Tuesday, June 14, 2011

သေစေညွှန်း (အပိုင်း တစ်)

တာဝန်ကျ ရဲသားက တံတားအလယ်မှာ ကားတစ်စီးရပ်လိုက်တာကို လှမ်းတွေ့လိုက်မိပေမဲ့ ထွေထွေထူးထူး မတွေးဖြစ်ပါဘူး။ ဒါထူးဆန်းတာမှမဟုတ်ဘဲ။ ဒီလိုမျိုးက ဒီတံတားပေါ်က ဖြတ်သန်းသွားတဲ့သူတွေ မကြာခဏ လုပ်နေကျဆိုတာ သိထားတော့ သာမန်ဘဲပေါ့။ အခုလို ညဥ့်နက်ပိုင်း ကားအသွားအလာ ရှင်းတဲ့အချိန်ဆိုရင် သူတို့စီးလာတဲ့ကားတွေကို တံတားအလယ်လောက်မှာ ရပ်တန့်ပြီး တံတားလက်ရမ်းကနေ လှမ်းလို့ သူတို့မြို့တော်ကြီးရဲ့ ညအလှမြင်ကွင်းကို ရှုစားတတ်ကြတယ်လေ။ တံတားအောက်ကနေ ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်ကြီးက ကျယ်ပြောသလောက် အတော်ကိုလည်း နက်တယ်။ မြစ်ကြီး ဖြတ်သန်းစီးဆင်းနေပုံကလည်း မြို့တော်ကြီးကို အလယ်ကောင်ကနေ တိတိကျကျ ထက်ခြမ်းခွဲထားသလိုမျိုး… အဲဒီတော့ ညဖက်ဆို တံတားအလယ်ကနေများ မြို့တော်ကြီးကို လှမ်းကြည့်လိုက်ရင် ရှုမငြီးချင်စရာ အင်မတန်ကို စွဲဆောင်နိုင်တဲ့ အလှဆုံးမြင်ကွင်း ဖြစ်နေတော့တာကိုး။

အဲ.. ဒါတင်မက မိမိကိုယ်ကို အဆုံးစီရင်ချင်တဲ့ သူများကလည်း ဒီလိုတံတားမျိုးကို အင်မတန် ကြိုက်တတ်ကြတာကလား။ ဒါပေမဲ့ ရဲသားကတော့ အဲဒီလူ ကားပေါ်ကနေဆင်းလာပြီးတော့ တံတားဘောင်နားကို တဖြည်းဖြည်းချင်းလျှောက်သွားပြီး တံတားလက်ရမ်းဘောင်ကို လှမ်းကိုင်လိုက်တဲ့အချိန်ထိ အဲဒီကိစ္စကို မစဉ်းစားမိသေးဘူး။ အဲဒီလူရဲ့ လှုပ်ရှားမှုတွေကို ကြည့်နေရင်းကနေမှ သူ့စိတ်ထဲ တစ်ချက် ထင့်ကနဲဖြစ်သွားတယ်။ ဒီလူ.. အဲဒီလူ.. တံတားပေါ်က တကိုယ်တော်သမားကို သေချာလှမ်းကြည့်ရင်း သူ့စိတ်ထဲမှာ တခုခု ထူးခြားသလိုလိုဖြစ်လာတယ်။ ဟုတ်တယ် တစ်ခုခုဘဲ။ ဒီလို ညမှောင်မှောင်ထဲမှာ လှမ်းမြင်နေရတဲ့ အဲဒီလူရဲ့ ၀ိုးတ၀ါးပုံရိပ်… တံတားရဲ့ ပတ်ဝန်းကျင်မှာလည်း မြူတွေကဆိုင်းလို့… ရဲသားက အဲဒီလူကို မမှိတ်မသုန် လှမ်းကြည့်နေမိရင်းကနေမှ ဟာ.. သူ့ကိုယ်သူ ပျစ်ပျစ်နှစ်နှစ်ကို ကျိန်ဆဲလိုက်မိတော့တယ်။ စိတ်ထဲကနေလည်း အဲဒီလူကို သူအချိန်မှီမှ တားဆီးနိုင်ပါတော့မလားလို့ ကမန်းကတန်း တွေးမိလိုက်သေးတယ်။

ရဲသားက လှမ်းအော်လိုက်တာမျိုး သူ့ရဲ့ဝီစီကို တရွှီးရွှီး မှုတ်လိုက်တာမျိုးကိုလည်း မလုပ်ချင်ပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို အထိတ်တလန့် လုပ်လိုက်မိရင် အဖြစ်အပျက်တွေက ပိုဆိုးသွားမှာကို သူသိနေခဲ့တယ်။ အကြံအိုက်စွာ စဉ်းစားရင်းနဲ့ အသာကြည့်နေတုန်းမှာ အဲဒီလူက စီးကရက်တစ်လိပ်ကို မီးညှိလိုက်တာကို လှမ်းတွေ့လိုက်ရတော့ ရဲသားခမျာ နဲနဲပါးပါးတော့ စိတ်အေးသွားရှာတယ်။ အဲဒီလူကို သူတားဆီးဖို့ အချိန်အနည်းငယ် ရလောက်သေးတယ်ဆိုတာ နားလည်လိုက်တယ်။ ဒါ ကိုယ့်ကိုယ်ကို  အဆုံးစီရင်ချင်တဲ့လူတွေ လုပ်လေ့လုပ်ထ ရှိတာကိုး။ တံတားပေါ်ကနေ ဟိုးအောက်ကို မခုန်ချခင်မှာ  နောက်ဆုံးအနေနဲ့ စီးကရက်လေး တစ်လိပ်လောက်ကို သောက်သွားလေ့ရှိတတ်ကြတာ သူသိနေတယ်။

ရဲသားက အသာအယာဘဲ အဲဒီလူဆီကို လျှောက်သွားလိုက်တယ်။ အဲဒီလူနဲ့ ဆယ်ကိုက်လောက် အကွာကို ရောက်တဲ့အချိန်မှာ ရဲသားကို သူမြင်သွားတော့ လန့်ဖျပ်သွားပြီး နောက်ကို ခြေတလှမ်းလောက် ရုတ်တရက် ခုန်လိုက်မိပြီးမှ ခေါင်းတစ်ချက်ဆတ်ပြီး အခြေအနေကို နားလည်သွားတဲ့ပုံနဲ့ အိနြေ္ဒဆည်လိုက်တာကို ရဲသားက သတိထားလိုက်မိတယ်။
ရဲသားက ခပ်ဖြည်းဖြည်း လျှောက်သွားရင်းနဲ့ သူ့ကို မသိမသာ အကဲခတ်လိုက်တယ်။ ဒီလူကြည့်ရတာ လူလတ်ပိုင်းအရွယ် အသက်က သုံးဆယ့်ငါး ၀န်းကျင်လောက်သာ ရှိသေးပုံဘဲ။ အရပ်မြင့်မြင့် မျက်နှာက ရှည်ရှည်သွယ်သွယ် မျက်ခုံးထူထူက မျက်နှာမှာ မဲပြီးထင်းနေတာကို သတိပြုမိလိုက်တယ်။

“မြို့တော်ကြီးကို ရှုစားနေလားဗျ” ရဲသားက လှမ်းနှုတ်ဆက်လိုက်တယ်။ 

“ကျွန်တော် ခင်ဗျားကို ဟိုးနားကနေ လှမ်းမြင်လိုက်လို့ စကား စမြည်လေးများ ပြောရအောင်ဆိုပြီး လျှောက်လာခဲ့တာဗျ..  ခင်ဗျားလဲ သိတဲ့အတိုင်းဘဲဗျာ ဒီလိုအချိန် ကြီးမှာ တယောက်ထဲ တာဝန်ကျနေရတော့ ပျင်းစရာကောင်းလွန်းလို့ ..” ပြောရင်းနဲ့ ရဲသားက သူ့အိတ်ကပ်တွေကို ဟိုစမ်းဒီစမ်းလုပ်ရင်း ဆေးလိပ်ရှာချင်ဟန်ဆောင်လိုက်တယ်။

နောက်မှ ရှာလို့မတွေ့တဲ့ပုံစံနဲ့ “ခင်ဗျားမှာ စီးကရက် အပိုလေးများ မရှိတော့ဘူးလားဗျ” လို့လှမ်းမေးလိုက်တော့ အဲဒီလူက ရဲသားကို စီးကရက် တစ်လိပ် ထုတ်ပေးပြီး မီးပါတခါတည်း တို့ပေးတယ်။ 

ရဲသားက ကျေးဇူးတင်တဲ့အကြောင်း ပြောလိုက်ပြီး မြို့တော်ကြီးဘက်ကို လှမ်းကြည့်ရင်းနဲ့ 
“ဒီနေရာကနေ ကြည့်ရတာ သိပ်လှတာဗျ .. မြို့တော်ကြီးရဲ့ ညရှုခင်းက ကြည့်မိတဲ့သူရဲ့ နှလုံးစိတ်ဝမ်းကို ငြိမ်းချမ်းသွားအောင်လို့ကို ဖမ်းစားနိုင်လွန်းတယ်ဗျာ..” 

“ကျုပ်ရဲ့စိတ်ကိုတော့ ဘယ်အရာကမှ ဖမ်းမစားနိုင်ပါဘူးဗျာ” လို့ အဲဒီလူက ဆိုတယ်။
“ကျုပ်က အခုဘဲ လူတစ်ယောက်ကို အမှန်တကယ် ငြိမ်းအေးစေနိုင်မဲ့ နည်းလမ်းတွေကို စဉ်းစားနေတာ..”

“ဘယ်အရာမဆိုတော့ အနှေးနဲ့အမြန် ဆိုသလို အဆင်ပြေသွားတတ်ကြတာပါဘဲဗျာ.. တချို့အဖြစ်တွေကတော့ အချိန်နဲနဲ ပိုယူချင်လဲ ယူပေလိမ့်မပေါ့။” ရဲသားက ပြန်ပြောလိုက်မိတယ်။ 

“လောကကြီးကတော့ ကြမ်းတမ်းတာ အမှန်ပါဘဲ။ ဒါပေမဲ့လည်း ကိုယ်ပိုင်ဆိုင်ရထားတာတွေဟာ အကောင်းဆုံးပါဘဲဗျာ။ ကျွန်တော့် အမြင်ကတော့ ခင်ဗျားအနေနဲ့ ဒီ့ထက် ကောင်းမယ်ထင်တဲ့အရာကို ဟိုးမြစ်အောက်ခြေမှာ သွားရှာလို့လဲ မတွေ့နိုင်ဘူးလို့ ထင်တယ်ဗျ..”

အဲဒီလူက ဘာမှပြန်မပြောတော့ဘဲ အတော်ကြာကြာကြီး တိတ်ဆိတ်နေပြီးမှ သူ့စီးကရက်တိုကို တံတားဘောင်ပေါ်ကနေ အောက်ကိုတောက်ချလိုက်ပြီး ရေထဲကျသွားတဲ့ အချိန်အထိ သေချာငုံ့ကြည့်နေတယ်။

ပြီးတော့မှ ရဲသားဘက်ကိုလှည့်ပြီး “ကျုပ်နာမည် အက်ဒ၀ပ် ရိုက် လို့ခေါ်တယ်ဗျ.. ကျုပ်ထင်ပါတယ် ကျုပ်အဲဒါကို လုပ်ဖြစ်လိမ့်မှာ မဟုတ်ပါဘူး… ဒီနေ့ညအဖို့ပေါ့ဗျာ…”

“ခင်ဗျားမှာ တစုံတရာ စိတ်အနှောက်အယှက် ဖြစ်စရာများ ရှိနေလို့လားဗျာ…” ရဲသားက မေးလိုက်မိတယ်။

“မရှိပါဘူး …… အထွေအထူးမရှိပါဘူး”

“ခင်ဗျား ဆရာဝန် တစ်ယောက်ယောက်နဲ့ကော မဆွေးနွေးကြည့်ဘူးလားဗျ.. အဲဒါ အတော်လေး အကူအညီရနိုင် တယ်ဆိုတာ ခင်ဗျားသိတယ်မဟုတ်လား..”

“အဲဒီလို ပြောတာပါဘဲဗျာ….”

“ကော်ဖီတစ်ခွက်လောက်များ မသောက်ချင်ဘူးလားဗျ…” ရဲသားက ဧည့်ဝတ်ပြုလိုက်တယ်။

အဲဒီလူ တစ်ခုခု ပြန်ပြောတော့မလို လုပ်ပြီးမှ စိတ်ပြောင်းသွားပုံနဲ့ နောက်ထပ် စီးကရက်တစ်လိပ်ကို မီးထပ်ညှိပြီး မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ပြန်တယ်။ 

“ကျုပ် အဆင်ပြေ သွားပါလိမ့်မယ်” သူ့ဟာသူပြောရင်း 
“ကျုပ်အိမ်ပြန်လိုက်အုံးမယ်။ တစ်ရေးလောက် အိပ်ဖို့ ကြိုးစားကြည့်လိုက်ပါအုံးမယ်ဗျာ။ ကျုပ်ဇနီး.. ကျုပ်ဇနီးလေ … … …
ကျုပ်ကောင်းကောင်းမအိပ်ဖြစ်တာ အဲဒီတုံးကတဲကပါဗျာ”

“အို…” ရဲသားနှုတ်က အာမေဋိတ်သံ တစ်ချက်ထွက်သွားတယ်။

“သူဆုံးသွားပြီဗျ… ကျုပ်အတွက်တော့ အရာရာဟာ သူတစ်ယောက်ထဲပါဗျာ… အခု… အခုတော့ .. သူဆုံးရှာပြီ..”

ရဲသားက အဲဒီလူရဲ့ ပခုံးကို လှမ်းဖက်ထားလိုက်မိတယ်။

“ခင်ဗျား လုပ်နိုင်မှာပါ မစ္စတာရိုက်ရယ်.. သူမရှိဘဲ ခင်ဗျားဘ၀ ဆက်လက် မရှင်သန်နိုင်ပါဘူးလို့ ခင်ဗျားထင်ချင်ရင်ထင်လိမ့်မယ်။ အရာရာဟာ အရင်တုံးကနဲ့တော့ ဘယ်တူနိုင်မလဲဗျာ။ အများကြီး ပြောင်းလဲသွားမယ်ဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမယ့်လဲဗျာ ……”

“ကျုပ်သွားတော့မယ်ဗျာ” အဲဒီလူက လှမ်းပြောတယ် “ကျုပ် ခင်ဗျားကို အနှောက်အယှက်ပေးမိ သလိုများ ဖြစ်သွားရင် ခွင့်လွှတ်ပါ။ ကျုပ်ကြိုးစားပြီး ဖြေသိမ့်ပါမယ်။ အဆင်ပြေသွားမယ် ထင်ပါတယ်ဗျာ …”

ရဲသားက အဲဒီလူကားမောင်းပြီး ထွက်သွားတာကို မျက်စိတဆုံးကြည့်ရင်း ဟင်း… ငါသူ့ကို ရဲစခန်း ခေါ်သွားခဲ့သင့်တယ် ထင်ပါရဲ့လို့ ပြန်စဉ်းစားမိတယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားထားတဲ့ လူတစ်ယောက်ကို တားဆီးနိုင်ဖို့ ဆိုတာ သိပ်တော့မဖြစ်နိုင်မှန်း သူသိနေတယ်။ နောက်ပြန်လှည့်ပြီး သူတာဝန်ကျတဲ့ တံတားတဖက်စွန်းဆီကို ဦးတည်လို့ ပြန်လျှောက်လာခဲ့လိုက်တယ်။ ရဲသား သူ့နေရာသူ ပြန်ရောက်တော့မှ မှတ်စုစာအုပ်ကိုထုတ်ပြီး စာအုပ်ထဲမှာ အသေအချာ ရေးမှတ်ထားလိုက်မိတယ်။

အမည် - အက်ဒ၀ပ် ရိုက်

အဲဒီလူ နဲ့ပတ်သက်တဲ့ အကြောင်းကို သူသေချာမှတ်မိနေဖို့ လိုတယ်လေ… ပြီးတော့ အချက်အလက်တွေ ပြည့်စုံအောင် ဆက်ရေးတယ်။

-         မျက်ခုံးထူထူ
-         ဇနီး ကွယ်လွန်
-         တံတားမှ ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်မှု …. ။         ။

# # # # #
(ဆက်ရန်)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

(အမေရိကန် မှုခင်းဝတ္ထုတိုများမှ စာရေးဆရာ Lawrence Block ရဲ့ Dead Wish ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။ ကျွမ်းကျင်သူတစ်ယောက် မဟုတ်တဲ့အတွက်ကြောင့် အဆင်မပြေတာများ အမှားအယွင်းများ ရှိခဲ့ပါရင် မအိမ်သူရဲ့ အမှားသာ ဖြစ်ပါကြောင်း ၀န်ခံ အသိပေးလိုပါတယ်။ မအားလပ်တဲ့ အတွက်ကြောင့်လဲ အပိုင်းများခွဲပြီး တင်ရတာကို နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်ရှင်။)

5 comments:

ညိမ်းနိုင် said...

ဖတ်လို့ကောင်းတယ်ဗျ...၊စိတ်ဝင်စားစရာ...၊မအားလပ်
ဘူးဆိုတော့ လည်း မြန်မြန်လေး ဘာသာပြန်ပေးပါလို့တောင်းဆိုရမှာ အားနာလို့ ဘာမှမ
ပြောတော့ဘူးနော်.....:D

mstint said...

ဘာသာပြန်လေး လာဖတ်သွားတယ် မအိမ်သူရေ အချိန်ရလို့ ဆက်တင်မဲ့ ပို့စ်လေးကို မျှော်နေပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုဇော် said...

ကြိုက်တယ်ဗျာ။ လှည့်ကွက်ကလေးတွေ ပါရင် ပိုကြိုက်တယ်။ စောင့်ရင်း . . .

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာဘဲ
ဘာဆက်ဖြစ်မယ်ဆိုတာ သိချင်လာတယ်
ဆက်ရန်ကို မျှော်နေပါ့မယ် မအိမ်သူရေ..

Angelhlaing(May everybody be happy and healthy! said...

မမရေ ခုမှပဲ စာလေးလာဖတ်ဖြစ်တယ်...
ဆက်ရန်လေးလည်း လုပ်ပါအုံးမမရေ...:)
ကောင်းသောနေ့လေး ဖြစ်ပါစေ။

Related Posts Plugin for WordPress, Blogger...