စိတ်ရောဂါ အထူးကု ဆရာဝန်က သူ့မေးစေ့က အဖျားရှူးနေတဲ့ မုတ်ဆိတ်မွေးများကို လက်နဲ့သပ်ရင်းနဲ့ သူ့ရှေ့မှာရှိတဲ့ လူနာကို ကြည့်နေမိတယ်။
“….. …. လောကကြီးမှာ ကျုပ်အသက်ဆက်ရှင်နေလို့လဲ အလကားပါဘဲဗျာ..” အဲဒီလူက တတွတ်တွတ် ဆက်ပြောနေဆဲ..။
“တမြန်နေ့ညကပေါ့ဗျာ ကျုပ်ကိုယ့်ဟာကိုယ် သတ်သေဖို့အထိ ကြံစည်ပြီးပြီဗျ။ လက်မတင်လေးဘဲ။ မောရစ်ဆီ တံတား ပေါ်ကနေ ခုန်ချဖို့ လုပ်တာဗျာ…”
“အဲဒီတော့ …”
“တာဝန်ကျ ရဲသားက ကျုပ်အနားရောက်လာပါရောလား.. ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ သူရောက်မလာလဲ အဲဒီညက ကျုပ်ခုန်ချဖြစ်ခဲ့လိမ့်မယ် လို့တော့လဲ မထင်မိပါဘူး…”
“ဘာဖြစ်လို့လဲ..”
“အဲဒါတော့ ကျုပ်ဟာကျုပ်လဲ မသိဘူးဗျာ..”
လူနာက တတွတ်တွတ်နဲ့ မပြီးနိုင် မစီးနိုင် ဆက်ပြောနေတုံးဘဲ။ ဆရာဝန်ကလဲ မုတ်ဆိတ်ကလေး သပ်ကာ သပ်ကာ နဲ့ တချက်တချက် စကားထောက်ထောက်ပေးရင်း နားထောင်နေလိုက်တာဟာ အတော်ကြီး ကြာသွားတဲ့အထိကို မပြီးနိုင်သေးဘူး။
သိပ်ကြာလာတော့ ဆရာဝန်ခမျာမှာလဲ သေချာနားထောင် မပေးနိုင်တော့ဘူး။ တခါတရံမှာ တစ်နာရီလောက်လုံးလုံး လူနာပြောသမျှကို အလိုက်သင့်တုံ့ပြန် နေတာကလွဲလို့ သူ့ခေါင်းထဲဘာမှကို မရှိတော့နိုင်အောင်ဘဲ။ လူနာက မနားတမ်းပြောနေသမျှဟာ ဘာတွေပြောလို့ ပြောနေမှန်းကို မသိတော့ဘဲ ဆရာဝန် နားထဲမှာ ကြားတချက် မကြားတချက်။ အဲဒီသူပြောနေတဲ့ အကြောင်းအရာတွေလဲ ခေါင်းထဲကို ၀င်တချက် မ၀င်တချက်နဲ့ အချိန်တွေ အတော်ကုန်သွားတယ်။
“အင်း… ဒီလိုလူတွေကို ဒီ့ထက်ကောင်းတာ ငါဘာများလုပ်ပေးနိုင်အုံးမှာလဲ.. တကယ်တမ်းက သူတို့တွေဟာ စကားပြောချင်တာ သက်သက်ဘဲ။ သူတို့လိုအပ်တာက သူတို့ပြောသမျှကို ဒိုင်ခံနားထောင်ပေးနိုင်တဲ့ သူကိုဘဲလိုတာကလား” ဆရာဝန် သူ့ဟာသူ စဉ်းစားနေမိတယ်။
လူနာက ဆရာဝန်ကို သူ့အိပ်မက်အကြောင်းတွေ ဆက်ပြောပြန်တယ်။ ဆရာဝန်ဆီကို လာသမျှ လူနာတိုင်းလိုလိုက သူတို့အိပ်မက်အကြောင်းကို မပြောတဲ့သူမရှိဘူး။ အဲဒီဟာကတော့ ဆရာဝန်ကို အတော်ကြီး စိတ်အနှောက်အယှက် ဖြစ်စေတဲ့အရာတစ်ခုပေါ့။ သူ့ဟာသူတောင် ဘာအိပ်မက်တွေမက်လို့ မက်မှန်းမသိ .. မက်သမျှ အိပ်မက်ကိုလဲ တစိုးတစိတောင် မမှတ်မိတတ်တဲ့ ဆရာဝန်က သူ့လူနာတွေရဲ့ အရေမရ အဖတ်မရ အဓိပ္ပါယ် လုံးလုံးမရှိတဲ့ ပေါက်တတ်ကရ အိပ်မက်တွေအကြောင်းကို နားထောင်ရတာ အတော်ကြီးကို စိတ်ညစ်ညူးစေတာ အမှန်ဘဲ။ အခုလဲ စိတ်ရှုပ်စွာနဲ့ဘဲ လူနာပြောနေတဲ့ သူ့အိပ်မက်အကြောင်းကို နားထောင်ရင်း ကနေ လက်ကနာရီကို တကြည့်ကြည့်နဲ့ ဆွေးနွေးချိန် မြန်မြန်ကုန်ပါစေလို့ စိတ်ထဲကကြိတ်ဆုတောင်းနေမိတယ်။
သူ့အိပ်မက်ကလဲ ဆရာဝန် သိနေခဲ့တဲ့အတိုင်းပါဘဲ။ ဘဝကို ဆက်လက် ရှင်သန်လိုစိတ်တွေ လျော့နည်းလာတာကို ပြဆိုနေတဲ့ အိပ်မက်မျိုး၊ သေခြင်းတရားကို အာသာငမ်းငမ်း တောင့်တတဲ့ အိပ်မက်မျိုး၊ အကြောက်တရားရှိနေသေးလို့သာ အကောင်အထည် မဖေါ်ဖြစ်သေးပေမယ့် ကိုယ့်ကိုယ်ကို အဆုံးသတ် စီရင်ပစ်လိုက်ဖို့ ဆန္ဒတွေ တဖြည်းဖြည်း တိုးပွားလာနေတဲ့ အိပ်မက်မျိုးတွေဘဲပေါ့။ ဒါပေမယ့် … အဲဒီ ရှိနေဆဲ အကြောက်တရား ကကော ဘယ်လောက်ကြာကြာအထိ တာရှည်ခံလိမ့်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်တဲ့ အရာဘဲ မဟုတ်လား။
နောက်ထပ် အိပ်မက်တစ်ခု…. လာပြန်ပြီ.. ဆရာဝန် စိတ်ထဲကနေ မြည်တမ်းလိုက်မိတယ်။ သူဘယ်လိုမှ ဆက်လက်သည်းခံပြီး နားမထောင်နိုင်တော့ဘူး။ မျက်စိတွေကို စုံမှိတ်ပြီး လူနာပြောနေသမျှကို လျစ်လျူရှု ပစ်လိုက်တော့တယ်။ သူ့ကိုယ်သူလဲ စိတ်ထဲက ပြောနေမိတယ်။ “ငါးမိနစ် … နောက်ထပ် ငါးမိနစ်ဘဲ… သည်းခံလိုက်စမ်း… ဒါပြီးရင် ဒီလူနဲ့ ဆွေးနွေးတဲ့ကိစ္စ ပြီးပြီ။ နောက်ငါးမိနစ်ဆို ဒီရူးကြောင်ကြောင်လူ ငါ့ရှေ့ကနေ ထွက်သွားတော့မှာ … …”
# # # # #
ဆေးခန်းထဲဝင်လာတဲ့လူနာကို ဆရာဝန်က လှမ်းကြည့်လိုက်တဲ့ အချိန်မှာ မျက်ခုံးထူထူတွေကို အရင်ဆုံး သတိထားမိလိုက်တယ်။ လူနာရဲ့ အသွင်အပြင်က ကြောက်လန့်တကြားနဲ့ အပြစ်တခုခု ကျူးလွန်လာတဲ့ပုံစံ..။
“ကျွန်တော် အစာအိမ် ဆေးမှရမယ် ဒေါက်တာ” ဝင်လာတဲ့လူက အလောတကြီးပြောလိုက်တယ်။
“အဲဒါ ဒီဆေးခန်းမှာဘဲ လုပ်လို့ရမလား ဒါမှမဟုတ် ကျွန်တော်တို့ ဆေးရုံသွားဖို့လိုသလား ဒေါက်တာ”
“ဘာဖြစ်လာတာလဲ အရင်ပြောအုံးမှပေါ့ဗျ..”
“ဆေးလုံးတွေလေ…”
“အိပ်ဆေးကိုပြောတာလား… ခင်ဗျားက ဘယ်နှစ်လုံးများ သောက်ခဲ့မိလို့တုန်း..”
“အလုံး နှစ်ဆယ် …” အဲဒီလူက ပြန်ပြောတယ်။
ဆရာဝန် မျက်လုံးပြူးသွားပြီး “ဆယ်လုံးဆိုရင်တောင် ခင်ဗျားသေနိုင်တယ် သိရဲ့လား။”
“ခင်ဗျားသောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ” ဆရာဝန်က ဆက်မေးလိုက်တယ်။
“နာရီဝက်လောက်တုံးကဘဲ။ အဲ..အဲ.. မဟုတ်ဘူး… မိနစ် နှစ်ဆယ်လောက်တော့ ရှိပြီထင်တယ်..။”
“ဆေးလုံးတွေ မြိုချပြီးမှ ဒီလို ရူးကြောင်မူးကြောင် အလုပ်တွေကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်မိတယ်ပေါ့.. ဟုတ်စ။ အဲဒါများ ဘာဖြစ်လို့ မိနစ်နှစ်ဆယ် ထိအောင် စောင့်နေရသေးတုန်း …”
“ကျွန်တော် ကိုယ့်ဟာကိုယ် ပါးစပ်ထဲ လက်ထိုးပြီး အန်ထုတ်ဖို့ ကြိုးစားကြည့်ပါသေးတယ်။”
“အော.. မရတော့မှ ဒီရောက်လာတယ်ပေါ့။ ကဲ ကဲ အစာအိမ်ဆေးဖို့ လုပ်ငန်းစကြမယ်။” ဆရာဝန်က ပြောပြောဆိုဆို စလုပ်ပါတော့တယ်။
အဲဒီဟာကတော့ အတော်ကိုခံရခက်ပြီး အော်ဂလီဆန်ချင်စရာပါဘဲ။ ဒါပေမယ့်လဲ နောက်ဆုံးမှာတော့ ဆရာဝန်က “ကိုင်း.. ခင်ဗျား မသေနိုင်တော့ပါဘူး”
“ကျေးဇူးပါဘဲ ဒေါက်တာရယ်..”
“ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး.. ဒီကိစ္စကို ကျုပ်က တာဝန်ရှိသူတွေကို တင်ပြရမှာဘဲ။”
“အဲဒီလိုတော့ သတင်းမပို့လိုက်ပါနဲ့ ဒေါက်တာရယ်.. ကျွန်တော်က … ကျွန်တော်က အခုလက်ရှိမှာ စိတ်ရောဂါ အထူးကုနဲ့ ပြသ နေရတဲ့ လူနာတစ်ယောက်ပါ။ အဲဒီတော့ အထူးတလည်တွေ လုပ်မနေတော့ဘဲနဲ့ ဒီကိစ္စကို မတော်တဆမှုတစ်ခု လို့ဘဲ မှတ်ယူပေးပါဗျာ… တကယ်ပြောတာပါ။”
အဲဒီလူ စကားကြားတဲ့အချိန်မှာတော့ ဆရာဝန် မျက်ခုံးတွေ မြင့်တက်သွားခဲ့ပြီး “ဆေးအလုံး နှစ်ဆယ် မြိုချတာကို ကျုပ်က ... ... ... အဲသလို ဆိုရင်တော့ ကျသင့်ငွေကို ခင်ဗျား အခုဘဲ အကုန်ရှင်းသွားပေတော့။ ကျုပ်ကတော့ အချိန်မရွေး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားနေတဲ့ လူမျိုးတွေဆီကို ကျသင့်ငွေတောင်းခံလွှာ လှမ်းပို့ပြီး နောက်မှ ငွေရှင်းခိုင်းဖို့အထိတော့ မစွန့်စားနိုင်ဘူးဗျ။”
# # # # #
(ဆက်ရန်)
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
(အမေရိကန် မှုခင်းဝတ္ထုတိုများမှ စာရေးဆရာ Lawrence Block ရဲ့ Dead Wish ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။ ကျွမ်းကျင်သူတစ်ယောက် မဟုတ်တဲ့အတွက်ကြောင့် အဆင်မပြေတာများ အမှားအယွင်းများ ရှိခဲ့ပါရင် မအိမ်သူရဲ့ အမှားသာ ဖြစ်ပါကြောင်း ၀န်ခံ အသိပေးလိုပါတယ်ရှင်။ အခန်းဆက်တွေကို သိပ်မကြာစေဘဲ တင်နိုင်အောင် ကြိုးစားပေးပါ့မယ်။ ချက်ချင်းမတင်ဖြစ်ခဲ့ရင်လည်း နားလည်ပေးကြပါလို့ တောင်းပန်လိုပါတယ်။)
4 comments:
ဒီဝတ္ထုဖတ်ပြီး ကြွက်သတ်ဆေးသောက်တဲ့ သူငယ်ချင်းတစ်ယောက်ကို သွားသတိရလိုက်တယ်
တော်သေးတယ် ခုလိုဘဲ ဆ၇ာဝန်က အစာအိမ်ဆေးပေးလိုက်လို့ ဘာမှ မဖြစ်လိုက်ဘူး။
မျက်စိရှေ့မှာတင် သောက်တာဆိုတော့ မြင်လိုက်ရတာ ခုထိ မှတ်မိနေတုန်း
မအိမ်သူရေ...အခန်းဆက်တွေကို စောင့်ဖတ်ရတာ စိတ်သိပ်မရှည်လှပေမယ့် ဒီဟာလေးကိုတော့ စောင့်ဖတ်ဦးမယ်ဗျာ...ချီထားတာကိုက စိတ်ဝင်စားစရာကောင်းနေလို့လေ...နောက်ဆုံးကျ မစောင့်နိုင်တော့ရင်လည်း မူရင်းကို သွားဖတ်လိုက်မယ်ဗျာ...ဒါပေမယ့် မအိမ်သူဘာသာပြန်ထားတာလည်း တော်တော်ပြေပြစ်တော့ စောင့်ဖတ်တာပဲ ကောင်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်...
စိတ်ရောဂါအထူးကု ဆရာဝန်တွေရဲ့ အလုပ်ကလည်း မလွယ်ဘူးနော် အတော်လေး စိတ်ရှည် သည်းခံရမယ်။ အဆက်ကို စောင့်ဖတ်နေတယ်နော်။ ဘာသာပြန်ပေးတာ ကျေးဇူးပါကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အင်း...စိတ်ကုဆြာဝန်တွေဘဝကလည်းမလွယ်ပါလားနော်
တော်ကြာသူတို့တောင် သတ်သေချင်စိတ်ပေါက်လာလေမလားမသိ...:)
နောက်ဆုံပိုဒ်လေးက ရီလိုက်ရတာ........:)))
Post a Comment