Saturday, June 25, 2011

တစ်လမှတ်တမ်း

ပြီးခဲ့တဲ့ မေလ ၂၄ရက်နေ့ နေ့လည်ခင်းလောက်မှာပေါ့ … ခါတိုင်းလိုဘဲ ဘလော့ဂ်တကာလည်ဖတ်ရင်း အီးဘုတ်တွေရှာရင်းနဲ့ နဲနဲပျင်းသလိုဖြစ်လာလို့ အထွေအထူး ရည်ရွယ်ချက်မရှိပါဘဲ တစ်ခါမှမရောက်ဖူးတဲ့ ဘလော့ဂါဟုမ်းပေ့ဂ်ျကို ဂူဂယ်ကနေရောက်သွားခဲ့ပြီး အီးမေးလေးထည့် ပါ့စ်ဝါ့ဒ်လေးထည့်နဲ့ အကောင့်လေးတစ်ခု ဖြစ်သွားပါရော။ အဲဒါနဲ့ စပ်စပ်စုစု ဟိုဟိုဒီဒီ လျှောက်ကလိကြည့်ရင်းနဲ့ ဘလော့ဂ်အခွံလေးတစ်ခု ဖြစ်လာတယ်။ အဲတော့ ဘာဆက်လုပ်ရမှန်း မသိတာနဲ့ မိတ်ဆက်စကားဆိုတဲ့ ပို့စ်လေးကို အစမ်းရေးပြီး တင်ကြည့်လိုက်တာ ချောချောမောမောဘဲ ဘလော့ဂ်ကလေးနဲ့ ပို့စ်ကလေးနဲ့ စကရင်ပေါ်မှာ မြင်လိုက်ရတော့ အတော်ပျော်သွားပြီး ကိုယ့်ဟာကိုယ် သဘောတွေကျလို့ … ကလေးတစ်ယောက် ကစားစရာ အသစ်အဆန်းကလေးတစ်ခု ရလိုက်သလိုဘဲ။ အဲဒီနေ့ကတော့ နောက်ထပ်လဲ ဘာမှဆက်မလုပ်တတ်တော့တာနဲ့ ဇာတ်လမ်းက အဲတာလောက်နဲ့ဘဲ ပြီးသွားရော ဆိုပါတော့။ နောက်နေ့ကျတော့ ဘာဆက်ကလိရမလဲ စဉ်းစားရင်း တခြားဘလော့ဂ်တွေ လိုက်ဖတ်ရင်းနဲ့ ကောင်တာလေးတွေ စီဘောက်စ်လေးတွေ လျှောက်ထည့်ကြည့်တာ သိပ်အခက်အခဲမရှိဘဲ အဆင်ပြေစွာနဲ့ ထည့်လို့ရတော့လဲ ကျေနပ်လို့ပေါ့။ နောက်တော့ ဘလော့ဂ်လင့်လေးတွေ ရသလောက်လိုက်ချိတ် ဟိုကာလာလေးပြောင်း ဒီတန်းပလိတ်လေးပြောင်း ဘက်ဂရောင်း ဒီဇိုင်းတွေလဲ ဟိုဟာပြောင်းကြည့် ဒီဟာပြောင်းကြည့်နဲ့ လျှောက်လုပ်ကြည့်နေတာ မျောက်အုန်းသီးရတဲ့ အတိုင်းပါဘဲ။ နောက်ဆုံးတော့ အခု ပုံစံလေးကို သဘောကျတာနဲ့ ဘာမှ ထပ်မပြောင်းတော့ဘဲ အဲဒါလေးအတိုင်း ထားလိုက်တော့တယ်။

အမှန်အတိုင်းပြောရရင်တော့ မအိမ်သူက စာဖတ်သမားသက်သက်ပါ။ စာရေးကြည့်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဘယ်တုံးကမှလည်း ဘာစာမှ မရေးဖူးခဲ့ပါဘူး။ စာဖတ်တာကတော့ ဟိုးငယ်ငယ်လေး ကတည်းက ဖတ်လို့ရတာ မှန်သမျှ အကုန်ဖတ်တာပါဘဲ။ စာရေးဖို့ကတော့ ကိုယ့်ဟာကိုယ် Confident မရှိတာကလဲ တစ်ကြောင်း မအားတာကော အချိန်မပေးနိုင်တာကော အခြားအခြားသော ကိစ္စဝိစ္စ တာဝန် ၀တ္တရားတွေကော အကြောင်းပေါင်းက မြောက်များစွာနဲ့ ဆိုတော့ စိတ်ကူးထဲမှာတောင် မထည့်ခဲ့မိပါဘူး။ အဲဒီမှာ ပြောခဲ့သလို လျှောက်ဆတ်ဆော့ရင်းနဲ့ ဘလော့ဂ်လေးတစ်ခု ကိုယ့်မျက်စိရှေ့မှာ မြင်လိုက်ရတော့ စာစမ်းရေးကြည့်ရင် ကောင်းမလားဆိုတဲ့ အတွေး စပေါ်လာတော့တာပါဘဲ။ အဲဒါနဲ့ဘဲ ကိုယ်ဖတ်ဖူးပြီး နှစ်သက်မိတာလေးတွေ ကိုယ်တွေ့ရကြုံရတာလေးတွေကို မျှဝေရင်း ဟိုအကြောင်း ဒီအကြောင်း ရောက်တတ်ရာရာ စိတ်ကူးရတာလေးတွေကို ရေးကြည့်မယ်ဆိုပြီး တွေးမိတာနဲ့ ဒီ “၀ါခေါင်မိုး” ဘလော့ဂ်လေး ဖြစ်လာခဲ့တာပါ။ တကယ်တမ်း စာရေးဖို့ဆိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ပေမယ့်လည်း ဘာဘဲဖြစ်ဖြစ် စမ်းကြည့်မယ်ပေါ့ ဆိုတဲ့စိတ်ကူးနဲ့ ဆက်လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ဘလော့ဂ်မှာ နောက်ထပ်ပို့စ်လေးနှစ်ခု ထပ်တင်လိုက်ပါတယ်။ ပြီးတော့မှ ဘလော့ဂ်လင့်ကလေးကို ကိုဇော်ရဲ့ “ဘလော့ဂါများရဲ့ပို့စ်များ” ဆိုဒ်မှာချိတ်ဖို့ မေ ၂၆ရက်မှာ သွားပေးထားခဲ့တာပါ။ ဘလော့ဂ်အသစ် တစ်ခုအနေနဲ့ စိတ်ဝင်စားတဲ့လူရှိရင် လာဖတ်နိုင်အောင်ဆိုတဲ့ စိတ်ကူးနဲ့ဆိုပါတော့။ (တကယ်တော့ ချိတ်သာချိတ်လိုက်တာ ကိုယ့်ထက် အဆပေါင်းများစွာသာတဲ့ ဘလော့ဂ်တွေ အများကြီးထဲမှာ ဘာမှန်းမသိတဲ့ ဘလော့ဂ်အသစ် တစ်ခုဆီ ဘယ်သူကမှ စိတ်ဝင်တစား လာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကိုယ့်ဟာကိုယ် အဲဒီလိုအထင်ကြီးတာ.. :P)

အဲဒီတော့ ပြောရရင် ၂၄ ရက်နေ့မှာ စပြီး Create လုပ်ခဲ့ပေမယ့် တကယ်တမ်း ၀ါခေါင်မိုး ဘလော့ဂ်လေး Active ဖြစ်တာကတော့ ၂၆ ရက်နေ့မှလို့ပြောလို့ရပါတယ်။ အဲဒီမှာ မအိမ်သူ လုံးဝမျှော်လင့်မထားဘဲနဲ့ ဒီဘလော့ဂ်အသစ်လေးကို ဘလော့ဂ်အရာသွင်း အသိအမှတ်ပြုပြီး လာရောက် လည်ပတ်ခဲ့ကြသူများကို တွေ့ရလို့ အရမ်းကို ကျေးဇူးတင် ၀မ်းမြောက်မိပါတယ်။ အဲဒီလိုက စခဲ့တဲ့ “၀ါခေါင်မိုး”လေးက အခုတစ်လသမီး ရှိသွားပြီပေါ့။ (တစ်လပြည့်တဲ့နေ့ကို Create လုပ်တဲ့ ၂၄ ယူရင်ကောင်းမလား Active စဖြစ်တဲ့ ၂၆ ယူရင်ကောင်းမလား စဉ်းစားရင်း ဝေခွဲမရတာနဲ့ဘဲ ကြားထဲက ၂၅ မှာ ပို့စ်တင်လိုက်ပါတယ်။ ကြိုက်တဲ့နေ့သာ သတ်မှတ်လိုက်ကြတော့နော် .. :D )

တစ်လပြည့် မှတ်တမ်းအနေနဲ့ မအိမ်သူ အထူးပြောလိုတာကတော့ ဘလော့ဂ်လေး စပြီး Active ဖြစ်လာတဲ့အချိန်ကစလို့ အသိအမှတ်ပြုပြီး မအိမ်သူ လုံးဝကို မျှော်လင့်မထားမိခဲ့ လောက်အောင်ထိ နိုင်ငံပေါင်းစုံကနေပြီး လာလည်ကြ စာတွေလာဖတ်ကြ ကွန်မန့်တွေ စီဘောက်စ်တွေမှာ အားပေးသွားခဲ့ကြသူများ ဘာခြေရာမှ မထားခဲ့ပေမဲ့ ရေးခဲ့တဲ့ပို့စ်တွေကို လာရောက်အားပေး ဖတ်ရှုသွားခဲ့ကြသော နိုင်ငံစုံမှ Silent Reader များ မိမိတို့ ဘလော့ဂ်မှာ လင့်ချိတ်ထားပေးခဲ့ကြသူများ အားလုံး အားလုံးတို့ကို တကူးတက လာလည်ကြတဲ့ အတွက်ကော ပို့စ်များကို ဖတ်ရှု အားပေးခဲ့ကြတဲ့ အတွက်ကော မအိမ်သူအနေနဲ့ အင်မတန်မှ ၀မ်းသာမိခဲ့ရသလို အထူးဘဲကျေးဇူးတင်မိပါကြောင်း ပြောလိုပါတယ်ရှင်။ အခုမှ စာစရေးဖို့ စိတ်ကူးရပြီး ကြိုးစားရေးကြည့်မိတဲ့ အိမ်ရှင်မတစ်ယောက်အနေနဲ့ အမှားအယွင်းတွေ ချို့ယွင်းချက်တွေ လိုအပ်ချက်တွေ ရှိနေမှာမလွဲပါဘူး။ စာဖတ်သူများအနေနဲ့ အမှားတွေ့ရင် ပြောသွားကြပါ။ အားနည်းချက်များကိုလည်း  ထောက်ပြသွားပေးကြပါ။ ချို့ယွင်းချက် လိုအပ်ချက်များကိုလည်း အားမနာတမ်း ဝေဖန်ညွှန်ပြ အကြံဉာဏ်များ ပေးသွားကြပါလို့ မေတ္တာရပ်ခံလိုပါတယ်ရှင်။ 
အားလုံးကို Thanks million! ပါလို့ … …

တစ်လပြည့် အထူးမှတ်တမ်း အနေနဲ့ ထပ်ပြောချင်တာကတော့ မအိမ်သူ တစ်လလုံး တင်ခဲ့သမျှ ပို့စ်တွေအားလုံးထဲမှာ စာဖတ်သူအများဆုံး စိတ်ဝင်စားကြတဲ့ ပို့စ်လေးနှစ်ခုကို သတိထားမိပါတယ်။ စပြီးတင်လိုက်ကတည်းက လာဖတ်ကြတဲ့သူ အများဆုံး စာရင်းကနေ ဘယ်တော့မှ မဆင်းခဲ့တာကို သတိပြုမိလို့ပါ။ အခုတစ်လပြည့် ဒီပို့်စ်ကို တင်တဲ့အချိန်ထိ အဲဒီနှစ်ခုက First နဲ့ Second ထိပ်ဆုံးမှာပါဘဲ။
မေချက်ပါသည် စပါ့ဂတီ  က  101 Page views ရှိနေခဲ့ပါတယ်။
ကျန်တဲ့ ပို့စ်တွေက ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ပတ်ဝန်းကျင်မှာဘဲ ရှိပါတယ်။ ဒါကိုကြည့်ပြီး မအိမ်သူ အခုစဉ်းစားနေပါတယ်။ နောက်နောင်ကို လူအများနှစ်သက်ကြတဲ့ အစားအသောက် ပို့စ်တွေချည့်ဘဲ တင်ရင်ကောင်းမလားလို့ … :P :D

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

13 comments:

ညိမ်းနိုင် said...

တစ်လပြည့်မှသည်....တစ်နှစ်....ဆယ်နှစ်...နှစ်တရာ တိုင်
ဆက်လက်ချီတက်ပါဗျိုး......။
တလသမီးလေးဆိုတော့ ခြေကားယား၊လက်ကားယားနဲ့
အူဝဲ....လို့ကောင်းတုန်းပေါ့နော်....:)))))

Anonymous said...

တလပြည့် ကနေ နှစ်တရာပြည့်တိုင် ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေ သတည်း

ခင်တဲ့
ရွှေစင်ဦး

မေဓာဝီ said...

မအိမ်သူ ဘလော့စရေးချိန်က ကျမက ခဏပိတ်ထားချိန် ဖြစ်နေတယ်။။ ကျမ ပြန်ဖွင့်တော့ ဘလော့တွေရဲ့ ဆိုဒ်ဘားမှာ ၀ါခေါင်မိုးဆိုတဲ့ နာမည်လေးတွေ့လို့ စိတ်ဝင်စားတာနဲ့ လာဖတ်ဖြစ်တယ်။

ဝါခေါင်မိုး နာမည်လေးကို မြင်တိုင်း ...
"သိဟ်ရာသီ ၀ါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ" ... ဆိုတဲ့ ခိုင်ထူးသီချင်းကို သတိတရ ခပ်တိုးတိုး ဆိုမိတယ်။

စာရေးသူ မအိမ်သူ ဆိုတဲ့ နာမည်ကလဲ မြန်မာဆန်ပြီး ရိုးရိုးလေးနဲ့ လှလို့ သဘောကျမိပါတယ်။

ကျမကတော့ အစားအသောက်ပို့စ်တွေလဲ ကြိုက်သလို ကဗျာလေးတွေကိုလဲ နှစ်သက်ပါတယ်။ ဘာသာပြန်တွေ ဒေသန္တရ ဗဟုသုတလေးတွေ တင်ပေးတာလဲ သဘောကျပါတယ်။ ဒါကြောင့် hit တွေ view တွေကို ဦးစားပေးတာထက် အခုအတိုင်း ရသစုံဘလော့လေးပဲ ကောင်းတယ်လို့ ထင်တာပါပဲရှင် ... ။

တလသမီးလေး ၀ါခေါင်မိုး ...
နှစ်ပေါင်းများစွာ တည်တံ့နိုင်ပါစေ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာ ဘလော့လေးတစ်ခုမို့ လာလာဖတ်ဖြစ်ပါတယ်
နောင်ကိုလဲစာတွေ အများကြီးဖတ်ရဖို့ မျှော်လင့်ပါတယ်
တစ်လပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာစွာ စာတွေ ရေးနိုင်ပါစေလို့

mstint said...

တစ်လပြည့် ဘလော့ဂ်ဂါဆိုတာ ဒီကနေ့ပို့စ်ကို ဖတ်မှသိရတယ် မအိမ်သူရေ။ ဝါသနာပါရင် တိုတောင်းတဲ့ အချိန်အတွင်းမှာလည်း မထင်မှတ်တဲ့ အောင်မြင်မှုကို ရနိုင်ပါတယ်ကွယ်။ အခုလို စေတနာအရင်းခံနဲ့သာ ပို့စ်ပေါင်းများစွာကို ဆက်လက်ရေးသားနိုင်ပါစေလို့ ဆန္ဒပြုခဲ့တယ်နော်။

မေတ္တာဖြင့်
အန်တီတင့်

rose said...

မအိမ်သူ၏ ဘလော့ဂ်လေး တစ်လပြည့်မှသည် နောင်နှစ်ပေါင်း များစွာသို့ တည်တံ့ပါစေရှင်။ အစ်မရေ... အစားအသောက် ပို့စ်လေးတွေကို စာဖတ်သူတွေ ပိုနှစ်သက်တာ ရို့စ်လည်း သတိထားမိတယ်။ ဒါပေမယ့် ရို့စ်ကတော့ ကိုယ် ရေးချင်တာ ရှိရင် ချရေးလိုက်တာပါ။ အဲ့တော့ အစ်မလည်း ရင်ထဲမှာ ရေးချင်တာကို ရေးနော်။ ဒါ ရို့စ် အမြင်ပါရှင်။

မြစ်ကျိုးအင်း said...

အစ်မ ဘလော့ဂ်လောကထဲ ရောက်လာပုံနဲ့ ကျနော်နဲ့ တူပါ့။ ဟိုဒီနှိပ်ရင်း ရောက်လာတာ။ တစ်ကြောင်းနှစ်ကြောင်းရေးလည်း ပို့စ်အဖြစ်တင်တာပဲ။ အိမ်လည်ရကောင်းမှန်းလည်းမသိ ကွန်မန့်လိုက်ရေးရမှန်းလည်း နားမလည်နဲ့ ကိုယ့်ဘလော့ဂ်နဲ့ ကိုယ်ပဲ ဖြစ်နေတာ။
ကိုယ့်ဘလော့ဂ်လေး လင့်အချိတ်ခံရပြီး ချိန်အထိ ဘလော့ဂ်အကြောင်း ကောင်းကောင်း မသိခဲ့သေးဘူး။ စာတပုဒ်ရေးပြီးရင် ဘယ်လိုနေလည်း ကြည့်ချင်လို့ publish post ကို နှိပ်ကြည့်လိုက် ပြန် သိမ်းလိုက်နဲ့။ ချိတ်ထားတဲ့ ဘလော့ဂ်တွေမှာ အသစ်အနေနဲ့ သွားသွား တက်နေတာတောင် မသိခဲ့ဘူး။ ချိတ်ထားတဲ့ ဘလော့ဂ်ဂါတွေက ရောက်လာလိုက် ပို့စ်က မရှိလိုက်နဲ့ အခုချိန်ပြန်တွေးရင် ရီစရာပါပဲ။
တစ်လပြည့်ဘလော့ဂ်လေးမှသည် နောက်ထပ် နှစ်ပေါင်းများစွာ ဆက်လက်ရေးသားနိင်ပါစေ။

Maung Myo said...

ဒီနာမည်လေးကို မှတ်မှတ်ရရပဲး) စာတွေ အများကြီးဆက်ရေးနိုင်ပါစေဗျာ ။

ညီလင်းသစ် said...

နိုင်ငံတကာက ဘာသာစကား မျိုးစုံနဲ့ ရေးနေကြတဲ့ ဘလော့ဂ်တွေလည်း ဒီနည်းနှင်နှင်ပါပဲ၊ စာရေးခြင်း အတတ်ပညာတစ်ခုကို တတ်လို့ ဆိုတာထက် ကိုယ်ပြောချင်၊ ပြချင်တာလေးတွေကို ခင်းကျင်းတာ သက်သက်ပဲ မဟုတ်လား၊ ရင်ဘတ်တူတဲ့ သူတွေက လာဖတ်ကြတာပါပဲ၊ လွတ်လပ်တဲ့ ဘလော့ဂိုစဖီးယား ထဲမှာ စိတ်ကူးထဲ ပေါ်လာတာတွေ ဆက်သာရေးပါ၊ အားပေးပါတယ်ဗျာ...။

ဟန်ကြည် said...

အလို...ဘာလိုလိုနဲ့ ၀ါခေါင်မိုးတောင် တစ်လပြည့်ပါပကောလားဗျာ...အားပေးပါတယ်ဗျာ...ရေးချင်တာသာရေးပါ...ဘလော့ဆိုတာ ကျွန်တော်တို့ရဲ့ ဘ၀ထွက်ပေါက်တွေပါ...ကိုယ့်ဘလော့မှာ ကိုယ်ပဲ အရှင်သခင်လေ...ကိုယ့်ကိုဘယ်သူမှလဲ အမိန့်ပေးခွင့်မရှိသလို စီမံခန့်ခွဲခွင့်လည်း မရှိဘူးလေဗျာ...ကိုယ့်ရင်ထဲရှိသမျှ ကျကျနနဖွင့်အံခွင့်ရတာ ဒီနေရာလေးတစ်ခုပဲ ရှိတာကလားဗျာ...ဒါလေးနဲ့ပဲ ကျွန်တော်တို့တစ်တွေ ရှင်သန်နေကြရတာပဲမဟုတ်လား...အသက်တစ်လသမီးဘလော့လေး...နှစ်ပေါင်းများစွာအထိ ရှင်သန်လှုပ်ရှားစေဖို့ ဆုတောင်းပေးလိုက်ပါတယ်ဗျား...

စကားမစပ် အစားအသောက်တွေချည်းတော့ မတင်နဲ့ဗျာ...ဖတ်ရင်းသွားရည်ကျရင်းဆိုတော့ ရှိစုမယ့်စု နက်ဘုတ်လေး ပျက်ကုန်မှာစိုးလို့ပါ...

နေ၀သန် said...

:)... စစချင်းက ကျွန်တော်က မအိမ်သူကို မသိတာ.. ကျွန်တော် အိမ်အလည်ညံ့လို့ထင်နေတာ..ခုတော့ မအိမ်သူက အသစ်ကိုး.. တစ်လပြည့်မှသည် လပေါင်းများစွာ နှစ်ပေါင်းများစွာ တိုင်ပါစေ...

ခင်မင်လျက်
နေ၀ဿန်

မေသိမ့်သိမ့်ကျော် said...

နောက်ကျမှ လာရောက်နှုတ်ဆက်တာ ခွင့်လွှတ်နော်။ နောင်နှစ်ပေါင်း များစွာ ပျော်ရွှင်ပါစေ။ ဒီဘလော့လေးမှာလည်း မိမိသိတဲ့ အရာလေးတွေ အမြဲဝေမျှပေးနေပါစေလို့ ဆန္ဒပြုပါတယ်ရှင်။

ခင်မင်လေးစားလျက်

Anonymous said...

ဘလော့ဂါရပ်ဝန်းကကြိုဆိုပါတယ်ဗျာ
ဝေမျှပေးနိုင်ပါစေ
အခက်ခဲတွေကြုံဆုံလာရင်လည်း စိတ်မပျက်ပဲ ဘလော့ဂင်းပါး) ကျွန်တော်တို့ဘလော့ရွာကြွီးက ရွာလိုပါပဲ အဖုထစ်လေးတွေလည်းကြုံရတတ်ပါတယ်
အစစအရာရာ အဆင်ပြေပါစေ


ကျွန်တော်တော့ ကျွန်တော့်ဘလော့လေးကို မကလိနိုင်ဖူးဖြစ်နေတယ်း)းကွန်နယ်ရှင်ကြောင့်လည်းပါတယ် ကျော်သွားရလို့လည်းပါတယ်

မောင်ဘကြိုင်
နေပြည်တော်မှလာသည်
http://mgbakyaing.blogspot.com/

Related Posts Plugin for WordPress, Blogger...