Monday, June 20, 2011

သေစေညွှန်း (ဇာတ်သိမ်းပိုင်း)

“လူကြီးမင်းပြောတဲ့ ဈေးနှုန်းထဲမှာတော့ ဒီသေနတ်က အမျိုးအစား အကောင်းဆုံးပါဘဲ ခင်ဗျာ..” အရောင်းစာရေး ကလေးက ပြောလိုက်တယ်။ “တကယ်လို့ နောက်ထပ် ဒေါ်လာအနည်းငယ် ကျသင့်မယ် ဆိုရင်တော့ … …”

“အာ .. မလိုတော့ပါဘူး။ ကျုပ်အနေနဲ့ ဒီလောက်ဆိုရင်ကို အဆင်ပြေပါပြီ။ အဲ ကျုပ် ကျည်ဆံ တစ်ဗူးလောက်တော့ လိုလိမ့်မယ်ဗျ။”

အရောင်းစာရေးက ကျည်ဆံတစ်ဗူး ယူလာပေးရင်း “တကယ်လို့ သုံးဗူးယူမယ် ဆိုရင်တော့ … ….”

“တော်ပါပြီ တစ်ဗူးဆိုရပါပြီဗျာ”

ဆိုင်တာဝန်ခံက စာအုပ်တစ်အုပ်ကို ဖွင့်လိုက်ပြီး “ကျွန်တော်တို့ ဝတ္တရားအရ ဥပဒေနဲ့ ညီညွတ်သွားရအောင် ဟောဒီနေရာမှာ လူကြီးမင်းရဲ့ လက်မှတ်ကလေးများ တဆိတ်လောက် ထိုးပေးနိုင်ပါမလား ခင်ဗျာ”

အဲဒီလူ လက်မှတ်ထိုးပြီးတဲ့အချိန်မှာ တာဝန်ခံက လက်မှတ်ကို စစ်ဆေးကြည့်ရှုရင်း “ကျွန်တော်တို့ တိုက်ဆိုင် စစ်ဆေးနိုင်ဖို့ မစ္စတာရိုက် အနေနဲ့ သက်သေခံ ကဒ်ပြားတစ်ခုခုများ ပြနိုင်ပါသလား ခင်ဗျာ။ လူကြီးမင်းရဲ့ ယာဉ်မောင်း လိုင်စင် ဖြစ်စေပေါ့ ခင်ဗျာ” 

အဲဒီလူက ယာဉ်မောင်းလိုင်စင်ကဒ် ထုတ်ပေးလိုက်တဲ့အခါမှာ တာဝန်ခံက လိုင်စင်ကဒ်ကို စစ်ဆေးကြည့်ရှုပြီး လက်မှတ်ကိုပါ တိုက်ဆိုင်စစ်ဆေးပါတယ်။ ပြီးတဲ့နောက် ယာဉ်မောင်းလိုင်စင် နံပါတ်ကို ကူးယူမှတ်သားထားပြီးမှ ကဒ်ကိုပြန်ပေးလိုက်တယ်။

“ကျေးဇူးပါဘဲ” အဲဒီလူကပြောလိုက်တယ်။

“ကျေးဇူးတင်ပါတယ် မစ္စတာရိုက် ခင်ဗျား။ ဒီသေနတ်က လူကြီးမင်းအတွက် ကောင်းကောင်း အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။”

“ဟာ.. အသုံးတည့်မှာကတော့ အသေအချာပါဘဲဗျာ။”

# # # # #

အဲဒီနေ့ည ကိုးနာရီလောက်ရှိတဲ့ အချိန်မှာ အိမ်နောက်ဖေး တံခါးက လူခေါ်ခေါင်းလောင်းသံကို အက်ဒဝပ်ရိုက် ကြားလိုက်ရတယ်။ သောက်လက်စ ဖန်ခွက်ကို လက်မှာကိုင်ရင်း အိမ်အောက်ထပ်ကို ဆင်းလာခဲ့ပြီးတဲ့နောက် ဖန်ခွက်ထဲက လက်ကျန်ကို ရှင်းလိုက်ပစ်လိုက်ပြီးမှ တံခါးဆီကို လျှောက်လာခဲ့လိုက်တယ်။ အက်ဒဝပ်ရိုက်က မျက်ခုံးထူထူ အရပ်မြင့်မြင့်နဲ့ လူခန့်တစ်ယောက်ဘဲ။ သူနောက်ဖေးတံခါး အပြင်ဖက်ကို ချောင်းကြည့်လိုက်ပြီး ဧည့်သည်ကို မှတ်မိသွားဟန်နဲ့ တံခါးဖွင့်ပေးလိုက်တဲ့အခါမှာတော့ ဧည့်သည်ရဲ့ လက်ထဲမှာ သေနတ်တစ်လက်က သူ့ကိုချိန်ရက်သား တွေ့လိုက်ရတယ်။

“မာ့ခ် … မင်း …”

“ကျုပ်ကို အိမ်ထဲဝင်ဖို့ လေးများ မဖိတ်ခေါ်တော့ဘူးလားဗျ” အဲဒီလူက လှမ်းပြောလိုက်တယ်။ “ဒီအပြင်မှာက အေးကအေးသနဲ့..”

“မာ့ခ် … ငါ .. မ…”

“အထဲဝင်”

ဧည့်ခန်းကိုရောက်တဲ့အခါမှာတော့ အက်ဒဝပ်ရိုက် တစ်ယောက် သူ့ကိုချိန်ထားတဲ့ သေနတ်ကို မမှိတ်မသုန် စိုက်ကြည့်ရင်း သူသေရတော့မှာပါလား ဆိုတဲ့အသိက ခေါင်းထဲကို တမဟုတ်ချင်း ၀င်လာခဲ့တယ်။

“သူ့ကို မင်းသတ်ခဲ့တာ အက်ဒ်” ဧည့်သည်က စကားစပြောတယ်။
 “တကယ်တမ်း သူက မင်းဆီက ကွာရှင်းခွင့် လေးကိုဘဲ လိုချင်ခဲ့တာပါကွာ … မင်းသူ့အပေါ်မှာ အဲဒီလောက်ကလေးကိုတောင် အခွင့်အရေး မပေးနိုင်ခဲ့ဘူး။ ဟုတ်တယ် မဟုတ်လား။ ငါသူ့ကို ပြောခဲ့ပါသေးတယ်။ တိရစ္ဆာန် တစ်ကောင်လောက်တောင် အဖိုးမတန်တဲ့ မင်းလိုလူစားဆီမှာ ကွာရှင်းခွင့်တောင်းမယ် ဆိုတာ ကိုယ့်သေတွင်း ကိုယ်တူးတာဘဲ ဖြစ်လိမ့်မယ်ဆိုတာကို … ငါ  အတန်တန်ကို ပြောခဲ့ပါတယ်။ မင်းလို တိရစ္ဆာန်ကောင်ကို မေ့ထားခဲ့ပြီး ငါတို့ နှစ်ယောက်ထဲ တိတ်တိတ်ကလေး ထွက်ပြေးကြရအောင်.. လို့ … ဒါပေမယ့် သူက အဲဒါကို လက်မခံခဲ့ဘဲနဲ့ နည်းမှန် လမ်းမှန် အတိုင်းဘဲ လုပ်ချင်ခဲ့တာကိုး။ သူ မင်းအပေါ်မှာ သစ္စာမဖေါက်ဘဲ မှန်မှန်ကန်ကန် လုပ်ဖို့ကြိုးစားတဲ့ အချိန်မှာ မင်းလက်ချက် မိသွားခဲ့ရရှာတယ် မဟုတ်လား။”

“မင်း .. မင်းရူးနေပြီ …”

“မင်းကိုယ်တိုင် သူ့ကို သတ်ခဲ့ပြီးမှ မတော်တဆမှု ပုံစံမျိုးဖြစ်အောင် မင်းဘဲစီမံခဲ့တာ မဟုတ်လားကွ.. ဟေ့ကောင်… ဟုတ်တယ် မဟုတ်လား …ကဲ ပြောစမ်းပါအုံး … မင်းသူ့ကို ဘယ်လိုသတ်ခဲ့သလဲ ဆိုတာ ပြောစမ်းပါ.. မင်းမပြောရင် ငါပစ်ထည့်လိုက်ရလိမ့်မယ် ..”

“ငါသူ့ကို ရိုက်ပစ်ခဲ့တာ” ရိုက်က သေနတ်ကို တလှည့် အဲဒီလူကို တလှည့် ကြည့်ပြီး ပြောလိုက်တယ်။ “ငါ သူ့ကို သုံးလေးချက် တီးထည့်လိုက်ပြီး လှေကားကနေ တွန်းချပစ်လိုက်တာ … … လှေကားထိပ်ကနေ ခြေချော်ကျတယ် ပေါ့ကွာ … ဒါပေမဲ့ မင်းအနေနဲ့ ဒီလောက်နဲ့တော့ ရဲကိုတိုင်လို့မရဘူး ဆိုတာ မင်းသိပါတယ်ကွာ။ ဘာသက်သေမှမရှိဘူးကွ။ သူတို့ဆီမှာလဲ ငါ့ကို စွဲချက်တင်စရာ ဘာတစ်ခုမှ မရှိဘူး။ နောက်ပြီး အခုမှ မင်းသွားပြောလဲ သူတို့ယုံမှာမဟုတ်ဘူး .. မင်းသိတယ်မဟုတ်လား။”

“ငါတို့ ဘယ်ရဲစခန်းမှ သွားမှာမဟုတ်ပါဘူးကွ..” အဲဒီလူက ပြောလိုက်တယ်။ “ငါ ဟိုးအစကတည်းက ရဲတိုင်ဖို့ စိတ်ကူးလုံးဝ မရှိဘူး။ ငါသွားတိုင်လဲ အလကားဘဲ။ မင်းလိုကောင်ကို ဘယ်လိုပုံစံမျိုး ကိုင်တွယ်ရမယ်ဆိုတာ သူတို့တွေမသိမှန်း ငါနားလည်ပါတယ်ကွ .. ဟုတ်တယ်မလား။ ငါဘယ်ရဲမှ သွားမတိုင်ဘူး အေး .. ဒါပေမဲ့ မင်းကိုကိုင်တွယ်ဖို့ နည်းလမ်းတွေကိုတော့ ငါ့နည်းငါ့ဟန်နဲ့ လုပ်ခဲ့ပြီးပါပြီကွ အက်ဒဝပ်ရ… ကိုင်း .. ဒီက စာရေးစားပွဲမှာ လာထိုင်စမ်းပါအုံး။ ကဲ စာရေးစက္ကူလေးနဲ့ ရေးစရာ ဘောပင်လေးလဲ ထုတ်လိုက်ပါအုံးကွာ .. ငါ့မှာ မင်းကိုရေးခိုင်းစရာ အကြောင်းအရာလေး နည်းနည်းရှိလို့ပါ ..”

“မင်း .. မရ … …”

“ရေးစမ်း အခု… ကျုပ်ပြောတဲ့အတိုင်းရေး  ̶   
“ကျွန်တော့်မှာ ဆက်လက် ရှင်သန်ဖို့ရာ အင်အားမရှိတော့ပါ။ ဒီတစ်ခါတော့ ကျွန်တော်တကယ်ကို မလွဲစေရတော့ပါဘူး …” 
ရေးလို့ပြီးရင် မင်းလက်မှတ်ကို အောက်မှာ တခါတည်းထိုး ..” 
အဲဒီလူကပြောရင်း အက်ဒဝပ်ရိုက်ရဲ့ တုန်တုန်ယင်ယင် ဖြစ်နေတဲ့ နောက်စေ့ကို သေနတ်နဲ့ ထိုးချိန်လိုက်တယ်။

“ငါ့ကို သတ်ရင် မင်းကြိုးစင်တက်ရမှာ မာ့ခ်..”

“ဟား ဟား … ငါသတ်တာမဟုတ်ပါဘူးကွ .. မင်းကိုယ်မင်း အဆုံးစီရင်တာပါ အက်ဒဝပ်ရာ..”

“ငါ့ကိုယ်ငါ သတ်သေပါတယ် ဆိုတာကို ဘယ်သူမှယုံကြမှာ မဟုတ်ဘူး မာခ့်.. ငါဒီစာကို ရေးရေး မရေးရေး ဘယ်သူမှမယုံဘူး ဆိုတာမင်းသိလား”

“ရေးမှာသာ ရေးစမ်းပါ အက်ဒဝပ်ရာ .. ပြီးရင် မင်းကို ဒီသေနတ်နဲ့အတူ မင်းဇာတ်လမ်းကိုမင်း မဖြစ်မနေဆက်ကဖို့ ထားခဲ့မှာပါကွ..”

“မင်း …… …”

“ရေးစရာရှိတာ ရေးစမ်းပါ။ ငါမင်းကို မသတ်ချင်ဘူး အက်ဒဝပ် … ငါလိုချင်တာ မင်းအဲဒီစာ ရေးဖို့ဘဲ ပြီးတာနဲ့ မင်းကိုဒီမှာ ထားခဲ့မှာလို့ ငါပြောတယ်မဟုတ်လား..”

ရိုက်အနေနဲ့ အဲဒီလူပြောတာကို မယုံကြည်ပေမယ့်လည်း သူ့ခေါင်းကိုချိန်ထားတဲ့ သေနတ်ကြောင့် သူ့အနေနဲ့ တခြားရွေးခြယ်စရာ မရှိကြောင်းကို သဘောပေါက်လိုက်မိတယ်။ အဲဒီလူပြောတဲ့အတိုင်း စာရွက်ပေါ်မှာ ချရေးလိုက်ပြီး အောက်မှာ သူ့လက်မှတ်ထိုးလိုက်တယ်။

“ကဲ.. တဆိတ်လောက် ဒီဘက်ကို လှည့်ကြည့်လိုက်စမ်းပါအုံး အက်ဒဝပ်”

သူအသာလှည့်လိုက်ပြီး အဲဒီလူကို အသေအချာ စိုက်ကြည့်လိုက်မိတဲ့အခါ ဧည့်သည်ရဲ့ အသွင်အပြင်က မျက်စေ့ထဲမှာ တစ်ခုခု ထူးခြားပြောင်းလဲနေတာကို သူတွေ့လိုက်ရတယ်။ ရုတ်တရက်တော့ ဘာထူးခြားပါလိမ့်လို့ သူစဉ်းစားလို့မရခဲ့ဘူး။ နောက်တော့မှ သူသတိထားလိုက်မိတာက အဲ.. ဆံပင် အဲဒီလူရဲ့ ဆံပင်ပုံက အရင်ပုံစံမဟုတ်ဘူး။ ဆံပင်တုတစ်ခု စွပ်ထားပုံဘဲ။ အင်း.. ပြီးတော့ မျက်ခုံးမွေးလဲ အတုတပ်ထားပုံရတယ်။ နဂိုကထက် ပိုပြီးထူထူနက်နက် ဖြစ်နေတယ်။ သူ့မျက်လုံးကိုလည်း တစ်ခုခုလုပ်ထားပုံဘဲ။ ပုံစံနည်းနည်း ပြောင်းနေတာကို သူသတိထားမိသွားတယ်။

“သေချာကြည့်ပါအုံး အက်ဒဝပ်ရ… အခုငါ ဘယ်သူနဲ့ တူနေသလဲဆိုတာကို … မင်းသတိထားမိရဲ့လား။ ငါအခု မင်းနဲ့တူနေတယ်ကွ သိလား .. အဲဒါ မင်းသိလား။ ချွပ်စွပ်ကြီးတော့လဲ ဘယ်လာဟုတ်ပါ့မလဲကွာ သေချာတာပေါ့။ ဒါပေမယ့် မင်းအဖြစ်နဲ့တော့ ပုံမှားရိုက်လို့ အသေအချာကို ရတာပေါ့ကွ ..”

“မင်းက … … မင်းက ငါအဖြစ်နဲ့ ပုံမှားရိုက်ခဲ့တယ် … ဟုတ်လား .. ငါနားမလည်နိုင်တော့ဘူး အဲဒါ ဘာဖြစ်လို့လဲ … ဘာအတွက်ကြောင့်များလဲ…”

“မင်းအခုဘဲ ငါ့ကို ပြောခဲ့တယ်လေကွာ.. မင်းက ကိုယ့်ကိုယ်ကို သတ်သေမယ့် လူစားမျိုးထဲက မဟုတ်ဘူးဆိုတာ … ဟုတ်တယ်မလား အက်ဒဝပ်။ ဟဲ ဟဲ ဒါပေမယ့် မင်းရဲ့ လတ်တလော အပြုအမူတွေ အကြောင်းကို မင်းပြန်ကြားရရင်တော့ အင်မတန်ကို အံ့သြမိမှာ သေချာပေါက်ဘဲကွ.. ဒီမှာ.. လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက မင်းတစ်ယောက်ထဲ ညကြီးမင်းကြီး မောရစ်ဆီ တံတားပေါ်ကနေ ခုန်ချပြီးတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့လုပ်လို့ ရဲသားတစ်ယောက်က မင်းဆီလာပြီး နှစ်သိမ့်စကားပြောခဲ့ရသေးတယ်လေကွာ။ အဲ .. နောက်ပြီးတော့ မင်းနဲ့တွေ့ဆုံဆွေးနွေးပြီး လမ်းညွှန်ကုသမှု ပေးနေခဲ့ရတဲ့ စိတ်ရောဂါ အထူးကု ဆရာဝန် တစ်ယောက်ဆို မင်းကိုယ့်ကိုယ်ကို ဘယ်လောက်ထိအောင် ကိစ္စတုံးပစ်ချင်နေလဲဆိုတာ သိပါ့ဗျား .. နောက်ထပ် ဆရာဝန် တစ်ယောက် ရှိပါသေးရဲ့။ နေ့ခင်းကြောင်တောင်မှာ အိပ်ဆေးလုံးတွေ မြိုချပြီးမှ ဆေးခန်းကို ပြူးပြူးပျာပျာ ရောက်လာတဲ့မင်းကို အရေးပေါ် အစာအိမ် ဆေးပေးခဲ့ရသေးတယ်လေ .. အား အဲဒီ ကိစ္စကတော့ အတော်ကို မသတီစရာ ကောင်းတာကလား။ အခံရခက်ပါဘိသနဲ့။ ငါ့မှာ တချိန်လုံး ငါ့ဆံပင်တုများ ပြုတ်ထွက်သွားမလား ဆိုပြီး စိတ်ပူလိုက်ရတာကွာ။ ဒါပေမယ့် ကံကောင်းထောက်မလို့ ပြုတ်မထွက်ခဲ့ပါဘူး။ အဲဒါတွေ အားလုံး မင်းလုပ်ခဲ့တာချည့်ဘဲကွ သိလား အက်ဒဝပ် … ကဲ ဘယ်လောက်ထူးဆန်းလဲ မင်းတစ်ခုမှ မမှတ်မိတဲ့ မင်းလုပ်ခဲ့တဲ့ ကိစ္စတွေလေ.. ဟောဒီ သေနတ်ကိုတောင် မင်းကိုယ်တိုင် အခုညနေခင်းကမှ ဝယ်လာခဲ့တယ် ဆိုတာလေးကော မှတ်မိရဲ့လား …”

“ငါ … … …”

“ဒါမင်းဝယ်ခဲ့တာကွ သိလား… လွန်ခဲ့တဲ့ တစ်နာရီလောက်တုံးကဘဲလေကွာ။ အဲဒီအတွက် မင်း လက်မှတ်ထိုးခဲ့ရသေးတယ်လေ … မင်းရဲ့ ယာဉ်မောင်းလိုင်စင်တောင် သက်သေခံအဖြစ် ပြခဲ့ရသေး မဟုတ်လား။”

“မင်း .. မင်း ငါ့ရဲ့ ယာဉ်မောင်းလိုင်စင်ကို ဘယ်လိုလုပ်ပြီး ရသွားတာလဲ…”

“မင်းဆီက ယူစရာလားကွ ငါ့ဟာငါ အတုလုပ်လိုက်တာပေါ့ ..” အဲဒီလူက ခပ်ဟဟလေး ရီရင်း ပြောလိုက်တယ်။
“ရဲကိုတော့ ဒီလိုင်စင် အတုနဲ့ အကြောင်ရိုက်လို့ မရဘူးပေါ့ကွာ။ ဒါပေမယ့်လည်း ငါကအဲဒီဟာကို ရဲကိုပြဖို့လုပ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ ဘယ်ရဲမှလဲ မြင်စရာအကြောင်းမရှိပါဘူး။ သို့သော်ငြားလည်း သေနတ်ဆိုင်က စာရေးကိုတော့ ကောင်းကောင်းကြီး လှည့်စားနိုင်ခဲ့တာပေါ့ကွာ။ ကဲ မင်း ကိုယ့်ကိုယ်ကို သတ်သေမယ့် လူစားမျိုး မဟုတ်ဘူးလို့ ပြောနိုင်သေးရဲ့လား … အဲဒီလူတွေအားလုံးက မင်းဟုတ်ပါတယ်ဆိုတာကို ကျမ်းကျိန်ပြီး ထွက်ဆိုကြမယ့် လူတွေချည်းဘဲကွ .. သိလား အက်ဒဝပ်”

“ငါအဲဒီလို ကိုယ့်ဟာကိုယ် သတ်သေမယ့် လူစားမျိုး မဟုတ်မှန်း ငါ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ အားလုံးက သိထားကြပြီးသားကွ .. နောက်ပြီး ငါ့အလုပ်ထဲက လုပ်ဖေါ်ကိုင်ဖက်တွေ … … အဲဒီလူတွေကျ မင်းဘာပြောမလဲ..”

“ဟား ဟား အဲဒီအတွက်တော့ မပူပါနဲ့ကွာ .. အဲဒီလူတွေအားလုံး အသေအချာကို ပူးပေါင်းပါဝင်ကြမှာပါ။ မင်းရဲ့ အခုတစ်လော အပြုအမူ အနေအထိုင်တွေကို သူတို့တွေအားလုံး သတိပြုမိထားကြပြီးသား ဖြစ်နေမှာ သေချာပြီးသားဘဲ။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေအမြင်မှာ မင်းက မင်းရဲ့ ချစ်လှစွာသော ဇနီးသည် မတော်တဆမှုနဲ့ ရုတ်တရက် ဆုံးပါးသွားခဲ့ရလို့ အထိတ်တလန့်နဲ့ အင်မတန်ကို နှမြောတသ ဝမ်းနည်းပူဆွေးနေရပါတယ် ဆိုတဲ့ပုံစံမျိုး ပီပီပြင်ပြင် သရုပ်ဆောင်နေခဲ့မယ်ဆိုတာကို ငါသေချာပေါက် သိထားနှင့်ပြီးသားမို့လို့ပေါ့ကွ။ အဲဒီအပိုင်းကို မင်းကိုယ်တိုင် ပီပြင်စွာ သရုပ်ဆောင်ခဲ့ပြီးပြီ မဟုတ်လား ကိုယ့်လူ… သူ့ကို မင်းဘယ်တုန်းကမှ သတ်ဖို့ မကြိုးစားသင့်ခဲ့ဘူးဆိုတာ မင်းနားလည်ဖို့ကောင်းတယ် အက်ဒဝပ်။ မင်းသူ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ပေမယ့် ငါကတော့ သူ့ကို အမြတ်တနိုးနဲ့ သိပ်ချစ်ခဲ့တာပါကွာ။ မင်း သူ့ရဲ့ဆန္ဒလေးကို လိုက်လျောခဲ့သင့်ပါရဲ့ အက်ဒ၀ပ်ရာ …”

ရိုက်တစ်ယောက် ထိတ်လန့်စွာနဲ့ တကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေခဲ့ပြီ .. “မင်း …မင်း … မင်း အခုနက ပြောတော့ ငါ့ကို … ငါ့ကို မသတ်ဘူးဆို … ငါ့ကို အဲဒီသေနတ်နဲ့ ထားခဲ့ပြီး ထွက်သွားမှာဆို … …”

“ဟား ဟား .. မင်းကြားသမျှ ယုံရမယ်လို့ မသတ်မှတ်ထားဘူး ကိုယ့်လူ..” အဲဒီလူက ပြန်ပြောရင်းနဲ့ လျှပ်တပြက်အတွင်း လျှင်မြန်စွာနဲ့ ရိုက်ရဲ့ ပါးစပ်ထဲ သေနတ်ကို ထိုးသွင်းလိုက်ပြီး ခလုပ်ကို ဆွဲညှစ်ပစ်လိုက်တော့တယ်။

ပြီးတဲ့နောက်မှာတော့ အဲဒီလူက အားလုံးကို သေသေသပ်သပ်နဲ့ အစီအစဉ်တကျ နေရာချထားလိုက်တယ်။ ဘာတစ်ခုမှ လစ်ဟာမှု မရှိတော့အောင် စနစ်တကျနဲ့ စီစဉ်နေခဲ့တယ်။ လက်ဗွေရာတွေ ကအစ ဘာမှမကျန်အောင် အစဖျောက်လိုက်တယ်။ ပြီးတော့ သေနတ်ပေါ်က သူ့လက်ဗွေတွေကို အသေအချာ သန့်စင်လိုက်ပြီးမှ ရိုက်ရဲ့ လက်ဗွေရာတွေနဲ့ အစားထိုးလိုက်တယ်။ စားပွဲပေါ်မှာတော့ ရိုက်ရဲ့ နောက်ဆုံးမှာတမ်းလွှာ လေးကို တင်ထားပေးလိုက်တယ်။ စိတ်ရောဂါ အထူးကုဆရာဝန်ရဲ့ လိပ်စာကဒ်လေးကိုတော့ ရိုက်ပိုက်ဆံအိတ်ထဲကို အသေအချာ ထည့်သွင်းပေးလိုက်ပြီးတဲ့နောက် သေနတ်ဝယ်ယူခဲ့တဲ့ ငွေပေးချေလွှာ ဖြတ်ပိုင်းလေးကို ရိုက်ရဲ့ အိတ်ကပ်ထဲ ခေါက်ထည့်ပေးလိုက်တယ်။ 

“မင်းသူ့ကို မသတ်ခဲ့သင့်ပါဘူးကွာ…” ရိုက်ရဲ့ အလောင်းကိုကြည့်ပြီး အဲဒီလူက တိုးတိတ်စွာပြောလိုက်တယ်။ အဲဒီနောက် တကိုယ်တည်း လျှို့ဝှက်စွာ ပြုံးလိုက်ပြီးတဲ့နောက် အိမ်နောက်ဖေး တံခါးကနေဘဲ တိတ်တဆိတ် ထွက်ခွာသွားရင်း အမှောင်ထုထဲကို တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားခဲ့တော့တယ်။            ။

# # # # #

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 


(အမေရိကန် မှုခင်းဝတ္ထုတိုများမှ စာရေးဆရာ Lawrence Block ရဲ့ Dead Wish ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။ ကျွမ်းကျင်သူတစ်ယောက် မဟုတ်တဲ့အတွက်ကြောင့် အဆင်မပြေတာများ အမှားအယွင်းများ ရှိခဲ့ပါရင် မအိမ်သူရဲ့ အမှားသာ ဖြစ်ပါကြောင်း ၀န်ခံ အသိပေးလိုပါတယ်ရှင်။ မအားလပ်တဲ့အတွက်ကြောင့် နောက်ဆုံးပိုင်းကို တင်ဖို့ အတန်ငယ် ကြန့်ကြာသွားခဲ့ရတာကို တောင်းပန်ပါတယ်နော်။ စောင့်ပြီးဖတ်ပေးကြတဲ့ အတွက်လည်း အထူးဘဲကျေးဇူးတင်ပါကြောင်း ပြောပါရစေရှင်။)

3 comments:

SHWE ZIN U said...

ဖတ်လို့ကောင်းလိုက်တာ ကျေးဇူး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝတ္ထုရဲ့ လှည့်ကွက်ကလေး သဘောကျတယ်
ဘာသာပြန်တာကောင်းတယ် ဖတ်ရတာလည်းစိတ်ဝင်စားဖို့ ကောင်းတယ်

ညိမ်းနိုင် said...

ဝိုးးးးးးးး၊နောက်ဆုံးပိုဒ်မရောက်မချင်း ဘာမှန်းသေချာ
မသိသေးဘူးဖြစ်နေတာ...၊လှလိုက်တဲ့လှည့်ကွက်လေး...၊
သိပ်ကောင်းတဲ့ဝတ္ထုလေးကို အပင်ပန်းခံဘာသာပြန်ပေးတဲ့
အတွက်ကျေးဇူးတင်ရပါတယ်...။ဘာသာပြန်ထားတာလဲ
ကောင်းတယ်ဗျ...၊အားရင်လုပ်ပါဦး..နောက်တစ်ပုဒ်...:)
(အားမှနော်...၊နောက် စိတ်ပါမှပါ...)

Related Posts Plugin for WordPress, Blogger...