ငယ်ငယ်တုံးကဆို ကျောင်းသွားရင် ဆရာမကိုပေးဖို့ ပန်းယူယူသွားရတာလဲ အမော... ကိုယ်ပေးတဲ့ပန်းကို ဆရာမပန်ထားတာကြည့်ပြီး ကိုယ့်ဟာကိုယ် ကျေနပ်လို့ ကြည်နူးလို့မဆုံး ဖြစ်နေတတ်သေးတာ။ အဲဒီခေတ်တုံးက ဆရာမတွေကလည်း အတန်းထဲက ကလေးတွေပေးသမျှ ပန်းတွေကို တစ်ခေါင်းလုံးဝေအောင် ပန်တတ်ကြတာကိုး။ နောက်ဆုံး ခေါင်းမှာပန်ဖို့ မဆံ့တော့ရင်တောင် ရင်ဖုံးအင်္ကျီရင်ပတ်မှာ ကလစ်လေးနဲ့ တွယ်ချိတ်လေးနဲ့ ထိုးထားတတ်ကြသေးတယ်။ ဒီခေတ်ကတော့ ဆရာမတွေပန်ဖို့ ပန်းပေးတဲ့ခေတ် မဟုတ်ကြတော့ဘူး ထင်ပါတယ်။ ပန်းထက် အဖိုးတန်တာတွေ ပေးစရာ တစ်ပုံတစ်ပင် ရှိနေကြပြီကိုး ... ။ (ဖန်စီပစ္စည်းလေးတွေတို့ ကဒ်လှလှတွေတို့ စသဖြင့်ပေါ့လေ .. :D )
မအိမ်သူကတော့ ပန်းကလေးတွေ အားလုံးကို ချစ်ပါတယ်။ ကြိုက်လဲကြိုက်ပါတယ်။ ဒါပေမယ့် သဇင်တို့ သစ်ခွတို့လို တန်ဖိုးကြီးပန်းတွေထက် စာခဲ့ရင် ဇွန်တို့ စံပယ်တို့ ခရေတို့လို တန်ဖိုးနည်းတဲ့ ပန်းမျိုးလေးတွေကို ပိုပြီးသဘောကျ နှစ်သက်မိတာတော့ အမှန်ပါ။ တောပန်း တောင်ပန်း အရိုင်းပန်း ကလေးတွေကိုတော့ အနှစ်သက်ဆုံးပါဘဲ။ အဲဒီလို ပန်းကလေးတွေရဲ့ ပင်ကိုယ်သဘာဝ အလှက ရိုးရိုးသားသားနဲ့ သန့်စင်တဲ့အလှမျိုး ... တစ်စုံတစ်ဦးက အသေအချာ စိုက်ပျိုးပြုစုပြီး ပွင့်ဖူးလာခဲ့ရတာမျိုးမဟုတ်ဘဲ ဘယ်သူကမှ အရေးမထား သဘာဝဘေးရန်တွေကို အံတုပြီးမှ အခက်အခဲတွေကြားက လှပစွာ ဖူးပွင့်လာခဲ့ကြရတဲ့ အလေ့ကျ ပန်းကလေးတွေကို ကြည့်ရတာ ရိုးသားတဲ့ အားမာန်နဲ့ လောကဓံကို အံတုတဲ့ဇွဲလေးတွေ အထင်းသားမြင်ရသလိုပါဘဲ။
အဲဒါနဲ့ဘဲ ဒီနေ့တော့ ဘာရယ်မဟုတ် တွေးရင်းတောရင်း ပန်းကလေးတွေအကြောင်း ဟိုဒီ လျှောက်စဉ်းစားနေမိရင်းနဲ့ ပန်းဘွဲ့ ကဗျာတိုလေးတွေကို ဟိုက္ကူဆန်ဆန်လေးတွေ ရေးဖြစ်မိသွားပါတယ်။
အဲဒီကနေမှ ဒီပိုစ့်လေး တင်ဖြစ်သွားတာပါဘဲ။ အမှန်တော့ တခြားနှစ်သက်တဲ့ ပန်းကလေးတွေ အတွက် ရေးချင်တာ အများကြီး ကျန်နေပါသေးတယ်။ ဒါပေမယ့် ဒီနေ့အဖို့တော့ ဆက်မရေးဖြစ်ခဲ့ပါဘူး။ စိတ်ကူးရရင် ရသလို ရေးဖြစ်မိတဲ့အခါမျိုးကျမှ ပန်းကလေးတွေအကြောင်း ထပ်ဆက်ကြတာပေါ့နော်။
စံပယ်
ရနံ့ရယ် ကြိုင်သင်း
ဖွေးဖွေးဖြူ ငွေအဆင်းနဲ့
ဝင့်ကြွားတဲ့ စံပယ် … ။
ယင်းမာ
မွှေးထုံပျံ့သင်းလှိုင်
ယင်းမာခိုင် ယိမ်းနွဲ့တိမ်းတယ်
ညှင်းသွဲ့သွဲ့ လန်းကြိုင် … ။
နှင်းဆီ
ဆူးကြားက နှင်းဆီ
အဆင်းနီ လှသွေးကြွယ်ငြား
လှမ်းဆွတ် မ၀ံ့ပြီ … ။
သရဖီ
ပန်းမြတ်သရဖီ
ရွှေဝတ်မှုံသင်းကြည်ကြည်နဲ့
ဖူးပွင့်လို့ဝေစည် … ။
ခရေ
ပင်မြင့်ထက်မှာဝေ
လေသရမ်းမွှေ ကြွေခဲ့ရ
မွှေးလှတဲ့ ခရေ … ။
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
(ပန်းပုံလေးတွေကို Google ကနေယူပါတယ်ရှင်။)
7 comments:
ပန်းဘွဲ့ကဗျာလေးတွေ လာဖတ်သွားပါတယ် မအိမ်သူ။
ကျမလဲ ပန်းလေးတွေကို ချစ်တယ်။ ပန်းဘွဲ့ကဗျာလေးတွေကို မြတ်နိုးတယ်။ မအိမ်သူပြောသလိုပဲ အရိုင်းပန်းကလေးတွေကို ပိုအလေးထားပြီး နှစ်သက်ပါတယ်။
မအိမ်သူရဲ့ ကဗျာလေးတွေက ရိုးရိုးလေးနဲ့ လှတယ်။ ပန်းလေးတွေနဲ့လဲ လိုက်ဖက်ညီနေသလိုပဲ။
ပန်းပေါင်းစုံ ဖူးပွင့်နေတာကို မြင်ရရင် စိတ်ကြည်နူးတယ် အန်တီလည်း သဘောကျတယ် မအိမ်သူရေ။ အန်တီ့အိမ်မှာလည်း လှတယ်ထင်တဲ့ပန်းအားလုံး စိုက်တယ်။ ကဗျာလေးနဲ့ ပန်းလေးတွေ မျှဝေတာကျေးဇူးပါကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လှပဗျာ
သရဖီနဲ့ယင်းမာကို ခုမှတွေ့ဖူးတယ်.. ကျေးဇူးပါခင်ဗျ.. :P..
ခင်မင်လျက်
နေ၀ဿန်
ကဗျာလေးတွေ ချစ်စရာပါလား မအိမ်သူရေ...အားပေးသဗျာ...နောက်ထပ်ဖတ်ပါရစေဦး...စကားမစပ်ဗျာ ယောက်ျားလေးပီပီ ပန်းနဲ့မနီးစပ်ပုံများကတော့ မနေ့ကပဲ သရဖီပန်းကို ကံ့ကော်ထင်လို့ ကလေးတွေနဲ့ ငြင်းလိုက်မိသေးတယ်...ဒီနေ့မှပဲ ကိုယ်မှားမှန်းသိတော့တယ်...ကောင်းရော...
ကျွန်မလည်း ပန်းကြိုက်သူပါ မအိမ်သူရေ
ပန်းလေးတွေမြင်ရင် ဘယ်လိုမှ မနေနိုင်သူပါ
ပန်းပုံလေးတွေနဲ့ လိုက်ဖက်တဲ့ ကဗျာလေးတွေရဲ့ လိုက်ဖက်မှုက မချီးကျူးဘဲမနေနိုင်အောင်ဖြစ်မိပါတယ်။
ခွာညိုပန်းမမြင်ဘူးလို့ တင်ပေးပါလားခင်ဗျာ။ :)
Post a Comment