Showing posts with label ဘလော့ဂ်မှတ်တမ်း. Show all posts
Showing posts with label ဘလော့ဂ်မှတ်တမ်း. Show all posts

Sunday, May 24, 2015

လေးနှစ်တာခြေရာများ

၂၄-၅-၂၀၁၁ မှာစခဲ့တဲ့ ဝါခေါင်မိုးဘလော့ဂ်လေး ဒီနေ့ ၂၄-၅-၂၀၁၅ မှာ လေးနှစ်တင်းတင်းပြည့်ခဲ့ပြီ။ 

ဒီလမ်းကလေးမှာ ကိုယ့်စိတ် ကိုယ့်သဘောနဲ့ တောက်တီးတောက်တက် လျှောက်ခဲ့ရတာကို ကိုယ့်ဟာကိုယ်တော့ ကျေနပ်နေတာပါပဲ။ တသက်စာ ခြေရာထင် ကျန်ရစ်စရာတော့ လိုမယ်မထင်လှပါဘူးလေ။ ကိုယ်လျှောက်ချင်လို့ကို လျှောက်ခဲ့တဲ့လမ်းမှာ ခြေရာက အဓိကမှမဟုတ်ပေပဲ။

ဒါဟာ ကိုယ့်ဥခွံ ကျဉ်းကျဉ်းကလေးထဲကနေ ပထမဦးဆုံး ဖွင့်လှစ်မိတဲ့ တံခါးတချပ်... ကိုယ်ဘယ်တော့မှ ပြန်ပိတ်လိမ့်မယ်မဟုတ်ဘူး။ ဒီဖွင့်ထားတဲ့ တံခါးကနေ ကိုယ့်စိတ်ကူးတွေ အလည်အပတ်ထွက်ချင်တဲ့အခါလဲ ထွက်လိမ့်မယ်။ ကိုယ်ပျင်းတဲ့အခါ ဒီတံခါးဝမှာ မျှော်ငေးလို့ တွေးချင်ရာတွေလဲ တွေးလို့ပေါ့။ ကိုယ်မအားလပ်တဲ့ အခါမတော့ ဒီတံခါးဝကနေ ခပ်ဝေးဝေးမှာ ရှိချင်လဲရှိနေမှာပဲ။ 

ဒါပေမဲ့ ဘယ်အခါမှာပဲဖြစ်ဖြစ် ကိုယ်စိတ်လိုလက်ရရှိတိုင်း ကိုယ်တိုင်ဖွင့်ခဲ့တဲ့တံခါးကနေထွက်လို့ ကိုယ်လျှောက်ချင်တဲ့လမ်းတခုကို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် လျှောက်ခွင့်ရတဲ့ကုသိုလ်လောက် ငြိမ်းချမ်းတာ လောကမှာရှိပါ့မလား။ ဒါဟာ ကြီးမားတဲ့ဆုလာဘ်ပေါ့။ ကိုယ့်အတွက်တော့ ကျေနပ်စရာပါလေ။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, September 6, 2013

* * “3108” Day Nostalgia * *



 အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ဘလော့ဂ်လောကကြီးနဲ့ ကင်းကွာနေခဲ့တာ၊ ကိုယ့်ဘလော့ဂ်လေးကိုလဲ လှည့်မကြည့်စတမ်း ပစ်ထားမိခဲ့တာ နှစ်ပတ်တောင်လည်နေပြီ ထင်ပါရဲ့လေ။ ဘလော်ဂါ အကောင့်ထဲဝင်ဖို့ လျှို့ဝှက်ကုဒ်ကလေးတောင် အတော်လေး ပြန်စဉ်းစားလိုက်ရတယ်။ ဒါပေမဲ့ ကိုယ်နေ့တိုင်းလို လွမ်းနေခဲ့ပါတယ်။ ကိုယ်လှည့်မကြည့်ဖြစ်အားတဲ့ ဘလော့ဂ်လေးကိုကော ကိုယ်ခင်မင်မိခဲ့တဲ့ ဘလော့ဂ်မိတ်ဆွေများကိုကော အချိန်တိုင်း သတိရနေမိတာ။ ဒီနှစ် 31 August, Blog Day နေ့တုံးကတော့ ဘာကြောင့်ရယ်မသိ ဟိုးအရင် ကိုယ်တိုင်ဘလော့ဂ်စပြီးမရေးဖြစ်သေးခင် အချိန်က  Silent Reader တစ်ယောက်အဖြစ် တိတ်တိတ်ကလေး နှစ်နဲ့ချီပြီး ဘလော့ဂ်တကာ လည်ဖတ်ခဲ့ဖူးတဲ့ အချိန်တွေကို ထူးထူးခြားခြား အရမ်းကိုပဲ သတိရ လွမ်းဆွတ်မိနေခဲ့တယ်။ အဲဒီတုံးကများ တစ်နေ့တစ်နေ့ အားလပ်တဲ့ အချိန်လေးတွေတိုင်း ၀င်ဝင်ပြီးဖတ်မိတဲ့ ဘလော့ဂ်ပေါင်းမြောက်များစွာထဲမှာ နေ့စဉ်ပုံမှန်ဖတ်ဖြစ်တဲ့ ဘလော့ဂ်တွေကကို မရှိဘူးဆို တစ်ရက်ကို နှစ်ဆယ် အစိတ်မကပေါ့။ ဒီ့ထက်များချင်သာများလိမ့်မယ်။ ဒီထက်မနည်းတာကတော့ အသေအချာပဲ။ အဲဒီဘလော့ဂ်တွေကနေ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်းစုံက ဘလော်ဂါပေါင်းစုံတို့ရဲ့ အတွေးပေါင်းစုံ အကြောင်းအရာပေါင်းစုံ အတွေ့အကြုံပေါင်းစုံတွေပါဝင်တဲ့ စာအမျိုးအစားပေါင်းစုံကို တစ်နေ့တစ်မျိုး မရိုးရအောင် တစ်ဝကြီး အားပါးတရ ဖတ်ခွင့်ရခဲ့ဖူးတယ်။ မှတ်မှတ်ရရ ပြောရရင် အဲဒီအချိန်တုံးက ဘလော်ဂါတွေကလဲ ဘယ်လောက်ပဲ အလုပ်ရှုပ်နေနေ မရ ရတဲ့ အချိန်လေးတွေကနေ နေ့တိုင်း ပို့စ်အသစ်တွေကိုရအောင် တင်နိုင်ခဲ့ကြတာကို မှတ်မှတ်သားသားရှိခဲ့ရပြီး တကယ်လေးစား အသိအမှတ်ပြုမိခဲ့ရတာ။ ကိုယ်တိုင် ဘလော့ဂ်ပေါ်မှာ တိုတိုထွာထွာလေးတွေ ဟိုတစ်စ သည်တစ်စ ရေးဖြစ်လာမိတဲ့အခါ စာတစ်ပုဒ် ကဗျာတစ်ပုဒ် ဖြစ်လာဖို့အတွက် ရင်းနှီး စိုက်ထုတ်ရတဲ့ အချိန်တွေ အင်အားတွေကို ပိုပိုပြီးနားလည်လာတဲ့အချိန် ဟိုးအရင် ဘလော့ဂ်ရှေးဦးစကတည်းက အခက်အခဲတွေ အမျိုးမျိုးကြားကနေ ကြိုးစားပမ်းစား ရေးနိုင်သားနိုင် မျှဝေနိုင်ခဲ့ကြတဲ့ ဆရာ့ဆရာ ဘလော်ဂါကြီးများကို ပိုပြီး လေးစား ဦးညွှတ်မိတာ အမှန်ပဲ။ သူတို့တွေ အဲဒီလို စတင်ခဲ့ကြလို့လဲ မြန်မာဘလော့ဂ်တွေ အခုလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာခဲ့ရတာပါ။ ကိုယ်ဖတ်မိခဲ့သမျှ ဘလော့ဂ်တွေမှာ နိုင်ငံတကာက ဘလော်ဂါတွေရဲ့ ကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ ဘ၀တွေက အထွေထွေ အပြားပြားဆိုတော့ ဘလော့ဂ်ပို့စ်တွေကလဲ ဆေးရောင်စုံ ပန်းချီကားတစ်ချပ်လိုပေါ့။ မတူကွဲပြားတဲ့ ရောင်စဉ်တွေက ဆန်းကျယ်ခြားနားတဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်သလိုပါပဲ။ သူတို့ရေးသမျှမှာ အလေးအနက်စာတွေပါသလို ပေါ့ပေါ့ပါးပါးလေးတွေလဲပါရဲ့။ အတွေးအမြင်တွေပါသလို တီထွင်ဆန်းသစ်မှုတွေကိုလဲ တွေ့နိုင်တယ်။ ကိုယ်တိုင်ဆိုတဲ့ သီချင်း၊ ကိုယ်တိုင်ဆွဲတဲ့ ပန်းချီကား၊ ကိုယ်တိုင်ချက်တဲ့ဟင်း၊ ကိုယ်တိုင်လုပ်တဲ့မုန့်၊ ကိုယ်တိုင်ရိုက်ခဲ့တဲ့ ဓါတ်ပုံ ဆိုတာမျိုးတွေကိုလဲ ဝေမျှခံစားနိုင်ရဲ့။ ရေခြားမြေခြားက အတွေ့အကြုံသစ်တွေ၊ လူနေမှုစံနစ်တွေ၊ ယဉ်ကျေးမှုအသစ်တွေကို မြည်းစမ်းခွင့်တွေနဲ့ နိုင်ငံတကာက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးလို ဟာမျိုးတွေလဲ မကျန်ရအောင် တစေ့တစောင်း စူးစမ်း လေ့လာခွင့်တွေရခဲ့တယ်။ ရသဖက်ဆိုလဲ ကဗျာဖတ်မလား၊ ဝတ္ထုဖတ်မလား၊ အက်ဆေးဖတ်မလား စုံလို့ရယ်လေ။ လျှို့ဝှက်သဲဖို သစ္ဆေ သရဲ စုန်း ကဝေ ဒဏ္ဍာရီတွေလဲ မလွတ်ရပါဘူး။ ကိုယ်ကလဲ စာဖတ်ရင် စိတ်ရော ကိုယ်ရောနှစ်ပြီး ဖတ်တတ်တယ်။ အလေးအနက်ရေးထားတဲ့စာတွေ၊ ရသ ခံစားမှုတွေကိုဖွဲ့ဆိုထားတဲ့ စာမျိုးတွေဆို စာထဲကအကြောင်းအရာကို ရင်နဲ့ရင်းပြီး လိုက်ပါစီးမျောတတ်တယ်။ ကိုယ်ဖတ်လိုက်တဲ့ စာတစ်ပုဒ်ရဲ့ နောက်ကွယ်က အကြောင်းခြင်းရာကို စေ့ငုတတ်တယ်။ စာရေးသူရဲ့ ရင်ဘတ်ထဲကိုဝင်ကြည့်ပြီး ကိုယ်တိုင်ဝင်ခံစားတတ်တယ်။ အဲဒီတော့ ကိုယ်က ကွန်မန့်မပေး ဘာမပေး Silent Reader လုပ်နေလို့ ကိုယ့်ကိုဘယ်သူကမှ မသိကြပေမဲ့ ကိုယ်ဖက်ကတော့ နှစ်နဲ့ချီပြီး ပင်တိုင်သွားဖတ်နေကျ ဘလော့ဂ်တွေရဲ့ပိုင်ရှင် ဘလော်ဂါများကို မမြင်ဖူးမတွေ့ဖူးတာတောင်မှ သူတို့ရဲ့ပို့စ်တွေကနေတစ်ဆင့် သူတို့တွေကို ကိုယ့်စိတ်ထဲမှာ တရင်းတနှီးသိနေ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ခင်မင်ရင်းနှီးနေခဲ့မိတယ်။ သူတို့စာတွေကို ဖတ်ရင်း သူတို့တွေရဲ့ရင်ဘတ်ထဲထိ ကိုယ်ကြည့်မြင်ခွင့်ရနိုင်ခဲ့တယ်။ ဘလော်ဂါတို့ရဲ့ စိတ်ခံစားမှုတွေကို သူတို့ရဲ့ပို့စ်တွေထဲကတစ်ဆင့် သူတို့နဲ့ထပ်တူ ကိုယ့်ရင်ထဲကနေ လိုက်ပါခံစားမိတတ်ခဲ့တယ်။ ကိုယ့်ရင်ထဲက ရင်းနှီးနေမိတဲ့ ဘလော်ဂါတွေရဲ့ Personality တွေကို သူတို့ရေးတဲ့စာတွေထဲကတဆင့် ပြိုးကနဲပြက်ကနဲ မြင်ခွင့်ရခဲ့သလို  ရင့်ကျက် ပြည့်ဝတဲ့ စိတ်နေသဘောထားလေးတွေကိုလဲ သူတို့စာတွေထဲမှာ ဖြိုးကနဲဖြတ်ကနဲ သတိထားမိခဲ့ရတယ်။ နောက်ပိုင်း ကိုယ်တိုင် ဘလော့ဂ်လေးတစ်ခုဖန်တီးပြီး ဟိုမကျ ဒီမကျ အတိုအစ စာလေးတွေကို လျှောက်ရေးဖြစ်တဲ့အချိန်မှာတော့ ကိုယ့်စိတ်ထဲကနေ အရင်ကတည်းက တဖက်သတ် ရင်းနှီးထားခဲ့ပြီးသား ဘလော်ဂါတွေနဲ့ အမှန်တကယ်ကို ခင်မင်ရင်းနှီးခွင့်ရခဲ့ပါတယ်။ အဲဒီအတွက် တကယ်ကို ၀မ်းသာမိတယ်။ အဲဒီထဲကမှ တစ်ချို့ဘလော်ဂါတွေကို အပြင်မှာ လူချင်းပါခင်မင်ခွင့် စကားပြောခွင့်တွေ ရခဲ့တာကိုတော့ ၀မ်းအသာမိဆုံးပါပဲ။ နောက်ထပ်လဲ အခွင့်အရေးရလို့များ ဆုံတွေ့ဖြစ်ကြအုံးမယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာနဲ့ပဲ ထပ်မံတွေ့ချင် ဆုံချင်ပါသေးတယ်။ ကိုယ့်အမြင်ပြောရရင်တော့ ဘလော်ဂါတွေဆိုတာ ခင်မင်စရာကောင်းတဲ့ နယ်စည်းမခြား ငြိမ်းချမ်းရေးသမားတွေပါဆိုရင် ဘယ်သူကများ ငြင်းချင်ပါ့မလဲလေ။
ဒီနှစ် Blog Day မှာ ၂၀၁၁ ဘလော့ဂ်ဒေးအတွက် အမှတ်တရ Tag post လေးတွေကို ဘလော်ဂါတွေ အားလုံး တက်တက်ကြွကြွနဲ့ အားကြိုးမာန်တက် ရေးဖြစ်ခဲ့ကြတာကို ပြန်လည်တမ်းတ အမှတ်ရနေမိလို့ရယ် ဟိုအရင် နှစ်နဲ့ချီဘလော့ဂ်တွေလည်ပြီး ဖတ်ဖြစ်ခဲ့တဲ့ အချိန်တွေနဲ့ ဘလော့ဂ်ရေးဖြစ်ခဲ့တဲ့ တိုတိုတောင်းတောင်း အချိန်လေးတွေကို သတိတရနဲ့ လွမ်းနေမိတာရယ်ကြောင့် ဒီနှစ် ဘလော့ဂ်ဒေးအတွက် အချိန်တွေလွန်လို့ အတော်ကြီးကို နောက်ကျနေပြီမှန်းသိပေမဲ့လဲ ချောင်ထဲမှာ ဖုံတက်နေတဲ့ ဘလော့ဂ်လေးပေါ် ဒီပို့စ်လေးကို မရောက် ရောက်အောင် တင်ဖြစ်သွားခဲ့ရတယ်။ အခုနောက်ပိုင်း မျိုးဆက်သစ် ဘလော်ဂါတွေရဲ့ အသစ်အသစ်သော ဘလော့ဂ်ပေါင်းများစွာကို အရင်လို လုံးစေ့ပတ်စေ့လိုက်ဖတ်ဖြစ်ဖို့ ဘယ်လိုမှ လက်လှမ်းမမှီနိုင်တော့ဘူး။ အရင်ကိုယ် နေ့စဉ် သွားဖတ်နေကျ အရမ်းနှစ်သက်ခဲ့တဲ့ ဘလော့ဂ်တွေဆီကိုတောင် ခြေဦးမလှည့်နိုင်ဖြစ်နေခဲ့တာကနေ... ကိုယ့်ဘလော့ဂ်ကိုယ်တောင် ပစ်ထားမိရတဲ့အထိ…။ ဒါပေမဲ့ စိတ်ကူးထဲမှာတော့ ဟိုးအရင်ဘလော့ဂ်တွေ လှည့်လည်ဖတ်ခွင့်ရခဲ့တဲ့ အချိန်တွေ ကိုယ်တိုင်ဘလော့ဂ်ရေးဖြစ်ခဲ့တဲ့ အချိန်လေးတွေကို ပြန်လိုချင်နေမိဆဲ …။ ရေစက်တွေ မကုန်သေးရင် လမ်းတွေလဲကြုံနေသေးရင် တစ်နေ့နေ့မှာပေါ့လေ အဲဒီလိုအချိန်မျိုးတွေ ပြန်ရနိုင်ပါသေးတယ်လို့လဲ မျှော်လင့်နေတုံးပဲ…။          (((“မျှော်လင့်နေတုံးပဲ… ဘိုမရေ…” လို့ ခိုင်ထူးသီချင်းလေးများ ဆက်ဆိုမိသွားကြသေးလားဟင် :D))) ။

အားလုံးပဲ Happy belated blog day! ပါရှင်။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Thursday, May 24, 2012

အခါလည်

မအိမ်သူတစ်ယောက်လဲ ခမာနှစ်သစ်ကူးနေလိုက်တာနောင်နှစ် နှစ်သစ်ကူးထိများ ရောက်တော့မလို... စမိတဲ့ ဇာတ်လမ်းကို ဆက်ဖို့ရာ ဒီကြားထဲမှာ မအားတာရယ်... တခြားဦးစားပေးစရာ အလုပ်တွေ များနေတာရယ်နဲ့ စာရေးတဲ့ဖက်ကို လောလောဆယ်မှာ အချိန်မပေးနိုင် ဖြစ်နေတာနဲ့ပဲ နောက်ဆုံးတစ်ပိုင်း ဆက်ရေးတဲ့ဆီကို မရောက်နိုင် ဖြစ်နေတာ... ဆက်ရန်ဆိုပြီး တခါတည်း ပေါ်မလာဇာတ်ခင်းနေလိုက်တာ ကြာနေပြီလို့များ ထင်ကြမလားပဲ... စောင့်ဖတ်နေကြသူများရှိရင်လဲ လည်ပင်းတွေ တစ်တောင်လောက် ရှည်ပြီး ညောင်ရေအိုးတွေ ရေတကောင်းတွေ ဖြစ်ကုန်ကြရော့မယ်။ ဘလော့ဂ်လဲ လှည့်မကြည့်အားလို့ ပစ်ထားတာ ကြာပေါ့။ စီဘောက်လဲ မရှင်းအားဘူး။ စပမ်းတွေ ပွနေပြီ။ အဲဒါတွေ မလာအောင် ဟိုးအရင်က Word Verification ထည့်ထားဖူးပေမဲ့ လာရေးတဲ့ နှုတ်ဆက်တဲ့သူတွေ လွယ်လွယ်ရေးမရမှာ အားနာလို့ ပြန်ဖြုတ်ထားတာ ကြာပြီဆိုတော့ မရှင်းအားရင် စီဘောက်တစ်ခုလုံး ပြည့်နေရော...
နောက်ဆုံးပို့စ်ရေးခဲ့တုံးက ဘလော့စပေါ့က ဆက်တင် အဟောင်းပဲရှိသေးတယ်။ ပစ်ထားတာကြာပြီး ပြန်ဝင်လိုက်တော့ ရုတ်တရက် ဘလော့ဂ်ပျောက်သွားတယ်လို့ ထင်သွားတယ်။ ဘယ်တွေရောက်လို့ ရောက်နေမှန်းမသိဘူး။ ဆက်တင်အသစ် ဘယ်အချိန်က ပြောင်းသွားလိုက်မှန်း မသိလိုက်တာလေ.. အူကြောင်ကြောင်နဲ့ ဟိုကြည့်သည်ကြည့် လျှောက်ကြည့်လိုက်တော့မှ ဆက်တင်တွေ အသစ်ပြောင်းပြီး ပုံစံသစ်ဖြစ်နေမှန်း သိတော့တယ်။ အင်း.. မျက်စေ့ကို လည်နေတာပဲ။ နောက် တစ်ပတ် နှစ်ပတ်လောက်နေရင်တော့ အချိန်နဲနဲ ပြန်ရလာတော့မှာပါ။ အဲတော့မှပဲ ခမာ နှစ်သစ်ကူးလေးကို ဆက်လက် ဆင်နွဲကြတာပေါ့နော်...း))

ဘာရယ်မဟုတ် အချိန်တွေလဲ အကုန်မြန်လိုက်တာများ တစ်နှစ်ဆိုတဲ့ အချိန်ဟာ ဘာမှကို မကြာလိုက်သလိုပဲ... ဒီ ဝါခေါင်မိုး ဆိုတဲ့ဘလော့ဂ်လေးကို မနှစ်က ဒီလိုအချိန်မှာ ဘာရယ်မဟုတ် ရည်ရွယ်ချက် မယ်မယ်ရရ မရှိပါပဲနဲ့ လက်တည့်စမ်းပြီး စလုပ်ဖြစ်ခဲ့တာ... စိတ်ထဲမှာ မနေ့တစ်နေ့ကလိုပဲ ထင်နေတုန်း... အချိန်တွေက တဖြုတ်ဖြုတ်နဲ့ အခု အခါလည်သွားခဲ့ပြီ... ကလေးငယ်လေး တစ်ယောက်သာဆိုရင် မတ်တပ်စမ်းပြီပေါ့... ခြေလှမ်းလေးတွေ အားယူပြီး ဆက်လှမ်းရအုံးမယ်။ လောကကြီးထဲကို တိုးဝင်ရအုံးမယ်။ သင်ယူရင်း လေ့လာရင်း ကိုယ်သိထားတာလေးတွေကို ပြန်လည်မျှဝေရင်း... လျှောက်နိုင်သရွေ့တော့ ဆက်လျှောက်သွားနေအုံးမှာ.. အုတ်တစ်ချပ်လား သဲတစ်ပွင့်လား နှမ်းတစ်စေ့လား... ဘာပဲဖြစ်ဖြစ် သူများမှန်ကို ခွဲမဲ့အုတ်ချပ်တို့.. ထမင်းပန်းကန်ထဲက သဲတစ်ပွင့်တို့... ဆီလဲမဖြစ် အဆံလဲမအောင်တဲ့ နှမ်းတစ်စေ့တို့တော့ မဖြစ်လိုတာအမှန်... ကိုယ့်ကြောင့် အကျိုးမဖြစ်ချင်နေ အဆိုးကိုတော့ မပေးလိုတာ ကိုယ့်ဆန္ဒ... အနည်းဆုံးတော့ ဘ၀မှာ ကြည်ကြည်နူးနူး အမှတ်ရစရာလေး တစ်ခုဖြစ်ခဲ့ရင်ကို ကျေနပ်ပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Thursday, September 15, 2011

B – L – O – G – G – E – R

အခုတလော ရွာထဲမှာ တက်(တဂ်)စာတွေက ရာသီစာဖြစ်နေတယ်ထင်ပါ့။ ဟိုလူလဲတဂ် ဒီလူလဲတဂ်နဲ့ ရာသီစာလေးတွေကို အရသာအမျိုးမျိုးနဲ့ မရိုးရအောင် ချက်ကြပြုတ်ကြတာတွေ အိမ်တကာလည်စားရင်း ကိုယ့်အိမ်ကတဂ်စာကို စားတဲ့အလှည့် မရောက်နိုင်ဖြစ်နေတယ်။ ရာသီစာဆိုတာကလည်း လူတိုင်းလို နှစ်သက်တတ်ကြတာဆိုတော့ တက်ချင်လည်းတက် ရာသီစာလေးကို နည်းနည်းဖြစ်ဖြစ်တော့ မလွတ်တမ်းလေး မြည်းချင်ကြသေးတာပဲကိုး။ အခုပေါ်တဲ့ ရာသီစာကလည်း ဘလော့ဂ်နဲ့ ပတ်သက်တာတွေ ပေါ်တဲ့အချိန်မို့ထင်ပါရဲ့ အခုပဲ ဘလော့ဂ်ဒေးလိုက်ရ တော်ကြာနေ ဘလော့ဂါလိုက်ရနဲ့ဆိုတော့… အင်း.. ပြောလို့မရဘူး.. နောက်ဆက်ပြီး ဘလော့ဘာညာတွေ ထပ်ပေါ်ချင် ပေါ်လာနိုင်သေးတယ်။ လူလည်း ဘလော့ဂ်တကာလည်ပြီး ဘလော့ဂ်ဒေးတက်စာတွေ ဘလော့ဂါတက်စာတွေ လိုက်လည်စားတာ များသွားလို့လားမသိ ပြီးခဲ့တဲ့အပတ်ထဲ ခေါင်းတွေကိုက် ဇက်ကြောတွေတက် နောက်ကြောတွေတက်ဖြစ်ပြီး အပေါ်ရောအောက်ရော သွေးပေါင်ချိန်တွေပါတက်လို့ နှစ်ရက်သုံးရက်လောက် ဘလော့ဂ်မလည်နိုင် ဖြစ်သွားသေးတယ်။ နောက်ဆက်ပြီးတော့လဲ ဘလော့ဂ်ရွာထဲ အလည်လွန်လို့ မျက်စေ့ပါဝါရော အရိုးကျည်းပေါင်းပါတက်နိုင်တဲ့ အလားအလာတွေလည်း ကြိုမြင်ထားသေးတယ်။ အသက်တွေကလည်း စကားပြောလာပြီကိုး။ ဒါပေမယ့်လည်း အခုလောလောဆယ်တော့ ဘာပဲဖြစ်ဖြစ် တက်ချင်ရာတက် အရေးကြီးတာက လောလောဆယ် ကိုယ့်ကိုတဂ်ထားတဲ့ ဘလော့ဂါတဂ်ပို့စ်ကို အကြွေးမတင်ဖို့က ပိုအရေးကြီးတယ်ဆိုတော့ ရာသီစာလေးကို တစ်မျိုးတစ်ဖုံလေးချက်လို့ တဂ်စာစားဖို့ ပြင်ရပြန်တာပေါ့။

တဂ်တဲ့သူတွေက တဂ်ကြလို့သာ ကိုယ့်ဟာကိုယ်တော့ အခုအချိန်ထိ ဘလော့ဂါ တစ်ယောက်ပါလို့ ဘယ်လိုမှကို မြင်လို့မရသေးဘူး။ အရင်တုန်းကလိုပဲ ဘလော့ဂ်တွေလျှောက်သွားပြီး စာတွေဖတ်နေရတာကြိုက်တဲ့ ဘလော့ဂ်ရီဒါတစ်ယောက် အနေနဲ့ပဲ မြင်နေတုန်း။ စာမရေးပဲ ဘလော့ဂ်တကာလည်ပြီး စာတွေ လိုက်လိုက်ဖတ်နေရတာကိုပဲ ကြိုက်နှစ်သက်တုန်း။ ဘလော့ဂ်တွေ တစ်ခုကနေ တစ်ခုကူးပြီး တိတ်တိတ်ဆိတ်ဆိတ်လေး ကိုယ့်ဖီလင်နဲ့ကိုယ် စာလေးတွေလိုက်ဖတ် ဖတ်ပြီးတဲ့အပေါ်မှာ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ပြန်ပြီးခံစား ပြီးရင် အဲဒီခံစားချက် စိတ်ကူးလေးတွေပိုက်ပြီး တိတ်တိတ်လေးပဲ အသံမပေးဘာမပေး ပြန်လာချင်နေတုန်း။ စာရေးဖို့အတွက်စဉ်းစားရင် ကိုယ့်ဘလော့ဂ် Feed Roll မှာ ပို့စ်အသစ်တွေတက်နေပြီး သွားမဖတ်ဖြစ်နိုင်သေးတဲ့ ဘလော့ဂ်စာရင်းတွေကိုပဲ မျက်စေ့ထဲမြင်နေတုန်း။ ကြာလာတော့ ဖတ်စရာတွေလည်းပုံ ရေးစရာတွေလည်းပုံပြီး တနေ့တခြား အကြွေးတွေ တစ်ပုံတစ်ခေါင်းတင်နေသလို ဖြစ်နေပါရောလား။ ဒီတော့ ရေးစရာအကြွေးလေး တစ်ခုလောက်တော့ ဆပ်နိုင်အောင် တဂ်စာလေးနဲ့ပဲ စလိုက်တာ ကောင်းမယ်ထင်ပါရဲ့။

အင်္ဂလိပ်လို ဘလော့ဂါဆိုတဲ့ စာလုံးပေါင်းကိုမြင်တိုင်း သတိရမိတာ တစ်ခုရှိတယ်။ လွန်ခဲ့တဲ့လေးငါးနှစ်က အလယ်တန်းကလေးတွေကို အိုင်တီ သင်ခန်းစာတွေ သင်ခဲ့ရတုန်းက သူတို့သင်ရတဲ့အထဲမှာ ၀က်ဘ်ဆိုဒ်တွေ ပြုလုပ်ပုံအကြောင်းပါတော့ သူတို့လေးတွေကို ၀က်ဘ်ဆိုဒ် အမျိုးမျိုးတွေအကြောင်း ပြောပြရင်းနဲ့ ပါစင်နယ် ၀က်ဘ်ဆိုဒ်တွေအဖြစ် ဘလော့ဂ်တွေအကြောင်းလည်း နည်းနည်းပါးပါး ရှင်းပြနေတုန်း ကိုယ်ရှင်းလို့မပြီးခင်မှာ ကလေးတစ်ယောက်ကထပြီး Blogger ဆိုတဲ့စာလုံးကို မေးပုံက “ဆရာမ ဘလိုဂျာ ဆိုတာဘာလဲ” တဲ့။  အခုလဲ “ဘလော့ဂါဆိုတာ ဘာလဲ” ဆိုပြီးတဂ်တော့ အဲဒီကလေးမေးခဲ့တာကို ပြန်ပြီးသတိရမိသွားတယ်။ ကဲ အဲဒီတော့လည်း ဘလိုဂျာ ဆိုတာကြီးကို ရှင်းပြရအုံးမှာပေါ့လေ...း)

ဘလော့ဂါဆိုတာ ဖြစ်လာဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်က ဘလော့ဂ်စာမျက်နှာပါ ဆိုတာတော့ ပြောစရာလိုတော့မယ် မထင်ဘူး။ ဘလော့ဂါရဲ့ အခြေခံအကြောင်းတရားဖြစ်တဲ့ ဘလော့ဂ်စာမျက်နှာများနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘလော့ဂ်ဆိုတာ အင်တာနက် ကွန်ယက်အတွင်းက ပုဂ္ဂလိကပိုင် ဂျာနယ်လို့ဆိုပါတယ်။ အဲဒီဂျာနယ်ထဲမှာ နေ့စဉ်ဘ၀မှာ တွေ့ကြုံရတဲ့ ဖြစ်စဉ်တွေ အတွေ့အကြုံတွေကို မှတ်တမ်းတင်ရာ၊ အဲဒီအဖြစ်အပျက် အတွေ့အကြုံတွေပေါ်မူတည်ပြီး ခံစားရတဲ့ ခံစားချက်တွေ အတွေးအမြင်တွေ အဲဒီဖြစ်စဉ်တွေရဲ့ ရောင်ပြန်ဟပ်မှုတွေကို ပုဂ္ဂလိက ခံစားမှုပေါ်မူတည်ပြီး ရေးသားမှတ်တမ်းတင်ထားတဲ့ အကြောင်းအရာတွေကို တွေ့နိုင်တယ်လို့ဆိုထားပါတယ်။ ကွန်ယက်ထဲက ကိုယ်ရေးမှတ်တမ်း စာအုပ်တစ်အုပ်လို့ ပြောနိုင်ပါတယ်တဲ့။ နည်းပညာ အသုံးအနှုန်းအနေနဲ့ အဲဒီမှတ်တမ်းစာအုပ်ကို ဘလော့ဂ်လို့ခေါ်ပြီး အဲဒီစာအုပ်ထဲ မှတ်တမ်းရေးသွင်းခြင်းကို ဘလော့ဂင်းလို့ ခေါ်ကြောင်း မှတ်တမ်းကို ရေးသားသူကိုတော့ ဘလော့ဂါလို့ အမည်သညာ သတ်မှတ်ကြောင်း သိရပါတယ်။ လွယ်လွယ်ပြောရင် ဘလော့ဂ်မှာ ဘလော့ဂင်းလုပ်သူဟာ ဘလော့ဂါပေါ့။ အရှင်းဆုံး အဓိပ္ပါယ် သတ်မှတ်ချက်ပါပဲ။

ဒါပေမယ့်လည်း ကိုယ်တိုင်ဖွင့်ဆိုစေချင်လို့ တဂ်ကြသူများနဲ့ အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုးကနေ အသီးသီး အသက အဓိပ္ပါယ် ဖွင့်ဆိုထားကြတာတွေ ဖတ်ရတာ အားရစရာကောင်းလှသလို ဘလော့ဂါဆိုတဲ့ လူသားကို ပိုမိုပြီး ရုပ်လုံးကြွလာအောင် ဆလိုက်မီးမျိုးစုံနဲ့ မီးမောင်းထိုးပြနေကြသလိုပါပဲ။ မျက်စေ့ထဲမှာ ဘလော့ဂါဆိုတာကို ကွင်းကွင်းကွက်ကွက် မြင်ယောင်လာစေပါတယ်။ အဲဒါကြောင့် ကိုယ်လည်း ဘလော့ဂါကို ရုပ်လုံးကြွစေဖို့ တထောင့်တနေရာကနေ ဆလိုက်မီး သေးသေးလေးတစ်လုံးလောက်နဲ့ ၀င်ပြီးအလှဆင်လိုက်ပါတယ်။ တွေးမိသမျှ ဘလော့ဂါဆိုတာရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ဘလော့ဂါစာလုံးပေါင်းက စာတစ်လုံးချင်းစီလေးတွေကိုပဲ ကိုးကားလို့ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။
B     : Broad-minded 
ဘလော့ဂ်တစ်ခုပေါ်မှာ စာတွေရေးနေတဲ့လူတစ်ယောက်အနေနဲ့ အသိပညာ ဗဟုသုတတွေ ကြွယ်ဝဖို့ စူးစမ်း လေ့လာတတ်မှုနဲ့ အတွေးအမြင်တွေ ကျယ်ပြန့်ဖို့ အနည်းနဲ့အများတော့ လိုအပ်ပါလိမ့်မယ်။ အကြောင်းအရာတိုင်းကို တဖက်သတ်အမြင်မဟုတ်ပဲ မတူညီတဲ့ ရှုထောင့်များကနေလည်း ကြည့်တတ်မြင်တတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆည်းပူးတတ်ဖို့ဆိုတာ ဘလော့ဂါတစ်ဦးအတွက် ရှိသင့်တဲ့လိုအပ်ချက်လို့ ထင်ပါတယ်။

L      : Liberal
လွတ်လပ်ပွင့်လင်းတဲ့စိတ်ထား၊ ကွဲပြားတဲ့ အယူအဆများအပေါ် သဘောပေါက်လက်ခံနိုင်ခြင်း၊ သဘောထားကြီးမှု၊ သည်းခံခြင်းတရားနဲ့၊ မျှတတဲ့အမြင်မျိုးဟာလည်း ဘလော့ဂါတိုင်းမှာ ရှိအပ်တဲ့ အရည်အချင်း  တစ်ခုပဲဖြစ်မှာပါ။

O     : Openhearted
ဘလော့ရွာထဲမှာရှိကြတဲ့ ဘလော့ဂါတွေမှာ နားလည်စာနာတတ်မှုနဲ့ ကူညီယိုင်းပင်းတတ်မှုက ပြောစရာမလိုလောက်အောင်ကို ပြည့်စုံကြပြီးသားပါ။

G     : Good-natured
မမြင်ဖူးမတွေ့ဖူးကြသော်လည်း ရွှင်ပျတဲ့စိတ်ထားနဲ့ ခင်မင်နှစ်လိုဖွယ်ရာကောင်းပြီး ရင်းနှီးဖေါ်ရွေတတ်ကြတာလည်း ဘလော့ဂါများပါပဲ။

G     : Generous
ကိုယ့်ရဲ့အသိပညာ အတတ်ပညာ အတွေ့အကြုံ ခံစားချက်များကို ဘာအကျိုးအမြတ်ကိုမှ မမျှော်လင့်ပဲ ကိုယ့်ရဲ့ စိတ်အား လူအား ဉာဏ်စွမ်းအားတွေစိုက်ထုတ်လို့ စားချိန်အိပ်ချိန်တွေတင်မက ကိုယ်ပိုင်အားလပ်ချိန်များကိုပါ ရင်းပြီး ဘလော့ဂ်ပေါ်မှာ ရက်ရောစွာ စေတနာ သဒ္ဓါတရားထက်သန်စွာနဲ့ ရေးသားမျှဝေပေးနေတာ ဘလော့ဂါများပါ။

E     : Enlightened
ကိုယ်သိသလောက် တတ်သလောက် နားလည်ခံစားမိသလောက်ကို အခြားသူများထံ ဘလော့ဂ်တွေပေါ်ကနေ အခမဲ့မျှဝေလို့ ကိုယ်ဝါသနာပါရာ စာရေးသားခြင်းအမှုနဲ့ ကိုယ့်ပတ်ဝန်းကျင်အကျိုး လောကအကျိုးကို တတ်နိုင်သလောက် ဖြည့်ဆည်း အလင်းဆောင်ပေးနေကြသူများကို ဘလော့ဂါတွေလို့ ခေါ်ဆိုသင့်ပါတယ်။

R     : Rational
ဆင်ခြင်တုံတရားကို အခြေခံလို့ ကျိုးကြောင်းဆက်စပ် ဝေဖန်စဉ်းစား တွေးတောတတ်တဲ့ ဉာဏ်ပညာ အမြော်အမြင်များနဲ့ လောကကြီးကို ကိုယ်နှစ်သက်ရာ ရှုထောင့်အမျိုးမျိုးကနေ ရှုမြင်သုံးသပ်ရင်း မြင် တွေ့ သိရှိ ခံစားရသမျှတွေကို ဘလော့ဂ်စာမျက်နှာများပေါ်မှာ ရေးသားရင်း စာဖတ်သူများနဲ့အတူ ဝေမျှခံစားတတ်ကြသူများဟာ ဘလော့ဂါဆိုသူများပါပဲ။
အားလုံးကိုခြုံငုံလို့ အကျဉ်းချုပ်ဆိုရရင်တော့ BLOGGER ဆိုတာ “ကျယ်ပြန့်တဲ့အတွေးအခေါ်များနဲ့ လွတ်လပ်ပွင့်လင်း ကူညီယိုင်းပင်းတတ်တဲ့စိတ်ကို အခြေခံပြီး ခင်မင်ဖွယ်ရာ စိတ်ရင်း စေတနာများနဲ့ မိမိကိုယ်တိုင် မြင် တွေ့ သိရှိ ခံစား လေ့လာ တတ်မြောက်မှုများကို ဘလော့ဂ်စာမျက်နှာများပေါ်မှာ ရေးသားလို့ အခမဲ့ဝေမျှပေးနေကြသူ” စာရေးစာဖတ် ၀ါသနာပါကြတဲ့ သာမာန်ထက် ဘာမှမထူးခြားတဲ့ သာမာန်လူတွေထဲက လူသားများသာ ဖြစ်ကြောင်းပါ။

(ဒီလောက်ဆို တဂ်ထားကြသူများ ကျေနပ်ကြမယ်ထင်ပါတယ်။ ဦးဦးဖျားဖျားတဂ်ထားတဲ့ မင်းဧရာနဲ့ စာဖတ်သူများအားလုံးကို စေတနာရှေ့ထားပြီးတဂ်တဲ့ အိပ်ယာနဲ့ မဒမ်ကိုးတို့ကို ကျေးဇူးပါ။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Wednesday, August 31, 2011

Happy BLOG Day!!!

ဘလော့ဂ်ဆိုတာကို အရင်တုန်းကတည်းကသိပေမဲ့ ဘလော့ဂ်ဒေး ရှိမှန်းကိုတော့ မသိခဲ့ပါဘူး။ ဘလော့ဂ်ဒေးရဲ့ လိုဂိုလေးကို စပြီးတွေ့ဖူးတာ မနှစ်က ၂၀၁၀ ဘလော့ဂ်ဒေး တုန်းကမှပါ။
ဖေ့စ်ဘွတ်မှာ မန္တလေးက အိုင်တီသမားသူငယ်ချင်း ဓါတ်ပုံဂျာနယ်လစ် တစ်ယောက်က ၂၀၁၀ ဘလော့ဂ်ဒေးရဲ့ လိုဂိုပုံလေးကို ဝေါလ်ဖိုတိုအနေနဲ့ တင်ထားတာကို စပြီးတွေ့ဖူးခဲ့တာပေါ့။ ဘလော့ဂ်စာလုံးပေါင်းကို ‘3108’ ဆိုတာလေးနဲ့ ရေးထားတာကို အရမ်းသဘောကျမိသွားလို့ မှတ်မှတ်သားသား ဖြစ်သွားခဲ့တယ်လို့ဆိုရမယ် ထင်ပါတယ်။ အဲဒီတော့မှ သြဂုတ် ၃၁ ဟာ ဘလော့ဂ်ဒေးမှန်း စသိခဲ့ပါတယ်။ အဲဒီမှာ တလက်စတည်း သိရတာက ကမ္ဘာတ၀ှမ်းမှာ ဘလော့ဂ်ဒေးစတင်ခဲ့တာ ၂၀၀၆ ခုနှစ်ကတည်းကဖြစ်ပြီး ၂၀၁၀ ဘလော့ဂ်ဒေးဟာ ၅ကြိမ်မြောက်ရှိသွားပြီဆိုတာ သိခဲ့ရပါတယ်။ အဲဒါအပြင် မြန်မာပြည်  ရွှေမန္တလေးက ဘလော့ဂါများဟာ ၂၀၀၇ ခုနှစ် ဒုတိယအကြိမ် ဘလော့ဂ်ဒေးမှာကတည်းက တပျော်တပါး ခမ်းနားစွာ ကျင်းပခဲ့ကြတာကိုပါ သိခဲ့ရပါတယ်။ (မန္တလေးမှာ ဘလော့ဂ်ဒေး ကျင်းပခဲ့တဲ့ သတင်းမှတ်တမ်းကို ဒီမှာ  သွားရောက် ကြည့်ရှုနိုင်ပါတယ်။) အဲဒီတော့ အခုသြဂုတ် ၃၁ရက်နေ့မှာ ကျရောက်တဲ့ ၂၀၁၁ခုနှစ် ဘလော့ဂ်ဒေးဟာ ၆ကြိမ်မြောက်ရှိသွားပြီ ဖြစ်ပါတယ်။


အဲ.. ဒီနှစ်မှာတော့ အကြောင်းတွေတိုက်ဆိုင်ပြီး မအိမ်သူ တစ်ယောက် ဘလော့ဂ်ရွာထဲရောက် အိမ်တလုံးဆောက်ပြီး အခြေချဖြစ်သွားခဲ့လို့ ဘလော့ဂ်ရွာသူ တစ်ယောက် ဖြစ်သွားခဲ့ပြီ ဆိုတော့ ရွာထဲက သာရေး နာရေး ပွဲလမ်းသဘင်များမှာ ပါဝင်ဆင်နွဲရတော့မယ်ပေါ့။ ညီမငယ်နှစ်ယောက် ဖြစ်တဲ့ ရိုစ့်  နဲ့ အိန်ဂျယ်လှိုင်  တို့ကလည်း ဘလော့ဂ်ဒေး ပွဲတော်အတွက် မေတ္တာလက်မှတ်ကို အထူးတလည် တဂ်ပြီး လက်ဆောင်ပေးလာကြတဲ့အတွက် မအိမ်သူလည်း ပွဲတက်ဖို့ ပြင်ဆင်ရပါတော့တယ်။ (အကြောင်းအမျိုးမျိုးကြောင့် မအားတာနဲ့ ပွဲကိုနောက်ကျမှရောက်တာတော့ စိတ်မရှိကြပါနဲ့… :D)

အမှန်ဆိုရရင်တော့ မအိမ်သူ ဘလော့ဂ်ရွာထဲမှာ အိမ်မဆောက်ခင်ကတည်းက ရွာအနီးအနားမှာနေပြီး ဘလော့ဂ်ရွာတစ်ခွင် နေ့စဉ်နေ့တိုင်း ပြဲပြဲစင်အောင် ရွာရိုးကိုးပေါက်လျှောက်ကာ တအိမ်ဝင် တအိမ်ထွက် လေ့လာ ဖတ်ရှု မှတ်သားရင်း ရွာထဲမှာ တိတ်တိတ်ဆိတ်ဆိတ်လေး လမ်းသလားနေခဲ့တဲ့ ဧည့်သည်တစ်ယောက်အဖြစ် ၂နှစ်နီးပါးလောက် ရှိနေခဲ့ဖူးပါတယ်။ တစ်ရွာလုံးက လူတွေ အတော်များများကိုလည်း ကိုယ့်စိတ်ထဲမှာ အတော်ကြီးကို ရင်းနှီးခင်မင် အကျွမ်းတ၀င်နဲ့ အားလုံးကိုသိနေခဲ့ပါတယ်။ ကိုယ့်စိတ်ထဲက တရင်းတနှီး ခင်မင်နေတာကိုတော့ ကာယကံရှင်များက မသိနိုင်ကြပါဘူး။ အဲဒါက ဥပမာပြောရရင် ကိုယ်နှစ်သက်အားပေးတဲ့ နာမည်ကြီး မင်းသမီး မင်းသားကို သိကျွမ်း မိတ်ဆက် စကားပြောဖို့ မကြိုးစားပဲ အဝေးကနေ တိတ်တဆိတ် အားပေးနေတဲ့ ပရိသတ်တစ်ယောက် အဖြစ်မျိုးပါပဲ။

မြန်မာဘလော့ဂ်တွေကို စပြီးဖတ်ရှုဖြစ်ခဲ့တာကတော့
၂၀၀၉ နှစ်ဝက် လွန်ပြီးလောက်ကျမှပါ။ ဒီ့အရင်ကတော့ ကလေးငယ်သေးလို့ အချိန်မပေးနိုင်တာရယ် ကိုယ်လုပ်နေတဲ့ အချိန်ပိုင်းအလုပ်တဖက်နဲ့ မအားတာရယ် နောက် အိမ်မှာကလည်း လစဉ်မဟုတ်ပေမယ့် သုံးလေးလခြား ဆိုသလို မဟေသီ ရွှေအမြုတေနဲ့ လိုက်ဖ်စတိုင်လ် မဂ္ဂဇင်း စာအုပ်တွေကို ဆက်တိုက် ဖတ်ခွင့်ရနေခဲ့တာရယ်ကြောင့် ဖတ်စရာစာကို အင်တာနက်မှာ အထူးတလည် မရှာဖြစ်ခဲ့ပါဘူး။ အဓိကကျတဲ့ နောက်တခုကတော့ မအိမ်သူ စိတ်အစွဲပေါ့လေ စာဖတ်တယ်ဆိုရင် ကွန်ပျူတာစကရင်မှာ ဖတ်ရတာကို အားမရဖြစ်မိတာပါ။ Soft Copy ထက်ကို စာအုပ်ကိုင်ပြီးဖတ်ရတာမှ ပိုပြီးအားရပါးရရှိသလို ထင်မိတာကြောင့် စာအုပ်အမျိုးမျိုးတွေကိုပဲ ရှာပြီးရနိုင်သလောက် ဖတ်နေဖြစ်ခဲ့တာနဲ့ ဘလော့ဂ်တွေဘက်ကို ခြေဦးမလှည့်မိခဲ့ဘူး။ အင်တာနက်မှာတော့ ဧရာဝတီ မဇ္ဈိမ မိုးမခ စတဲ့
သတင်းဝက်ဘ်ဆိုက်တွေလောက်နဲ့ ပလန်းနက်၊ မြန်မာပီးပဲလ်မဂ္ဂဇင်း၊ မြန်မာကျူးပစ် တို့လောက်ကိုသာ တခါတလေ ကြုံတဲ့အခါလောက် ရောက်ဖြစ်ပြီး အနည်းအကျဉ်း ဖတ်ဖြစ်တာရယ် နောက် ရွှေစကားအီးဘွတ်ခ် ကနေ ဖတ်ချင်တဲ့ စာအုပ်လေးတွေ ဒေါင်းပြီးဖတ်တာမျိုးရယ်လောက်ပဲ ရှိခဲ့ပါတယ်။ ၂၀၀၉ လောက်မှာတော့ မဂ္ဂဇင်းတွေ အသစ်ထပ်မရနိုင်တော့ဘဲ တခြားဖတ်စရာ စာအုပ်တွေလည်း ကုန်သလောက်ဖြစ်လာတော့ စာဖတ်ရမှ နေသာထိုင်သာရှိတဲ့ မအိမ်သူလည်း စာငတ်စပြုလာပါတော့တယ်။ အဲဒီတော့မှပဲ စာမဖတ်ရမနေနိုင်တဲ့ ရောဂါနဲ့ အင်တာနက်ကို စမွှေဖြစ်ပြီးတော့ ဘလော့ဂ်တွေကို စဖတ်ဖြစ်သွားခဲ့တာပါ။

ပထမဦးဆုံး စဖတ်ဖြစ်တဲ့ ဘလော့ဂ်နှစ်ခုက ကောင်းကင်ပြာ  နဲ့ နိုင်းနိုင်းစနေ  ဘလော့ဂ်တွေပါ။ နိုင်းနိုင်းစနေရဲ့ စာတွေကတော့ ဘလော့ဂ်တွေ မဖတ်ခင်ကတည်းက Forward Mail တွေကနေ အမြဲတမ်းဖတ်နေခဲ့ရပါတယ်။ နောက်ဆက်တွဲ ရှာဖွေဖတ်ရှုမိတဲ့ ဘလော့ဂ်ကတော့ ကိုအောင်ရဲ့ ပျူနိုင်ငံ ပါပဲ။ အဲဒီလို စဖတ်ဖြစ်ခဲ့တဲ့အချိန် ကတည်းက ပျူနိုင်ငံဘလော့ဂ်ကို ပို့စ်အသစ်တင်တိုင်း သွားသွားဖတ်ဖြစ်ခဲ့တာ ဒီကနေ့အထိပေမယ့် ထူးထူးခြားခြား တစ်ကြိမ်ကလွဲလို့ တစ်ခါမှ ကွန်မန့်မရေးဖြစ်ခဲ့ပါဘူး။ ကွန်မန့်ရေးဖြစ်သွားရတဲ့ အကြောင်းကလဲ ပို့စ်အသစ်တင်တာတွေ့လို့
ဘလော့ဂ်ကိုဝင်လိုက်ရင် ပို့စ်မှာရေးထားသမျှ ဘာစာမှဖတ်လို့မရပဲ အီဂျစ်က ပိရမစ်တွေထဲမှာ တွေ့ရတတ်တဲ့ ရှေးဟောင်း အရုပ်စာတွေလိုသာပေါ်နေပြီး
ကွန်မန့်ကို ၀င်လိုက်တဲ့အခါကျတော့ ရေးလို့လဲရသလို ကွန်မန့်အားလုံးကိုလည်း ဖတ်လို့ရနေတာနဲ့ အဲဒီလိုဖြစ်နေကြောင်းကို ကွန်မန့်မှာ ရေးထားခဲ့မိတာပါ။ ကိုအောင်ကလဲ အဲဒီလိုရေးခဲ့တဲ့ ကွန်မန့်ကို သူ့ဖက်ကဖြစ်တာမဟုတ်ကြောင်းနဲ့ မအိမ်သူရဲ့ ကွန်ပျူတာ တခုခုဖြစ်နေလို့ ဖြစ်တာဖြစ်ပါလိမ့်မယ်လို့ ကွန်မန့်ပြန်ပေးခဲ့ပါတယ်။ အဲဒါဘာကြောင့်မှန်းမသိပေမယ့် အဲဒီအချိန်တုန်းက တခြားဘလော့တွေကိုဝင်သမျှ ဘာမှမဖြစ်ပဲ ပျူနိုင်ငံဘလော့ဂ် တစ်ခုတည်းကို ၀င်မှဖြစ်တာမို့ တကယ့်ကို မှတ်မှတ်ရရပါပဲ။ (သရဲအကြောင်း သွားဖတ်လို့ အင်တာနက်က သရဲခြောက်လိုက်တာနေမှာ..း P) နောက်၂ရက်လောက်နေတော့ သူ့အလိုလို ပြန်ကောင်းသွားပြီး ပို့စ်တွေအားလုံးကို ပြန်ဖတ်လို့ရသွားပါတယ်။း)

အဲဒီနောက်မှာ ပျူနိုင်ငံရဲ့ ဘလော့ဂ်လင့်တွေကတဆင့် ထပ်ရောက်သွားပြီး အမြဲတမ်းအားပေး ဖတ်ရှုဖြစ်ခဲ့တဲ့ ဘလော့ဂ်တွေကတော့ အတော်လေးစုံပါတယ်။ နိုင်ငံရေးဆိုဒ်တွေ အပါအ၀င် အခြားသော ဘလော့ဂ်တွေ အများကြီးပါပဲ။ အဲဒီမှာလဲ မှတ်မှတ်ရရ ပထမဦးဆုံး လင့်ကနေ ရောက်သွားဖြစ်တဲ့ဘလော့ဂ်က ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်း  ဘလော့ဂ်ပါ။ ရွှေရတုမှတ်တမ်းက အဲဒီတုန်းက ဘလော့ဂ်အသစ်ဖြစ်ပြီး စရေးတာ ရက်ပိုင်းပဲရှိသေးတဲ့ ဘလော့တစ်ခုပေါ့။ မှတ်မိသလောက် စဖတ်ဖြစ်တဲ့ပို့စ်က နယ်ဖက်မှာ ဖီးလ်ဆင်းတော့ ညဘက် အိမ်ခေါင်မိုးပေါ်က မှင်စာလေးလားမသိဘူး ဆင်းလာပြီး နှောင့်ယှက်တဲ့အကြောင်းကို ရေးထားတာ။

နောက်ထပ်တွေ့တဲ့ဘလော့ဂ်ကတော့ ရွှေသော့ပုံလေးနဲ့ ကိုဇော် ရဲ့ဘလော့ဂ်ပါပဲ။ သူ့ဘလော့ဂ်ကို စ၀င်ပြီး ဖတ်မိတဲ့အချိန်မှာ စာရေးသားပုံက သူလိုကိုယ်လိုမဟုတ်ပဲ နဲနဲထူးခြားတာကို သတိထားမိသလို ဒီစာရေးတဲ့သူက သူများနဲ့မတူတဲ့ အမြင် ရှုထောင့်မျိုးတွေကနေ တော်တော် မြင်တတ် တွေးတတ်ပြီး စာတွေလည်း အတော်ရေးနိုင်ပါလား ဆိုတာလဲတွေးမိပါတယ်။ အဲဒီတုန်းကများ တရက်ကို ပို့စ် ၂ပုဒ် ၃ပုဒ်တင်တာ ဖတ်တဲ့လူတောင် မှီအောင် မနည်းကြီးကို လိုက်ဖတ်ရပါတယ်။ ပြီးတော့ ပို့စ်တွေကလည်း အရှည်ကြီးတွေ ဖြစ်တဲ့အပြင် အကြောင်းအရာတွေကလည်း အတော့်ကိုစုံလင်ပါတယ်။ သူ့ဆိုက်မှာ ပို့စ်တပုဒ်ဆို ဆိုသလောက် အားပါးတရဖတ်ရတဲ့အပြင် ဖတ်ပြီးသွားရင်လည်း ပြီးပြီးရောမဟုတ်ပဲ ခေါင်းထဲမှာတွေးစရာ တခုခုပါ ကျန်တတ်ပါတယ်။ အဲဒီလိုဖတ်ရင်းကနေ ကိုဇော်ရဲ့ ဘလော့ဂ်က လင့်တွေလည်း အတော်စုံတော့ အလိုလိုနေရင်း အခြားဘလော့ဂ်တွေ အားလုံးကို သွားဖတ်ဖို့ ဟုမ်းပေ့ဂ်ျလို ဖြစ်သွားပါတယ်။ အဲဒါနဲ့ နေ့တိုင်းလိုလို ကိုဇော်ဘလော့ဂ်ကို အရင်ဆုံးဖွင့်ဖတ်ပြီးရင် တခြားဘလော့ဂ်တွေကို အဲဒီမှာရှိတဲ့ လင့်တွေကနေတဆင့် တခုပြီးတခု ကလစ်နှိပ်ပြီး သွားဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီလို ဖတ်လာခဲ့တာ “ဘလော့ဂါများရဲ့ပို့စ်များ” ဘလော့ဂ်ကို ကိုဇော်စလုပ်တဲ့အချိန်ထိပါပဲ။ အဲဒီကျတော့မှ ဘလော့ဂ်ဖတ်တဲ့ ဟုမ်းပေ့ဂ်ျပြောင်းသွားတာပါ။

အဲဒီလိုနဲ့ တောက်လျှောက် ဖတ်ခဲ့ဖူးတဲ့ ဘလော့ဂ်တွေက အတော်လေးစုံပါတယ်။ ဖတ်ဖြစ်ခဲ့တဲ့ ဘလော့ဂ် လက်ဟောင်းများကို မှတ်မိသလောက် ပြောရရင် မိုးချိုသင်း၊ မနော်ဟရီ၊ ဆရာမမေငြိမ်း၊ မကေ၊ သိင်္ဂီနွယ်၊ မယ်ကိုး၊ ကိုချစ်ဖေ၊ ကလူသစ်၊ ကိုလူထွေး၊ ညီလင်းဆက်၊ မန်းကိုကို၊ ဘလော့ဂါမောင်မိုး၊ ဏီလင်းညို၊ မြစ်ကျိုးအင်း (နာမည်က ထူးဆန်းလို့ ၀င်ကြည့်မိရာက စာအရေးကောင်းတဲ့ ဘလော့ဂ်တခုအဖြစ် အမြဲလို သွားဖတ်ဖြစ်သွားတယ်။ ပွဲဈေးတွေ ပွဲခင်းတွေ အငြိမ့်တွေ ဇာတ်စင်တွေအကြောင်း စိတ်ဝင်စားဖွယ် ဖတ်ရတာလဲ သဘောကျတယ်။ အ၀တ်လျှော်စက်ထဲက ပုရွက်ဆိတ်လေးတွေ ကမ္ဘာပျက်သွားတာတော့ အခုထိ မမေ့နိုင်သေးဘူး။)၊ မငယ်နိုင်၊ မခင်ဦးမေ၊ မသက်ဝေ (သာမန် ရိုးရိုးရှင်းရှင်း အကြောင်းလေးတွေကို မထင်မှတ်ထားတဲ့ ပုံစံမျိုးလေးနဲ့ ဖတ်တဲ့သူကို နစ်ဝင်သွားစေတဲ့ အက်ဆေးလေးတွေကို ဖွဲ့တတ်လို့ အမြဲသွားဖတ်ဖြစ်ခဲ့တာ)၊ မချစ်ကြည်အေး (စာလေးတွေဖတ်ရတာ ပေါ့ပေါ့ပါးပါး ရွှင်ရွှင်လန်းလန်းနဲ့ပေမယ့် နောက်ကွယ်က လေးနက်တဲ့ အကြောင်းအရာလေးတွေကို သတိပြုမိအောင် လှလှပပလေး ရေးတတ်တာကို သဘောကျတာ)၊ မရွှေစင်ဦး (မအိမ်သူရဲ့ စာအုပ်စင်ကြီးပါပဲ)၊ နဗန၊ စက်တင်ဘာရဲ့ကောင်းကင်၊ မမေဓါဝီ (နာမည်ကိုစိတ်ဝင်စားရာကနေ စာတွေကိုပါစွဲသွားတော့တာပဲ။ မြန်မာစာ စစ်စစ်ကြီးတွေကို ဖတ်ရတာ အားရပါးရရှိတယ်)၊ သူကြီးမင်းကိုကိုမောင် (တုံးဖလားရွာက အဖြစ်အပျက်တွေကို သဘောကျလို့ သွားသွားဖတ်တာ)၊ ကဘူးလ်က ကိုမောင်မောင်ဘလော့ဂ်၊ သစ်နက်ဆူး၊ တေဇာရဲ့လရောင်လမ်း (အက်ဆေးတွေကိုကြိုက်လို့ သွားသွားဖတ်ဖြစ်တယ်။ ကဗျာတိုလေးတွေကောပဲ။)၊ ကိုပေါရဲ့ပိတောက်ရိပ်၊ ဒေါက်တာစိုးမြင့်(မေ့ဆေး)ရဲ့ အာဖရိကရောက် မြန်မာတစ်ယောက်၊ ဆရာလေးသက်တန့်ချို၊ မကိကိ၊ မွန်းသက်ပန်၊ ကိုရင်နော်ခင်လေးငယ်၊ ၀ီရှီမီ၊ ခရေတွန်၊ မိုးမင်းဂျီး၊ လသာည၊ (အခုနေ၀သန်တဖြစ်လဲ) ဂျပန်ကောင်လေး၊ ဖိုးစိန်၊ တီတီဆွိ၊ မိုးခါး၊ နှင်းနဲ့မာယာ၊ ရွှေပြည်သူ၊ မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) (စပါးကြီးမြွေဖမ်းတဲ့ပို့စ်ကနေ စဖတ်မိတာပေါ့။)၊ မရှင်လေး၊ ဖြိုးဖြိုးလှိုင်၊ နှင်းဆီတစ်ခင်းပန်းတစ်ခြင်း၊ သဒ္ဓါလှိုင်း၊ Sosegado၊ ကိုပီတာ၊ အဖြူရောင်နတ်သမီး၊ ချောရဲ့ အစိမ်းရောင်လွင်ပြင်၊ ပန်ဒိုရာ၊ အိမ့်ချမ်းမြေ့ရဲ့ သံစဉ်မဲ့အလင်္ကာများ (မှတ်မှတ်ရရ ဏီလင်းညိုဘလော့ဂ်ကနေ တဆင့်စရောက်ဖူးတာ)၊ မိုးငွေ့နှင့်အတူ၊ မိုးစက်ပွင့်၊ စန္ဒကူး၊ ညီလင်းသစ် (အတွေးလေးတွေ အဖြစ်အပျက်လေးတွေကို အခြေခံပြီး ကျိုးကြောင်းကျတဲ့ ဆက်စပ်အတွေးလေးတွေနဲ့ အရမ်းလှတဲ့ အက်ဆေးလေးတွေကို ရေးတတ်လို့ သတိထားမိပြီး ဖတ်ဖြစ်သွားတာ။)၊ မောင်မျိုးရဲ့ ကျွန်တော့်ဘ၀ဇာတ်ခုံ (ဘောင်းဘီရှေ့နောက်မှားတာကို သိုင်းပြောင်းပြန်နဲ့ လှည့်ဝတ်တဲ့ အတတ်ပညာကို လေးစားပါတယ်။ အခုထိကော ရေဖျန်းတဲ့ပိုက်နဲ့ အုန်းရေသောက်နေသေးလားမသိ… :P)၊ အလင်းစက်များ အစရှိတဲ့ ဘလော့ဂ်တွေ အများကြီးပါဘဲ။ ဒါတောင် စဉ်းစားလို့ရသမျှ မှတ်မိသလောက်ပဲ ရေးထားတာပါ။ မေ့နေလို့ ကျန်သွားတာတွေလည်း ရှိနေပါသေးတယ်။ ဒီထဲက တစ်ချို့ကတော့ အခုနောက်ပိုင်း ဆက်ရေးတာ မတွေ့ရတော့ပါဘူး။ အစားအသောက် ချက်တဲ့ပြုတ်တဲ့ ဘလော့ဂ် အတော်များများကိုလည်း မကြာမကြာ ရောက်တတ်ပါတယ်။

အဲဒီဘလော့ဂ်လက်ဟောင်းတွေကို ဖတ်ရင်းနဲ့ ဘလော့ဂ်လက်သစ်တွေ စတွေ့တဲ့အထဲမှာ ရွှေရတုမှတ်တမ်းဘလော့ဂ်ကနေ ဆရာဦးဟန်ကြည်ရဲ့ အတွေးစလေးတွေကို စရောက်သွားပါတယ်။ နောက်ထပ်ပြီး အမြဲလိုသွားဖတ်ဖြစ်တဲ့ ဘလော့ဂ်များကတော့ အခုကိုညိမ်းနိုင်လို့ နာမည်ပြောင်းသွားတဲ့ ကိုမောင်လေးရဲ့ မျောလွင့်တိမ်တို့နားခိုရာ၊ ဆင်တဲကဖေး၊ ဧရာဝတီစာကြည့်တိုက်၊ မဗေဒါရဲ့ဗေဒါလမ်း၊ မိုးယံရဲ့ လူသားအားလုံးအတွက်၊ နေဇော်လင်း၊ အင်္ဂဟူးရဲ့မျှဝေမှုတို့စုစည်းရာ၊ မိုးပန်းချီ၊ မြသွေးနီ၊ ဦးအောင်သင်း၊ ဦးဘုန်း(ဓါတု-မန္တလေး)၊ ငွေလမင်း၊ အေအေတီအို၊ အပြုံးပန်း၊ ခနွဲ၊ လပြည့်ရိပ်၊ ရို့စ်ရဲ့ ကျမဘ၀ရဲ့ အမှတ်တရနေရာလေးတခု၊ အိန်ဂျယ်လှိုင်၊ အမှတ်တရနေ့စွဲများ၊ ကြည်ကြည်ရဲ့ဒိုင်ယာရီ၊ ခရစ္စတယ်လ်ရဲ့ ဘ၀ရဲ့စာမျက်နှာများ (Bliss of us ကိုလည်း တခါတခါ ရောက်တယ်။)၊ တမြေထဲက မောင်ငယ်နှစ်ယောက်ဖြစ်တဲ့ အနီးဆုံး နဲ့ ကိုထွဋ်၊ မေသိမ့်သိမ့်ကျော်၊ မင်းဧရာ၊ ဖြိုးမောင်မောင်ရဲ့ ရေးမိရေးရာ အဖြာဖြာ၊ ကဗျာတွေမနားတမ်းရေးနိုင်တဲ့ တောင်ကြီးသူညီမငယ် မစံပယ် (အိမ်လည်း အတော်နှံ့နှံ့စပ်စပ် လည်နိုင်ပါတယ်)၊ မြစ်ဆုံ၊ ဒီဇင်ဘာမောင်မောင်၊ အတွေ့အကြုံတွေစုံသလို အစားအသောက်တွေ ချက်တာလည်းဝါသနာပါတဲ့အပြင် ဘလော့ဂ်တိုင်းကိုလည်း ရောက်အောင်သွားပြီး ဆုတောင်းလေးနဲ့ ကွန်မန့်ပေးတတ်တဲ့ ခင်ဖို့ကောင်းတဲ့ အန်တီတင့်၊ Mon Petit Avatar (ဟိုးအရင်တည်းက ရောက်ခဲ့ဖူးတဲ့ ဘလော့ဂ်တွေမှာ ကွန်မန့်ပေးပေးနေတာ တွေ့ဖူးနေပေမယ့် မဂျီးတော်တို့ မစည်းစိမ်တို့ မမီးငယ်တို့လို ဘလော့ဂါတွေနဲ့ ရင်းနှီးနေတဲ့ ဘလော့ဂ်ဖတ်သူ တယောက်လို့ပဲထင်ခဲ့မိဖူးတယ်။ ကိုယ်ပိုင်ဘလော့ရှိမှန်းကို လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သိပြီး သွားဖတ်ဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာ ဘလော့ဂ်လေးတခုပါ)၊ ခင်မောင်ချင်း(ချင်းကလေး)၊ ကြယ်လွမ်းသူ၊ မဒမ်ကိုးနဲ့ ကိုရင်သာပျော့ … အများကြီးပါပဲ။ ရောက်ဖြစ်ပြီး နာမည်မပါတဲ့ ဘလော့ဂ်များလည်း ရှိနိုင်ပါသေးတယ်။ ဒါက လက်လှမ်းမှီရာ သတိရသလောက်ကိုသာ ရေးချလိုက်တာပါ။ မအိမ်သူမရောက်ဖူးသေးတဲ့ ဘလော့ဂ် အသစ်အဟောင်းတွေလည်း များစွာရှိနေပါသေးတယ်။ နောက်ထပ်ပြီးတော့ နေ့စဉ်နဲ့အမျှ ဘလော့ဂ် အသစ် အသစ်တွေ ထပ်ထပ်တိုးလာနေတာကိုလည်း တွေ့နေရပါတယ်။ ဘလော့ဂ်ရွာကနေ မြို့တော်ကြီးတမျှ ဖြစ်လာနေပါပြီ။ ဘလော့ဂ်တွေကလည်း အကြောင်းအရာအမျိုးမျိုးနဲ့ အတွေး အမြင် အသိပညာ အတတ်ပညာ ဘာသာရေး စီးပွားရေး လူမှုရေး နိုင်ငံရေး ချက်ရေးပြုတ်ရေး ဘယ်ဖက်ကမှ မလွတ်ရအောင် ဖတ်စရာ မှတ်စရာ အသိအလိမ္မာ တိုးစရာ လေ့လာကျင့်သုံးစရာတွေကို ဝေမျှပေးနေကြတာ တကယ်ကိုအားရစရာပါ။ ယူတတ်မယ်ဆိုရင် သုံးမကုန်နိုင်တဲ့ ရတနာသိုက်ကြီးလိုပါပဲ။

မအိမ်သူကတော့ တစ်ရက်စာမဖတ်လိုက်ရရင် တနေ့တာမပြည့်စုံဘူးလို့ထင်တဲ့ စာဖတ်သမားသက်သက်ပါ။ ဘလော့ဂ်တွေလည် စာလိုက်ဖတ်ပြီး ခြေရာမချန် ကွန်မန့်မပေးတတ်ပဲ တိတ်တဆိတ်လေး ပြန်လာတတ်တဲ့ ကန့်လန့်ကာနောက်ကွယ်မှာပဲ နေချင်တတ်သူပါ။ မရည်ရွယ်ပါပဲ လုပ်ဖြစ်သွားတဲ့ ဘလော့ဂ်လေးမှာ စာရေးနိုင်ဖို့အတွက်ကိုတော့ အတော်လေးကို အားထုတ်ရပါတယ်။ စာရေးဖို့အတွက် စာတွေအများကြီး ပိုဖတ်ရသလို စာရေးဖို့အချိန်ကိုလည်း မအားတဲ့ကြားက ကြိုးစားပြီး အချိန်တွေလုရပါတယ်။ ကိုယ့်ရဲ့ တာဝန်တွေ ၀တ္တရားတွေ အလုပ်အကိုင်တွေ လူမှုရေး မိသားစုအရေးတွေကို ဘလော့ဂ်ရေးတာကြောင့် အပျက်ကွက် အထိခိုက်မခံချင်သလို စာတွေကိုလည်း ပို့စ်ဖြစ်ပြီးရော တာဝန်ကျေရေးတာမျိုး မလုပ်ချင်တတ်တဲ့စိတ်ကြောင့် ရေးမိသမျှလေးတွေကိုတော့ ကြိုးစားပြီး တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ရေးချင်တဲ့စိတ်နဲ့ စာတစ်ပုဒ်ဖြစ်လာဖို့အတွက် အချိန်တွေ အများကြီးကိုလည်း ရင်းနေခဲ့ရပါတယ်။ အဲဒီလို နှစ်ခုလုံးကို အကောင်းဆုံးဖြစ်စေချင်တဲ့ စိတ်ဆန္ဒနှစ်ခုကြားမှာ တခါတလေ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ညှိနှိုင်းမရတဲ့ အဖြစ်မျိုးတွေနဲ့ နပန်းလုံးရတာ မအိမ်သူအတွက် သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ဘလော့ဂ်လေးလုပ်ဖြစ် သွားတဲ့အတွက်ကြောင့် အရင်က ကိုယ့်စိတ်ထဲမှာပဲ ကိုယ့်ဟာကိုယ် တဖက်သတ် ရင်းနှီးနေခဲ့တဲ့ နိုင်ငံပေါင်းစုံက အခြားဘလော့ဂါများနဲ့ သိကျွမ်းခင်မင်ခွင့်ရတာကတော့ တကယ့်ကို ၀မ်းသာရပါတယ်။ တဦးနဲ့တဦး မမြင်မတွေ့ဖူးကြဘဲ ဘလော့ဂ်မှာရေးသားထားတဲ့ စာလေးတွေကတဆင့် စာရေးတဲ့သူကို စိတ်ကူးပုံဖေါ်ကြည့်ပြီး ခင်ရတာပေမယ့် စိတ်ထဲမှာတော့ တရင်းတနှီးရှိလှတာ အမှန်ပါပဲ။ အပေါင်းအသင်း နယ်ပယ်ကျယ်လာပြီး မိတ်သစ် ဆွေသစ်တွေ တိုးပွားလာတယ် ဆိုတာကိုက မင်္ဂလာတပါးပဲ မဟုတ်လား။ ဘလော့ဂ်ဒေးမှာ ဘလော့ဂါအပေါင်း ကျန်းမာ ရွှင်လန်းစွာနဲ့ ရှေ့ဆက်ပြီးတော့ မိမိနှစ်သက်ရာ စာလေးများကို ဆက်လက်ရေးသားပြီး ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်ရှင်။

ဘလော့ဂ်ဒေးအတွက် မိတ်ဆက်ပေးချင်တဲ့ ဘလော့ဂ်လေး ငါးခုပါ။







အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Saturday, June 25, 2011

တစ်လမှတ်တမ်း

ပြီးခဲ့တဲ့ မေလ ၂၄ရက်နေ့ နေ့လည်ခင်းလောက်မှာပေါ့ … ခါတိုင်းလိုဘဲ ဘလော့ဂ်တကာလည်ဖတ်ရင်း အီးဘုတ်တွေရှာရင်းနဲ့ နဲနဲပျင်းသလိုဖြစ်လာလို့ အထွေအထူး ရည်ရွယ်ချက်မရှိပါဘဲ တစ်ခါမှမရောက်ဖူးတဲ့ ဘလော့ဂါဟုမ်းပေ့ဂ်ျကို ဂူဂယ်ကနေရောက်သွားခဲ့ပြီး အီးမေးလေးထည့် ပါ့စ်ဝါ့ဒ်လေးထည့်နဲ့ အကောင့်လေးတစ်ခု ဖြစ်သွားပါရော။ အဲဒါနဲ့ စပ်စပ်စုစု ဟိုဟိုဒီဒီ လျှောက်ကလိကြည့်ရင်းနဲ့ ဘလော့ဂ်အခွံလေးတစ်ခု ဖြစ်လာတယ်။ အဲတော့ ဘာဆက်လုပ်ရမှန်း မသိတာနဲ့ မိတ်ဆက်စကားဆိုတဲ့ ပို့စ်လေးကို အစမ်းရေးပြီး တင်ကြည့်လိုက်တာ ချောချောမောမောဘဲ ဘလော့ဂ်ကလေးနဲ့ ပို့စ်ကလေးနဲ့ စကရင်ပေါ်မှာ မြင်လိုက်ရတော့ အတော်ပျော်သွားပြီး ကိုယ့်ဟာကိုယ် သဘောတွေကျလို့ … ကလေးတစ်ယောက် ကစားစရာ အသစ်အဆန်းကလေးတစ်ခု ရလိုက်သလိုဘဲ။ အဲဒီနေ့ကတော့ နောက်ထပ်လဲ ဘာမှဆက်မလုပ်တတ်တော့တာနဲ့ ဇာတ်လမ်းက အဲတာလောက်နဲ့ဘဲ ပြီးသွားရော ဆိုပါတော့။ နောက်နေ့ကျတော့ ဘာဆက်ကလိရမလဲ စဉ်းစားရင်း တခြားဘလော့ဂ်တွေ လိုက်ဖတ်ရင်းနဲ့ ကောင်တာလေးတွေ စီဘောက်စ်လေးတွေ လျှောက်ထည့်ကြည့်တာ သိပ်အခက်အခဲမရှိဘဲ အဆင်ပြေစွာနဲ့ ထည့်လို့ရတော့လဲ ကျေနပ်လို့ပေါ့။ နောက်တော့ ဘလော့ဂ်လင့်လေးတွေ ရသလောက်လိုက်ချိတ် ဟိုကာလာလေးပြောင်း ဒီတန်းပလိတ်လေးပြောင်း ဘက်ဂရောင်း ဒီဇိုင်းတွေလဲ ဟိုဟာပြောင်းကြည့် ဒီဟာပြောင်းကြည့်နဲ့ လျှောက်လုပ်ကြည့်နေတာ မျောက်အုန်းသီးရတဲ့ အတိုင်းပါဘဲ။ နောက်ဆုံးတော့ အခု ပုံစံလေးကို သဘောကျတာနဲ့ ဘာမှ ထပ်မပြောင်းတော့ဘဲ အဲဒါလေးအတိုင်း ထားလိုက်တော့တယ်။

အမှန်အတိုင်းပြောရရင်တော့ မအိမ်သူက စာဖတ်သမားသက်သက်ပါ။ စာရေးကြည့်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဘယ်တုံးကမှလည်း ဘာစာမှ မရေးဖူးခဲ့ပါဘူး။ စာဖတ်တာကတော့ ဟိုးငယ်ငယ်လေး ကတည်းက ဖတ်လို့ရတာ မှန်သမျှ အကုန်ဖတ်တာပါဘဲ။ စာရေးဖို့ကတော့ ကိုယ့်ဟာကိုယ် Confident မရှိတာကလဲ တစ်ကြောင်း မအားတာကော အချိန်မပေးနိုင်တာကော အခြားအခြားသော ကိစ္စဝိစ္စ တာဝန် ၀တ္တရားတွေကော အကြောင်းပေါင်းက မြောက်များစွာနဲ့ ဆိုတော့ စိတ်ကူးထဲမှာတောင် မထည့်ခဲ့မိပါဘူး။ အဲဒီမှာ ပြောခဲ့သလို လျှောက်ဆတ်ဆော့ရင်းနဲ့ ဘလော့ဂ်လေးတစ်ခု ကိုယ့်မျက်စိရှေ့မှာ မြင်လိုက်ရတော့ စာစမ်းရေးကြည့်ရင် ကောင်းမလားဆိုတဲ့ အတွေး စပေါ်လာတော့တာပါဘဲ။ အဲဒါနဲ့ဘဲ ကိုယ်ဖတ်ဖူးပြီး နှစ်သက်မိတာလေးတွေ ကိုယ်တွေ့ရကြုံရတာလေးတွေကို မျှဝေရင်း ဟိုအကြောင်း ဒီအကြောင်း ရောက်တတ်ရာရာ စိတ်ကူးရတာလေးတွေကို ရေးကြည့်မယ်ဆိုပြီး တွေးမိတာနဲ့ ဒီ “၀ါခေါင်မိုး” ဘလော့ဂ်လေး ဖြစ်လာခဲ့တာပါ။ တကယ်တမ်း စာရေးဖို့ဆိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ပေမယ့်လည်း ဘာဘဲဖြစ်ဖြစ် စမ်းကြည့်မယ်ပေါ့ ဆိုတဲ့စိတ်ကူးနဲ့ ဆက်လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ဘလော့ဂ်မှာ နောက်ထပ်ပို့စ်လေးနှစ်ခု ထပ်တင်လိုက်ပါတယ်။ ပြီးတော့မှ ဘလော့ဂ်လင့်ကလေးကို ကိုဇော်ရဲ့ “ဘလော့ဂါများရဲ့ပို့စ်များ” ဆိုဒ်မှာချိတ်ဖို့ မေ ၂၆ရက်မှာ သွားပေးထားခဲ့တာပါ။ ဘလော့ဂ်အသစ် တစ်ခုအနေနဲ့ စိတ်ဝင်စားတဲ့လူရှိရင် လာဖတ်နိုင်အောင်ဆိုတဲ့ စိတ်ကူးနဲ့ဆိုပါတော့။ (တကယ်တော့ ချိတ်သာချိတ်လိုက်တာ ကိုယ့်ထက် အဆပေါင်းများစွာသာတဲ့ ဘလော့ဂ်တွေ အများကြီးထဲမှာ ဘာမှန်းမသိတဲ့ ဘလော့ဂ်အသစ် တစ်ခုဆီ ဘယ်သူကမှ စိတ်ဝင်တစား လာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကိုယ့်ဟာကိုယ် အဲဒီလိုအထင်ကြီးတာ.. :P)

အဲဒီတော့ ပြောရရင် ၂၄ ရက်နေ့မှာ စပြီး Create လုပ်ခဲ့ပေမယ့် တကယ်တမ်း ၀ါခေါင်မိုး ဘလော့ဂ်လေး Active ဖြစ်တာကတော့ ၂၆ ရက်နေ့မှလို့ပြောလို့ရပါတယ်။ အဲဒီမှာ မအိမ်သူ လုံးဝမျှော်လင့်မထားဘဲနဲ့ ဒီဘလော့ဂ်အသစ်လေးကို ဘလော့ဂ်အရာသွင်း အသိအမှတ်ပြုပြီး လာရောက် လည်ပတ်ခဲ့ကြသူများကို တွေ့ရလို့ အရမ်းကို ကျေးဇူးတင် ၀မ်းမြောက်မိပါတယ်။ အဲဒီလိုက စခဲ့တဲ့ “၀ါခေါင်မိုး”လေးက အခုတစ်လသမီး ရှိသွားပြီပေါ့။ (တစ်လပြည့်တဲ့နေ့ကို Create လုပ်တဲ့ ၂၄ ယူရင်ကောင်းမလား Active စဖြစ်တဲ့ ၂၆ ယူရင်ကောင်းမလား စဉ်းစားရင်း ဝေခွဲမရတာနဲ့ဘဲ ကြားထဲက ၂၅ မှာ ပို့စ်တင်လိုက်ပါတယ်။ ကြိုက်တဲ့နေ့သာ သတ်မှတ်လိုက်ကြတော့နော် .. :D )

တစ်လပြည့် မှတ်တမ်းအနေနဲ့ မအိမ်သူ အထူးပြောလိုတာကတော့ ဘလော့ဂ်လေး စပြီး Active ဖြစ်လာတဲ့အချိန်ကစလို့ အသိအမှတ်ပြုပြီး မအိမ်သူ လုံးဝကို မျှော်လင့်မထားမိခဲ့ လောက်အောင်ထိ နိုင်ငံပေါင်းစုံကနေပြီး လာလည်ကြ စာတွေလာဖတ်ကြ ကွန်မန့်တွေ စီဘောက်စ်တွေမှာ အားပေးသွားခဲ့ကြသူများ ဘာခြေရာမှ မထားခဲ့ပေမဲ့ ရေးခဲ့တဲ့ပို့စ်တွေကို လာရောက်အားပေး ဖတ်ရှုသွားခဲ့ကြသော နိုင်ငံစုံမှ Silent Reader များ မိမိတို့ ဘလော့ဂ်မှာ လင့်ချိတ်ထားပေးခဲ့ကြသူများ အားလုံး အားလုံးတို့ကို တကူးတက လာလည်ကြတဲ့ အတွက်ကော ပို့စ်များကို ဖတ်ရှု အားပေးခဲ့ကြတဲ့ အတွက်ကော မအိမ်သူအနေနဲ့ အင်မတန်မှ ၀မ်းသာမိခဲ့ရသလို အထူးဘဲကျေးဇူးတင်မိပါကြောင်း ပြောလိုပါတယ်ရှင်။ အခုမှ စာစရေးဖို့ စိတ်ကူးရပြီး ကြိုးစားရေးကြည့်မိတဲ့ အိမ်ရှင်မတစ်ယောက်အနေနဲ့ အမှားအယွင်းတွေ ချို့ယွင်းချက်တွေ လိုအပ်ချက်တွေ ရှိနေမှာမလွဲပါဘူး။ စာဖတ်သူများအနေနဲ့ အမှားတွေ့ရင် ပြောသွားကြပါ။ အားနည်းချက်များကိုလည်း  ထောက်ပြသွားပေးကြပါ။ ချို့ယွင်းချက် လိုအပ်ချက်များကိုလည်း အားမနာတမ်း ဝေဖန်ညွှန်ပြ အကြံဉာဏ်များ ပေးသွားကြပါလို့ မေတ္တာရပ်ခံလိုပါတယ်ရှင်။ 
အားလုံးကို Thanks million! ပါလို့ … …

တစ်လပြည့် အထူးမှတ်တမ်း အနေနဲ့ ထပ်ပြောချင်တာကတော့ မအိမ်သူ တစ်လလုံး တင်ခဲ့သမျှ ပို့စ်တွေအားလုံးထဲမှာ စာဖတ်သူအများဆုံး စိတ်ဝင်စားကြတဲ့ ပို့စ်လေးနှစ်ခုကို သတိထားမိပါတယ်။ စပြီးတင်လိုက်ကတည်းက လာဖတ်ကြတဲ့သူ အများဆုံး စာရင်းကနေ ဘယ်တော့မှ မဆင်းခဲ့တာကို သတိပြုမိလို့ပါ။ အခုတစ်လပြည့် ဒီပို့်စ်ကို တင်တဲ့အချိန်ထိ အဲဒီနှစ်ခုက First နဲ့ Second ထိပ်ဆုံးမှာပါဘဲ။
မေချက်ပါသည် စပါ့ဂတီ  က  101 Page views ရှိနေခဲ့ပါတယ်။
ကျန်တဲ့ ပို့စ်တွေက ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ပတ်ဝန်းကျင်မှာဘဲ ရှိပါတယ်။ ဒါကိုကြည့်ပြီး မအိမ်သူ အခုစဉ်းစားနေပါတယ်။ နောက်နောင်ကို လူအများနှစ်သက်ကြတဲ့ အစားအသောက် ပို့စ်တွေချည့်ဘဲ တင်ရင်ကောင်းမလားလို့ … :P :D

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...