Wednesday, June 8, 2011

မြင်းရိုင်းပုံပြင်

ဟိုး .. ရှေးရှေးတုံးကလို့ စရရင်
အဲဒီပုံပြင်ထဲမှာ မြင်းရိုင်းတစ်ကောင်ရှိခဲ့တယ်။



အဲဒီမြင်းရိုင်းကပေါ့ကွယ်
ဟိုး.. အပင်ထိပ်ဖျားက
ရဲရဲနီ အဆင်းလှတဲ့
ပန်းသီးကိုမှ စားချင် သတဲ့လေ …။

နေ့နေ့ ညည မကွဲပြားစွာ
ပန်းသီးပင်အောက်မှာ စောင့်စားလို့
မမှီနိုင်တာလဲ သိရဲ့သားနဲ့
ပတတ်ရပ်လို့ လှမ်းခူးချင်သေးရဲ့ …။

ငယ်ငယ်ကတည်းက
နေ့စဉ်စားလာတဲ့ မြက်နုတွေများကျတော့
မဲ့ကာရွဲ့ကာ ဆိုတဲ့စကားက
မြက်စားရတာ ခါးလွန်းသတဲ့ကွယ်…။

ခြေဖျားအောက်က မြက်နုတွေကို
ခွာစုံနဲ့ပေါက် ခြေနဲ့များတောင်ကျောက်လို့
ကြည့်စမ်းပါ့… ကျေးဇူးကန်းလိုက်ပုံများ
ပန်းသီးမှမစားရရင်
အသက်ပင် အသေခံရဲသတဲ့…။

ဒီလိုနဲ့ဘဲ …
မိုက်မဲလွန်းလှတဲ့ကောင်
ပန်းသီးအိပ်မက်တွေကိုနေ့စဉ်မက်လို့ …
နောက်ဆုံးမတော့…
ပန်းသီးကိုမျှော်ရင်း
နုညံ့တဲ့မြက်ခင်းထက်မှာ
လဲကျသေဆုံးသွားခဲ့ရရှာသတဲ့…။

အဲဒီ ပုံပြင်ထဲမှာလေ…
မြင်ယောင်ကြည့်စမ်းပါ့
ကွင်းပြင်ထဲက ပန်းသီးတစ်ပင်ရယ်
မြက်ခင်းစိမ်းနုနုတွေရယ်
ပန်းသီးပင်အောက်က မြက်နုတွေပေါ်မှာ
အရိုးပြိုင်းပြိုင်းထလို့
လဲကျသေဆုံးနေခဲ့တဲ့ မြင်းရိုင်းတစ်ကောင်ရယ်
ရှိနေခဲ့တယ် …။

ဒါပေမဲ့…
ပန်းသီးကတော့ သူ့ဟာသူ အပင်ပေါ်မှာ သီးနေဆဲဘဲ …။    ။


(ဘာရယ်တော့ မဟုတ်ပါဘူး။ ငယ်ငယ်က ကြားဖူးနားဝရှိခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ကို စိတ်ကူးရသလို ကဗျာ ပုံစံမျိုးလေး ရေးဖွဲ့ကြည့်တာပါ။ ကလေးကလား ဆန်ချင်လဲ ဆန်နေနိုင်ပါတယ်။ စိတ်ကူးတည့်ရာ လျှောက်လုပ်ကြည့်တယ်ဘဲ ဆိုပါတော့။)  :P

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 
(ပုံများကို Google မှယူပါသည်။)

3 comments:

mstint said...

မမှီတဲ့ပန်း တုံးခုပြီးလှမ်းတော့ အကျနာတာပေါ့ကွယ် စိတ်ကူး စိတ်သန်းလေး ကောင်းပါတယ် အားပေးနေတယ်နော်။

မေတ္တာဖြင့်
အန်တီတင့်

မေသိမ့်သိမ့်ကျော် said...

အင်း အနားက မြက်နုလေးတွေကို ကျော်ကြည့်တာကိုး။

ခင်မင်လေးစားလျက်

ငွေလမင်း said...

သပျစ်သီးကို မစားရလို့ ချဉ်တယ် ပြောတဲ့ မြေခွေး ပုံပြင်လေးကို ဒီပို့စ်လေး ဖတ်ပြီးသတိရသွားတယ် လင့်ခ် လေး ချိတ်ထားလိုက်ပါတယ်

Related Posts Plugin for WordPress, Blogger...