Saturday, June 11, 2011

လမ်းနဲ့လူ


လူရယ်လို့ဖြစ်လာချိန် …
ပိစိကွေး ကလေးငယ်ဘ၀ကစလို့
လျှောက်လာခဲ့ရတဲ့လမ်းတွေ…
မဆုံးနိုင်သေးတဲ့လမ်းတွေ…
ဆက်လျှောက်ရအုံးမယ့်လမ်းတွေ…

တစ်ချို့က ကြမ်းကြမ်း
တစ်ချို့က ဖြူးဖြူး
တစ်ချို့ကဖြောင့်ဖြောင့်
တစ်ချို့က ကွေးကွေး
တစ်ချို့က ကောက်ကောက် …။

မှောင်တခါ လင်းတလှည့်
ကြမ်းတခါ ချောတလှည့်
လျှောက်ခဲ့တဲ့လမ်းတွေ…
လျှောက်ရင်းနဲ့ ပျောက်ခဲ့ရတဲ့လမ်းတွေလဲရှိခဲ့
မလျှောက်ချင်လို့ ဖျောက်ခဲ့ရတဲ့လမ်းတွေလဲရှိရဲ့…. ။

တစ်ချို့လမ်းတွေက…
လျှောက်ရင်းနဲ့ ဖေါက်
ဖေါက်ရင်းကနေ လျှောက်ခဲ့ရ
ဖြတ်သန်းခဲ့ကြတဲ့ မိုင်တိုင်တွေ……။

လမ်းအထွေထွေ
ပုံစံတွေဘယ်လိုကွဲသော်လည်း
လမ်းဆိုတာ ခရီးဆုံးရောက်ဖို့
မဖြစ်မနေ လျှောက်ကြရမှာမို့လေ…။

လမ်းတွေထက်မှာ
လျှောက်နေဆဲ တခဏ
ဆုံခဲ့ရတဲ့ ခရီးသွားတွေဘဝ
တွေ့ ကြုံ ဆုံ ကွဲ သံသရာထဲမှာ…

လမ်းဆုံ လမ်းခွမှာ
တွေ့ဆုံခဲ့ကြသူတွေ...
လမ်းခွဲ လမ်းလွှဲမှာ
ခွဲခွာသွားခဲ့ကြသူတွေ...
လမ်းဖြတ် လမ်းချိုးမှာ
နှုတ်ဆက်ကွေ့ချိုးသွားကြသူတွေ…

လမ်းမထက်မှာ
နေရစ်ခဲ့ကြသူတွေ...
လမ်းတ၀က်မှာ
ကျန်နေခဲ့ကြသူတွေ...
လမ်းခုလတ်မှာ
ချန်ထားရစ်ခဲ့ရသူတွေ…

တစ်ချို့တွေများကျတော့
မျက်နှာချင်းဆုံ ကြုံပေမဲ့လည်း
ဆန့်ကျင်ဘက်လားရာတွေနဲ့
ကိုယ့်လမ်းကိုယ်ဆက်ခဲ့ရသူတွေ…

အထွေထွေ အပြားပြား
ဆန်ဆုံ စား ကံကုန်လို့ သွား ခဲ့ရတာကြောင့်
ကိုယ်သွားတဲ့လမ်း မဖြောင့်တန်းလဲ
ဆက်လှမ်းရမှာ ဓမ္မတာပေမို့
မဆုံးတမ်းသာ ဆက်လျှောက်လိုက်ကြစို့ရဲ့…. ။          


( ကိုဇော် က နှုတ်ဆက် လို့ ရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ အတွေးကောင်း အရေးကောင်းတဲ့ သူတစ်ယောက်မို့ စာတွေဆက်ရေးနေဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အခြေအနေပေးလာခဲ့ရင် တချိန်မှာ အဲဒီ အတွေး အရေးတွေကို ဖတ်ခွင့်ကြုံလာအုံးမယ်လို့ မျှော်လင့်ပါတယ်။ ဘလော့ဂ်မှာ မဟုတ်တောင် မဂ္ဂဇင်း ဂျာနယ် စာအုပ် စာစောင်များရဲ့ စာမျက်နှာများ အဖြစ်နဲ့လဲ ဖြစ်နိုင်တာပေါ့နော်။ )

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
(ပုံလေးကို Google ကနေယူထားပါတယ်။)

7 comments:

ကိုဇော် said...

ကဗျာ အတွေးတွေကတော့ အရမ်းကောင်းတယ် မအိမ်သူ။
ကျနော့် အတွက် အမှတ်တရ ရေးပေးလို့ ကျေးဇူး အထူးတင်ပါတယ်။ အရင်လို မအားတော့လို့ အချိန်ပေးပြီး စာမရေးဖြစ်တော့တာပါ။ နောက်ထပ် ၃ ၊ ၄ လ လောက် ဆိုရင်တော့ မပြောတတ်ဘူးဗျာ။ အားရင် ပြန်ရေးပါ့မယ်။ ကိုယ့်ဖာသာ ရေးဖြစ်တာတွေ ကျတော့ ကိုယ့်အတွက်ပဲ ကောင်းတယ်လေ။ ဒါကြောင့် မတင်ဖြစ်ဘူး။ တချို့ကိုကျတော့ Facebook မှာ တင်ဖြစ်ပါတယ်။ တိုတိုလေးတွေပေါ့။ မဂ္ဂဇင်း ၊ ဂျာနယ် မှာတော့ ဟိုးအရင်က ၄ နှစ်လောက် ကြာအောင် ကလောင်တစ်ခုနဲ့ ရေးဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော့် အဖေက မကြိုက်တာနဲ့ ဆက်မရေးဖြစ်တော့တာပါ။ အခု နောက်ပိုင်းတော့ ကျနော် မဂ္ဂဇင်း ၊ ဂျာနယ်တွေမှာ ရေးဖြစ် အစီအစဉ် မရှိတော့ပါဘူး။ မရေးတော့ပါဘူးဗျာ။ အားတဲ့ တစ်နေ့ကျရင်တော့ ကျနော် ဘလော့မှာပဲ စာပြန်ရေးပါ့မယ်။

ပျော်ရွှင်ပါစေဗျာ။ အရာရာ အတွက် ကျေးဇူးပါ။

ခင်မင်စွာဖြင့်
ကိုဇော်

mstint said...

ကဗျာကောင်းလေးတစ်ပုဒ် ဖတ်သွားတယ် မအိမ်သူရေ လူတိုင်းလူတိုင်း လျှောက်လှမ်းနေရတဲ့လမ်းတွေ အမျိုးမျိုးပေါ့ကွယ် ချောမွေ့တဲ့ခရီးလမ်းတွေမှာ အေးချမ်းစွာ လျှောက်လှမ်းနေတဲ့သူတွေရှိသလို ကြမ်းတမ်းတဲ့ ခရောင်းလမ်းမှာလဲ ပူလောင်ပြင်းထန်စွာနဲ့ လျှောက်နေကြရတဲ့သူတွေ ရှိပြန်တယ်။ ဒါပေမယ့် အရာရာဟာ အနတ္တသဘောဆိုတာကို လျှောက်လှမ်းနေတဲ့သူတွေ အားလုံးမမေ့သင့်တဲ့အရာပေါ့နော်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကိုယ်သွားတဲ့လမ်း မဖြောင့်တန်းလဲ
ဆက်လှမ်းရမှာ ဓမ္မတာပေမို့
မဆုံးတမ်းသာ ဆက်လျှောက်လိုက်ကြစို့ရဲ့….

ကဗျာလေး ကောင်းတယ် ညီမရေ

ရွှေစင်ဦး

ဟန်ကြည် said...

အင်း...လမ်းတွေနဲ့ လူတွေပေါ့ မအိမ်သူရေ...လမ်းတွေကို လူတွေက စီမံမလား...လူတွေကပဲ လမ်းတွေကို စီမံကြမလားဆိုတာတော့ မဆုံးနိုင်သေးတဲ့ မနက်ဖြန်ပေါင်းများစွာမှာ ဆက်ပြီး အဖြေရှာကြတာပေါ့လေ...

ညိမ်းနိုင် said...

ထူးအိမ်သင်သီချင်းလေးကိုတောင်သတိရမိသေး...
ဂလိုပါပဲအစ်မရေ....၊ကံကုန်တော့ သွားကြရပေါ့....။

Clozest said...

လမ်းဆုံလမ်းခွမှာလည်း မီးနီပြခဲ့ပြီ
လမ်းခွဲလမ်းလွှဲမှာလည်း ရဲဖမ်းခဲ့ပြီ
လမ်းမထက်မှာလည်း ကားဘီးပေါက်ခဲ့ပြီ
လမ်းတ၀က်မှာလည်း ဆီကုန်ဖူးခဲ့ပြီ
လမ်းဖြတ်လမ်းချိုးမှာလည်း ကြွေးရှင်နဲ့တိုးခဲ့ပြီ

လမ်းမထက်မှာ နေရစ်ခဲ့သူလည်း ရှိခဲ့ရဲ့
လမ်းတ၀က်မှာ ကျန်ရစ်ခဲ့သူလည်း ရှိခဲ့ရဲ့
လမ်းခုလတ်မှာ ချန်ထားခဲ့သူလည်း ရှိခဲ့ရဲ့

ဘာပဲဖြစ်ဖြစ်
လမ်းဆုံးရင် ရွာတွေ့မယ်လို့တော့
ခပ်ဝါးဝါး ယုံကြည်ထားဆဲပါပဲ... :P

မေသိမ့်သိမ့်ကျော် said...

ရင်ထဲမှာ ဆို့နင့်နင့် ဖြစ်သွားတယ်။ ကိုယ့်လမ်းကိုယ်သွားရတာချည်းပါပဲလေ။
ဆန်ဆုံစား၊ ကံကုန်သွားဆိုတာ တကယ်မှန်ပါတယ်။

ခင်မင်လေးစားလျက်

Related Posts Plugin for WordPress, Blogger...