်သူများနဲ့အတူ ဝေမျှခံစားတတ်ကြသူများဟာ ဘလော့ဂါဆိုသူများပါပဲ။
အားလုံးကိုခြုံငုံလို့ အကျဉ်းချုပ်ဆိုရရင်တော့ BLOGGER ဆိုတာ “ကျယ်ပြန့်တဲ့အတွေးအခေါ်များနဲ့ လွတ်လပ်ပွင့်လင်း ကူညီယိုင်းပင်းတတ်တဲ့စိတ်ကို အခြေခံပြီး ခင်မင်ဖွယ်ရာ စိတ်ရင်း စေတနာများနဲ့ မိမိကိုယ်တိုင် မြင် တွေ့ သိရှိ ခံစား လေ့လာ တတ်မြောက်မှုများကို ဘလော့ဂ်စာမျက်နှာများပေါ်မှာ ရေးသားလို့ အခမဲ့ဝေမျှပေးနေကြသူ” စာရေးစာဖတ် ၀ါသနာပါကြတဲ့ သာမာန်ထက် ဘာမှမထူးခြားတဲ့ သာမာန်လူတွေထဲက လူသားများသာ ဖြစ်ကြောင်းပါ။

(ဒီလောက်ဆို တဂ်ထားကြသူများ ကျေနပ်ကြမယ်ထင်ပါတယ်။ ဦးဦးဖျားဖျားတဂ်ထားတဲ့ မင်းဧရာနဲ့ စာဖတ်သူများအားလုံးကို စေတနာရှေ့ထားပြီးတဂ်တဲ့ အိပ်ယာနဲ့ မဒမ်ကိုးတို့ကို ကျေးဇူးပါ။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, September 9, 2011

သူမရှိတော့ရင်… (ကိုယ့်ဖာသာကိုယ် တဂ်တဲ့ပို့စ်)

လွန်ခဲ့တဲ့ တစ်လလောက်က မယ်ကိုးရဲ့ ဘလော့ဂ်လေးမှာ “ရေစီးဖြင့်ထုံးချည်ခြင်း” ဆိုတဲ့ ပို့စ်လေးကို သွားဖတ်ပြီး စိတ်ထဲမှာ အတော်လေး ဖီးလ်ဖြစ်သွားတယ်ပြောရမလားပဲ။ ဖတ်ပြီးပြီးချင်းပဲ ရင်ထဲကနေ ကဗျာတပိုင်းတစလေး ထွက်ကျလာခဲ့တယ်။ ဒါပေမယ့် ကဗျာက ဟိုတစ သည်တစလေး ဖြစ်နေပြီး စိတ်တိုင်းကျ ဆက်ရေးလို့မရဖြစ်နေတုန်း ချော ငွေလမင်းနဲ့ မလေး(အိမ့်ချမ်းမြေ့) တို့ရေးတဲ့ ပို့စ်လေးတွေ ဆက်တိုက်တက်လာပြီး သွားဖတ်ဖြစ်တဲ့အချိန်မှာ စိတ်ထဲကနေ အလိုလိုနေရင်း ကိုယ့်ဖာသာကိုယ် တဂ်လိုက်မိတယ်။ ဒီတပိုင်းတစဖြစ်နေတဲ့ ကဗျာလေးကို ဆက်ရေးဖို့ပေါ့။ အဲဒီလို ဆက်ရေးဖို့သာဆိုတယ် တကယ်ရေးဖို့ ကြိုးစားလိုက်ရင် ကဗျာက ဟိုတစ်ပိုဒ် သည်တစ်ပိုဒ်နဲ့ စိတ်ထဲကခံစားချက်ကို အဆက်အစပ်ရှိရှိ ပုံဖေါ်လို့မရနိုင် ဖြစ်နေခဲ့တာ အတော်လေးကြာလာတော့ ကိုယ့်ဟာကိုယ်စိတ်ထဲမှာ အဲဒီကိစ္စက အလိုလို အကြွေးတင်နေသလို ခံစားလာရတယ်။ တခြားရေးစရာ အကြောင်းအရာတွေကို စဉ်းစားလိုက်တိုင်းလည်း တစ်ကြောင်းနှစ်ကြောင်း စရေးလိုက်ပြီးရင် ဒီအကြွေးပဲ ခေါင်းထဲရောက်ရောက်လာပြီး တခြားအကြောင်းအရာကို ဖြောင့်အောင် ဆက်ရေးလို့မရနိုင် ဖြစ်နေခဲ့တယ်။ ခမာပြည် အကြောင်းလေးတွေလည်း ဆက်ရေးဖို့ကြိုးစားကြည့်သေးတယ်။ တစ်ကြောင်းနှစ်ကြောင်းလောက် အစပျိုးပြီးရင် ဒီကဗျာပဲ စိတ်ထဲရောက်လာပြန်ရော။ အဲဒီတော့ ရေးလက်စစာကို ဆက်ရေးလို့မရတော့ပြန်ဘူး။ အဲတာနဲ့ ကဗျာကိုပဲအရင် လက်စသတ်ဖို့ ကြိုးစားတုန်းမှာ ဘလော့ဂ်ဒေးက ကြားဖြတ်ဝင်လာတော့ ဘလော့ဂ်ဒေးပို့စ်ကို မနည်းအချိန်မှီအောင် ဦးစားပေးပြီး ကြိုးစားရေးလိုက်ရတယ်။ ဒါပေမယ့် အဲဒီကဗျာအကြွေးက ဘယ်သွားသွား ဘာပဲလုပ်လုပ် ခေါင်းထဲမှာ တချိန်လုံးရောက်နေတာ။ စားမဖြောင့် သွားမဖြောင့်နဲ့ ဖြစ်နေရော… ဒီကြားထဲ အလုပ်ကလည်း သိပ်မအား၊ အချိန်ကလည်းမရ၊ ကဗျာရေးချင်တဲ့စိတ်ကလည်း တချိန်လုံးခေါင်းထဲမှာ၊ ကဗျာလေးကလည်း စိတ်ကူးရရင် ရေးကြည့်လိုက် စိတ်တိုင်းမကျလိုက် ပြန်ဖျက်လိုက် ပြန်ပြင်ရေးလိုက်နဲ့ သံသရာလည်နေပြီး စိတ်ကူးနဲ့ ခံစားချက်ကို ပီပီပြင်ပြင် ဆက်စပ်လို့ မရနိုင်ပဲဖြစ်နေတာ အတော်လေးကြာတယ်။ ရင်ထဲက ခံစားမှုကို စကားလုံးနဲ့ ဖလှယ်ပြီး ပုံဖေါ်လို့မရဖြစ်နေခဲ့တာ။ အဲဒီလိုနဲ့ လွန်ခဲ့တဲ့ လေးငါးရက်လောက်ကမှ ညနေဖက် ကိစ္စတစ်ခုနဲ့ အပြင်သွားတုန်း လမ်းမှာသွားနေရင်းကနေ အတွေးထဲမှာ စကားလုံးတစ်ချို့ ထွက်ကျလာခဲ့တယ်။ အဲဒါလေးတွေကို ရသလောက် အမိအရဖမ်းဆုပ်ထားပြီး အိမ်ပြန်ရောက်တဲ့အချိန်ကျမှ ကဗျာကို စောစောကရထားတဲ့ အတွေးနဲ့ စိတ်ထဲက ခံစားချက်တွေနဲ့ တစ်စစီ ပြန်ဆက်စပ်ယူပြီးမှ တပိုင်းစီ နည်းနည်းချင်း ပြန်စရေးဖြစ်ခဲ့တာ။ ဒီတစ်ပတ်လုံး အဲဒီကဗျာပြီးဖို့ နပမ်းလုံးနေခဲ့ရတယ်။ နဂိုတုံးက ပျိုးထားခဲ့တဲ့ပုံစံနဲ့ နေရာအတော်များများမှာ နည်းနည်းစီလွဲသွားပေမယ့် အခုရေးဖြစ်တဲ့ဟာလေးကို ပိုသဘောကျမိပါတယ်။ ဒီကဗျာကတော့ စံချိန်တင်ပါပဲ။ တစ်လလောက်ကို အချိန်ယူပြီး ရေးခဲ့ရတယ်။ ဒီအသက်အရွယ်ထိ တခါမှ စာတစ်ပုဒ်ကို အဲဒီလောက် အချိန်ပေးပြီး မရေးဖူးခဲ့ဖူးသေးဘူး။ ကဲ ကိုယ့်ဖာသာကိုယ် တဂ်ပြီး ကိုယ့်ဟာကိုယ်ပဲ အကြွေးတင်နေခဲ့တဲ့ အကြွေးဆပ်ပို့စ်ကလေးကို အခုတော့ တကယ်တင်ဖြစ်သွားပါပြီနော်။ ဒါပြီးရင်တော့ နောက်ထပ်ဆပ်စရာ အကြွေးလေးတွေ ဆက်လာအုံးမှာပေါ့… လာမယ် ကြာမယ်ပို့စ်လေးတွေကို နည်းနည်းတော့ သည်းခံပြီး စောင့်ဖတ်ပေးကြပါလို့…း))


သူမရှိတော့ရင်…

သူမဟာ…
အမိ အဖနှစ်ဖြာ ရင်နှစ်မွှာကြားက
နှလုံးသွေးများပေါင်းစပ်လို့ ဖြစ်တည်လာတဲ့
ရင်နှစ်သည်းချာ သမီးအလှကညာ
အဖိုးတန်လှတဲ့ ရတနာ…

သူမဟာ…
ဒီမြေမှာ မွေးဖွားခဲ့တဲ့ ဒီမြေရဲ့ အလှတရား
ကြီးမြတ်သောဂုဏ်သတင်းများနဲ့
သမိုင်းကြောင်းများစွာကို ထုဆစ်
သက္ကရာဇ်တွေကို တည်ငြိမ်မှုတွေနဲ့
ငြိမ့်ငြောင်းလှပစွာ ဖြတ်သန်းလာခဲ့သူ
ရာဇ၀င်ပေါင်းများစွာတို့ရဲ့ အရှင်သခင်…။

သူမဟာ…
ရာစုနှစ်တွေထဲက နေမ၀င်ဘုရင်မတစ်ပါး
ဒီမြေရဲ့ထိပ်ထား ဧကရီမဖုရား…

သူမရဲ့ ရင်ခွင်ဟာ…
အလှအပတရားတို့ ပေါင်းဆုံရာ...
ဒီမြေရဲ့အကြေအညာကို စုန်ဆန်လူးလာ
ခရီးသွားကြသူများအတွက် အားထားရာ...
ဒီမြေတလွှား ရောင်းဝယ်ဖေါက်ကား
ကုန်သည်အများတို့ရဲ့ ၀န်စည်စလှယ်တွေစီးဆင်းရာ...
ဒီမြေရဲ့ကုန်း၊ရေ၊လေမှာကျက်စား
သတ္တ၀ါအများတို့ရဲ့ ခိုနားရာ...
ဒီမြေမှာ ဆန်ရေစပါး သီးနှံများစွာ
ကြွယ်ဝစေရာ ပင်မအရင်းအမြစ်...
ဒီမြေ ဒီဒေသနဲ့ ဂေဟစနစ်တို့
အပြန်အလှန်တည်မှီလို့ ညီညွတ်မျှတရာ...

သူမဟာ…
ဒီမြေမှာမွေးဖွားခဲ့ကြတဲ့
ဘ၀ပေါင်းများစွာတို့ရဲ့ အသက်သခင်...
ဒီမြေပေါ်မှာ သူမရဲ့ရင်ခွင်ကိုမှီပြီး
ဖြစ်တည်လာခဲ့ရတဲ့ မြို့ပြနိုင်ငံတော်ကြီးများ
သမိုင်းစဉ်တစ်လျှောက်မှာ ပေါ်ပေါက်ထွန်းကားခဲ့ရာ...
ဒီမြေရဲ့ယဉ်ကျေးမှုများ ရှင်သန်ဖွံ့ဖြိုးခဲ့ရာ...
ဒီမြေရဲ့သမိုင်းကြောင်းများ အထင်အရှားဖြတ်သန်းခဲ့ရာ...
သူမဆိုတာ ဒီမြေမဟာရဲ့ နှလုံးသွေးကြော… ။

အခုတော့…
သူမရဲ့တည်ငြိမ်တဲ့အလှတွေ
သူမရဲ့ကြီးကျယ်ခမ်းနားမှုတွေ
သူမရဲ့ထင်ရှားကျော်ကြားမှုတွေ
သူမ ဖြတ်သန်းခဲ့ရတဲ့သမိုင်းကြောင်းတွေ
သူမ စွမ်းဆောင်ခဲ့တဲ့ပေးဆပ်ခြင်းတွေ
အရာရာဟာ ပြီးဆုံးခြင်းကိုတိုင်ခဲ့လေပြီလား…
ကြေကွဲခြင်းတွေများစွာနဲ့ နှုတ်ဆက်ခွဲခွာရတော့မယ့်
သူမရဲ့ကျဆုံးချိန်တွေက တဖြည်းဖြည်းနီးကပ်လို့
သူမရဲ့ရာဇ၀င်တွေကို တခန်းရပ်ဖို့
မကြာခင်မှာ ဆုံးပါးသွားရတော့မယ့်
သူမရဲ့အသွေးအသားတွေက လုံးပါးပါးရင်းနဲ့
တနေ့တခြား ခမ်းခြောက်လို့လာနေခဲ့ပြီလား…။

သူမရဲ့ ကျဆုံးခြင်းဟာ
တို့သမိုင်းတွေ ပျောက်ဆုံးခြင်း…
သူမကို ဆုံးရှုံးခြင်းဟာ
တို့ဘ၀တွေ ပျက်စီးခြင်း…
သူမရဲ့ သေဆုံးခြင်းဟာ
တို့အနာဂတ်တွေ ပျက်သုဉ်းခြင်း…။

မြောက်ဘက်စွန်းက တောင်တန်းကြီးတွေ လွမ်းဆွေးနေကြမလား…
ကွယ်ပျောက်သွားရတော့မယ့် ညီနောင်တောင်တန်းများအတွက်…။

အမြဲစိမ်းတောတွေ ကြေကွဲနေကြမလား…
ပြန်လည်မရနိုင်တော့မယ့် စိမ်းလန်းခြင်းတွေအတွက်…။

မြေနုကျွန်းတွေ ၀မ်းနည်းနေကြမလား…
ဖြစ်ထွန်းမလာတော့မယ့် ကောက်ပဲသီးနှံများအတွက်…။

ဒေသခံတွေ ငိုကြွေးနေကြမလား…
ဆုံးရှုံးသွားရတော့မယ့် ဇာတိမြေများအတွက်…။

သူမရှိတော့ရင်ဖြင့်…
လင်းပိုင်လေးတွေဘ၀ ဇာတ်သိမ်းမလှ ဖြစ်ရရှာတော့မယ်။
သူမရှိတော့ရင်ဖြင့်…
ဂေဟစနစ်တွေပျက်သုဉ်း သတ္တ၀ါတွေ မျိုးတုံးကုန်ကြတော့မယ်။
သူမရှိတော့ရင်ဖြင့်…
တံငါတွေ လူလုံးမလှ အလုပ်အကိုင်မဲ့ဘ၀ ရောက်ကြရတော့မယ်။
သူမရှိတော့ရင်ဖြင့်…
လယ်ယာမြေများလည်း ပျောက်ဆုံး သီးနှံများလည်းတုံးကြတော့မယ်။
သူမရှိတော့ရင်ဖြင့်…
ဒီရေတောများလည်းဆုံးရှုံး ကုန်းခေါင်ခေါင်တွေ မျက်စေ့တဆုံးဖြစ်ရတော့မယ်။
သူမရှိတော့ရင်ဖြင့်…
မြစ်ကြီးနားမြို့ဟာ အမည်သစ်တစ်ခုကိုပြောင်းရပေလိမ့်မယ်။
သူမရှိတော့ရင်ဖြင့်…
ကျောက်မြောင်းက ရာဝင်အိုးတွေခမျာ အကြေအညာသွားဖို့ ခက်ရှာပေလိမ့်မယ်။
သူမရှိတော့ရင်ဖြင့်…
ပုဂံဘုရားများနဲ့ အင်းဝတံတားလည်း အထီးကျန်သွားကြပေလိမ့်မယ်။
သူမရှိတော့ရင်ဖြင့်…
မင်းကွန်းနဲ့ ဂေါဝိန်ကို တရှိန်ရှိန်တောက်နေတဲ့ တံလျှပ်တွေအကြား
သဲချောင်းပြင်ကန္တာရတလွှားမှာ ခြေကျင်လျှောက်ကူးသွားရပေလိမ့်မယ်။

သူမဟာ…
ဒီမြေရဲ့အသက်
ဒီမြေရဲ့နှလုံးသား
ဒီမြေရဲ့အသွေးအသား…

သူမရှိတော့ရင်ဖြင့်…
ဒီမြေဟာ ရှင်သန်မှုတွေပျောက်ဆုံးလို့
အနာဂတ်မှာ ဆက်လက်ရပ်တည်နိုင်ပါအုံးတော့မလား… … ။        ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...