Wednesday, August 31, 2011

Happy BLOG Day!!!

ဘလော့ဂ်ဆိုတာကို အရင်တုန်းကတည်းကသိပေမဲ့ ဘလော့ဂ်ဒေး ရှိမှန်းကိုတော့ မသိခဲ့ပါဘူး။ ဘလော့ဂ်ဒေးရဲ့ လိုဂိုလေးကို စပြီးတွေ့ဖူးတာ မနှစ်က ၂၀၁၀ ဘလော့ဂ်ဒေး တုန်းကမှပါ။
ဖေ့စ်ဘွတ်မှာ မန္တလေးက အိုင်တီသမားသူငယ်ချင်း ဓါတ်ပုံဂျာနယ်လစ် တစ်ယောက်က ၂၀၁၀ ဘလော့ဂ်ဒေးရဲ့ လိုဂိုပုံလေးကို ဝေါလ်ဖိုတိုအနေနဲ့ တင်ထားတာကို စပြီးတွေ့ဖူးခဲ့တာပေါ့။ ဘလော့ဂ်စာလုံးပေါင်းကို ‘3108’ ဆိုတာလေးနဲ့ ရေးထားတာကို အရမ်းသဘောကျမိသွားလို့ မှတ်မှတ်သားသား ဖြစ်သွားခဲ့တယ်လို့ဆိုရမယ် ထင်ပါတယ်။ အဲဒီတော့မှ သြဂုတ် ၃၁ ဟာ ဘလော့ဂ်ဒေးမှန်း စသိခဲ့ပါတယ်။ အဲဒီမှာ တလက်စတည်း သိရတာက ကမ္ဘာတ၀ှမ်းမှာ ဘလော့ဂ်ဒေးစတင်ခဲ့တာ ၂၀၀၆ ခုနှစ်ကတည်းကဖြစ်ပြီး ၂၀၁၀ ဘလော့ဂ်ဒေးဟာ ၅ကြိမ်မြောက်ရှိသွားပြီဆိုတာ သိခဲ့ရပါတယ်။ အဲဒါအပြင် မြန်မာပြည်  ရွှေမန္တလေးက ဘလော့ဂါများဟာ ၂၀၀၇ ခုနှစ် ဒုတိယအကြိမ် ဘလော့ဂ်ဒေးမှာကတည်းက တပျော်တပါး ခမ်းနားစွာ ကျင်းပခဲ့ကြတာကိုပါ သိခဲ့ရပါတယ်။ (မန္တလေးမှာ ဘလော့ဂ်ဒေး ကျင်းပခဲ့တဲ့ သတင်းမှတ်တမ်းကို ဒီမှာ  သွားရောက် ကြည့်ရှုနိုင်ပါတယ်။) အဲဒီတော့ အခုသြဂုတ် ၃၁ရက်နေ့မှာ ကျရောက်တဲ့ ၂၀၁၁ခုနှစ် ဘလော့ဂ်ဒေးဟာ ၆ကြိမ်မြောက်ရှိသွားပြီ ဖြစ်ပါတယ်။


အဲ.. ဒီနှစ်မှာတော့ အကြောင်းတွေတိုက်ဆိုင်ပြီး မအိမ်သူ တစ်ယောက် ဘလော့ဂ်ရွာထဲရောက် အိမ်တလုံးဆောက်ပြီး အခြေချဖြစ်သွားခဲ့လို့ ဘလော့ဂ်ရွာသူ တစ်ယောက် ဖြစ်သွားခဲ့ပြီ ဆိုတော့ ရွာထဲက သာရေး နာရေး ပွဲလမ်းသဘင်များမှာ ပါဝင်ဆင်နွဲရတော့မယ်ပေါ့။ ညီမငယ်နှစ်ယောက် ဖြစ်တဲ့ ရိုစ့်  နဲ့ အိန်ဂျယ်လှိုင်  တို့ကလည်း ဘလော့ဂ်ဒေး ပွဲတော်အတွက် မေတ္တာလက်မှတ်ကို အထူးတလည် တဂ်ပြီး လက်ဆောင်ပေးလာကြတဲ့အတွက် မအိမ်သူလည်း ပွဲတက်ဖို့ ပြင်ဆင်ရပါတော့တယ်။ (အကြောင်းအမျိုးမျိုးကြောင့် မအားတာနဲ့ ပွဲကိုနောက်ကျမှရောက်တာတော့ စိတ်မရှိကြပါနဲ့… :D)

အမှန်ဆိုရရင်တော့ မအိမ်သူ ဘလော့ဂ်ရွာထဲမှာ အိမ်မဆောက်ခင်ကတည်းက ရွာအနီးအနားမှာနေပြီး ဘလော့ဂ်ရွာတစ်ခွင် နေ့စဉ်နေ့တိုင်း ပြဲပြဲစင်အောင် ရွာရိုးကိုးပေါက်လျှောက်ကာ တအိမ်ဝင် တအိမ်ထွက် လေ့လာ ဖတ်ရှု မှတ်သားရင်း ရွာထဲမှာ တိတ်တိတ်ဆိတ်ဆိတ်လေး လမ်းသလားနေခဲ့တဲ့ ဧည့်သည်တစ်ယောက်အဖြစ် ၂နှစ်နီးပါးလောက် ရှိနေခဲ့ဖူးပါတယ်။ တစ်ရွာလုံးက လူတွေ အတော်များများကိုလည်း ကိုယ့်စိတ်ထဲမှာ အတော်ကြီးကို ရင်းနှီးခင်မင် အကျွမ်းတ၀င်နဲ့ အားလုံးကိုသိနေခဲ့ပါတယ်။ ကိုယ့်စိတ်ထဲက တရင်းတနှီး ခင်မင်နေတာကိုတော့ ကာယကံရှင်များက မသိနိုင်ကြပါဘူး။ အဲဒါက ဥပမာပြောရရင် ကိုယ်နှစ်သက်အားပေးတဲ့ နာမည်ကြီး မင်းသမီး မင်းသားကို သိကျွမ်း မိတ်ဆက် စကားပြောဖို့ မကြိုးစားပဲ အဝေးကနေ တိတ်တဆိတ် အားပေးနေတဲ့ ပရိသတ်တစ်ယောက် အဖြစ်မျိုးပါပဲ။

မြန်မာဘလော့ဂ်တွေကို စပြီးဖတ်ရှုဖြစ်ခဲ့တာကတော့
၂၀၀၉ နှစ်ဝက် လွန်ပြီးလောက်ကျမှပါ။ ဒီ့အရင်ကတော့ ကလေးငယ်သေးလို့ အချိန်မပေးနိုင်တာရယ် ကိုယ်လုပ်နေတဲ့ အချိန်ပိုင်းအလုပ်တဖက်နဲ့ မအားတာရယ် နောက် အိမ်မှာကလည်း လစဉ်မဟုတ်ပေမယ့် သုံးလေးလခြား ဆိုသလို မဟေသီ ရွှေအမြုတေနဲ့ လိုက်ဖ်စတိုင်လ် မဂ္ဂဇင်း စာအုပ်တွေကို ဆက်တိုက် ဖတ်ခွင့်ရနေခဲ့တာရယ်ကြောင့် ဖတ်စရာစာကို အင်တာနက်မှာ အထူးတလည် မရှာဖြစ်ခဲ့ပါဘူး။ အဓိကကျတဲ့ နောက်တခုကတော့ မအိမ်သူ စိတ်အစွဲပေါ့လေ စာဖတ်တယ်ဆိုရင် ကွန်ပျူတာစကရင်မှာ ဖတ်ရတာကို အားမရဖြစ်မိတာပါ။ Soft Copy ထက်ကို စာအုပ်ကိုင်ပြီးဖတ်ရတာမှ ပိုပြီးအားရပါးရရှိသလို ထင်မိတာကြောင့် စာအုပ်အမျိုးမျိုးတွေကိုပဲ ရှာပြီးရနိုင်သလောက် ဖတ်နေဖြစ်ခဲ့တာနဲ့ ဘလော့ဂ်တွေဘက်ကို ခြေဦးမလှည့်မိခဲ့ဘူး။ အင်တာနက်မှာတော့ ဧရာဝတီ မဇ္ဈိမ မိုးမခ စတဲ့
သတင်းဝက်ဘ်ဆိုက်တွေလောက်နဲ့ ပလန်းနက်၊ မြန်မာပီးပဲလ်မဂ္ဂဇင်း၊ မြန်မာကျူးပစ် တို့လောက်ကိုသာ တခါတလေ ကြုံတဲ့အခါလောက် ရောက်ဖြစ်ပြီး အနည်းအကျဉ်း ဖတ်ဖြစ်တာရယ် နောက် ရွှေစကားအီးဘွတ်ခ် ကနေ ဖတ်ချင်တဲ့ စာအုပ်လေးတွေ ဒေါင်းပြီးဖတ်တာမျိုးရယ်လောက်ပဲ ရှိခဲ့ပါတယ်။ ၂၀၀၉ လောက်မှာတော့ မဂ္ဂဇင်းတွေ အသစ်ထပ်မရနိုင်တော့ဘဲ တခြားဖတ်စရာ စာအုပ်တွေလည်း ကုန်သလောက်ဖြစ်လာတော့ စာဖတ်ရမှ နေသာထိုင်သာရှိတဲ့ မအိမ်သူလည်း စာငတ်စပြုလာပါတော့တယ်။ အဲဒီတော့မှပဲ စာမဖတ်ရမနေနိုင်တဲ့ ရောဂါနဲ့ အင်တာနက်ကို စမွှေဖြစ်ပြီးတော့ ဘလော့ဂ်တွေကို စဖတ်ဖြစ်သွားခဲ့တာပါ။

ပထမဦးဆုံး စဖတ်ဖြစ်တဲ့ ဘလော့ဂ်နှစ်ခုက ကောင်းကင်ပြာ  နဲ့ နိုင်းနိုင်းစနေ  ဘလော့ဂ်တွေပါ။ နိုင်းနိုင်းစနေရဲ့ စာတွေကတော့ ဘလော့ဂ်တွေ မဖတ်ခင်ကတည်းက Forward Mail တွေကနေ အမြဲတမ်းဖတ်နေခဲ့ရပါတယ်။ နောက်ဆက်တွဲ ရှာဖွေဖတ်ရှုမိတဲ့ ဘလော့ဂ်ကတော့ ကိုအောင်ရဲ့ ပျူနိုင်ငံ ပါပဲ။ အဲဒီလို စဖတ်ဖြစ်ခဲ့တဲ့အချိန် ကတည်းက ပျူနိုင်ငံဘလော့ဂ်ကို ပို့စ်အသစ်တင်တိုင်း သွားသွားဖတ်ဖြစ်ခဲ့တာ ဒီကနေ့အထိပေမယ့် ထူးထူးခြားခြား တစ်ကြိမ်ကလွဲလို့ တစ်ခါမှ ကွန်မန့်မရေးဖြစ်ခဲ့ပါဘူး။ ကွန်မန့်ရေးဖြစ်သွားရတဲ့ အကြောင်းကလဲ ပို့စ်အသစ်တင်တာတွေ့လို့
ဘလော့ဂ်ကိုဝင်လိုက်ရင် ပို့စ်မှာရေးထားသမျှ ဘာစာမှဖတ်လို့မရပဲ အီဂျစ်က ပိရမစ်တွေထဲမှာ တွေ့ရတတ်တဲ့ ရှေးဟောင်း အရုပ်စာတွေလိုသာပေါ်နေပြီး
ကွန်မန့်ကို ၀င်လိုက်တဲ့အခါကျတော့ ရေးလို့လဲရသလို ကွန်မန့်အားလုံးကိုလည်း ဖတ်လို့ရနေတာနဲ့ အဲဒီလိုဖြစ်နေကြောင်းကို ကွန်မန့်မှာ ရေးထားခဲ့မိတာပါ။ ကိုအောင်ကလဲ အဲဒီလိုရေးခဲ့တဲ့ ကွန်မန့်ကို သူ့ဖက်ကဖြစ်တာမဟုတ်ကြောင်းနဲ့ မအိမ်သူရဲ့ ကွန်ပျူတာ တခုခုဖြစ်နေလို့ ဖြစ်တာဖြစ်ပါလိမ့်မယ်လို့ ကွန်မန့်ပြန်ပေးခဲ့ပါတယ်။ အဲဒါဘာကြောင့်မှန်းမသိပေမယ့် အဲဒီအချိန်တုန်းက တခြားဘလော့တွေကိုဝင်သမျှ ဘာမှမဖြစ်ပဲ ပျူနိုင်ငံဘလော့ဂ် တစ်ခုတည်းကို ၀င်မှဖြစ်တာမို့ တကယ့်ကို မှတ်မှတ်ရရပါပဲ။ (သရဲအကြောင်း သွားဖတ်လို့ အင်တာနက်က သရဲခြောက်လိုက်တာနေမှာ..း P) နောက်၂ရက်လောက်နေတော့ သူ့အလိုလို ပြန်ကောင်းသွားပြီး ပို့စ်တွေအားလုံးကို ပြန်ဖတ်လို့ရသွားပါတယ်။း)

အဲဒီနောက်မှာ ပျူနိုင်ငံရဲ့ ဘလော့ဂ်လင့်တွေကတဆင့် ထပ်ရောက်သွားပြီး အမြဲတမ်းအားပေး ဖတ်ရှုဖြစ်ခဲ့တဲ့ ဘလော့ဂ်တွေကတော့ အတော်လေးစုံပါတယ်။ နိုင်ငံရေးဆိုဒ်တွေ အပါအ၀င် အခြားသော ဘလော့ဂ်တွေ အများကြီးပါပဲ။ အဲဒီမှာလဲ မှတ်မှတ်ရရ ပထမဦးဆုံး လင့်ကနေ ရောက်သွားဖြစ်တဲ့ဘလော့ဂ်က ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်း  ဘလော့ဂ်ပါ။ ရွှေရတုမှတ်တမ်းက အဲဒီတုန်းက ဘလော့ဂ်အသစ်ဖြစ်ပြီး စရေးတာ ရက်ပိုင်းပဲရှိသေးတဲ့ ဘလော့တစ်ခုပေါ့။ မှတ်မိသလောက် စဖတ်ဖြစ်တဲ့ပို့စ်က နယ်ဖက်မှာ ဖီးလ်ဆင်းတော့ ညဘက် အိမ်ခေါင်မိုးပေါ်က မှင်စာလေးလားမသိဘူး ဆင်းလာပြီး နှောင့်ယှက်တဲ့အကြောင်းကို ရေးထားတာ။

နောက်ထပ်တွေ့တဲ့ဘလော့ဂ်ကတော့ ရွှေသော့ပုံလေးနဲ့ ကိုဇော် ရဲ့ဘလော့ဂ်ပါပဲ။ သူ့ဘလော့ဂ်ကို စ၀င်ပြီး ဖတ်မိတဲ့အချိန်မှာ စာရေးသားပုံက သူလိုကိုယ်လိုမဟုတ်ပဲ နဲနဲထူးခြားတာကို သတိထားမိသလို ဒီစာရေးတဲ့သူက သူများနဲ့မတူတဲ့ အမြင် ရှုထောင့်မျိုးတွေကနေ တော်တော် မြင်တတ် တွေးတတ်ပြီး စာတွေလည်း အတော်ရေးနိုင်ပါလား ဆိုတာလဲတွေးမိပါတယ်။ အဲဒီတုန်းကများ တရက်ကို ပို့စ် ၂ပုဒ် ၃ပုဒ်တင်တာ ဖတ်တဲ့လူတောင် မှီအောင် မနည်းကြီးကို လိုက်ဖတ်ရပါတယ်။ ပြီးတော့ ပို့စ်တွေကလည်း အရှည်ကြီးတွေ ဖြစ်တဲ့အပြင် အကြောင်းအရာတွေကလည်း အတော့်ကိုစုံလင်ပါတယ်။ သူ့ဆိုက်မှာ ပို့စ်တပုဒ်ဆို ဆိုသလောက် အားပါးတရဖတ်ရတဲ့အပြင် ဖတ်ပြီးသွားရင်လည်း ပြီးပြီးရောမဟုတ်ပဲ ခေါင်းထဲမှာတွေးစရာ တခုခုပါ ကျန်တတ်ပါတယ်။ အဲဒီလိုဖတ်ရင်းကနေ ကိုဇော်ရဲ့ ဘလော့ဂ်က လင့်တွေလည်း အတော်စုံတော့ အလိုလိုနေရင်း အခြားဘလော့ဂ်တွေ အားလုံးကို သွားဖတ်ဖို့ ဟုမ်းပေ့ဂ်ျလို ဖြစ်သွားပါတယ်။ အဲဒါနဲ့ နေ့တိုင်းလိုလို ကိုဇော်ဘလော့ဂ်ကို အရင်ဆုံးဖွင့်ဖတ်ပြီးရင် တခြားဘလော့ဂ်တွေကို အဲဒီမှာရှိတဲ့ လင့်တွေကနေတဆင့် တခုပြီးတခု ကလစ်နှိပ်ပြီး သွားဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီလို ဖတ်လာခဲ့တာ “ဘလော့ဂါများရဲ့ပို့စ်များ” ဘလော့ဂ်ကို ကိုဇော်စလုပ်တဲ့အချိန်ထိပါပဲ။ အဲဒီကျတော့မှ ဘလော့ဂ်ဖတ်တဲ့ ဟုမ်းပေ့ဂ်ျပြောင်းသွားတာပါ။

အဲဒီလိုနဲ့ တောက်လျှောက် ဖတ်ခဲ့ဖူးတဲ့ ဘလော့ဂ်တွေက အတော်လေးစုံပါတယ်။ ဖတ်ဖြစ်ခဲ့တဲ့ ဘလော့ဂ် လက်ဟောင်းများကို မှတ်မိသလောက် ပြောရရင် မိုးချိုသင်း၊ မနော်ဟရီ၊ ဆရာမမေငြိမ်း၊ မကေ၊ သိင်္ဂီနွယ်၊ မယ်ကိုး၊ ကိုချစ်ဖေ၊ ကလူသစ်၊ ကိုလူထွေး၊ ညီလင်းဆက်၊ မန်းကိုကို၊ ဘလော့ဂါမောင်မိုး၊ ဏီလင်းညို၊ မြစ်ကျိုးအင်း (နာမည်က ထူးဆန်းလို့ ၀င်ကြည့်မိရာက စာအရေးကောင်းတဲ့ ဘလော့ဂ်တခုအဖြစ် အမြဲလို သွားဖတ်ဖြစ်သွားတယ်။ ပွဲဈေးတွေ ပွဲခင်းတွေ အငြိမ့်တွေ ဇာတ်စင်တွေအကြောင်း စိတ်ဝင်စားဖွယ် ဖတ်ရတာလဲ သဘောကျတယ်။ အ၀တ်လျှော်စက်ထဲက ပုရွက်ဆိတ်လေးတွေ ကမ္ဘာပျက်သွားတာတော့ အခုထိ မမေ့နိုင်သေးဘူး။)၊ မငယ်နိုင်၊ မခင်ဦးမေ၊ မသက်ဝေ (သာမန် ရိုးရိုးရှင်းရှင်း အကြောင်းလေးတွေကို မထင်မှတ်ထားတဲ့ ပုံစံမျိုးလေးနဲ့ ဖတ်တဲ့သူကို နစ်ဝင်သွားစေတဲ့ အက်ဆေးလေးတွေကို ဖွဲ့တတ်လို့ အမြဲသွားဖတ်ဖြစ်ခဲ့တာ)၊ မချစ်ကြည်အေး (စာလေးတွေဖတ်ရတာ ပေါ့ပေါ့ပါးပါး ရွှင်ရွှင်လန်းလန်းနဲ့ပေမယ့် နောက်ကွယ်က လေးနက်တဲ့ အကြောင်းအရာလေးတွေကို သတိပြုမိအောင် လှလှပပလေး ရေးတတ်တာကို သဘောကျတာ)၊ မရွှေစင်ဦး (မအိမ်သူရဲ့ စာအုပ်စင်ကြီးပါပဲ)၊ နဗန၊ စက်တင်ဘာရဲ့ကောင်းကင်၊ မမေဓါဝီ (နာမည်ကိုစိတ်ဝင်စားရာကနေ စာတွေကိုပါစွဲသွားတော့တာပဲ။ မြန်မာစာ စစ်စစ်ကြီးတွေကို ဖတ်ရတာ အားရပါးရရှိတယ်)၊ သူကြီးမင်းကိုကိုမောင် (တုံးဖလားရွာက အဖြစ်အပျက်တွေကို သဘောကျလို့ သွားသွားဖတ်တာ)၊ ကဘူးလ်က ကိုမောင်မောင်ဘလော့ဂ်၊ သစ်နက်ဆူး၊ တေဇာရဲ့လရောင်လမ်း (အက်ဆေးတွေကိုကြိုက်လို့ သွားသွားဖတ်ဖြစ်တယ်။ ကဗျာတိုလေးတွေကောပဲ။)၊ ကိုပေါရဲ့ပိတောက်ရိပ်၊ ဒေါက်တာစိုးမြင့်(မေ့ဆေး)ရဲ့ အာဖရိကရောက် မြန်မာတစ်ယောက်၊ ဆရာလေးသက်တန့်ချို၊ မကိကိ၊ မွန်းသက်ပန်၊ ကိုရင်နော်ခင်လေးငယ်၊ ၀ီရှီမီ၊ ခရေတွန်၊ မိုးမင်းဂျီး၊ လသာည၊ (အခုနေ၀သန်တဖြစ်လဲ) ဂျပန်ကောင်လေး၊ ဖိုးစိန်၊ တီတီဆွိ၊ မိုးခါး၊ နှင်းနဲ့မာယာ၊ ရွှေပြည်သူ၊ မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) (စပါးကြီးမြွေဖမ်းတဲ့ပို့စ်ကနေ စဖတ်မိတာပေါ့။)၊ မရှင်လေး၊ ဖြိုးဖြိုးလှိုင်၊ နှင်းဆီတစ်ခင်းပန်းတစ်ခြင်း၊ သဒ္ဓါလှိုင်း၊ Sosegado၊ ကိုပီတာ၊ အဖြူရောင်နတ်သမီး၊ ချောရဲ့ အစိမ်းရောင်လွင်ပြင်၊ ပန်ဒိုရာ၊ အိမ့်ချမ်းမြေ့ရဲ့ သံစဉ်မဲ့အလင်္ကာများ (မှတ်မှတ်ရရ ဏီလင်းညိုဘလော့ဂ်ကနေ တဆင့်စရောက်ဖူးတာ)၊ မိုးငွေ့နှင့်အတူ၊ မိုးစက်ပွင့်၊ စန္ဒကူး၊ ညီလင်းသစ် (အတွေးလေးတွေ အဖြစ်အပျက်လေးတွေကို အခြေခံပြီး ကျိုးကြောင်းကျတဲ့ ဆက်စပ်အတွေးလေးတွေနဲ့ အရမ်းလှတဲ့ အက်ဆေးလေးတွေကို ရေးတတ်လို့ သတိထားမိပြီး ဖတ်ဖြစ်သွားတာ။)၊ မောင်မျိုးရဲ့ ကျွန်တော့်ဘ၀ဇာတ်ခုံ (ဘောင်းဘီရှေ့နောက်မှားတာကို သိုင်းပြောင်းပြန်နဲ့ လှည့်ဝတ်တဲ့ အတတ်ပညာကို လေးစားပါတယ်။ အခုထိကော ရေဖျန်းတဲ့ပိုက်နဲ့ အုန်းရေသောက်နေသေးလားမသိ… :P)၊ အလင်းစက်များ အစရှိတဲ့ ဘလော့ဂ်တွေ အများကြီးပါဘဲ။ ဒါတောင် စဉ်းစားလို့ရသမျှ မှတ်မိသလောက်ပဲ ရေးထားတာပါ။ မေ့နေလို့ ကျန်သွားတာတွေလည်း ရှိနေပါသေးတယ်။ ဒီထဲက တစ်ချို့ကတော့ အခုနောက်ပိုင်း ဆက်ရေးတာ မတွေ့ရတော့ပါဘူး။ အစားအသောက် ချက်တဲ့ပြုတ်တဲ့ ဘလော့ဂ် အတော်များများကိုလည်း မကြာမကြာ ရောက်တတ်ပါတယ်။

အဲဒီဘလော့ဂ်လက်ဟောင်းတွေကို ဖတ်ရင်းနဲ့ ဘလော့ဂ်လက်သစ်တွေ စတွေ့တဲ့အထဲမှာ ရွှေရတုမှတ်တမ်းဘလော့ဂ်ကနေ ဆရာဦးဟန်ကြည်ရဲ့ အတွေးစလေးတွေကို စရောက်သွားပါတယ်။ နောက်ထပ်ပြီး အမြဲလိုသွားဖတ်ဖြစ်တဲ့ ဘလော့ဂ်များကတော့ အခုကိုညိမ်းနိုင်လို့ နာမည်ပြောင်းသွားတဲ့ ကိုမောင်လေးရဲ့ မျောလွင့်တိမ်တို့နားခိုရာ၊ ဆင်တဲကဖေး၊ ဧရာဝတီစာကြည့်တိုက်၊ မဗေဒါရဲ့ဗေဒါလမ်း၊ မိုးယံရဲ့ လူသားအားလုံးအတွက်၊ နေဇော်လင်း၊ အင်္ဂဟူးရဲ့မျှဝေမှုတို့စုစည်းရာ၊ မိုးပန်းချီ၊ မြသွေးနီ၊ ဦးအောင်သင်း၊ ဦးဘုန်း(ဓါတု-မန္တလေး)၊ ငွေလမင်း၊ အေအေတီအို၊ အပြုံးပန်း၊ ခနွဲ၊ လပြည့်ရိပ်၊ ရို့စ်ရဲ့ ကျမဘ၀ရဲ့ အမှတ်တရနေရာလေးတခု၊ အိန်ဂျယ်လှိုင်၊ အမှတ်တရနေ့စွဲများ၊ ကြည်ကြည်ရဲ့ဒိုင်ယာရီ၊ ခရစ္စတယ်လ်ရဲ့ ဘ၀ရဲ့စာမျက်နှာများ (Bliss of us ကိုလည်း တခါတခါ ရောက်တယ်။)၊ တမြေထဲက မောင်ငယ်နှစ်ယောက်ဖြစ်တဲ့ အနီးဆုံး နဲ့ ကိုထွဋ်၊ မေသိမ့်သိမ့်ကျော်၊ မင်းဧရာ၊ ဖြိုးမောင်မောင်ရဲ့ ရေးမိရေးရာ အဖြာဖြာ၊ ကဗျာတွေမနားတမ်းရေးနိုင်တဲ့ တောင်ကြီးသူညီမငယ် မစံပယ် (အိမ်လည်း အတော်နှံ့နှံ့စပ်စပ် လည်နိုင်ပါတယ်)၊ မြစ်ဆုံ၊ ဒီဇင်ဘာမောင်မောင်၊ အတွေ့အကြုံတွေစုံသလို အစားအသောက်တွေ ချက်တာလည်းဝါသနာပါတဲ့အပြင် ဘလော့ဂ်တိုင်းကိုလည်း ရောက်အောင်သွားပြီး ဆုတောင်းလေးနဲ့ ကွန်မန့်ပေးတတ်တဲ့ ခင်ဖို့ကောင်းတဲ့ အန်တီတင့်၊ Mon Petit Avatar (ဟိုးအရင်တည်းက ရောက်ခဲ့ဖူးတဲ့ ဘလော့ဂ်တွေမှာ ကွန်မန့်ပေးပေးနေတာ တွေ့ဖူးနေပေမယ့် မဂျီးတော်တို့ မစည်းစိမ်တို့ မမီးငယ်တို့လို ဘလော့ဂါတွေနဲ့ ရင်းနှီးနေတဲ့ ဘလော့ဂ်ဖတ်သူ တယောက်လို့ပဲထင်ခဲ့မိဖူးတယ်။ ကိုယ်ပိုင်ဘလော့ရှိမှန်းကို လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သိပြီး သွားဖတ်ဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာ ဘလော့ဂ်လေးတခုပါ)၊ ခင်မောင်ချင်း(ချင်းကလေး)၊ ကြယ်လွမ်းသူ၊ မဒမ်ကိုးနဲ့ ကိုရင်သာပျော့ … အများကြီးပါပဲ။ ရောက်ဖြစ်ပြီး နာမည်မပါတဲ့ ဘလော့ဂ်များလည်း ရှိနိုင်ပါသေးတယ်။ ဒါက လက်လှမ်းမှီရာ သတိရသလောက်ကိုသာ ရေးချလိုက်တာပါ။ မအိမ်သူမရောက်ဖူးသေးတဲ့ ဘလော့ဂ် အသစ်အဟောင်းတွေလည်း များစွာရှိနေပါသေးတယ်။ နောက်ထပ်ပြီးတော့ နေ့စဉ်နဲ့အမျှ ဘလော့ဂ် အသစ် အသစ်တွေ ထပ်ထပ်တိုးလာနေတာကိုလည်း တွေ့နေရပါတယ်။ ဘလော့ဂ်ရွာကနေ မြို့တော်ကြီးတမျှ ဖြစ်လာနေပါပြီ။ ဘလော့ဂ်တွေကလည်း အကြောင်းအရာအမျိုးမျိုးနဲ့ အတွေး အမြင် အသိပညာ အတတ်ပညာ ဘာသာရေး စီးပွားရေး လူမှုရေး နိုင်ငံရေး ချက်ရေးပြုတ်ရေး ဘယ်ဖက်ကမှ မလွတ်ရအောင် ဖတ်စရာ မှတ်စရာ အသိအလိမ္မာ တိုးစရာ လေ့လာကျင့်သုံးစရာတွေကို ဝေမျှပေးနေကြတာ တကယ်ကိုအားရစရာပါ။ ယူတတ်မယ်ဆိုရင် သုံးမကုန်နိုင်တဲ့ ရတနာသိုက်ကြီးလိုပါပဲ။

မအိမ်သူကတော့ တစ်ရက်စာမဖတ်လိုက်ရရင် တနေ့တာမပြည့်စုံဘူးလို့ထင်တဲ့ စာဖတ်သမားသက်သက်ပါ။ ဘလော့ဂ်တွေလည် စာလိုက်ဖတ်ပြီး ခြေရာမချန် ကွန်မန့်မပေးတတ်ပဲ တိတ်တဆိတ်လေး ပြန်လာတတ်တဲ့ ကန့်လန့်ကာနောက်ကွယ်မှာပဲ နေချင်တတ်သူပါ။ မရည်ရွယ်ပါပဲ လုပ်ဖြစ်သွားတဲ့ ဘလော့ဂ်လေးမှာ စာရေးနိုင်ဖို့အတွက်ကိုတော့ အတော်လေးကို အားထုတ်ရပါတယ်။ စာရေးဖို့အတွက် စာတွေအများကြီး ပိုဖတ်ရသလို စာရေးဖို့အချိန်ကိုလည်း မအားတဲ့ကြားက ကြိုးစားပြီး အချိန်တွေလုရပါတယ်။ ကိုယ့်ရဲ့ တာဝန်တွေ ၀တ္တရားတွေ အလုပ်အကိုင်တွေ လူမှုရေး မိသားစုအရေးတွေကို ဘလော့ဂ်ရေးတာကြောင့် အပျက်ကွက် အထိခိုက်မခံချင်သလို စာတွေကိုလည်း ပို့စ်ဖြစ်ပြီးရော တာဝန်ကျေရေးတာမျိုး မလုပ်ချင်တတ်တဲ့စိတ်ကြောင့် ရေးမိသမျှလေးတွေကိုတော့ ကြိုးစားပြီး တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ရေးချင်တဲ့စိတ်နဲ့ စာတစ်ပုဒ်ဖြစ်လာဖို့အတွက် အချိန်တွေ အများကြီးကိုလည်း ရင်းနေခဲ့ရပါတယ်။ အဲဒီလို နှစ်ခုလုံးကို အကောင်းဆုံးဖြစ်စေချင်တဲ့ စိတ်ဆန္ဒနှစ်ခုကြားမှာ တခါတလေ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ညှိနှိုင်းမရတဲ့ အဖြစ်မျိုးတွေနဲ့ နပန်းလုံးရတာ မအိမ်သူအတွက် သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ဘလော့ဂ်လေးလုပ်ဖြစ် သွားတဲ့အတွက်ကြောင့် အရင်က ကိုယ့်စိတ်ထဲမှာပဲ ကိုယ့်ဟာကိုယ် တဖက်သတ် ရင်းနှီးနေခဲ့တဲ့ နိုင်ငံပေါင်းစုံက အခြားဘလော့ဂါများနဲ့ သိကျွမ်းခင်မင်ခွင့်ရတာကတော့ တကယ့်ကို ၀မ်းသာရပါတယ်။ တဦးနဲ့တဦး မမြင်မတွေ့ဖူးကြဘဲ ဘလော့ဂ်မှာရေးသားထားတဲ့ စာလေးတွေကတဆင့် စာရေးတဲ့သူကို စိတ်ကူးပုံဖေါ်ကြည့်ပြီး ခင်ရတာပေမယ့် စိတ်ထဲမှာတော့ တရင်းတနှီးရှိလှတာ အမှန်ပါပဲ။ အပေါင်းအသင်း နယ်ပယ်ကျယ်လာပြီး မိတ်သစ် ဆွေသစ်တွေ တိုးပွားလာတယ် ဆိုတာကိုက မင်္ဂလာတပါးပဲ မဟုတ်လား။ ဘလော့ဂ်ဒေးမှာ ဘလော့ဂါအပေါင်း ကျန်းမာ ရွှင်လန်းစွာနဲ့ ရှေ့ဆက်ပြီးတော့ မိမိနှစ်သက်ရာ စာလေးများကို ဆက်လက်ရေးသားပြီး ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်ရှင်။

ဘလော့ဂ်ဒေးအတွက် မိတ်ဆက်ပေးချင်တဲ့ ဘလော့ဂ်လေး ငါးခုပါ။







အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Sunday, August 21, 2011

မိတ်ဆွေဖြစ်ရတာ ၀မ်းမြောက်စရာ…

လောကကြီးမှာ လူရယ်လို့ဖြစ်လာပြီဆိုရင် သဘာဝတရားအရ တစ်ဦးတည်း တစ်ယောက်တည်း ရှင်သန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မိဘ ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းအသင်း သူငယ်ချင်း ဆိုတာများဟာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ လူ့သဘာဝအရ တစ်ကိုယ်တည်း ရှင်သန်ဖို့ မဖြစ်နိုင်တဲ့ အကြောင်းတရားတွေ အများကြီး ရှိနေခဲ့ပါတယ်။ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဖြစ်ခဲ့ရင်သာနေမယ် လူ့အသိုင်းအ၀ိုင်းနဲ့တော့ ဘယ်လိုအကြောင်းကြောင့်မှ ကင်းကွာပြီး နေလို့မရနိုင်ပါဘူး။ အဲဒီလို လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းထဲမှာ ကျင်လည်နေထိုင် ကြရတဲ့အခါ နေ့စဉ်နဲ့အမျှ လူသားတွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး အကြောင်းအမျိုးမျိုးနဲ့ ထိတွေ့ ဆက်ဆံ ပေါင်းသင်းကြရာကနေ  ခင်ရာမင်ရာ မိတ်ဆွေ ဖေါ်သဟာ သူငယ်ချင်းများ ဖြစ်ကြရပါတော့တယ်။

အမှန်တော့ မိတ်ဆွေ သူငယ်ချင်း ဆိုတာဟာ လူတိုင်းအတွက် ဘုရားသခင်ပေးတဲ့ ဆုလာဒ်လို့ ပြောလို့ရသလို သဘာဝကပေးတဲ့ လက်ဆောင်လဲဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးအကြား ရင်းနှီးချစ်ခင်မှုတွေ ရှင်သန် တိုးပွားလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး ကူညီယိုင်းပင်းကြရင်း၊ တစ်ဦးအခက်အခဲကို တစ်ဦးကလက်တွဲလို့ ဖြေရှင်းကြရင်း တသက်တာအတွက် ခင်မင်တွယ်တာစရာ၊ အပြန်အလှန် လေးစားချစ်ခင်စရာ မိတ်ကောင်း ဆွေကောင်းတွေ တိုးပွားလာတတ်ကြတယ် မဟုတ်ပါလား။ အဲဒီလို လူ့လောက လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေကြားမှာ တစ်ဦးနဲ့တစ်ဦး ဖြူစင်တဲ့ မေတ္တာပေါ် အခြေခံလို့ ရင်းနှီးခင်မင်စွာနဲ့ တသက်တာ ယုံကြည်လက်တွဲသွားရမယ့် မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေအဖြစ် အပြန်အလှန် ရပ်တည်ခွင့်ရတာဟာ ဘယ်လောက်တောင် ကောင်းတဲ့အဖြစ်ပါလဲ။

သင်အလွန်ချစ်ခင်ရတဲ့၊ သင့်ဘ၀အတွက် အင်မတန် ယုံကြည် အားကိုးရတဲ့ မိတ်ဆွေ သူငယ်ချင်းများ သင့်အနားမှာ ရှိနေခဲ့ခြင်းအတွက် သင့်အနေနဲ့ ဘယ်လောက်ထိအောင် ကြည်နူး ၀မ်းမြောက်ဖြစ်ရခြင်းများကို ခံစားဖူးခဲ့ပြီလဲ…။ အဲဒီလို အပေါင်းအသင်း မိတ်ဆွေများနဲ့ ပတ်သက်တဲ့ ခံစားချက်လေးတွေ အဆိုအမိန့်လေးတွေကို စုစည်းရေးသားထားတဲ့ လက်တ၀ါးသာသာ စာအုပ်လေးတစ်အုပ်ကို ကြိုက်နှစ်သက်စွာ ဖတ်ရှုမိခဲ့ရာကနေ မိတ်ဆွေ သူငယ်ချင်းများကိုပါ မျှဝေ ခံစား ဖတ်ရှုစေချင်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာခဲ့မိပါတယ်။ အဲဒါကြောင့် မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများကို ပိုင်ဆိုင်ခွင့် ရခဲ့ခြင်းအတွက် ဖြစ်ပေါ်လာတဲ့ ကြည်နူးမှု ၀မ်းမြောက်မှု အစရှိသော ခံစားချက် အဖွဲ့အနွဲ့ အဆိုအမိန့် အရေးအသား ကလေးများကို ဟောလ်မာ့ခ် စာအုပ်တိုက်က စုစည်းပြီး ထုတ်ဝေခဲ့တဲ့ “So glad we’re friends (တို့များ မိတ်ဆွေဖြစ်ရတာ အလွန် ၀မ်းမြောက်စရာ)” ဆိုတဲ့ စာအုပ်ကလေးထဲက အကြောင်းအရာလေးတချို့ကို ကြိုးစားဘာသာပြန်ပြီး မူရင်း ရေးသားချက်ကလေးများနဲ့အတူ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Of all the lovely treasures
At the rainbow’s brilliant end,
One brings lasting pleasure:
A dear and trusted friend.
                             (Anonymous)

စွဲမက်မြတ်နိုးဖွယ်ရာ ရှိရှိသမျှ ရတနာတို့ရဲ့အမွန်
ရောင်စဉ်ဖြာကျ တောက်ပလှတဲ့ သက်တန့်ရောင်စုံတွေရဲ့ အလွန်မှာ
တသက်တာ ပျော်ရွှင် ကြည်နူးစရာတွေကို ယူဆောင်ပေးလာသူဟာ
တွယ်တာချစ်ခင် ယုံကြည်သက်ဝင်ရတဲ့ မိတ်ဆွေကောင်း တစ်ယောက်သာ…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

Good friends are like the evening shadows:
they increase in importance until the sun of life sets.
                          (after Johann Gottfried von Herder)

မိတ်ဆွေကောင်းတွေဟာ ညနေစောင်းရဲ့ အရိပ်တွေလိုပါပဲ။
ဘ၀ရဲ့နေ၀င်ချိန်တွေနီးလာလေ မိတ်ဆွေစစ်တွေရဲ့ အရေးပါမှုက တိုးပွားလာလေ…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

God chooses our relatives, we choose our friends.
                                                         (Jacques Delille)

ငါတို့တော်စပ်ရမယ့် မိဘဆွေမျိုးတွေကို ဘုရားသခင်က ရွေးချယ်ပေးတယ်။
ငါတို့ပေါင်းသင်းရမယ့် မိတ်ဆွေတွေကိုတော့ ငါတို့ကိုယ်တိုင် ရွေးချယ်တယ်။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

A good friend is like a wonderful book…..
The inside is even better than the cover!
                                        (Anonymous)

မိတ်ဆွေစစ်ဆိုတာ စာအုပ်ကောင်းတစ်အုပ်ပမာ…
စာအုပ်တွင်းကအကြောင်းအရာ အဖုံးထက်ကိုသာလွန်စွာ…

* * * @ @ @ @ @  ~  @ @ @ @ @ * * *

A friend is a present you give to yourself!

သူငယ်ချင်းဆိုတာ ကိုယ့်ကိုယ်ကိုပေးတဲ့ လက်ဆောင်မွန်တစ်ခု ဖြစ်ပါတယ်။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

The Miracle of Friendship

There’s a miracle called friendship
That dwells within the heart,
And you don’t know how it happens
Or when it gets its start.
But the happiness it brings you
Always gives a special lift,
And you realize that friendship
Is life’s most precious gift.

ရင်းနှီးမှုဟာ အံ့ဖွယ်ရာ

ရင်းနှီးမှုလို့ ဆိုတဲ့အရာ
ထူးခြား ဆန်းကြယ် အံ့ဖွယ်ပါ
မိတ်ဆွေတွေရဲ့ အကြားမှာ
နှလုံးသားချင်းသာ သိနိုင်တဲ့အရာ…။
ဘယ်အချိန်က စလို့
ဘယ်လိုများ ခင်ခဲ့ကြသလဲ
သိနိုင်ခဲလှတာ …။
ဒါပေမယ့်လေ…
အတူပါလာတဲ့ ပျော်ရွှင်ခြင်းတွေကတော့
အမြဲထာဝရ ထူးခြားလွန်းလှတဲ့
စိတ်အား တက်ကြွခြင်းတွေကိုပေးတယ်။
ပြီးတဲ့အခါ…
အဲဒီခင်မင်မှုဟာ
တသက်တာ အမှတ်တရ
တန်ဖိုးဖြတ်မရတဲ့
ဘ၀ရဲ့ လက်ဆောင်တစ်ပါးဖြစ်ပေတယ်…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

A true friend

A true friend
shares freely,
advises justly,
assists readily,
adventures boldly,
takes all patiently,
defends courageously,
and continues a friend
unchangeably.
                                      (William Penn)

မိတ်ဆွေစစ်

မိတ်ဆွေစစ်ဆိုတာ
လွတ်လပ်စွာ မျှဝေခံစားရင်း
မျှတစွာ လမ်းညွှန်ဖေးမရင်း
အသင့်ရှိစွာ ကူညီစောင်မရင်း
မြဲမြံစွာ စွန့်စားရင်း
စိတ်ရှည်စွာ သည်းခံရင်း
သတ္တိရှိစွာ အကာအကွယ်ပေးရင်း
ဘယ်သောအခါမှ မပြောင်းလဲစွာနဲ့
မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားသူ…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

The Best Treasure

There’s happiness in little things,
There’s joy in passing pleasure.
But friendships are, from year to year,
The best of all life’s treasure.

အကောင်းဆုံး ရတနာ

ဘ၀မှာ ပျော်ရွှင်စရာအချို့
ဝမ်းမြောက်ဖွယ် ကြည်နူးခြင်းအတိတ်တို့ ရှိသော်ငြား
နှစ်ပေါင်းများစွာ မပြောင်းလဲတဲ့ ခင်မင်မှုသာ
ဘ၀ရဲ့ အကောင်းမြတ်ဆုံးသော ရတနာ…

* * * @ @ @ @ @  ~  @ @ @ @ @ * * *

(တတ်သလောက် မှတ်သလောက်ကလေးနဲ့ ကြိုးစားပြီး ဆီလျော်အောင် ဘာသာပြန်ထားတာသာ ဖြစ်ပါတယ်။ အမှားအယွင်း ချို့ယွင်းချက်များ ရှိခဲ့ရင် မအိမ်သူရဲ့ ဘာသာပြန်အမှားသာ ဖြစ်ပါလိမ့်မယ်။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Wednesday, August 17, 2011

တစ်နေ့တာတွေထဲမှာ ပျောက်ဆုံးခြင်း


နေ့တွေ ရက်တွေ အချိန်နာရီတွေဟာ သိပ်ကို အကုန်မြန်လွန်းနေတယ်လို့ ထင်မိတယ်။ တစ်နှစ်ဆိုတာတောင် ဘာမှမကြာလိုက်သလိုပဲ။ နယူးရီးယားလုပ်ခဲ့တာ မနေ့တနေ့ကလို့ ထင်နေတုန်းမှာ နှစ်တနှစ်ဟာ မကြာခင် အချိန်တိုလေး အတွင်းမှာပဲ ကုန်သွားတော့မယ်တဲ့လား။ ၂၀၁၂ နီးလာလို့များ ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်းတွေ ပိုပြီး မြန်ဆန်လာနေခဲ့သလားလို့ တွေးနေမိသေး… ဘ၀ဆိုတာကြီးကို အချိန်တွေက အလောတကြီး ၀ါးမျို  စားသောက်သွားခဲ့သလိုပါပဲ။ အချိန်နဲ့ ဘ၀ ကတောက်ကဆ ပဋိပက္ခတွေ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာနေပြီလဲ။ တခါတလေ Timeless Zone တစ်ခုထဲမှာ ခဏလောက်လေးပဲဖြစ်ဖြစ် နေခွင့်ရချင်တယ်။

ကိုယ်မပိုင်ဆိုင်နိုင်တဲ့ တစ်နေ့တာပေါင်း များစွာတို့ကို ကသုတ်ကရက် ကျော်နင်းဖြတ်သန်းရင်း အသက်မှာ ကိန်းဂဏန်းတွေ တိုးတိုးလာတာနဲ့အမျှ အချိန်နဲ့ ဘ၀ အားပြိုင်မှုတွေက တစ်နေ့တခြား တိုးပွားလာနေခဲ့တယ်။ တစ်နေ့တစ်နေ့ မိုးလင်းလို့ မျက်စေ့နှစ်လုံးပွင့်တာနဲ့ လုပ်ချင်တာတွေရယ်၊ လုပ်သင့်တာတွေရယ်၊ အမှန်တကယ် မဖြစ်မနေ လုပ်ကို လုပ်ရမယ့်ဟာတွေရယ် လွန်ဆွဲပွဲကျင်းပတော့တာပဲ။ ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး… အစီအစဉ်တွေ ဘယ်လိုပဲ ဆွဲဆွဲ အဲဒီအချိန်ဇယားထဲမှာ စိတ်ကူးထဲက တစ်နေ့တာကတော့ ပျောက်ဆုံးနေတုန်း။ ၂၄ နာရီဟာ သိပ်ကိုများ နည်းလွန်းနေသလား.. စိတ်ဆန္ဒတွေ၊ ၀ါသနာတွေ၊ လေ့လာသင်ယူချင်တာတွေထက် တကယ့်လက်တွေ့မှာ အရေးတကြီး ဦးစားပေးရမယ့်အရာတွေက မပြီးနိုင်လောက်အောင် များလွန်းနေသလားလို့ တွေးမိပါရဲ့။ အဲဒီလိုအရာတွေကြားထဲမှာ ပိုင်ဆိုင်ချင်တဲ့ တစ်နေ့တာတွေ ပျောက်ဆုံးရပေါင်း များနေခဲ့ပြီလေ။

ငယ်ငယ်ကတော့ တစ်နေ့တာဆိုတာကို ရှည်လျားလှတဲ့အရာလို့ ထင်ခဲ့မိသေးတယ်။ ပျင်းရိငြီးငွေ့ဘွယ် တစ်နေ့တာတွေကို ပိုင်ဆိုင်ခဲ့ရစဉ်က တစ်နေ့တာဟာ ကုန်ခဲလွန်းလှချည်ရဲ့။ အဲဒီလိုအချိန်တွေတုန်းက တချိန်ချိန်မှာ အဲဒီတစ်နေ့တာဟာ ဒီလိုမျိုး ဘ၀ကို လျှင်လျှင်မြန်မြန် တိုက်စား ၀ါးမျိုသွားခဲ့လိမ့်မယ်လို့ ယောင်လို့တောင် မတွေးမိခဲ့ဘူး။ အခုတော့ တစ်နေ့တာ အစီအစဉ်တွေနဲ့ တစ်နေ့တာ လုပ်ကိုင်ဆောင်ရွက်မှုတွေကြားထဲမှာ အချိန်တွေက တရွေ့ရွေ့တိုက်စားလို့… ဘ၀ကမ်းပါး တစတစ ပြိုလာခဲ့တာကို သတိမထားလိုက်မိခင်မှာပဲ ရှေ့မှာကမ်းစောက်က အသူတရာနက်နေခဲ့ပြီ။ မနက်နဲ့ည အလှည့်ကျပြောင်းရင်း ဘ၀က ညနေဆည်းဆာနားမှာ တဲတဲလေးမေးတင်လို့… နေမ၀င်ခင် ခဏလေးမှာ တစ်နေ့တာရဲ့ နောက်ဆုံးအလှကို ခံစားခွင့်လေးတော့ ရှိချင်ပါသေးတယ်။

(ကလေးကျောင်းပြန်ဖွင့်ပြီဆိုတော့ အပြေးအလွှား တစ်နေ့တာတွေနဲ့ ပုံမှန်ပြန်ပြီးလုံးပမ်းနေရပါပြီ။ စာရေးချင် စာဖတ်ချင်ပေမယ့် အချိန်လုနေရတာတွေများနေတယ်။ ဘလော့ကိုလာလည်သွားကြတဲ့ မိတ်ဆွေများဆီလဲ ပုံမှန်မရောက်နိုင် စာသွားဖတ်နေကျဆိုက်တွေကိုလည်း မသွားနိုင် ကိုယ့်ဟာနဲ့ကိုယ် ဘာတွေအလုပ်ရှုပ်မှန်းမသိ ဖြစ်နေလို့ ဘလော့ဂ်ကို နဲနဲ ပစ်ထားရသလို ဖြစ်နေတယ်။ ရေးချင်တာလေးတွေလဲ စိတ်ကူးထဲပေါ်လာလိုက် အချိန်မရတော့ ချက်ချင်းချမရေးနိုင်တာနဲ့ တကယ်ရေးဖို့ ပြန်စဉ်းစားတဲ့အခါ ပျောက်သွားလိုက်နဲ့ ဘယ်လိုပြန်အစဖေါ်ရမှန်းတောင် မသိဖြစ်နေပါတယ်။ အိမ်အလည်လာတာတွေနောက်ကျရင် ပို့စ်အသစ်တင်တာတွေ နဲနဲကျဲရင် ခွင့်လွှတ်ကြပါလို့…)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

Saturday, August 13, 2011

မေ့တတ်လွန်းသူမို့ …

သူ့နာမည်က ကိုဆယ်ပြားတဲ့.. နာမည်ရင်းတော့မဟုတ်ပါဘူး။ မွေးတုန်းကတော့ မိဘတွေက မောင်တင်စိုးလို့ပေးခဲ့တာပါ။ ဒါပေမယ့် မွေးကတည်းက သူ့ရုပ်က မေးရိုးကားကား မျက်နှာက လေးထောင့်ခပ်ကျကျဆိုတော့ လူကြီးတွေက ဆယ်ပြားစေ့ကလေးနဲ့တူတယ်ဆိုပြီး ဆယ်ပြားလေး ဆယ်ပြားလေးနဲ့ ချစ်စနိုးခေါ်ရာကနေ မူလနာမည်ပျောက်ပြီး ဆယ်ပြားလို့တွင်သွားပါရော။ အဲဒီ ကိုဆယ်ပြား အင်မတန် လူသိများရခြင်း အကြောင်းကတော့ လူတိုင်း လက်ဖျားခါရလောက်အောင် မေ့တတ်လွန်းတာပါပဲ။
မွေးရာပါ မေ့တတ်တဲ့သူလို့ ဆိုရမလားတောင် မသိဘူး။ ကိုဆယ်ပြား ဟိုးငယ်ငယ် ကလေးဘ၀ကတည်းက မေ့တတ်တာဟာ လူတိုင်းပြောစမှတ် တွင်လောက်အောင်ပဲ။ ကျောင်းသွားတာ အိမ်မှာလွယ်အိတ်ယူဖို့မေ့ခဲ့လို့ ဆရာမက စာသင်ဖို့အတွက် စာအုပ်ထုတ်ခိုင်းတဲ့အချိန်မှ သတိရပြီး ဆရာမကိုခွင့်တိုင် အိမ်ပြန်ပြေးပြီး လွယ်အိတ်သွားယူတာ အိမ်ရောက်တဲ့အချိန်ကျတော့ မောမောနဲ့ ရေတစ်ခွက်ခပ်သောက်ပြီး လွယ်အိတ်မယူပဲ ကျောင်းကိုပြန်ပြေးသွားလိုက်တာ ဆရာမက “ဟဲ့ ဘယ်မှာလဲလွယ်အိတ်” ဆိုမှ လွယ်အိတ်ကို ပြန်သတိရတယ်။ ဆရာမလဲ သြချလို့မဆုံးကို ဖြစ်လို့… မအေဖြစ်သူက မအားလို့ သားဖြစ်သူကို ဈေးမှာ တခုခုသွားဝယ်ခိုင်းလိုက်ရင်လည်း “အမေ့ ဘာဝယ်ရမှာ… ကျွန်တော်မေ့သွားလို့” ဆိုပြီး ဈေးရောက်ပြီးမှ နှစ်ခေါက်လောက် အိမ်ပြန်လာမေးရတာလဲ ခဏခဏ… အမေက မှတ်မိအောင် ပါးစပ်ကရွတ်သွားခိုင်းတော့လည်း ရွတ်တော့သွားပါရဲ့… ပါးစပ်က “ကြက်သွန်.. ကြက်သွန်” တတွတ်တွတ် ရွတ်သွားနေရင်းက လမ်းမှာ ခလုပ်တစ်ချက်လောက် တိုက်လိုက်တာနဲ့ ခုနရွတ်နေတာကို မေ့သွားပြီး “ငရုပ်သီးခြောက်.. ငရုပ်သီးခြောက်” ဖြစ်သွားတတ်တော့ မခက်လား။

နောက်တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါလည်း အဲဒီလိုပဲ။ ထမင်းဝိုင်းမှာ ထမင်းစားနေရင်းနဲ့ တစ်ခုခု အတွေးပေါ်လာရင် စားလက်စကိုမေ့ ထမင်းဝိုင်းက ရုတ်ကနဲထသွားပြီး လက်ဆေးဖို့မေ့ ထမင်းပန်းကန်ကြီး တ၀က်တန်းလန်းလည်း မေ့ထားခဲ့ပြီး အတွေးပေါ်တာ သွားလုပ်နေရော။ ဒီဟာလုပ် ဟိုဟာမေ့၊ ဟိုဟာလုပ်ရင် ဒီဟာမေ့ တွေကလည်း နေ့တိုင်းပဲ။ “အမေ့ ကျွန်တော်ထမင်းစားပြီးပြီလား” “အမေ ကျွန်တော်ခုနက အိမ်သာဝင်တာ တွေ့မိသေးလား” ဆိုတာမျိုးကလည်း သူ့အမေကို နေ့တိုင်းမေးနေကျ မေးခွန်းတွေ… အမေဖြစ်သူမှာလည်း “ဟဲ့.. ဆယ်ပြားရယ် နင့်မလဲ ကိုယ်ဟာကိုယ် ထမင်းစားပြီးမပြီး ဆိုတာလောက်ကလေးတောင် မမှတ်မိဘူးလားဟဲ့ .. မေ့တတ်လွန်းရန်ကော..” ဆိုပြီး ဆူဆူဆဲဆဲ လုပ်ရတာလည်းနေ့စဉ်လို… တခါသားမလဲ ကိုဆယ်ပြား အမေ့ကောင်းတာ အစ်မဖြစ်သူကို နှာနှပ်ယူရတယ်။ ဖြစ်ပုံကဒီလို.. သူတို့နယ်တွေမှာ အိမ်သာတွေက တွင်းအိမ်သာတွေဆိုတော့ အိမ်နဲ့ခပ်လှမ်းလှမ်း နောက်ဖေးခြံထောင့်လို နေရာမျိုးတွေမှာ ဆောက်ထားတတ်ကြတယ်။ ပြီးတော့ အိမ်သာမှာ မီးတွေဘာတွေလည်း ထွန်းလေ့ထွန်းထ မရှိကြဘူးလေ။ ဒီလိုပဲ အမှောင်ထဲမှာ သွားကြတာကိုး။ တစ်ည ခပ်မှောင်မှောင်မှာ ကိုဆယ်ပြားက အိမ်သာဝင်တော့ တံခါးပိတ်ဖို့ မေ့ပြီး အိမ်သာပေါ် ငုပ်တုပ်ထိုင်နေတုန်း ကိုဆယ်ပြားရဲ့ အစ်မကလည်း အိမ်သာတံခါးက ပွင့်နေတော့ လူမရှိဘူးဆိုပြီး အပေါ့အပါးသွားဖို့အလာ ညမှောင်မှောင်ဆိုတော့ အိမ်သာနားရောက်ခါနီးမှ အိမ်သာထဲက ၀ိုးတိုးဝါးတား အရိပ်ကိုမြင်လိုက်ရတော့ “အောင်မလေး အမေရေ့… သရဲပါတော့ သရဲငုပ်တုပ်ကြီးးးး…” ဆိုကြောက်လန့်တကြား အော်ဟစ်ပြီး မေ့လဲသွားလိုက်တာ မနည်းကို နှာနှပ်ယူလိုက်ရပါရော…

ကိုဆယ်ပြားက မေ့တတ်တာတစ်ခုကလွဲလို့ ရိုးရိုးသားသားနဲ့ စိတ်ရင်းသဘောထားကတော့ အင်မတန်ကောင်းတဲ့သူ.. သူများတကာကိုလည်း စေတနာအရင်းခံနဲ့ အလွန်ကူညီချင်တတ်တယ်။ သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး လုပ်ပေးကိုင်ပေးတတ်တော့ ရပ်ထဲရွာထဲမလဲ လူချစ်လူခင် ပေါလှပါတယ်။ ဒါပေမယ့် မေ့တတ်လွန်းတာကြောင့် သူကူညီခါမှ တစ်လွဲဖြစ်ရတာမျိုးတွေလည်း ကြုံရလွန်းလို့ ရိုးနေပြီပြောရမယ်။ သူတို့နယ်သားတွေ ကိုဆယ်ပြားအကြောင်း တဖျစ်တောက်တောက် ပြောမဆုံးတဲ့အဖြစ်ကတော့ မြို့နယ်ချန်ပီယံဒိုင်းလုဖို့ သူတို့မြို့နယ်အသင်းနဲ့ တခြားမြို့နယ်အသင်းတစ်သင်း အကြိတ်အနယ် ဘောလုံးကစားကြတဲ့ ပွဲအကြောင်းပါပဲ။ ဒီပွဲမှာနိုင်ရင် ကိုဆယ်ပြားတို့အသင်း မြို့နယ်မှာဗိုလ်စွဲမှာ ဆိုတော့ အားလုံးက အင်မတန်ကို မျှော်လင့်ထားကြတာလေ။ ကိုဆယ်ပြားကလည်း ဘောလုံးကန်ကောင်းသူပါ။ သူတို့အသင်းက အကောင်းဆုံးကစားသမားတွေ စာရင်းမှာ ကိုဆယ်ပြားပါတယ်။ အသင်းနှစ်သင်းကန်တဲ့နေ့က မြို့နယ်ဘောလုံးကွင်းမှာ ပရိသတ်တွေလျှံသွားအောင် အားပေးကြတာများ မကြုံဖူးလောက်အောင်ပဲ။ ပွဲက နှစ်သင်းစလုံး ခြေညီကြတော့ အကြိတ်အနယ် ကစားကြတာတောင် ဒုတိယပိုင်းပြီးခါနီးအထိ ဘယ်အသင်းမှ ဂိုးမရသေးဘူး။ အဲဒီအချိန်မှာ ကိုဆယ်ပြား ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ်ရလာပြီး ဂိုးဧရိယာနားအရောက် ဂိုးသမားက အစိုးရိမ်လွန်ပြီး ထွက်ကာကွယ်တဲ့အချိန် ကိုဆယ်ပြားက ကိုယ်နဲ့ကာပြီး ဘောလုံးကို လိမ်ယူလိုက်တော့ ဂိုးသမားအရှိန်ပျက်ပြီး ကျန်နေခဲ့တုန်း ဂိုးဧရိယာထဲမှာ ကိုဆယ်ပြားတစ်ယောက်တည်း ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းဖို့ အခွင့်အရေးကောင်းရသွားတယ်။ ကိုဆယ်ပြားလည်း ရတဲ့အခွင့်အရေးကို အပိုင်ယူပြီး ကန်သွင်းဖို့ပြင်လိုက်ချိန်မှာ ဘယ်ကပစ်လိုက်မှန်းမသိတဲ့ ပြောင်းဖူးရိုးတစ်ခုက ကိုဆယ်ပြားရှေ့နား ဖုတ်ကနဲ ကျလာပါလေရော။ ပြောင်းဖူးရိုးကို မြင်လိုက်တဲ့ ကိုဆယ်ပြားက ဘောလုံးကို ဂိုးပေါက်ထဲ ကန်သွင်းဖို့ လုံးလုံးမေ့သွားပြီး သူ့စိတ်ထဲမှာ ကစားတဲ့သူတွေ ပြောင်းဖူးရိုးတက်နင်းမိပြီးလဲရင် ထိမိခိုက်မိမှာ စိုးရိမ်စိတ်နဲ့ ပြောင်းဖူးရိုးကို သွားကောက်လိုက်ပြီး လွတ်ရာကို သွားပစ်လိုက်ပါတယ်။ အဲဒီမှာ ပရိတ်သတ်တွေအားလုံးလည်း ကြောင်သွားကြတာပေါ့။ သူပြောင်းဖူးရိုးကောက်ပစ်ပြီးတဲ့ အချိန်မှာ ဘောလုံးကလည်း ဂိုးသမားလက်ထဲရောက်နေပြီ။ ကဲ မေ့ပုံက အဲသလို… ဖြစ်တာက ဒုတိယပိုင်း ပြီးခါနီးလေးမှဆိုတော့ ဆက်ကစားတဲ့အချိန်မှာ ကိုဆယ်ပြားတို့အသင်းက စိတ်ဓါတ်နည်းနည်းကျသွားသလို ဖြစ်သွားပြီး ကစားကွက်နည်းနည်း ပျက်သွားတာနဲ့ မိနစ်ပိုင်းအတွင်းမှာပဲ တဖက်အသင်းက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူလိုက်ပြီးတော့ ချန်ပီယံဒိုင်းကြီးကို ရသွားပါတော့တယ်။ အဲဒီပွဲမှာ ကိုဆယ်ပြားအဖြစ်ကတော့ ပြောစမှတ်ကိုဖြစ်သွားတော့တာပဲ။ ကိုဆယ်ပြားခမျာလည်း သူ့ကိုယ်သူ ယူကြုံးမရဖြစ်လွန်းလို့ အဲဒီပွဲပြီးကတည်းက ဘောလုံးဆို လှည့်တောင် မကြည့်ရဲတော့လောက်အောင် ဖြစ်သွားရှာပါတယ်။

အဲသလို ငယ်ငယ်ကတည်းက မွေးရာပါ မေ့တတ်လွန်းတဲ့ ကိုဆယ်ပြား အချိန်တန် အရွယ်ရောက်တဲ့အခါ အိမ်ထောင်ပြုဖို့တော့ မမေ့ဘူးပြောရမယ်။ သူနဲ့ငယ်ပေါင်းကြီးဖေါ် သူငယ်ချင်းဖြစ်သူရဲ့ နှမလေး မသန်းလှကို ကိုဆယ်ပြား မျက်စေ့ကျမိပြီး ကြိုးစားပမ်းစား ပိုးပန်းလိုက်တာ အဆင်ပြေသွားပါလေရော။ အဲဒါနဲ့ လူငယ်ချင်း သဘောကျရည်ငံနေကြောင်း လူကြီးမိဘများကို ပြောလို့ တောင်းရမ်း လက်ထပ် ပေးစားလိုက်ကြတဲ့အတွက် ကိုဆယ်ပြား တစ်ယောက် အိမ်ထောင်ရှင်ဘ၀ ရောက်ပါတော့တယ်။ အိမ်ထောင်ကျပြီးတဲ့အခါ မသန်းလှလေးခမျာလည်း ကိုဆယ်ပြားရဲ့ မေ့တတ်တဲ့ဒါဏ် အတော်ခံရရှာတယ်။ သားသမီးတွေရလာတော့လည်း သားသမီးတွေက အဖေဖြစ်သူကို မမေ့အောင်လို့ တချိန်လုံး သတိပေးရတဲ့ အလုပ်ကို ဒိုင်ခံလုပ်ကြရရှာပါတယ်။ တစ်ခါလည်း မသန်းလှ ကုန်ဝယ်သွားပြီး ပြန်လာတော့ ကိုဆယ်ပြားက ဘူတာမှာ စက်ဘီးကလေးနဲ့ သွားကြိုတာ အထုပ်အပိုးတွေကိုပဲ ကောက်ဆွဲပြီး မိန်းမကို ဘူတာမှာမေ့ထားခဲ့ပါလေရော။ အိမ်ပြန်ရောက်မှ အထုပ်ဆွဲပြီး အိမ်ပေါ်တက်လာတဲ့အဖေကို သမီးဖြစ်သူက “ဟင်.. အဖေ့ အမေကော မပါဘူးလား” လို့မေးတော့မှဘဲ “ဟာ.. ငါနင့်အမေကို ဘူတာမှာ ခေါ်ဖို့မေ့လာတယ်” ဆိုပြီး လက်ထဲက အထုပ်ပစ်ချ ဘူတာကို အပြေးအလွှား စက်ဘီးနင်းပြီး ပြန်သွားရတဲ့ အဖြစ်…။

တဖြည်းဖြည်းနဲ့ ကိုဆယ်ပြားဘ၀ကနေ ဦးဆယ်ပြားဘ၀ ရောက်လာတော့ အသက်အရွယ်အရ ပိုပြီးမေ့တတ်လာပြန်ပါတယ်။ တစ်ရက်မတော့ ညနေခင်းဖက် ခြံထဲကကွပ်ပျစ်မှာ ဦးဆယ်ပြားက အေးအေးလူလူ ထိုင်လို့.. ဒေါ်သန်းလှကတော့ သူစိုက်ထားတဲ့ ပန်းပင်ငယ်လေးတွေကို ရေလောင်းပေါင်းသင် လုပ်နေတုန်း အရပ်ထဲက ဘုရားလူကြီး လေးငါးယောက် ခြံထဲဝင်လာကြပါတယ်။ ဦးဆယ်ပြားကလှမ်းတွေ့တော့ “ဟော ဂေါပက လူကြီးမင်းများပါလား။ လာပါ လာပါ အိမ်ပေါ်ကြွကြပါ… သန်းလှရေ လူကြီးတွေလာတယ်ဟေ့.. အကြမ်းအိုးလေးချပါအုံး စားစရာလဲ တစ်ခုခု စီစဉ်လိုက်အုံးဟေ့” ဆိုပြီး အိမ်ပေါ်ဦးဆောင်တက်သွားပါတယ်။ အိမ်ပေါ်မှာ ဧည့်သည်များကို နေရာထိုင်ခင်းပေးပြီးတော့ ဦးဆယ်ပြားလည်းထိုင်ပြီး မာကြောင်းသာကြောင်း ဧည့်ခံစကား ပြောဆိုနေပါတယ်။ ဒေါ်သန်းလှလည်း နောက်ဖေးကနေ ရေနွေးဗန်းကလေးကိုင် ငါးခြောက်ဖုတ် ထန်းလျက် စတဲ့ အတိုအထွာ ရေနွေးနဲ့မြည်းစရာ မုန့်ပဲလေးများ ပြင်ဆင်ပြီး ဧည့်သည်များရှေ့ လာချပါတယ်။ ပြီးမှ ဦးဆယ်ပြားနံဘေး ၀င်ထိုင်ပြီး ဧည့်ခံစကားပြောတာပေါ့။ “လူကြီးမင်းတို့ လူစုံတက်စုံ ကြွလာကြပုံထောက်လို့ ရပ်ထဲရွာထဲ အရေးကြီး တိုင်ပင်စရာ ကိစ္စအထွေအထူးများ ရှိကြလို့လားရှင်။ အလှူငွေတို့ဘာတို့ လိုအပ်ရင်လည်း အားမနာတမ်းပြောပါနော့်..” ဒေါ်သန်းလှက အဲဒီလိုလည်းပြောလိုက်ရော လူကြီးတွေ တယောက်မျက်နှာ တယောက်ကြည့်ကုန်ကြပြီး ခပ်သွက်သွက် လူကြီးတစ်ယောက်က “ဟာ.. ဒေါ်သန်းလှကလည်း လုပ်ပြီ။ မနက်က ဓမ္မာရုံမှာ ဦးဆယ်ပြားနဲ့ တွေ့လို့ ကျွန်တော်တို့အားလုံးကို ညနေစာ ထမင်းစားဖိတ်ထားလို့ လာစားကြတာလေဗျာ။ ဘယ်ကအလှူငွေ ကောက်ရမှာတုန်းဗျ။” လို့ဆိုတော့မှ ဒေါ်သန်းလှလည်း မျက်လုံးမျက်ဆန်ပြူးပြီး ယောက်ျားဖြစ်သူကို လှည့်ကြည့်တော့ ဦးဆယ်ပြားခမျာ အားတုံ့အားနာ မျက်နှာလေး ဇီးရွက်လောက်နဲ့ သူ့နဖူးသူရိုက်ပြီး “သေပါတော့ သန်းလှရေ .. ငါမေ့တာကွဲ့ ဟုတ်တယ် မနက်က ငါဓမ္မာရုံသွားတုန်း လူကြီးတွေ လူစုံတက်စုံတွေ့တာနဲ့ ထမင်းစားဖိတ်ခဲ့တာ။ အိမ်ပြန်ရောက်တော့ နင့်ပြောဖို့မေ့သွားလို့ဟေ့..” လို့ဆိုပါလေရော။ ဒေါ်သန်းလှမှာ လူကြီးများကို မျက်နှာပူ အားနာလိုက်ပုံများ ပြောမပြတတ်အောင်ပါပဲ။ ထမင်းစားကြွလာတဲ့ လူကြီးမင်းများမှာလည်း ထိုင်ရခက် ထရခက်တွေ ဖြစ်ကုန်ကြတော့တာပေါ့။ ဦးဆယ်ပြားတို့ မေ့ပုံကတော့ တကယ့်ကို ပြောစမှတ် တွင်စရာတွေ ချည့်ပါပဲ။ အရပ်လူကြီးများ အားလုံးက ဦးဆယ်ပြားရဲ့ မွေးရာပါ မေ့တတ်လွန်းတာကို အကြောင်းသိများ ဖြစ်ကြပေလို့သာ တော်တော့တယ်လို့ ပြောရမယ်။ ဦးဆယ်ပြားကတော့ အမေ့သံသရာထဲကနေ သေမှပဲလွတ်တော့မယ် ထင်ပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Monday, August 8, 2011

စာမျက်နှာသစ်


ဘ၀ဆိုတာကို စာအုပ်တစ်အုပ် အနေနဲ့ တင်စား သုံးနှုန်း တတ်ကြသလို ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေကိုလည်း စာမျက်နှာများနဲ့ တင်စားတတ်ကြတယ်။ အဲဒီလိုမျိုး တင်စားရမယ် ဆိုရင်တော့ ဒီနေ့ဟာ ကိုယ့်ရဲ့ဘ၀မှတ်တမ်း စာအုပ်မှာ စာမျက်နှာ အသစ်တစ်ခု တိုးလာခဲ့ပြန်ပြီလို့ ပြောရမှာပေါ့။

ဖြတ်သန်းခဲ့တဲ့ နှစ်တွေဟာ ဘာမှမကြာလိုက်သလို .. ဘ၀ဆိုတာ တိုတောင်းမှန်းကို သိနေပေမယ့်လည်း ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ကုန်လွန်သွားခဲ့လိမ့်မယ်လို့တော့ မထင်မိခဲ့တာအမှန်… ငယ်ဘ၀တွေဟာ မနေ့တနေ့ကလို စိတ်မှာထင်နေတုန်း… အချိန်ကာလတွေကို ပြန်ပြီး မတွက်စစ်နိုင်သေးခင်မှာဘဲ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကို ကုန်လွန်သွားခဲ့ပြီးပြီ။

ဟိုးလွန်ခဲ့သော နှစ်လေးဆယ်အချိန် ဒီရက် ဒီလဖြစ်တဲ့ သိဟ်ရာသီ ၀ါခေါင်လမှာရွာတဲ့ မိုးတွေနဲ့အတူ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ယောက်ဟာ ဒီနေ့ ဒီရက်မှာတော့ ကိုယ်ပိုင် မှတ်တမ်းစာအုပ်ထဲက စာမျက်နှာအသစ်တစ်ခုမှာ လေးဆယ်ဆိုတဲ့ စာမျက်နှာနံပါတ်ကို ရေးထိုးလိုက်ခဲ့ပြီပေါ့… စာမျက်နှာမှာ နံပါတ်တပ်ပြီးပြီဆိုရင်တော့ အဲဒီစာမျက်နှာကို ဆက်လက်ရေးသားဖို့ တာဝန်ရှိလာခဲ့ပြီလေ။ ကဲ… ဘာတွေဆက်ရေးရမှာလဲ။ ဘယ်လိုတွေများ ရေးချင်ပါသလဲ။ ဘယ်အရာတွေကို ရေးသင့်ပါသလဲ။

အဲဒီစာအုပ်ဟာ အင်မတန် အရေးကြီးတဲ့စာအုပ်… စာမျက်နှာတိုင်းဟာ တစ်ကြိမ်တစ်ခါသာ ရေးသားပိုင်ခွင့်ရှိတယ်။ မှားရင်မှားတဲ့အတိုင်း မှန်ရင်မှန်တဲ့အတိုင်း ကိုယ်ဖြတ်သန်းခဲ့သမျှ မှတ်တမ်းတင်ပြီးရင် အဲဒီစာမျက်နှာကို ကိုယ်ထားခဲ့ရပြီ။ ကိုယ့်ရဲ့စာအုပ်မှာ ကိုယ်ရေးချင်သလိုလည်း ဘာကိုမှ ကြိုတင်ရေးသားပိုင်ခွင့် မရှိသလို ရှေ့မှာလည်း စာမျက်နှာအသစ်များက ဆက်ပြီးရှိနိုင် မရှိနိုင်ဆိုတာကို ကိုယ်ဘယ်လိုမှမသိနိုင်ခဲ့ဘူး။ ကိုယ့်စာအုပ်ဟာ စာမျက်နှာဘယ်လောက်မှာ အဆုံးသတ်သွားမယ် ဆိုတာကိုလည်း ကြိုပြီးမသိနိုင်သလို ပြီးသွားခဲ့ပြီဖြစ်တဲ့ စာမျက်နှာတွေကလည်း ဘာတစ်ခုမှ ပြန်ဖျက် ပြန်ပြင်လို့မရနိုင်အောင် ချိတ်ပိတ် တံဆိပ်နှိပ်ပြီးသား… ကိုယ်တိုင်ရေးသားခဲ့ပြီးတဲ့ စာမျက်နှာတွေကို ကိုယ်တိုင်စိတ်တိုင်းကျ ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေး ဘယ်တော့မှမရှိဘူး။ လက်ရှိ ကိုယ်ပိုင်ဆိုင်နေတဲ့ စာမျက်နှာမှာပဲ ရေးပိုင်ခွင့်ရှိတဲ့အဖြစ်… ကိုယ်ဘာရေးရမလဲ စဉ်းစားလို့မရသေး… ကိုယ့်စာမျက်နှာအသစ်လေးမှာ ကိုယ်အကောင်းဆုံးရေးနိုင်အောင်လို့တော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားရမှာမလွဲ…

ကိုယ်မရှိတော့တဲ့ တချိန်မှာ ကိုယ့်စာအုပ်လေးကို ဖတ်ရှုကြမယ့်သူတွေ ဘယ်လောက်များရှိနိုင်မှာလဲ… ကိုယ့်ရဲ့စာအုပ်ကလေးကနေ ကိုယ့်ရဲ့ သားသမီးမြေးမြစ် အစဉ်အဆက်ကို ကောင်းမြတ်တဲ့အရာ တစ်စုံတစ်ခုလောက်ကိုတော့ လက်ဆင့်ကမ်း အမွေပေးနိုင်အောင်လို့ အတတ်နိုင်ဆုံး ကြိုးစားချင်ပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
(Image from Google)

Saturday, August 6, 2011

နည်းပညာများနဲ့ ရှေးဟောင်းနှောင်းဖြစ်

ကွန်ပျူတာ ဆိုတဲ့အရာကို ပထမဦးဆုံး စတင် ပတ်သက် ထိတွေ့ဖူးတာ ဟိုးလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်လောက်ကပေါ့။ ၈၉-၉၀ ခုနှစ် ပတ်ဝန်းကျင်လောက်က ကွန်ပျူတာသင်တန်း ဆိုတဲ့အရာတွေ မြန်မာပြည်မှာ ရှားရှားပါးပါး စပြီးထွန်းကားလာစအချိန်… ကိုယ်တွေကလည်း ကျောင်းတွေပိတ်လို့ ယောင်ဝါးဝါး ဘာလုပ်ရမှန်းမသိ အားချင်တိုင်းအားနေတဲ့အချိန်… အကြောင်းတွေတိုက်ဆိုင်ပြီး ကွန်ပျူတာသင်တန်းတစ်ခုကို ရောက်သွားခဲ့တယ်ဆိုပါတော့။ နည်းပညာဆိုတဲ့အရာကြီးနဲ့ နဖူးတွေ့ဒူးတွေ့ စတင်ပတ်သက်မိတာ အဲဒီအချိန်က စတာပါပဲ။ ရောက်သွားတဲ့ သင်တန်းက အခုခေတ်အနေနဲ့ဆိုရင်တော့ တကယ့်သေးသေးလေးလို့ ပြောရမှာပါ။ စုစုပေါင်းမှ ကွန်ပျူတာက Standalone IBM PC လေးလုံးပဲရှိတယ်။ ဒါပေမယ့်လည်း အဲဒီခေတ်အခြေအနေနဲ့က PC တစ်လုံးဝယ်နိုင်ဖို့တောင် မစဉ်းစားနိုင်တဲ့အနေအထား ဆိုတော့ကာ PC လေးလုံးနဲ့ သင်တန်းဖွင့်နိုင်တယ်ဆိုတာနဲ့တင် အတော်ကြီးကို အားရစရာကောင်းတဲ့ အခြေအနေကိုး။

အဲဒီတုန်းက ကိုင်ခဲ့ရတဲ့ ကွန်ပျူတာတွေအကြောင်း ပြောရရင်တော့ ဒီခေတ် PC များနဲ့ လားလားမှမဆိုင်…  အခုခေတ် ကွန်ပျူတာများရဲ့ ဘိုးအေလို့ ပြောရမယ် ထင်ပါရဲ့။ ဒီနေ့ခေတ်ကြီးမှာရှိတဲ့ ကွန်ပျူတာများကတော့ လေ့လာ အသုံးပြုဖို့ အင်မတန်လွယ်ကူလှပါတယ်။ ဒါကြောင့်လည်း ကွန်ပျူတာကို ကလေးကအစ လူတိုင်း အလွယ်တကူ ကိုင်တွယ် အသုံးပြုနေနိုင်ကြတာပေါ့။ အဲဒီ ကွန်ပျူတာ ဘိုးအေများကတော့ ဒီလောက် မလွယ်လှပါဘူး။ ကွန်ပျူတာကို ကိုင်တွယ်တတ်ဖို့ ဘယ်လိုသုံးရမလဲဆိုတာ သိဖို့ကို အတော်လေး လေ့လာခဲ့ရပါတယ်။ ဒီခေတ်ကွန်ပျူတာများလို ခလုပ်လေးနှိပ်လိုက်လို့ ပွင့်လာရင် အဆင်သင့်ကလေး ကိုယ်သုံးချင်တဲ့ Application လေးရွေး ကလစ်နှိပ်ပြီးသုံးရုံပဲ ဆိုတာမျိုး မဟုတ်ခဲ့ပါဘူး။ ဘာပဲသုံးချင်သုံးချင် ကီးဘုတ်ကနေ Command တွေ တသီတတန်းကြီး ရိုက်ထည့်ပြီး သုံးခဲ့ရတဲ့ခေတ်ပါ။ Software တွေမှာ Menu တွေပါပေမယ့် အဲဒီထဲက Command တွေသုံးဖို့ကိုတော့ ကီးဘုတ်ကနေပဲ သက်ဆိုင်ရာ Command အလိုက် အချို့ကို Function Key တွေနှိပ်ပြီးတော့သော်လည်းကောင်း ကျန်တဲ့ Command အများစုကိုတော့ Control, Alter  စတဲ့ကီးတွေနဲ့ Character Key တွေကို တွဲစပ်ရိုက်နှိပ်ပြီးတော့သော်လည်းကောင်း သုံးရပါတယ်။ သုံးရတာ အင်မတန် လက်ဝင်လှတဲ့ အနေအထား… ကွန်ပျူတာစနစ်ကလည်း ပုံစံတုံးတုံး ရိုးရိုးရှင်းရှင်း ကြီးတွေပါပဲ။ စုစုပေါင်းမှ Monochrome Monitor တစ်ခုရယ် System Unit ပြားပြားတစ်ခုရယ်  Keyboard တစ်ခုရယ် သုံးမျိုးဘဲ ပါပါတယ်။

ဒီလိုကွန်ပျူတာမျိုးတွေပါ။
အဲဒီ ကွန်ပျူတာတွေရဲ့ Specification တွေကိုပြောပြရရင် Intel CPU 8088 (8 to 16 bit) processor အမျိုးအစား Speed က 4.77 MHz ပါ။ Built in Memory ကတော့ 16KB, 32KB, 64KB အစားစားရှိပါတယ်။  Memory တိုးချင်တယ်ဆိုရင်တော့ Expansion Slot တွေမှာ Memory Card တွေထပ်ထည့်ပြီး အမြင့်ဆုံး ထပ်တိုးလို့ရနိုင်တာ 640KB အထိပဲရှိပါတယ်။ PC တွေစပေါ်ခါစက Version တွေဖြစ်တဲ့ IBM PC 5150 တို့ XT တို့လို မော်ဒယ်လ်တွေပါ။  ဒီနေ့ခေတ် ကွန်ပျူတာများကို ကိုင်တွယ် အသုံးပြုပြီး ကြီးပြင်းလာတဲ့ ကလေးတွေကတော့ အဲဒီ Specification တွေကိုရယ်ကြလိမ့်မယ် ထင်တယ်။ Display Unit ကလည်း Monochrome Monitor တွေဆိုတော့ ဘာကာလာမှ မရပါဘူး။ အဖြူအမည်း စနစ်ပါပဲ။ နောက်ခံ စကရင် မည်းမည်းကြီးမှာ Resolution သိပ်မကောင်းတဲ့ စာလုံးဖြူဖြူတွေ ဒါမှမဟုတ် စာလုံးစိမ်းစိမ်းတွေ ဘဲပေါ်ပါတယ်။

Windows မရှိသေးလို့ မောက်စ်လဲမပါပါဘူး။ (၀င်းဒိုးတို့ မောက်စ်တို့ကိုလည်း အဲဒီအချိန်က ကိုယ်တွေမှာ မကြားဖူးသေးတဲ့ အချိန်လေ။) အဲ.. နောက်တစ်ခုကတော့ အဲဒီတုန်းက ကိုင်ခဲ့ရတဲ့ ကွန်ပျူတာတွေမှာ Hard disk လည်း မပါပါဘူး။ Hard disk မရှိဘဲ ဘယ်လိုသုံးလဲဆိုတော့ Floppy Drives တွေနဲ့ Disk တွေကိုသုံးရပါတယ်။ အဲဒီ Floppy Disk တွေကလည်း ခပ်ကြီးကြီးတွေ Five and Quarter Disk (5 ¼ inches floppy disk) တွေပေါ့။ Floppy ဆိုတဲ့အတိုင်း တကယ်ခပ်ပျော့ပျော့ ခေါက်လို့ကွေးလို့ရတော့ ကိုင်ရတာ သိမ်းရတာ သတိထားနေရတယ်။ နောက်ပိုင်းမှ ပေါ်လာတဲ့ Three and Half Disk (3 ½ inches floppy disk) ကတော့ အခွံအမာစားတွေဆိုတော့ အဲဒီလောက်  သတိထားစရာမလိုတော့ဘူး။
ဖိုက်အင်ကွာတား ဒစ်
သင်တန်းမှာရှိတဲ့ စက်လေးလုံးထဲမှာ သုံးလုံးက Old version 5150 အမျိုးအစားတွေဆိုတော့ Hard disk မပါဘဲ Floppy Drive ၂ခု(A Drive နဲ့ B Drive) ပဲပါတယ်။  နောက်တစ်လုံးကတော့ နဲနဲလေး မော်ဒယ်လ်ပိုမြင့်တယ်။ IBM XT အမျိုးအစား 10MB Hard disk (နောက်ပိုင်းထပ်ပေါ်တဲ့ စက်တွေမှာတော့ Hard disk က 20MB ဖြစ်လာတယ်) နဲ့ Floppy Drive တစ်ခုပါတယ်။ သင်တန်းမှာ ကွန်ပျူတာကိုင်ရတဲ့ အချိန်ဆို သင်တန်းသားတွေမှာ တစ်လုံးတည်းသော Hard disk နဲ့ ကွန်ပျူတာကို လုကိုင်ကြရင်း အဝေမတည့်ကြတော့ဘူး။ အဲဒါနဲ့ပဲ ဆရာတွေက အလှည့်ကျ ကိုင်ဘို့ သတ်မှတ်ပေးရတော့တယ်။ Hard disk မပါတဲ့စက်တွေကို ကိုင်ရတာ အတော်အလုပ်ရှုပ်ပါတယ်။ Floppy Drive  ကိုသုံးပြီး Boot တင်ရတာကိုး.. အဲဒီတုန်းက Disk Operating System လို့ခေါ်တဲ့ DOS (MS DOS/ PC DOS) Diskette တွေကို သုံးကြရပါတယ်။ ကွန်ပျူတာတစ်ခါ သုံးဖို့အရေး အရင်ဆုံး Disk Tray ထဲမှာ DOS diskette ကိုသွားရှာ Drive A မှာထည့် တဂျိဂျိဖတ်ပြီး Boot တင်တာကိုစောင့်ရတယ်။ အဲဒီကြားထဲ Diskette က မကောင်းတော့လို့ အခြစ်ရာအစင်းရာထင်ပြီး ကောင်းကောင်းမဖတ်တော့တာတို့ Boot မတက်ဘဲ Error ဖြစ်တာတို့ဆို နောက်ထပ် ကောင်းမယ်ထင်တဲ့ DOS diskette တစ်ခုသွားပြန်ရှာ Boot ပြန်တင်လုပ်နေရတာ တခါတလေ အတော်ကြာတယ်။ စက်ကိုင်ချိန် တစ်နာရီ ပေးတဲ့အထဲမှာ အဲလိုတွေလုပ်နေရတာနဲ့တင် အချိန်အတော်ကုန်ရော…

Five and Quarter Disk Drives

အဆင်ပြေသွားပြီဆိုရင်တော့ DOS Prompt (Command Prompt) လေး စကရင်မည်းမည်းပေါ်မှာ A:\>_ ဆိုပြီး ကာဆာလေး မှိတ်တုတ်မှိတ်တုတ်နဲ့ ပေါ်လာပါတယ်။ ဒါဆို ကွန်ပျူတာကို စသုံးလို့ရပြီ Ready ဖြစ်ပြီ် OK ပေါ့။ အဲဒီအချိန်ကျမှ ကိုယ်သုံးမယ့် Application Diskette ကို Drive B မှာ ထည့် ခုနက Command Prompt မှာ သုံးမဲ့ Program နာမည် Command ကိုကီးဘုတ်ကနေရိုက်ထည့်ရပါတယ်။ Application Program တွေအားလုံးကလည်း တစ်မျိုးကို Diskette တစ်ခုစီနဲ့ပဲဆိုတော့ သင်တန်းမှာ သုံးရမယ့် Disk တွေအားလုံးကို Diskette Tray တွေထဲမှာ ထည့်ထားပေးတဲ့အတွက် သုံးမယ်ဆို အဲဒီ Box တွေထဲက Disk အထပ်လိုက်ကို သွားမွှေပြီး ရှာယူရပါတယ်။ အဲဒီတုံးက သင်ခဲ့ရတဲ့ Basic Programming, Pascal Programming, WordStar, Lotus 1 2 3, Dbase III စတဲ့ Application တွေအားလုံးက Diskette တွေနဲ့ချည့်ပဲ။

ဒီလို ဗူးမျိုးတွေနဲ့ ဒစ်တွေကိုထည့်ထားတယ်။ အသုံးလိုတဲ့ဒစ်ကို ရှာယူပြီးသုံး ပြီးရင် ပြန်ထည့်ထားပေါ့။

DOS Commands တွေကိုလည်း အတော်များများ အလွတ်ကျက်ထားရသေးတာ။ DOS Prompt မှာသုံးရတာက Windows မှာလိုလွယ်လွယ် ဟိုဟာလေးနှိပ် ဒီဟာလေးကလစ်နဲ့ သုံးရတာမျိုးမဟုတ်ဘဲ ဘာလုပ်ချင်ချင် Commands တွေကို ရိုက်ထည့်ပြီး အလုပ်လုပ်ရတာဆိုတော့ အဲဒါတွေကို မေ့လို့မဖြစ်ဘူးလေ။ ဥပမာ File တစ်ခု ကော်ပီကူးချင်တယ်ဆိုရင် Windows မှာဆို လွယ်လွယ်လေး .. ကူးချင်တဲ့ဖိုင်လေးကို နှိပ် ကော်ပီလို့ ပြောပြီး ကူးစေချင်တဲ့နေရာမှာ ပေ့စ် ဆိုရင်ပြီးပြီ။ DOS မှာတော့အဲလိုမဟုတ်ဘူး။ Drive A ထဲက Text File တစ်ခု ကို B ထဲကို ကူးထည့်ချင်တယ်ဆိုရင် Command Prompt မှာ “COPY A:\test.txt B:\” ဆိုပြီးရိုက်ထည့်ရပါတယ်။ အသေးစိတ် လုပ်ရတာများလေ Command ရှည်ရှည်ဝေးဝေးတွေ ပိုရိုက်ရလေပါပဲ။ အဲဒီမှာ Commands တွေကို အသေအချာ မမှတ်မိလို့ တလွဲရိုက်မိတာတို့ စာလုံးပေါင်းတစ်ခုခု မှားရိုက်မိတာတို့ဆိုရင် “Bad Command or File Name…” ဆိုတာကြီး စကရင်ပေါ်မှာ ပေါ်လာတော့တာပဲ။ အဲဒါဆို ကိုယ်ရိုက်လိုက်တဲ့ Command ကို ဘာမှားနေလဲပြန်စစ် ပြန်ရိုက် မမှန်မချင်း အဲဒီ Bad Command ကြီးနဲ့ပဲ သံသရာလည်နေတော့တာ…

သင်တန်းပြီးသွားပြီးတဲ့ နောက်ပိုင်းမှာတော့ အဲဒီ ကွန်ပျူတာနည်းပညာတွေကို အတော်လေးစိတ်ဝင်စားမိသွားပါတယ်။ ကိုယ်အဓိက စိတ်ဝင်စားတဲ့အပိုင်းတွေက Computer Hardware ပိုင်း၊ သီအိုရီပိုင်းနဲ့ Programming အပိုင်းတွေပါ။ Problem Solving လုပ်ရတာ Program တွေကို စဉ်းစားပြီးရေးရတာ အရမ်းကို စိတ်ဝင်စားခဲ့တယ်။ သင်တန်းတွေမှာ Programming Project တွေလုပ်ရတာကိုလည်း အရမ်းသဘောကျတယ်။ ပရောဂျက်ဆိုရင် အင်မတန် တက်ကြွစွာနဲ့ လုပ်ခဲ့ဖူးတာပေါ့။ (အမှန်တော့ ကိုယ်က System Analyst အရမ်းဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် အခြေအနေက မပေးတော့ နောက်ဆုံး အိမ်ရှင်မဘ၀နဲ့ မီးဖိုချောင် Analyst ဖြစ်သွားရတယ်ဆိုပါတော့ကွယ်။ :P )

အဲဒါပြီးတော့နောက်ပိုင်း ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ကျောင်းပြီးအောင် ပြန်တက်နေရတာနဲ့ ကွန်ပျူတာ နည်းပညာတွေနဲ့ နည်းနည်း အဆက်ပြတ်သွားပြန်တယ်။ ကျောင်းပြီးသွားလို့ ကိုယ်စိတ်ဝင်စားတဲ့ ကွန်ပျူတာပိုင်းကို ပြန်စတဲ့အချိန်မှာ နည်းပညာက သိပ်အရမ်းကြီး မကွာသွားသေးပေမယ့် အနည်းငယ် ပြောင်းလဲစတော့ ပြုနေပါပြီ။ Floppy ကနေ Boot တင်တဲ့ခေတ် ကုန်သွားပြီး XT, AT, (80286/ 80386/ 80486) လို မော်ဒယ်လ် နဲနဲပိုမြင့်လာတဲ့ ကွန်ပျူတာတွေနဲ့ Hard disk တွေသုံးနေကြပြီ။ 3 ½ Floppy တွေကို တွင်တွင်ကျယ်ကျယ် သုံးလာကြပြီး 5 ¼  Disk တွေကတော့ ဒိတ်အောက်သွားပြီမို့ သိပ်မသုံးကြတော့ပါဘူး။ သင်တန်းတွေမှာဆိုလည်း ကွန်ပျူတာ ဆယ်လုံး ဆယ့်ငါးလုံးလောက်ကို Server နဲ့ Network ချိတ်ပြီး သင်နိုင်တဲ့အနေအထားမျိုးတွေ ဖြစ်နေခဲ့ပြီ။ နောက်ပြီး System တွေမှာ DOS ကိုအခြေခံထားတဲ့ Windows 3.11 ကလည်း အတော်ကို အသုံးတွင်ကျယ်နေပြီ ဖြစ်လို့ မောက်စ်တွေဘာတွေနဲ့ Windows ကိုသုံးနေရပါပြီ။ အဲဒီနောက်ပိုင်း ဒီပလိုမာတန်းတွေ စတက်တဲ့အချိန်မှာ Windows 95 ပေါ်လာရာကနေ ချက်ချင်း အသုံးတွင်ကျယ်လာပြီး System တွေအားလုံး DOS ကိုအခြေခံရာကနေ  Window ကိုအခြေခံတဲ့ စနစ်တွေအဖြစ် ကူးပြောင်းသွားပြီးတဲ့ နောက်ပိုင်းမှာတော့ နည်းပညာရဲ့ တိုးတက်မှုတွေက အရမ်းကိုမြန်လာပါတော့တယ်။ Hardware ပိုင်းမှာလည်း Pentium Processors တွေနဲ့ မြန်နှုန်းမြင့် Performance ကောင်းကောင်း မော်ဒယ်လ်အသစ် ဒီဇိုင်းအသစ်တွေနဲ့ ကွန်ပျူတာတွေ ဈေးကွက်ထဲမှာ သင့်တင့်တဲ့ဈေးနှုန်းများနဲ့ ဖေါဖေါသီသီ ရနိုင်လာလို့ Desktop PC တွေကို လူသုံးများလာတဲ့ အချိန်ပေါ့။ နိုင်ငံတကာမှာ တွင်ကျယ်နေပြီဖြစ်တဲ့ အီးမေးလ်တို့ အင်တာနက်တို့တွေလည်း အဲဒီအချိန်က ကိုယ်တိုင် မသုံးဖူးသေးပေမယ့် သီအိုရီအရ မဖြစ်မနေ သင်ကြရပြီဆိုတော့ ကြားဖူးနားဝ အသိတွေ ရှိလာပြီလို့ ပြောနိုင်ပါတယ်။ အဲဒီကနေ တောက်လျှောက် နည်းပညာဟာ ကမ္ဘာပေါ်မှာ ကြောက်ခမန်းလိလိကို ခုန်ပျံကျော်လွှားပြီး တိုးတက်သွားလိုက်တာ ကိုယ်တို့တတွေမှာ အဲဒီနည်းပညာခေတ်ထဲ နောက်ကျကျန်မနေရအောင်လို့ တတ်နိုင်သမျှ မမှီမကမ်း အပြေးအလွှား ခုန်ပျံကျော်လွှား မှီရာဆွဲပြီး လိုက်ရတဲ့အဖြစ်ကို ရောက်ရတော့တာပါပဲ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခုခေတ်လို နည်းပညာတွေ အများကြီးကြားမှာ လေ့လာသင်ကြားရတာ လွယ်လွယ်ကူကူနဲ့ အရာရာတိုင်းဟာ လက်တကမ်းမှာရှိနေပြီး တိုးတက်နေတဲ့ အနေအထားမျိုးကို မရောက်ခင် နည်းပညာအသစ်တွေ ပေါ်ထွန်းကာစ အချိန်ကာလတခုတုန်းက စတင်ထိတွေ့ခွင့်ရခဲ့တဲ့ နည်းပညာခေတ်ဟောင်းရဲ့ အခြေအနေများထဲမှာ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို ပြန်စဉ်းစားမိတိုင်း စိတ်ထဲမှာ အမြဲတမ်း အမှတ်တရရှိနေခဲ့တာတော့ အမှန်ပါပဲ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(Photos searched from Google Image)
Related Posts Plugin for WordPress, Blogger...