Thursday, February 14, 2019

အားကျရတာမောနေပြီ

ပြီးခဲ့တဲ့ တစ်ပတ်က အင်္ဂါနေ့မနက်ကထင်ပါရဲ့.. သမီးကို ကျောင်းသွားပို့တော့ အိမ်က စထွက်ကတည်းက တစ်မြို့လုံး တိတ်ဆိတ်ခြောက်ကပ်လို့… ကားလမ်းကလည်း ရှင်းနေလိုက်တာများ ခါတိုင်း အသွား မိနစ်၂၀ အပြန် မိနစ်၂၀ အားလုံး မိနစ်လေးဆယ်လောက် မောင်းရတဲ့ခရီးကို အဲဒီနေ့က အသွားအပြန် အားလုံးကိုမှ မိနစ်၂၀လောက်ပဲကြာလိုက်တယ်။ အခါတိုင်း ရုံးပိတ်ရက်တွေလိုမျိုးမှ လမ်းတွေနည်းနည်းရှင်းတယ် ဆိုတာတောင် ဒီလောက်ထိရှင်းနေတာမျိုး မရှိဘူး။ တစ်မြို့လုံး ရှင်းလင်းနေလိုက်တာ.. ရုံးခန်းတွေ ဆိုင်ခန်းတွေ အကုန်ပိတ်… ဈေးထဲမလည်း ဖွင့်တဲ့ဆိုင်က လက်ချိုးရေလို့ရမတတ်ပဲ။ ဟင်းချက်ဖို့ နည်းနည်းပါးပါး လိုချင်တဲ့ဟာတောင် မနည်းရှာဝယ်ခဲ့ရတယ်။ 
အမှန်က အဲဒီလို ရုံးဖွင့် ကျောင်းဖွင့်ရက်တွေဆို Traffic က အမြဲတမ်း သမီးကျောင်း အချိန်မီရောက်အောင် မနည်းလုမောင်းနေရတာဆိုတော့ ကိုယ်ကလည်း အူကြောင်ကြောင်နဲ့ စဉ်းစားနေမိတာ.. ဘာဖြစ်လို့ပါလိမ့် ထူးထူးခြားခြားပါလားလို့ အံ့သြတကြီးတွေဖြစ်လို့…နောက်တော့မှ အိမ်နားက ဟိုတယ်တစ်ခုမှာ တရုတ်နဂါး လာကတဲ့ အသံကြားရတော့မှပဲ တရုတ်နှစ်သစ်ကူးကို သတိရမိတော့တယ်။ ဒီလထဲ တရုတ်နှစ်သစ်ကူးရှိမှန်း သိပေမယ့် တရားဝင် ရုံးပိတ် ကျောင်းပိတ်ရက် မဟုတ်လေတော့ အမှတ်တမဲ့နေမိရာက ဘယ်နေ့ရယ်လို့ သတိမထားမိလိုက်တော့တာ..။ အဲဒီလို Offical ရုံးပိတ်ရက် မဟုတ်ပေမယ့်လည်း ဒီနိုင်ငံမှာတော့ အဲသလိုပဲ နားလည်မှုတွေနဲ့ ရုံးတွေ ဆိုင်တွေ ပိတ်လိုက်ကြတာ… တရုတ်နှစ်သစ်ကူးတဲ့နေ့ဆို မြို့က သရဲခြောက်မတတ်ကို ခြောက်ကပ်သွားတော့တာပဲ..။ 
အမှန်က ဒီမှာ ခရစ္စမတ်တို့ New Year တို့ ပြီးသွားတာနဲ့ ဇန္နဝါရီလဆန်းပြီးလောက် ကတည်းကစလို့ ခရစ္စမတ် နယူးယီးယားအတွက် အလှဆင်ထားတာတွေ ဖြုတ်သိမ်း နောက်လာမယ့် တရုတ်နှစ်သစ်ကူး ပွဲတော်အတွက် တစ်မြို့လုံးက ဟိုတယ်တွေ စူပါမားကက်တွေ ဘဏ်တွေ တခြားအရောင်းဆိုင်တွေ ကုမ္ပဏီရုံးခန်းတွေ ကိုယ်ပိုင်လုပ်ငန်းတွေမှာ ရဲရဲတောက်နေအောင် Decoration တွေလုပ်ပြီး အဆင်သင့် ပြင်ဆင်ထားကြပြီးသား…။ ဈေးထဲတွေ ရှော့ပင်းစင်တာတွေ အိမ်သုံးပစ္စည်း အရောင်းဆိုင်တွေ အထည်ဆိုင်တွေမှာလည်း ဒစ်စကောင့်တွေ တရုတ်နှစ်သစ်ကူး အထူးဈေးရောင်းပွဲတွေနဲ့ ကြိတ်ကြိတ်တိုး ယောက်ယက်တွေခတ်နေအောင် ဝယ်ကြခြမ်းကြနဲ့ ပုံမှန်ထက်ကို ပိုစည်ကားနေတတ်တာ..။ ဒီမှာက ဟိုတယ်တွေမှာဆို တနှစ်ပတ်လုံး ဘာပွဲပဲဖြစ်ဖြစ် တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ခမ်းနားသထက်ခမ်းနားအောင် Decoration တွေ လုပ်တတ်ကြတယ်။ 




ဒီကခမာလူမျိုးတွေကလည်း တနှစ်ပတ်လုံး ဘာပွဲလမ်းသဘင်မျိုးပဲ ဖြစ်ဖြစ် သူတို့ဓလေ့ ဟုတ်ဟုတ် မဟုတ်ဟုတ် အင်တိုက်အားတိုက်ကို ပါဝင်ဆင်နွဲတတ်ကြတဲ့ သူမျိုးတွေ.. တကယ်က ကမ္ဘောဒီးယားဟာ မြန်မာပြည်လိုပဲ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံ တစ်ခုပါ။ ဒါပေမယ့် ခမာလူမျိုးတွေကတော့ ကိုယ့်ဓလေ့ရိုးရာ မဟုတ်သော်ငြားလည်း နိုင်ငံတကာက ဘယ်လိုပွဲလမ်းမျိုးကိုပဲဖြစ်ပါစေ စိတ်ပါလက်ပါနဲ့ကိုဆင်နွဲတတ်ကြတယ်။ 
တရုတ်နှစ်သစ်ကူးဆို တစ်မြို့လုံး တုံချမ်းတုံချမ်းနဲ့ တရုတ်နဂါးတွေကရင်း ဗျောက်တွေ တဒိုင်းဒိုင်း မီးရှူးမီးပန်းတွေ တဖောင်းဖောင်းနဲ့ ကူးလိုက်တာပဲ။ တစ္ဆေကြီးကန်တော့တာတို့ လမုန့်ပွဲတော်တို့လည်း ပွဲတခြိမ့်ခြိမ့်နဲ့ ကျင်းပလိုက်ကြတာပဲ။ ခရစ္စမတ်လုပ်ရမလား လာထားပဲ။ မီးရောင်စုံတွေနဲ့ အလှဆင်လို့.. စင်တာကလော့က လက်ဆောင်တွေ ဝေလို့… အယုတ်အလတ် အမြတ်မရွေး အားလုံးပျော်ကြရအောင် လုပ်တတ်ကြတာ…။ အင်္ဂလိပ်နှစ်သစ်ကူးမလား လာခဲ့.. တပျော်တပါး စည်စည်ကားကား ပွဲတွေလမ်းတွေ ကျင်းပပြီး ဒီဂျေတွေနဲ့ Count Down ပွဲတော်တွေ အပြိုင်အဆိုင်နဲ့ကို ကူးပစ်လိုက်ကြတာ..။ ဘယ်လောက်ထိတောင်လဲဆိုရင် အရင်က ကိုယ်တွေ တစ်ခါမှတောင် မကြားဖူးခဲ့တဲ့ World Music Day ဆိုတာကိုတောင် ဇွန်လထဲမှာ နှစ်စဉ်လို ကျင်းပလာတတ်ကြတာ အခုဆို သုံး လေး ငါးနှစ်တောင် မကတော့ဘူး။ ကိုယ့်မှာ သူတို့အဲလိုပွဲလုပ်တော့မှပဲ ဇွန်လ ၂၁ရက်နေ့ဟာ ကမ္ဘာ့ဂီတအနုပညာနေ့ ဆိုတာကို သိတော့တာပဲ..။ အဲဒီနေ့ဆိုရင် တနေကုန် ညဉ့်နက်တဲ့အထိ လူတိုင်းပါဝင်လို့ရတဲ့ ဂီတပွဲတွေ စတိတ်ရှိုးတွေ တူရိယာမျိုးစုံ လက်စွမ်းပြတီးခတ်တာတွေကို မရိုးရအောင် မြို့ပတ်ပြီး တဝကြီးကိုကြည့်ပေတော့… ကလေးငယ်တွေလည်း စင်ပေါ်တက် ဖျော်ဖြေကြ.. နိုင်ငံခြားသားတွေကလည်း ကိုယ်တတ်တဲ့ တူရိယာတွေနဲ့ လက်စွမ်းပြ တီးခတ်ဖျော်ဖြေကြ… ဂီတဖျော်ဖြေပွဲကလည်း ဂျက်ဇ်လား ဘလူးစ်လား ရော့ခ်လား ပေါ့ပ်လား စုံလို့.. အားရပါးရကို နားထောင်ရတယ်။ 
ဒီတော့ ပွဲမျိုးစုံကို အဲသလိုတွေ ကျင်းပနေကြလို့ သူတို့မှာ ရိုးရာပွဲတော်တွေ မရှိလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ သူတို့ခမာဓလေ့ ရိုးရာပွဲတော်တွေဆိုတာများ တနှစ်ပတ်လုံးမှာ လတိုင်းနီးပါး အပြည့်ပဲ.. ခမာနှစ်သစ်ကူး၊ ခမာသီတင်းကျွတ် သင်္ချိုင်းကန်တော့ပွဲ၊ ခမာရေသဘင်ပွဲတော် (လှေပြိုင်ပွဲ)၊ ခမာကထိန်ပွဲ၊ ခမာတန်ဆောင်တိုင် မီးဖောင်မျှောပွဲ… စုံတကာကိုစိလို့။ မြန်မာပြည်က ဆယ့်နှစ်လရာသီ ပွဲတော်တွေလိုပဲ သူတို့မှာလည်း ဘာသာရေး ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်တွေ အများကြီးရှိတယ်။ 
ခမာလူမျိုးတွေကို ချီးကျူးမိတာတစ်ခုရှိတယ်။ သူတို့တွေကလေ သူတို့ရဲ့ ခမာ Traditions တွေ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ကိုးကွယ်ယုံကြည်မှုတွေကို အလေးထားပြီး မပျောက်မပျက်ရအောင် လက်ဆင့်ကမ်း ထိန်းသိမ်းတယ်။ အဲဒီလိုဖြစ်လို့ တခြား ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လက်မခံဘူးလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ နောက်ပြီးတော့လေ.. ခမာတွေသိပ်တော်တယ်လို့ ကိုယ်ယူဆမိတဲ့ အချက်တစ်ခုက Adjust & Adaptation သိပ်လုပ်တတ်တယ်။ ဘယ်လူမျိုးရဲ့ ဓလေ့ပဲလာလာ… ဘယ်ဘာသာရဲ့ ပွဲတော်ပဲဖြစ်ဖြစ်… ခမာဓလေ့နဲ့ ရအောင် ပေါင်းစပ်ပြီး သူတို့ရဲ့ ရိုးရာပွဲတော်လို ပုံစံမျိုးဖြစ်သွားတဲ့အထိကို တဖြည်းဖြည်းချင်း ပြောင်းလဲပစ်နိုင်ကြတာ သိပ်ချီးကျူးဖို့ကောင်းတာပဲ။ 
ဒီမှာက Tourism Country ဆိုတော့ ကမ္ဘာတဝှမ်းက နိုင်ငံခြားသားပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံနေရတာလည်း တစိတ်တပိုင်း ပါလိမ့်မယ်ထင်တယ်။ 
ခမာလူမျိုးတွေလည်း မြန်မာတွေလိုပဲ… ပွဲလမ်းသဘင် အင်မတန်ကြိုက်တတ်ကြတာ။ ပျော်ပွဲရွှင်ပွဲ အမျိုးအမည် ပေါင်းစုံရှိတယ်။ ပွဲကြီးလမ်းကြီးရယ်မှ မဟုတ်ဘူး။ လမ်းဘေးပွဲလို ချောက်တိချောက်ချက်ကလေးလို ဟာမျိုးတောင် ရအောင်ပျော်တတ်ကြတဲ့ လူမျိုးတွေ…။ နောက်ထပ် ချီးကျူးစရာတစ်ခုက သူတို့ရဲ့ ရိုးရာ ပွဲလမ်းသဘင်တွေကိုလည်း ကိုယ့်လူမျိုးအတွက် သက်သက်မဟုတ်ပဲ နိုင်ငံတကာကလာကြတဲ့ နိုင်ငံခြားသားတွေ လူမျိုးစုံ ဘာသာစုံ ပါဝင်ဆင်နွှဲနိုင်တဲ့ပုံစံမျိုးဖြစ်အောင် ကျင်းပပြုလုပ်တတ်ကြတယ်။ တခြား နိုင်ငံတကာက ပွဲလမ်းတွေဆိုလည်း ဘာပဲဖြစ်ဖြစ် လာထားပဲ.. သူတို့ ရိုးရာဓလေ့ကိုလည်း မပျက်စေပဲ အဲသလိုနိုင်ငံတကာပွဲတွေကိုလည်း သူတို့ရဲ့ခမာဆန်တဲ့ ပုံစံမျိုးနဲ့ ဆင်နွှဲနိုင်အောင် ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲယူတတ်ကြသေးတယ်။ 
အခုဆို ဗယ်လင်တိုင်းဒေး လာပြီ။ အဲဒီနေ့ဆို တစ်မြို့လုံးက လမ်းမတွေပေါ်မှာ ညနေဖက်ဆို နိုင်ငံခြားသားတွေရော ခမာတွေရော တိုးမပေါက်အောင် ကြိတ်ကြိတ်တိုး တပျော်တပါး စည်စည်ကားကား ပါဝင်ဆင်နွဲကြဦးမယ်။ အိမ်ရှေ့တွေမှာ စားပွဲလေးခင်းလို့ ယာယီ ဈေးဆိုင်လေးတွေဖွင့်ရင်း လက်ဆောင်ပစ္စည်းလေးတွေ အရုပ်တွေရောင်းတဲ့ ဆိုင်ကလေးတွေ ပန်းတွေ ပန်းစည်းတွေ ပုံစံအမျိုးမျိုးနဲ့ အလှဆင်ထားတဲ့ ပန်းဆိုင်ကလေးတွေဆိုတာ လက်ညှိုးထိုးမလွဲပဲ။ မြန်မာပြည်မှာလို တည်းခိုခန်းသွား ဗယ်လင်တိုင်းကြတာမျိုးမဟုတ်ပဲ ပွဲတော်တစ်ခုလို ပျော်ပျော်ပါးပါး ချစ်သူနဲ့လက်တွဲပြီး စားကြသောက်ကြ လည်ကြပတ်ကြ ပွဲဈေးတွေလျှောက်ကြ လက်ဆောင်တွေ အရုပ်တွေဝယ်ကြ ချောကလက်တွေ နှင်းဆီပန်းတွေပေးကြနဲ့ ဘေးကနေ မြင်ရတာတောင် ပျော်ရွှင်ရတယ်။ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးအတူတကွ ပျော်ရွှင်စီးမျောလို့ရကြတယ်။ တကယ့်ကို တပျော်တပါးကြီး ဘုရားပွဲဈေးလျှောက်နေရသလိုပဲ။ အဲဒီတော့ လူငယ်တွေအတွက်လည်း အန္တရာယ်ကင်း ဘေးရှင်း ဗယ်လင်တိုင်းပျော်ပွဲရွှင်ပွဲ အနေနဲ့ Local ရယ် Foreigner ရယ်မဟုတ်တော့ပဲ လူကြီး လူငယ် ကလေးပိစိကွေးကအစ လူမျိုးဘာသာမရွေး လူတန်းစားမရွေး အားလုံးတပျော်တပါး ပါဝင်ဆင်နွဲနိုင်တဲ့ ပွဲတော်ကြီး တစ်ခုလို ပုံစံမျိုးဖြစ်သွားရော…။ ခရစ္စမတ်တို့ နယူးယီးယားတို့လို နိုင်ငံတကာ ပွဲတော်တွေကိုလည်း အဲသလိုပါပဲ။ သူတို့ ခမာစတိုင်နဲ့ ကြီးကြီးကျယ်ကျယ် ကျင်းပပစ်လိုက်တတ်ကြတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ အဲဒီပွဲတွေက သူတို့ ခမာပုံစံဝင်သွားရော..။ 
ဒါက ခမာတွေ သူတို့နည်း သူတို့ဟန်နဲ့ ပါဝင်ဆင်နွဲတတ်ကြတဲ့ ပွဲလမ်းသဘင်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဒီမှာနေထိုင်ရင်း ကိုယ်တိုင်မြင်တွေ့ ကြားသိထားသမျှ အကြမ်းဖျင်းလောက်ကလေး ပြောပြရုံပဲ ရှိသေးတာ…။ တခြား လက်မှုပညာတို့ အနုပညာတို့ ဘာတို့မှာလည်း အဲသလိုပဲ.. နိုင်ငံတကာက ပုံစံတွေနဲ့ သူတို့ရဲ့ ခမာရိုးရာ နဂိုမူလဟန်တွေနဲ့ ပြုပြင်ပေါင်းစပ်ပြီး ခမာပုံစံ ခမာစတိုင် ဖြစ်သွားတဲ့အထိ ရောယှက်ပြီး Adapt လုပ်ယူတတ်ကြတယ်။ 
အခုဆို ကမ္ဘောဒီးယားမှာ တခြားသော လူမှုရေး ပညာရေး စီးပွားရေး နည်းပညာ ဘက်ပေါင်းစုံကနေ သူတို့ပုံစံနဲ့သူတို့ တိုးတက်ပြောင်းလဲလာနေခဲ့တာကို ကိုယ့်မျက်စိရှေ့မှာတင်ပဲ သိနေမြင်နေ လက်တွေ့ကျကျကို လက်ခံနေခဲ့ရပြီ။ ကိုယ်တွေက ဒီမှာ အနေကြာနေပြီဆိုတော့ တနှစ်ထက်တနှစ် အဲသလို သိသာထင်ရှားစွာနဲ့ ပြောင်းလဲလာနေခဲ့တာတွေကို သိမြင်ထိတွေ့နေရတဲ့အချိန်မှာ အရမ်းကိုအားကျမိတယ်။ ကိုယ့်နိုင်ငံကိုလည်း အဲသလိုမျိုး ဖြစ်စေချင်တာ… အတော်ကို အားမလို အားမရ မချင့်မရဲ ဖြစ်ရတယ်။ 
အရင်က ကမ်ပူးချားလို့ ခေါ်ခဲ့တဲ့ ကမ္ဘောဒီးယားဟာ ဟိုးအရင် ကိုယ်တွေဒီကိုရောက်လာခါစ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က အခြေအနေတွေနဲ့ အခုအချိန်မှာ ဘာမှကို မဆိုင်တော့လောက်အောင် ကွာခြားသွားခဲ့ပြီ။ လွန်ခဲ့တဲ့ လေး ငါးနှစ်လောက်ကတည်းက ကမ္ဘောဒီးယားက မြန်မာပြည်ကို တဖြည်းဖြည်းချင်း ဖြတ်ကျော်တက်နေခဲ့ပြီ ဆိုတာကို မျက်မြင်ကိုယ်တွေ့ကို သတိထားမိလာခဲ့တာ…။ 
အရင်လွန်ခဲ့တဲ့ ဆယ်စုနှစ် ကျော်လောက်ဆီကတောင် အာဆီယံမှာဆို ကမ္ဘောဒီးယား၊ လာအို ဆိုတာ မြန်မာပြည်နဲ့ယှဉ်ရင် နောက်နားက အတော်ဝေးဝေးမှာ ရှိနေခဲ့သေးတာ.. အခုဒီနေ့ ဒီအချိန်မှာတော့ အဲဒီနှစ်နိုင်ငံစလုံးဟာ တချို့သော တိုးတက်ပြောင်းလဲမှုတွေမှာ မြန်မာပြည်ကို ကျော်တက်ပြီး နောက်ကောက်ချသွားခဲ့ပြီ။ တော်တော်ကြီး ကြိုးစားလိုက်ကြမယ်ဟေ့ ဆိုရင်တောင် မှီနိုင်ဖို့ အတော်ခက်တဲ့ အနေအထားမှာ ဖြစ်နေပြီ။ 
ကိုယ့်နိုင်ငံကို အထင်သေးတာ မဟုတ်ပေမယ့် စင်္ကာပူကို ခဏထားလို့ လောလောဆယ်မှာ အရင်က ကိုယ့်နောက်မှာ နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ ဒီနှစ်နိုင်ငံကို အခုနေမှာ ပြန်ပြီး အမှီလိုက်နိုင်ဖို့ဆိုတာကတောင် အတော်ကြီးကို ကြိုးစားကြရလိမ့်ဦးမယ်လို့ မြင်နေမိတာပဲ..။
မြန်မာရယ် ကမ္ဘောဒီးယားရယ် လာအိုရယ် သုံးနိုင်ငံလုံးဟာဆင်းရဲတဲ့နိုင်ငံ.. မတိုးတက် မဖွံ့ဖြိုးသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ယှဉ်ကြည့်လိုက်ရင်တောင် နယ်ပယ်အတော်များများမှာ အရှိန်အဟုန်နဲ့ တိုးတက်နေတာချင်းကတော့ ဘယ်လိုမှကို မတူတော့တာ… ဒီမှာ နေ နေရင်းနဲ့ ခမာပြည်ကြီး တနေ့တခြား တိုးတက် ပြောင်းလဲ သွားတာတွေကို နေ့စဉ်မြင်တွေ့ အားတွေကျနေခဲ့ရတာ ကိုယ့်အတွက်တော့ အတော်ကို မောနေပါပြီလေ..။ 
▲ ▼ ▲ ▼ ▲ ▼ ▲ ▼

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Monday, December 31, 2018

ဒီဇင်ဘာရထား

ထွက်ခွာသွားတော့မယ့် ဒီဇင်ဘာရထားကို နှုတ်ဆက်စကားလေး ဆိုလိုက်ပါရစေ
နောက်တစ်ကြိမ် ဆိုက်ရောက်လာတဲ့အခါ
နောက်ထပ်လည်း အကြိမ်ပေါင်းများစွာ ဆိုက်ရောက်လာဦးမယ့် ဒီဇင်ဘာ
သက္ကရာဇ်ဘူတာတွေကို မရပ်မနားဖြတ်သန်း
အနာဂတ်လမ်းပေါ်မှာ သူ့တာဝန် သူထမ်းနေလိမ့်ဦးမှာလေ
ဒီဇင်ဘာရထားကို နောက်ထပ် ဘယ်နှစ်ကြိမ်များ နှုတ်ဆက်ခွင့်ကြုံရမှာလဲ
အနာဂါတ်ဆိုတာ နောက်ထပ် တစ်မိနစ် တစ်စက္ကန့်တောင် သေချာနိုင်တာမှ မဟုတ်ပဲလေ
နောက်ထပ်တနှစ်ဆိုတာထက် ပိုနီးတာဟာ သေခြင်းတရားမဟုတ်လား
ပစ္စုပ္ပန်မဟုတ်တဲ့ ဘယ်အရာတွေကိုများ အပိုင်တွက်ထားလို့ ရနိုင်ပါ့မလဲ
ပြီးဆုံးသွားမယ့် တစ်မိနစ်နောက်မှာ ပြောင်းလဲသွားမယ့် တစ်မိနစ်က ကပ်ပါလာနေဦးမှာ
ကဲ..လာ ဟောဒီမှာ ဒီဇင်ဘာရထားခွာတော့မယ်
နှုတ်ဆက်ကြ၊ လက်ပြကြ၊ ဝမ်းနည်းကြ၊ ကြေကွဲကြ၊ ခံစားကြလို့မှ မပြီးခင်
နောက်တစ်နှစ်ကိုဝင်ပြန်ပြီတဲ့လား
ချက်ချင်းပြောင်းလဲသွားခဲ့ရပြန်တဲ့ ခံစားချက်များနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရပေဦးမယ်
ခရီးဆက်သွားပါ ဒီဇင်ဘာ တချိန်မှာ ပြန်ဆုံရဖို့တော့ မျှော်လင့်ထားပါတယ်
တစ်နှစ်တာရဲ့ အဆိုးအကောင်း အကျိုးအကြောင်းတွေကို မင်းနဲ့ တပါတည်း သယ်ဆောင်ယူသွားလိုက်ပါ
ကံအကြောင်းမလှလို့ ဒီဇင်ဘာကို နှုတ်ဆက်ခွင့်မကြုံလိုက်ကြရသူတွေကို
သတိတရနဲ့ တမ်းတနေခဲ့ကြသူတွေ ရှိနေသေးတဲ့အကြောင်း
အမှာစကားအပေါင်းကို ထပ်ခါလောင်းလို့ ဒီဇင်ဘာရေ
သက်ဆိုင်သူများဆီ နှစ်သစ်အမီ ဆောင်ယူသွားလှည့်ပါ

▬ § ▬ § ▬ § ▬ § ▬ § ▬ § 

                   အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ...။ ၂၀၁၈ ခုနှစ်ကို နှုတ်ဆက်စကားဆိုရင်း ၂၀၁၉ ခုနှစ်ကို ကြိုဆိုတဲ့အနေနဲ့ ဒီကဗျာလေးကို ရေးဖြစ်ပါတယ်။ မရောက်တာကြာနေတဲ့ ကိုယ့်ဘလော့ဂ်လေးပေါ်လည်း အလည်အပတ် တစ်ခေါက် လာရင်းနဲ့ပေါ့...။ နှစ်သစ်မှာ စာလေးတွေ ကြိုးစားရေးနိုင်ဖို့လည်း အားယူရင်းနဲ့ ဆိုပါတော့လေ...။ ကိုယ်ပြောချင်လှတဲ့ အကြောင်းအရာမျိုးစုံကို စိတ်ကူးထဲမှာပဲ စီနေဖြစ်ခဲ့တဲ့ စာတွေများနေခဲ့ပြီး လက်တွေ့ ချမရေးဖြစ်ခဲ့တာ အတော်လေး ကြာနေခဲ့ပေါ့...။ နှစ်သစ်နဲ့အတူ ဘလော့ဂ်ပို့စ် အသစ်လေးတွေ မကြာမကြာ ရေးဖြစ်နိုင်ဖို့ ကိုယ့်ဟာကိုယ် တွန်းအားပေးနေဖြစ်အောင် ကြိုးစားနေပါတယ်လို့...။

🎉🎆🎆"Happy New Year!"🎆🎆🎉



အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, August 31, 2018

August ပိတောက်

ဒီပိတောက်ပင်ကလေ တစ်လတစ်ခါလောက်ကိုပွင့်တယ်။ တစ်ခါပွင့်ရင်လည်း အပင်ပေါ်မှာ ၃ရက်လောက် ခံတယ်။ ကိုယ်ကလည်း ပိတောက်ကြိုက်တဲ့သူဆိုတော့ အဲဒီနားဖြတ်သွားတိုင်း အပင်ပေါ်မော့မော့ကြည့်ရတာ အလုပ်တစ်ခုလိုကိုဖြစ်လို့... အချိန်မဟုတ် အခါမဟုတ်မှာ ပိတောက်တွေပွင့်နေတာမြင်ရတာ သိပ်သဘောကျတာပဲ။


ဩဂုတ်မှာပွင့်တဲ့ပိတောက်ကို သစ္စာဖောက်တယ်လို့ပြောကြမှာလား
ပိတောက်ရဲ့သစ္စာဟာ ရာသီဥတုနဲ့သာ သက်ဆိုင်တယ်။
ရာသီတွေက ဖောက်ပြန်မှတော့ ပိတောက်ကလည်း တစ်နှစ်လုံးပွင့်ရတာပ
ဘယ်သူပြောသလဲပိတောက်ဟာ တစ်ကြိမ်တည်းသာပွင့်ရမယ်လို့
ဂျူလိုင်၊ ဩဂုတ်ရောက်လည်း အပင်ထက်မှာ အဖူးတွဲလဲရှိနေမှတော့
မိုးကလေးတစ်ဖြိုက်မှာ ပိတောက်တွေခဲနေအောင် ပွင့်ပစ်လိုက်ရမှာပဲလေ
မနှစ်တုန်းဆီက ဒီဇင်ဘာမှာတောင်ရာသီက အခါပေးလာပြန်တော့
တစ်ပင်လုံးမှာ အဝါခက်တွေ ထိန်ထိန်ဖြာနေအောင် ပွင့်ခဲ့ရသေးတာပဲမဟုတ်လား
ဩဂုတ်ပိတောက်ကို သစ္စာဖောက်တယ်လို့မဆိုပါနဲ့
ဧပြီပိတောက်ဝါသလို ဩဂုတ်ပိတောက်လည်းဝါ
ဧပြီပိတောက်မွှေးသလို ဩဂုတ်ပိတောက်လည်းမွှေး
ဧပြီပိတောက်ကြွေသလို ဩဂုတ်ပိတောက်လည်းကြွေရတာပါပဲ။
ရာသီဥတုက သစ္စာဖောက်လို့သာ
အချိန်အခါမရောက်ပဲ ပိတောက်တွေ ဆုပ်ဆုပ်ခဲခဲပွင့်ခဲ့ရတာ
ဘယ်အခါမှာပဲ ပွင့်ပါစေ ပိတောက်ဟာ ဝင်းဝင်းဝါလို့နေမြဲ
ပိတောက်နံ့မွှေးမွှေးဟာ လေပြေအေးထဲ တသင်းသင်းမွှေးမြဆဲ
တကယ်တော့လည်း ဘယ်အချိန်မှာပဲပွင့်ပွင့် ပိတောက်ဟာ ပိတောက်ပါပဲလေ
ပွင့်ပါစေတော့ပေါ့ပိတောက်ချစ်သူများအတွက်
ပိတောက်ပွင့်မယ့်ရက်ကို လက်ချိုးရေတွက်နေစရာမလိုတော့တာ
နေ့စဉ်ပိတောက်ပွင့်ပါစေ သီချင်းလေးညည်းဖို့မလိုအပ်တော့တာ
ပေါ်လီယာနာလို အတွေးလေးပေါ့ဝမ်းသာစရာမဟုတ်လား
တမင်တကာရယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ
ပိတောက်လည်း သစ္စာကိုတန်ဖိုးထားခဲ့ပါရဲ့
ဒါပေမယ့်လို့ လောကပါလတရားတွေက ဖောက်ပြားမှတော့
ပိတောက်ဟာ တစ်နှစ်ပတ်လုံး အလကားနေရင်းပွင့်နေရရှာတော့တယ်


▲ ▲ ▲ ▲ ▲  ♥♥♥  ▲ ▲ ▲ ▲ ▲

(ဒီကနေ့ ဘလော့ဂ်ဒေးမှာ အမှတ်တရ စာလေးတစ်ခုခုတင်ချင်တာ အထွေအထူးရေးဖို့လည်း အချိန်သိပ်မရတာနဲ့ ဒီကဗျာလေးပဲ အချိန်မီ တင်လိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရတော့ ဖြစ်သွားတာပဲလေ...။ သမီးကျောင်းပို့ရင် ဖြတ်သွားနေကျလမ်းမှာ ပိတောက်ပင် ၂ပင်ကပ်လျက်ရှိတယ်။ အဲဒီပိတောက်ပင်တွေက တစ်နှစ်ပတ်လုံး ခဏခဏကိုပွင့်နေကြတာ... နည်းနည်းပွင့်တာနဲ့ များများပွင့်တာပဲကွာတယ်။ ဧပြီ သူပွင့်ရမယ့်အချိန်ဆို တစ်ပင်လုံး ညွှတ်ခဲနေအောင်ပွင့်ကြတယ်။ ကျန်တဲ့အချိန်တွေမှာတော့ အဲဒီလောက်မများပေမယ့် သတိထားမိရလောက်အောင်တော့ ပွင့်နေကြတာပဲ။ အခုလည်း ဒီတစ်ရက် နှစ်ရက် နေပူလိုက် မိုးရွာလိုက်ဖြစ်တာနဲ့ အပင်ပေါ်မှာ ပွင့်နေကြပြန်ပါရော... ကိုယ်ကလည်း နေ့တိုင်းအဲဒီနားကဖြတ်ရင် အပင်ပေါ်အလိုလိုမော့ကြည့်မိလျက်သားပဲ... အကျင့်ပါနေသလိုတောင်ဖြစ်နေပြီ။ ပိတောက်ပန်းလေးတွေ ပွင့်နေတာမြင်လိုက်ရတိုင်းလည်း ငယ်ငယ်ရွယ်ရွယ် ဆယ်ကျော်သက်ကလေးတစ်ယောက် မဟုတ်ရပါဘဲနဲ့ ဘာဖြစ်လို့ စိတ်ထဲမှာ လှစ်ကနဲပျော်သွား ဝမ်းသာသွားမိရမှန်းလည်း ကိုယ့်ဟာကိုယ်မသိဘူး။ ဒါပေမယ့် ပိတောက်ပင်ပေါ်မှာ ပန်းကလေးတွေ မြင်လိုက်ရရင်ကို အလိုလိုပျော်ရွှင်ကျေနပ်သွားမိတာတော့ အမှန်ပဲ...။ ဘာပဲဖြစ်ဖြစ် ဘလော့ဂ်ဒေးမှာ ပွင့်တဲ့ပိတောက်အတွက် အမှတ်တရကဗျာလေး တစ်ပုဒ်တော့ ရေးမိသွားတာပေါ့...။ အားလုံးပဲ Happy Blog Day! ပါလို့ နှုတ်ဆက်လိုက်ပါတယ်နော်...။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Thursday, March 8, 2018

Rumduol လေးတွေ ပွင့်ချိန်တန်

ကမ္ဘောဒီးယားနိုင်ငံရဲ့ အမျိုးသား သင်္ကေတ အမှတ်အသားတစ်ခု ဖြစ်တဲ့ Rumduol လို့ခေါ်တဲ့ ပန်းကလေးတွေ ပွင့်ကြပြီ။ မြန်မာပြည်က ကံ့ကော်ပန်း ကလေးတွေ ပွင့်ချိန်နဲ့ တူတူလောက်ပဲ ဖြစ်မယ်ထင်တယ်။ ခမာလို (Phka Rumduol) (ဖ)ကာ ရမ်ဒူးလ် လို့ခေါ်တဲ့ ပန်းကလေးကို ကမ္ဘောဒီးယားနိုင်ငံရဲ့ National Flower အဖြစ် သတ်မှတ်ထားပါတယ်။

အပင်ပေါ်က ပွင့်ကာနီး ရမ်ဒူးလ်ပန်း အဖူးကလေးတွေပါ။ ရုတ်တရက် ကြည့်ရင် ကံ့ကော်ပန်း အဖူးကလေးတွေနဲ့ တူသလိုပါပဲ။
အဲဒီ ပန်းနာမည်ကို သူတို့ ခမာလို ပီပီသသ အသံထွက်က ခေါ်ရတာ နဲနဲခက်ပါတယ်။ ကိုယ့်နားထဲ ရမ်ဒူးလ်ပဲ ကြားပေမဲ့ တကယ်က ရွမ် နဲ့ ရမ် နဲ့ ကြားကအသံပါ။ ဒူးလ် လည်းအဲဒီလိုပဲ.. ဒိုးလ် နဲ့ ဒူးလ် နဲ့ ကြားက အသံမျိုးပဲ။ အဲဒီ ‘ဒ’ သံကို အသံထွက်ရင် ဒဒွေးသံ ပီပီသသလည်း မဟုတ်ပြန်ဘူး..။ ‘သ’ လို အသံလေးလဲ နည်းနည်း ပါသေးတယ်။ လျှာနဲ့ သွားနဲ့ထိကပ်ပြီး ထွက်လာတဲ့  ‘ဒ’ သံ.. အင်္ဂလိပ်လို အဲဒီအသံထွက်ကို အနီးစပ်ဆုံး ပြောရရင် they, them, though, these, those အဲဒီ စကားလုံးတွေကို အသံထွက် သလိုမျိုး (th-) သံ.. ‘ဒ’ နဲ့ ‘သ’ နဲ့ ပေါင်းထားတဲ့ အသံ… ‘သ’ ကြီးသံ ပြောရမလားပဲ..။ Phka (ဖကာ) ဆိုတာကတော့ ခမာလို (flower) ပန်းကိုခေါ်တာပါ။ အဲဒါကိုလဲ အသံထွက်ရင် အရှေ့က ‘ဖ’ သံလေးက ပီပီသသ ထွက်ရတာ မဟုတ်ပြန်ဘူး။ နှုတ်ခမ်းလေး နှစ်ခုကို လေထွက်ရုံလေး ဖိပိတ်လိုက်ပြီး အနောက်က ‘ကာ’ ဆိုတဲ့ အသံကိုပဲ နည်းနည်းသံရှည်လေးဆွဲပြီး ထွက်ရတာ.. ရှေ့အသံကို မျိုချလိုက်တာမျိုး.. ခမာတွေပြောတာကို နားထောင်ကြည့်ရင် ‘ကားရမ်ဒူးလ်’ လို့ပဲ ကြားရလိမ့်မယ်။

ရမ်ဒူးလ်ပန်းပွင့်ကလေးတွေ...

ခမာလူမျိုးတွေ အထူးတလည် တန်ဖိုးထား မြတ်နိုးကြတဲ့ ရမ်ဒူးလ် ပန်းကလေးရဲ့ scientific name က Sphaerocoryne affinis လို့ခေါ်ပါတယ်။ နောက်တမျိုးအနေနဲ့ Mitrella mesnyi လို့လဲ ခေါ်ကြ သေးတယ်။ ဒီပန်းလေးတွေက ဖေဖေါ်ဝါရီလောက်ဆို စပွင့်တတ်ပြီး ခမာနှစ်သစ်ကူးချိန် ဧပြီလလောက်အထိ လှိုင်လှိုင်ပွင့်ကြပါတယ်။ ခမာလူမျိုးတွေဟာ ရမ်ဒူးလ်ပန်းလေးတွေကို သိပ်တန်ဖိုးထားကြတယ်။ သဘာဝအလျောက် အလေ့ကျပေါက်တဲ့ ရမ်ဒူးလ်ပင်တွေကို ကမ္ဘောဒီးယားနိုင်ငံမှာ နေရာအနှံ့ တွေ့မြင်နိုင်တဲ့အပြင် တမင်တကာကို အလေ့ကျမဟုတ်ပဲ မိမိနေအိမ် ခြံထဲမှာ၊ လမ်းမတန်းတွေမှာ၊ ပန်းခြံတွေထဲမှာ အစရှိသဖြင့်လည်း အမြတ်တနိုး တန်ဖိုးထားပြီး စိုက်ပျိုးထားလေ့ ရှိတတ်ကြတယ်။ 

ရမ်ဒူးလ်ပင်ကလေးပါ။
ရမ်ဒူးလ် ပန်းပင်က သိပ်ကြီးမားတဲ့ အပင်ကြီးမျိုးတော့ မဟုတ်ဘူး။ အပင်လတ်မျိုးလို့ ပြောရလိမ့်မယ် ထင်တယ်။ အပင်အမြင့်က ၁၂ပေ လောက်ကနေ အလွန်ဆုံး ၃၈ပေ လောက်နဲ့ ပင်စည်လုံးပတ်က လူကြီးလက်မောင်းလုံး သာသာလောက် ကနေ အကြီးဆုံးရှိမှ ၁၀လက္မ ကနေ ၁၂လက္မ အချင်းလောက်သာ ရှိတတ်ကြတယ်။ ပုံမှန်တွေ့နေကျ အပင်တွေကတော့ လူတစ်ရပ်သာသာ ကျော်ရုံလောက် အနေလေးတွေ ကနေ ၁၀ပေ ၁၂ပေ အမြင့်သာသာလေးတွေပဲ အတွေ့ရများပါတယ်။ အန်းကောဝပ် ကျောင်းတော်ရှိရာ တောကြီးထဲမှာတော့ အတော်အတန် ကြီးမားတဲ့ အပင်ကြီးတွေ ရှိတာပေါ့။ ဒီအပင်က ဆယ့်နှစ်ရာသီပတ်လုံး စိမ်းလန်းနေတတ်တဲ့ အမြဲစိမ်းသစ်ပင် အမျိုးအစားထဲမှာ ပါတယ်။ ရမ်ဒူးလ် ပန်းကလေးတွေက ကြက်ဥနှစ်ရောင်လို ဝါဖျော့ဖျော့ အရောင်မျိုးရှိပြီးတော့ တြိဂံပုံ သုံးပွင့်ဆိုင်နေတဲ့ ပွင့်ဖတ် ပွင့်ချပ် ကလေးတွေက ခပ်ထူထူ မာတောင့်တောင့်လေးတွေပါ။ 

ပန်းကလေးရဲ့ အနီးကပ်ပုံ...
ရမ်ဒူးလ်ပန်းလေးတွေကို အထူးတလည် တန်ဖိုးထား မြတ်နိုးရတဲ့ အကြောင်းရင်းကတော့ ထူးခြားပြီး စွဲမက်စရာကောင်းလောက်အောင် ချိုအီ သင်းပျံ့ မွှေးမြလွန်းလှတဲ့  ရနံ့ကြောင့်ပါပဲ..။ ကျပ်ပြားဝိုင်း သာသာလောက်လေး ရှိတဲ့ ပန်းပွင့်ဝါဖျော့ဖျော့ ကလေးတွေ ပွင့်ကြပုံက သစ်ရွက်ကလေးတွေရဲ့ အောက်ဖက်မှာ အကာအကွယ်ယူပြီး ပွင့်လို့ ပွင့်နေမှန်းတောင်  တော်တန်ရုံနဲ့ မသိနိုင်ပဲ ရုတ်တရက် ရှာဖွေမတွေ့နိုင် လောက်အောင် ပုန်းရှိုးကွယ်ရှိုးနိုင် သလောက် သူ့ရဲ့ ထူးခြားသင်းပျံ့တဲ့ ရနံ့ကတော့ သိမ်းဝှက်ထားဖို့ ခက်လွန်းလှစွာပဲ တော်တော်လေးဝေးတဲ့ အကွာအဝေးလောက်ထိအောင်ကို ပျံ့လွင့်နိုင်စွမ်း ရှိပါတယ်။ ပန်းလေး တစ်ပွင့်လောက် ခူးလာပြီး အိမ်ထဲ ယူလာရင်တောင် တစ်အိမ်လုံး ဘယ်နေရာကဖြစ်ဖြစ် ထုံသင်း မွှေးကြိုင် နေတတ်တာမျိုး... ပေ၁၀၀ ပတ်လည်လောက် ခြံကြီးထဲမှာ တစ်ပင်လောက် စိုက်ထားလို့ ပန်းပွင့်နေပြီဆိုရင် တစ်ခြံလုံး၊ တစ်အိမ်လုံး အပြင် အနီးအနား ပတ်ဝန်းကျင်က အတော်လှမ်းတဲ့ အိမ်တွေဆီထိအောင် တသင်းသင်းနဲ့ မွှေးမြနေတတ်တာမျိုးပါ..။

အပင်ပေါ်မှာပွင့်နေတဲ့ ရမ်ဒူးလ်ကလေးတွေ...
ရမ်ဒူးလ်လေးတွေက ညမွှေးပန်းတို့ ဆိတ်ဖလူးပန်းတို့လို ညနေခင်းနဲ့ ညဖက်တွေမှာ သူ့အမွှေးနံ့က ရနံ့ပိုပြီးမွှေး ပိုပြီးစူးရှသင်းပျံ့လာတတ်တဲ့ သဘာဝလည်း ရှိတယ်။ ဒီပန်းရဲ့အနံ့က သနပ်ခါးနံ့နဲ့ နံသာနံ့ကို ပေါင်းထားသလိုမျိုးပဲ။ တသင်းသင်းနဲ့ တော်တော်လေးကို စူးရှ ချိုအီတဲ့ အနံ့မျိုး... အဲသလို ကြိုင်လှိုင်ပြီး ထုံအီစူးရှနေပေမဲ့ တပြိုင်နက်ထဲမှာပဲ သူ့မွှေးရနံ့က တစ်မျိုးထူးခြားလှစွာကို သင်းသင်းပျံ့ပျံ့ ရှိတဲ့ရနံ့မျိုးလည်း ပေါင်းစပ်ပါဝင်နေပြန်တာမို့ စွဲမက်စရာ ကောင်းတဲ့ရနံ့ အမျိုးအစားထဲမှာ ပါတယ်။ ထုံထုံအီအီ ရနံ့စူးစူးတွေကို မကြိုက်မနှစ်သက်တတ်တဲ့ သူများအဖို့တော့ ရမ်ဒူးလ်ရဲ့ အနံ့ဟာ ကြာကြာရှူရင် အတော်လေး ခေါင်းမူးစေနိုင်တဲ့ ရနံ့မျိုးပါပဲ။ ဒါပေမဲ့ ခမာလူမျိုးတွေကတော့ အဲဒီလို ထူးခြားတဲ့ မွှေးရနံ့မျိုးကို ပိုင်ဆိုင်ထားတာကြောင့်ပဲ  ဒီပန်းလေးတွေကို အမြတ်တနိုးနဲ့ အထူးတလည် ဂုဏ်တင် တန်ဖိုးထားပြီး ခမာလူမျိုးတို့ရဲ့ အမျိုးသား သင်္ကေတကို ဖေါ်ဆောင်တဲ့ပန်းအဖြစ် တရားဝင် သတ်မှတ် ထားခဲ့ကြတာပါ။

ခမာတို့ရဲ့ရာဇဝင်မှာလည်း ဟိုးရှေးခမာလူမျိုးများ လက်ထက်မှာ ကတည်းက ရမ်ဒူးလ်ပန်းကလေးတွေကို အမျိုးသမီးများအတွက် အလှကုန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ (Fragrant Lip Wax) နှုတ်ခမ်းဆိုးဆေး အဆီကို ထုတ်လုပ်ရာမှာ အစဉ်တစိုက် အသုံးပြုလေ့ ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုခေတ်မှာတော့ နှုတ်ခမ်းဆိုးဆေးတင် မဟုတ်တော့ပဲ ရမ်ဒူးလ်ရနံ့နဲ့ ရေမွှေးထုတ်လုပ်တာမျိုးလည်း ရှိနေပြီလို့ သိရပါတယ်။ ရမ်ဒူးလ်ပန်းကလေးတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ မွှေးရနံ့ကြောင့် ခမာ လူမျိုးတွေဟာ ခမာအမျိုးသမီးလေးတွေကို ရမ်ဒူးလ်ပန်းကလေးတွေနဲ့ တင်စားတတ်ကြပါတယ်။ ခမာမိန်းကလေးများအတွက် မိဘများက နာမည်မှည့်ကြတဲ့အခါမှာလည်း ရမ်ဒူးလ်ဆိုတဲ့ နာမည်ကို တန်ဖိုးထား မှည့်ခေါ်ကြလေ့ရှိပါတယ်။ ရမ်ဒူးလ်ဆိုတဲ့ နာမည်နဲ့ မြို့တွေ ရွာတွေ ဒေသတွေ အတော်များများလည်း ကမ္ဘောဒီးယားနိုင်ငံမှာ ရှိပါတယ်။ ရမ်ဒူးလ်ပန်းကလေးတွေအကြောင်း ရေးသားဖွဲ့ဆိုထားကြတဲ့ အနုပညာ လက်ရာတွေ၊ စာ၊ ကဗျာ၊ သီချင်းတွေ၊ ပြဇာတ်တွေလည်း ခမာ ရာဇဝင်မှာ အများအပြား ရှိခဲ့သလို ခုထက်ထိတိုင်လည်း ရေးသား ဖွဲ့ဆိုမှုတွေ ရှိနေဆဲပါပဲ။ 

ဘုရားဝင်းရှေ့က ရမ်ဒူးလ်ပန်းလေးတွေရောင်းနေတဲ့ ပန်းသည်များ...
ရမ်ဒူးလ်ပန်းကလေးတွေကို ကမ္ဘောဒီးယားနိုင်ငံရဲ့ National Flower အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ အကြောင်းထဲမှာ ခမာလူမျိုးတွေရဲ့ နေ့စဉ် လူနေမှုဘဝထဲမှာ ရမ်ဒူးလ်ပင်ရဲ့ အရေးပါမှုကြောင့်လည်း ပါပါတယ်။ ရမ်ဒူးလ်ပန်းကလေးတွေ ပွင့်ချိန်မှာ ပန်းကလေးတွေကို ခူးဆွတ်ပြီး ဘုရားကျောင်းကန်နားတွေမှာ၊ ဈေးထဲတွေမှာ၊ အခြား လူစည်ကားရာ နေရာတွေမှာ ရောင်းလေ့ရှိကြတယ်။ ရမ်ဒူးလ်ပင်ရဲ့ အသီးကလည်း စားလို့ရတဲ့ အသီးမျိုးမို့ ရမ်ဒူးလ်သီးလေးတွေ ရင့်မှည့် လာတဲ့အချိန်မှာလည်း ခူးဆွတ်ပြီး ရောင်းချလေ့ ရှိကြပါတယ်။ ရမ်ဒူးလ်သီးလေးတွေက စပျစ်သီးလို အခိုင်အတွဲလိုက်လေးတွေ သီးပါတယ်။ အသီးလေးတွေ မှည့်လာရင် နီညိုရင့်ရောင်ကနေ သပြေသီးလို အမည်းရောင်မျိုးဖြစ်လာချိန်မှာ ခူးဆွတ်ပြီး စားနိုင်ပါပြီ။ 

ရမ်ဒူးလ်သီး အမှည့်လေးတွေပါ။ တစ်ခါမှ စားမကြည့်ဖူးလို့ အရသာဘယ်လိုရှိသလဲတော့ မသိဘူး။

ဒါ့အပြင် ရမ်ဒူးလ်ပင်ရဲ့ အကိုင်းအခက်များကိုလည်း လောင်စာအဖြစ် အသုံးပြုကြသလို ပင်စည်သားကိုလည်း အိမ်ဆောက်ရာမှာ သုံးကြပါတယ်။ ရမ်ဒူးလ်ပင်ရဲ့ အခေါက်ကလည်း ဆေးဖက် ဝင်တာ ကြောင့်မို့ ဖျားတာနာတာမှာ ကုသဖို့ သုံးကြတယ်လို့ ဆိုပါတယ်။ ဒါကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ National Flower လေးအကြောင်း လေ့လာ သိရှိမိသမျှကို ပြန်ပြီးဖေါက်သည်ချလိုက်ရခြင်း ဖြစ်ပါတယ်ရှင်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...