Thursday, June 30, 2011

စီဘောက် က စပမ်းတွေအတွက်

မအိမ်သူ ဘလော့ဂ်မှာ စီဘောက်ထည့်ပြီး နောက်တစ်ရက် နှစ်ရက်လောက် နေတော့ ဘာမှန်းမသိတဲ့ လင့်တွေနဲ့ ဘာစာတွေမှန်းမသိ လာလာပြီး ရေးသွားတာ နေ့တိုင်းလို တွေ့တွေ့နေခဲ့ရတယ်။ အဲဒီလင့်တွေကိုလည်း သွားမနှိပ်ရဲဘူး။ တော်ကြာ ဗိုင်းရပ်စ်တွေ ဘာတွေဖြစ်နေမှာကို ကြောက်တာနဲ့ ဒီအတိုင်းဘဲ ထားထားလိုက်တယ်။ စီဘောက်ကိုလည်း မဖြုတ်လိုက်ချင်တော့ ဒီလိုဘဲ ကြည့်နေလိုက်ရတော့တာဘဲ။ နောက် တခြားဆိုက်တွေကို သွားတဲ့အခါမှာလည်း ဘလော့ဂ်တိုင်းလိုလိုရဲ့ စီဘောက်တွေမှာ အဲဒါမျိုးတွေ အများကြီးတွေ့တွေ့နေရတဲ့အခါ နဲနဲစိတ်အနှောက်အယှက် ဖြစ်လာတာနဲ့ အင်တာနက်မှာ ဟိုရှာဒီရှာ ရှာကြည့်လိုက်တာ နည်းလမ်းလေးတစ်ခု ရှာတွေ့လို့ စမ်းကြည့်ထားပါတယ်။ အဲဒီဟာလေး လုပ်ထားပြီးကတည်းကတော့ နောက်ထပ်စပမ်းလင့်တွေ လာတာမတွေ့သေးပါဘူး။ စမ်းကြည့်ချင်တဲ့သူများရှိရင် မိမိတို့စီဘောက်မှာ လိုက်လုပ်နိုင်အောင် ရှယ်ပေးလိုက်ပါတယ်။ သိပြီးသောသူများအတွက် မရည်ရွယ်ပါဘူးရှင်။ မသိသေးသော ဘလော့ဂါများရှိခဲ့ရင် စီဘောက်စပမ်းတွေ အတွက်လည်း စိတ်အနှောက်အယှက် ဖြစ်နေခဲ့မယ်ဆိုရင် လုပ်ကြည့်နိုင်အောင်လို့ပါ။

နည်းကတော့ လွယ်လွယ်လေးပါဘဲ။

၁။  မိမိတို့ရဲ့  စီဘောက် အကောင့်ကို ဆိုင်းအင်ဝင်လိုက်ပါ။
၂။  ပြီးရင် Option ထဲကိုသွားပါ။
၃။  အဲဒီက Posting Options ကိုရွေးပါ။
၎။  အဲဒီထဲမှာ Anti-Spam Protection ဆိုတာကို ရှာကြည့်ပါ။
၅။  တွေ့ရင် အဲဒီအောက်မှာ Require Captcha ဆိုတဲ့ Option လေးကို Check လုပ်ပြီးရွေးလိုက်ပါ။
၆။  ရွေးပြီးရင် Save လုပ်ဖို့မမေ့ပါနဲ့။
၇။  ပြီးရင် အကောင့်ကို ဆိုင်းအောက်လုပ်လို့ရပါပြီ။
အဲဒါလေးပါဘဲ။

ဒါပေမယ့် စီဘောက်မှာ စာလာရေးတဲ့ သူတွေအနေနဲ့တော့ စာရေးတိုင်း Word Verification လေး တစ်ခုကို ဖြည့်ဖို့လိုပါလိမ့်မယ်။  မအိမ်သူ စီဘောက်မှာ အဲဒီလိုလုပ်ထားတာ အခု တစ်ပတ်လောက်ရှိပါပြီ။ အဲဒါလုပ်ပြီးကတည်းကတော့ စပမ်းတွေလာတာ မတွေ့သေးပါဘူး။ စီဘောက်မှာ Message ရေးတဲ့ စာဖတ်သူများကိုတော့ အဲဒီ Word Verification လေးဖြည့်ရတဲ့အတွက် အနှောက်အယှက် ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ နောက်ပိုင်း စပမ်းတွေ မရှိတော့ရင် ပြန်ဖြုတ်ပေးပါမယ်။ မိတ်ဆွေများအားလုံး မိမိတို့ စီဘောက်မှာ စမ်းပြီးလုပ်ကြည့်ချင်ရင် အပေါ်က ရေးထားတဲ့ Steps လေးတွေ အတိုင်းသာ လုပ်ကြည့်လိုက်ပါ။ အဆင်ပြေနိုင်လိမ့်မယ်လို့ ထင်ပါတယ်ရှင်။ ဒီ့ထက်ကောင်းတဲ့ နည်းလမ်းများ ရှိခဲ့ရင်လည်း သိသောသူများ ဝေမျှပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Wednesday, June 29, 2011

နှစ်ချို့ သွားခဲ့သော ...


 သိနိုင်ပါအုံးမလား အချစ် ...

မင်းထားရစ်ခဲ့တဲ့နောက်မှာ
ငါ့အဖြစ်တွေက သိပ်မဆန်းလှပေမဲ့
ဟောဒီက .. ငါ့ရင်ဘတ်ထဲမတော့
တနှစ်ထက်တနှစ်
အလွမ်းတွေက
ရင့်ရင့်လာတယ် … ။

ဒါဏ်ဖြစ်သွားတဲ့ နှလုံးသားကတော့
အမာရွတ်တွေ တလွှားလွှားနဲ့လေ …
ခံစားတတ်တဲ့ အသိတွေလဲ
အေးခဲလို့ သွားခဲ့ပေါ့ …

အချစ်တွေကတော့
အသစ်မဖြစ်တာ သေချာနေခဲ့လို့
အဟောင်းအမြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
တရစ်ထက်တရစ် တိုး..တိုး လာရင်းနဲ့
နှစ်ချို့ခဲ့တာကြာသွားတော့
ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

တစေ့တစောင်း ခမာတို့ရဲ့ တိန်း(ဂ်)မောင်း

မအိမ်သူတို့တွေ ကမ္ဘောဒီးယားမှာ နေရတာ မြန်မာပြည်နဲ့ သိပ်မခြားလှပါဘူး။ ရေမြေ ရာသီဥတု အစားအသောက် အနေအထိုင် အားလုံးလိုလိုဟာ မြန်မာပြည် အညာဒေသဘက်က နယ်မြို့လေးတစ်ခုမှာ နေနေရသလို ခံစားရပါတယ်။ နွေဖက်မှာဆို ဖုန်ထူ နေပူ ခြင်ကကိုက် ပူပူအိုက်အိုက်နဲ့။ ကမ္ဘောဒီးယားက မြန်မာပြည်ထက် အီကွေတာနဲ့ ပိုနီးတယ်ဆိုတော့ ပူအိုက်စွတ်စိုတဲ့ အီကွေတာ မုတ်သုံရာသီဥတုမျိုး ရှိပါတယ်။ မိုးတွင်းဆိုလည်း မုတ်သုံမိုးဆိုတော့ သိတဲ့အတိုင်း ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ လျှပ်စီးတွေလက် မိုးကြိုးတွေပစ် မှောင်မဲအုံ့ဆိုင်းပြီး ရွာလိုက်တဲ့မိုးဆိုတာ ရေကြီးတဲ့အထိဘဲ။ မိုးကြိုးပစ်တာများ ကြောက်ဖို့တောင်ကောင်းတယ်။ ၀င်းကနဲဖြစ်ပြီး ဒိန်းဆို နားကွဲမတတ် ချထည့်လိုက်တာ ကိုယ့်နားကပ်ပြီး ပစ်ချလိုက်သလိုဘဲ။ အဲဒီလိုမျိုး မြန်မာပြည်မှာ တစ်ခါမှကို မကြုံဖူးတာ။ ဒီမှာတော့ မိုးတွင်းဆိုရင် နှစ်တိုင်းလိုဘဲ ရိုးနေပြီ။ အဲ .. ဆောင်းတွင်းကတော့ အညာဆောင်းနဲ့ မတူဘူး။ သိပ်မအေးလှပါဘူး။ ရန်ကုန်ဆောင်းလိုပါဘဲ။ အနွေးထည် မလိုတဲ့ ဆောင်းတွင်းပေါ့။ ဒီဇင်ဘာ ဇန္န၀ါရီ လောက်မှာ နှစ်ပတ်သာသာလောက်လေး နဲနဲပါးပါး အေးသလိုလိုရှိတယ်။ ပြီးတာနဲ့ ပူလာပြီး နွေရောက်သွားရော။

ထန်းတောနဲ့ လယ်ကွင်းနဲ့ ကျွဲနဲ့ ခမာ ကျေးလက် ရှုခင်းပေါ့

ကမ္ဘောဒီးယားရဲ့ ပတ်ဝန်းကျင် အနေအထားတွေကလည်း မြန်မာပြည်နဲ့ အတော်ကိုတူပါတယ်။ လယ်ကွင်းတွေ ကျေးလက် တောရွာလေးတွေ ထန်းတောတွေနဲ့ … အပင်တွေဆိုလည်း သရက် ပိန္နဲ တမာ မန်ကျည်း ကုက္ကို စိန်ပန်း တို့လိုအပင်တွေ ကြည့်လေရာမှာ တွေ့ရပါတယ်။ ခရီးသွားတဲ့အချိန်ဆို မအိမ်သူကတော့ လမ်းဘေးဝဲယာ ငေးသွားတာပါဘဲ။ လယ်တောထဲ ကောက်စိုက်တဲ့သူနဲ့ စပါးရိတ်တဲ့လူနဲ့ ကျွဲတွေ နွားတွေ ကောက်ရိုးပုံတွေ အစုံမြင်ရတာ ကိုယ့်ပြည်ကိုယ့်ရွာ အတိုင်းဘဲ ခံစားမိပါတယ်။

ရွာအ၀င်လမ်းကလေး

ခမာပြည်ရဲ့ ဟိုင်းဝေးလမ်း ဘေးနားက နယ်မြို့လေး တစ်ခုရဲ့  ရှုမြင်ကွင်း

ဟိုးအဝေးကတောင်နဲ့ တောအုပ်နဲ့ လယ်ကွင်းနဲ့
ခရီးသွားရင်တော့ Express Bus တွေနဲ့ဘဲ သွားဖြစ်တာများပါတယ်။ လမ်းတွေကလည်း ကောင်းသလို ကားတွေကလည်း စီးရတာ သက်တောင့်သက်သာ ရှိတဲ့အပြင် ဈေးနှုံးကလည်း သင့်တော်တဲ့အတွက် အဲဒီလို Bus တွေနဲ့သွားရတာကို နှစ်သက်မိတာပါ။
နောက်မအိမ်သူရဲ့အကျင့်က အဲဒီလို ခရီးသွားရင် ကားပေါ်မှာ သီချင်းနားထောင်တာတို့ စာဖတ်တာတို့ မလုပ်တတ်သလို ကားပေါ်မှာ ဖွင့်ပြထားတဲ့ တီဗွီတွေဘာတွေလည်း သိပ်စိတ်မ၀င်စားပါဘူး။ (Documentary လိုဟာမျိုးကလွဲရင်ပေါ့) ခရီးသွားဖေါ်တွေနဲ့လဲ စကားပြောသွားရတာမျိုးကို မကြိုက်လှပါဘူး။ မအိမ်သူလုပ်တာက တို့စိတို့စိ သွားရေစာပေါင်းစုံကို တစ်မျိုးပြီးတစ်မျိုး မပြတ်တမ်းဝါးပြီး ပြတင်းပေါက်က မြင်ရတဲ့ရှုခင်းတွေကို ဟိုတွေး ဒီငေးနဲ့ စိတ်ဝင်တစား ကြည့်သွားတာပါဘဲ။ အဲဒါဟာ မအိမ်သူအတွက်တော့ ခရီးထွက်ရတဲ့ အရသာကို အပြည့်အ၀ခံစားရစေပါတယ်။ အဲဒီခရီးကို ဘယ်နှစ်ကြိမ်ဘဲသွားသွား ဒီလမ်းကို အခါခါဖြတ်နေလဲ အဲဒီလမ်းဘေးရှုခင်းတွေကို စိတ်ထဲမှာ ရိုးသွားတယ်လို့ မထင်မိပါဘူး။ သွားတဲ့အခေါက်တိုင်း ငေးတာပါဘဲ။
လမ်းနံဘေးက လှမ်းမြင်ရတဲ့ ကျောက်တောင်

အဲဒီနေရာကို ဖြတ်တော့ မန္တလေးက ကျောက်ဆစ်တန်းကိုတောင် သတိရသွားတယ်
အဲဒီလို ခရီးထွက်တိုင်း ဟိုကြည့်သည်ကြည့် ငေးရင်းမောရင်းနဲ့ ခမာရွာလေးတွေကိုဖြတ်ရင် သတိထားမိတာ တစ်ခုက တစ်ချို့အိမ်တွေရှေ့မှာ စာခြောက်ရုပ်တွေ ထောင်ထောင်ထားတတ်ကြတယ်။ တစ်ချို့ ခြံဝမှာ တစ်ချို့က အိမ်အ၀င်လမ်းဘေးနားမှာ တစ်ချို့ရွာတွေဆို ရွာလုံးကျွတ် အိမ်ပေါက်စေ့လောက်နီးပါး အိမ်ရှေ့တိုင်းလိုလိုမှာ စာခြောက်ရုပ် တစ်ရုပ်စီရှိတတ်ကြတယ်။ ဒါပေမဲ့ ဖြတ်သွားသမျှ ရွာတိုင်းလိုတော့လဲ မဟုတ်ပြန်ဘူး။ တစ်ချို့ရွာတွေမှာရှိပြီး တစ်ချို့ရွာတွေမှာတော့ မရှိဘူး။ ကွက်ကြားကွက်ကြား တွေ့လိုက် မတွေ့လိုက်ဘဲ။ စာခြောက်ရုပ်တွေကလဲ ပုံသဏ္ဍာန်မျိုးစုံ မိန်းမပုံ ယောက်ျားပုံ တစ်ချို့ပုံတွေက ကြောက်စရာ တစ်ချို့ပုံတွေကျတော့လဲ ရီချင်ပြုံးချင်စရာ ကို့ယို့ကားယား ပုံစံအမျိုးမျိုးကို တွေ့ရပါတယ်။

ပုံစံ အမျိုးမျိုးနဲ့

ဒီမှာလည်း ရှိသေးတယ်
 လူတိုင်း သိကြတဲ့အတိုင်း စာခြောက်ရုပ်ဆိုတာ လယ်ကွင်းတွေ ဥယျာဉ်ခြံတွေထဲမှာသာ ရှိတတ်ကြတာမျိုး မဟုတ်လား။ အသီးအနှံ စိုက်ခင်းပျိုးခင်းတွေကို ငှက်တွေဖျက်စီးမယ့်ရန်က ကာကွယ်ခြောက်လှန့်ဖို့ စာခြောက်ရုပ် လုပ်ပြီးထားကြတာလေ။ ဒါပေမယ့် အခုတွေ့တဲ့ စာခြောက်ရုပ်တွေက အဲဒီလို စိုက်ခင်းပျိုးခင်းတွေမှာ တွေ့ရတာမဟုတ်ဘူး။ လယ်တောတွေ ဖြတ်သွားရင်လည်း စာခြောက်ရုပ်ကို မတွေ့မိဘူး။ အားလုံးက အိမ်ရှေ့ ခြံအ၀င်ဝလိုနေရာမျိုးမှာ အိမ်တိုင်းလိုလို အဲဒီလိုနေရာမျိုးမှာ လုပ်ထားကြတာ။ ပြီးတော့ တစ်ချို့ရွာတွေဆို တစ်ရွာလုံး အိမ်တိုင်းရဲ့ ရှေ့မှာ စာခြောက်ရုပ်တွေနဲ့ ဆိုတော့ နဲနဲတော့ ထူးဆန်းနေတာကို သတိထားမိပါတယ်။ အဲဒါနဲ့ နီးစပ်ရာ ခမာလူမျိုးများကို မေးမြန်းကြည့်တော့ အဲဒါ စာခြောက်ရုပ်မဟုတ်ပါဘူးတဲ့။ မကောင်းဆိုးဝါး ၀ိဉာဉ်တွေရန်က ကာကွယ်တဲ့ ၀ိဉာဉ်ခြောက်ရုပ်ပါတဲ့။
ကြောက်စရာ...  Scare Ghost တဲ့

နင်ကဒီမှာစောင့်..
အဲဒီ စာခြောက်ရုပ် (၀ိဉာဉ်ခြောက်ရုပ်) ဓလေ့ဟာ ခမာလူမျိုးများရဲ့ အလွန်ရှေးကျလှတဲ့ ရိုးရာဓလေ့ ယုံကြည်မှု တစ်ခုဖြစ်တဲ့အကြောင်း သိရပါတယ်။ ဒါပေမယ့် အခုအချိန်ထိတိုင် အဲဒီ ရိုးရာယုံကြည်မှုဓလေ့ကို နယ်တွေမှာ နေထိုင်ကြတဲ့ ခမာလူမျိုး အများစုဟာ ဆက်လက်ပြီး ယုံကြည်စွာ ကျင့်သုံး လုပ်ဆောင်နေကြဆဲပါ။ ခမာလို အဲဒီ စာခြောက်ရုပ်ကို တိန်း(ဂ်)မောင်း (Ting Mong) လို့ခေါ်ပါတယ်။ ခမာတွေက အဲဒီ တိန်း(ဂ်)မောင်း အရုပ်မှာ ထူးခြားတဲ့စွမ်းအား (အစွမ်းထက်တဲ့ ပါဝါ) တစ်မျိုး ကိန်းအောင်း သက်ဝင်လျက်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီ စွမ်းအားဟာ မကောင်းဆိုးဝါး များကို အနားမသီနိုင်စေရန် ကာကွယ် တားဆီးနိုင်တဲ့ အစွမ်းရှိတယ်လို့ဆိုပါတယ်။ အဲဒီလို တိန်း(ဂ်)မောင်းရုပ်လုပ်ပြီးတော့ မိမိတို့ရဲ့ နေအိမ်ခြံဝမှာ အစောင့်အကြပ် Guardian အဖြစ်နဲ့ စောင့်ကြပ်ဖို့ ထားခဲ့တယ်ဆိုရင် အဲဒီအိမ်ကို (evil spirit) မကောင်းဆိုးဝါး ၀ိဉာဉ်များ၊ ရောဂါဘယများ၊ ကံကြမ္မာဆိုးများနဲ့ ဆိုးဝါးတဲ့ ကပ်ဘေးများ အစရှိတဲ့ ဘေးရန်များမှ ကင်းဝေးစေတယ်လို့ ပြောကြပါတယ်။ ဥပမာဆိုရရင် အထူးသဖြင့် ကူးစက်တတ်တဲ့ ၀မ်းရောဂါလို သွေးလွန်တုပ်ကွေးတို့လို ရောဂါမျိုးတွေ ကြက်ငှက်တုပ်ကွေးတွေ အစရှိတဲ့ရောဂါမျိုးတွေ ဖြစ်လို့ လူအသေအပျောက် များတယ်ဆိုတာမျိုး ကြားခဲ့ရင် ကိုယ့်ရွာမှာ အဲဒီလိုရောဂါမျိုးတွေ ကူးစက် ပြန့်ပွားလာတာမျိုး သေကြေပျက်စီးတာမျိုး မရှိရအောင် တစ်ရွာလုံး အိမ်တိုင်းက မိမိတို့ရဲ့ အိမ်ရှေ့တွေမှာ တိန်း(ဂ်)မောင်းရုပ်တွေ ဆင်ပြီးတော့ ကာကွယ်ကြပါတယ်တဲ့။ အဲဒီလို ပြုလုပ်ခြင်းအားဖြင့် တိန်း(ဂ်)မောင်းတို့ရဲ့ အစွမ်းနဲ့ ကျရောက်လာမဲ့ ကူးစက်ရောဂါများနဲ့အတူ သေကြေပျက်စီးမှုတွေကို တားဆီးပေးတဲ့အတွက် ရောဂါဘယဘေးက ကင်းဝေးစေတယ်လို့ အယူရှိကြပါတယ်။ တကယ် ဟုတ်မဟုတ်တော့လည်း မအိမ်သူ ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မတွေ့မကြုံဖူးတဲ့အတွက် မပြောပြတတ်ပါဘူး။ 
တီးဖို့ အဆင်သင့်

သူကလဲ အသင့်အနေအထားနဲ့ ...

အောင်မလေး.. သေနတ်ကြီးနဲ့ ...

 သူကတော့ ပါတီဆိုင်းဘုတ်အောက်မှာ စောင့်လို့  (CPP က လက်ရှိ ၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ ပါတီပါ)
 နောက်ထပ်တစ်မျိုး ကြားဖူးတာကို ပြောပြရရင်တော့ မိမိတို့ရဲ့ ဇနီးမယား လင်ယောက်ျား သေဆုံးကွယ်လွန်သွားခဲ့တယ် ဆိုရင် ကျန်ခဲ့တဲ့ မုဆိုးဖို မုဆိုးမ များဟာ မိမိတို့ရဲ့ အိမ်အ၀င်မှာ မိန်းမပုံသဏ္ဍာန် ယောက်ျားပုံသဏ္ဍာန် စာခြောက်ရုပ်များ လုပ်ပြီးထားကြပါတယ်တဲ့။ အဲဒီလိုလုပ်ထားတဲ့အတွက် မိမိတို့နဲ့ ဘ၀ခြားနေပြီဖြစ်တဲ့ ကွယ်လွန်ပြီးသော ဇနီး ခင်ပွန်းများရဲ့ ၀ိဉာဉ်များက မကျွတ်မလွတ်ဘဲ မိမိတို့အိမ်ကို ပြန်လာခဲ့မယ် ဆိုရင် အိမ်ပေါက်ဝမှာ ရပ်နေတဲ့ ယောက်ျား မိန်းမ အသစ်များကို တွေ့ရှိရတဲ့အခါ အဲဒီဝိဉာဉ်များက သူတို့ရဲ့ ကျန်ခဲ့တဲ့ ဇနီး ခင်ပွန်းများဟာ အဲဒီ ယောက်ျား မိန်းမအသစ်များနဲ့ ပျော်ရွှင်နေကြပြီလို့ ယူဆပြီး အိမ်ထဲမ၀င်တော့ဘဲ လှည့်ပြန်သွားကြရတယ် လို့လဲပြောကြပါတယ်။
မြင်တာနဲ့တင် လှည့်ပြေးချင်စရာ
 တကယ်တမ်းပြောရရင်တော့ စာခြောက်ရုပ် အရုပ်သက်သက်ထက်ကို အဲဒီအရုပ်မှာ သက်ဝင်ခိုတွယ်နေတယ်လို့ ယူဆကြတဲ့ ထူးခြားလျှို့ဝှက်တဲ့ အစွမ်းကို အဓိက ယုံကြည်ကြတာလို့ ပြောနိုင်လိမ့်မယ် ထင်ပါတယ်။ ဟိုးတစ်လောကတင် မအိမ်သူတို့ ထိုင်းဘော်ဒါဘက်ကို နေ့ချင်းပြန် ခရီးလေးတစ်ခု သွားတုံးကတောင် မြို့ကအထွက် အန်ကောဝပ် အလွန်နားလေးက ရွာလေးတစ်ရွာကို ဖြတ်တော့ အိမ်လေး ငါး ခြောက်အိမ်ရဲ့ အရှေ့မှာ အဲဒီ စာခြောက်ရုပ်လေးတွေ ထောင်ထားတာ တွေ့ခဲ့ရသေးတယ်။ ခမာလူမျိုးများဟာ ခေတ်အဆက်ဆက် သူတို့ရဲ့ တိန်း(ဂ်)မောင်း ယဉ်ကျေးမှုကို ယခုအချိန်ထိ ယုံယုံကြည်ကြည်နဲ့ ဆက်လက် ထိန်းသိမ်းထားကြဆဲပါဘဲ။ စာဖတ်သူများ ကမ္ဘောဒီးယားကို အလည်အပတ်ရောက်ခဲ့လို့ Countryside တွေဘက်ကို ရောက်ခဲ့ရင် သွားရင်းလာရင်း လမ်းဘေးကိုသာ ကြည့်သွားလိုက်ပါ။ ကံကောင်းရင် တိန်း(ဂ်)မောင်းရုပ် ကလေးတွေကို တစ်ချို့အိမ်ရှေ့တွေမှာ တွေ့ရနိုင်ပါလိမ့်မယ်။ 


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
(ရှုခင်းပုံတွေက ခရီးသွားရင်း ရိုက်ခဲ့တဲ့ပုံတွေပါ။ စာခြောက်ရုပ်ပုံတွေကတော့ ခမာဂူဂယ်ကနေဘဲ ယူလိုက်ပါတယ်။)

Saturday, June 25, 2011

တစ်လမှတ်တမ်း

ပြီးခဲ့တဲ့ မေလ ၂၄ရက်နေ့ နေ့လည်ခင်းလောက်မှာပေါ့ … ခါတိုင်းလိုဘဲ ဘလော့ဂ်တကာလည်ဖတ်ရင်း အီးဘုတ်တွေရှာရင်းနဲ့ နဲနဲပျင်းသလိုဖြစ်လာလို့ အထွေအထူး ရည်ရွယ်ချက်မရှိပါဘဲ တစ်ခါမှမရောက်ဖူးတဲ့ ဘလော့ဂါဟုမ်းပေ့ဂ်ျကို ဂူဂယ်ကနေရောက်သွားခဲ့ပြီး အီးမေးလေးထည့် ပါ့စ်ဝါ့ဒ်လေးထည့်နဲ့ အကောင့်လေးတစ်ခု ဖြစ်သွားပါရော။ အဲဒါနဲ့ စပ်စပ်စုစု ဟိုဟိုဒီဒီ လျှောက်ကလိကြည့်ရင်းနဲ့ ဘလော့ဂ်အခွံလေးတစ်ခု ဖြစ်လာတယ်။ အဲတော့ ဘာဆက်လုပ်ရမှန်း မသိတာနဲ့ မိတ်ဆက်စကားဆိုတဲ့ ပို့စ်လေးကို အစမ်းရေးပြီး တင်ကြည့်လိုက်တာ ချောချောမောမောဘဲ ဘလော့ဂ်ကလေးနဲ့ ပို့စ်ကလေးနဲ့ စကရင်ပေါ်မှာ မြင်လိုက်ရတော့ အတော်ပျော်သွားပြီး ကိုယ့်ဟာကိုယ် သဘောတွေကျလို့ … ကလေးတစ်ယောက် ကစားစရာ အသစ်အဆန်းကလေးတစ်ခု ရလိုက်သလိုဘဲ။ အဲဒီနေ့ကတော့ နောက်ထပ်လဲ ဘာမှဆက်မလုပ်တတ်တော့တာနဲ့ ဇာတ်လမ်းက အဲတာလောက်နဲ့ဘဲ ပြီးသွားရော ဆိုပါတော့။ နောက်နေ့ကျတော့ ဘာဆက်ကလိရမလဲ စဉ်းစားရင်း တခြားဘလော့ဂ်တွေ လိုက်ဖတ်ရင်းနဲ့ ကောင်တာလေးတွေ စီဘောက်စ်လေးတွေ လျှောက်ထည့်ကြည့်တာ သိပ်အခက်အခဲမရှိဘဲ အဆင်ပြေစွာနဲ့ ထည့်လို့ရတော့လဲ ကျေနပ်လို့ပေါ့။ နောက်တော့ ဘလော့ဂ်လင့်လေးတွေ ရသလောက်လိုက်ချိတ် ဟိုကာလာလေးပြောင်း ဒီတန်းပလိတ်လေးပြောင်း ဘက်ဂရောင်း ဒီဇိုင်းတွေလဲ ဟိုဟာပြောင်းကြည့် ဒီဟာပြောင်းကြည့်နဲ့ လျှောက်လုပ်ကြည့်နေတာ မျောက်အုန်းသီးရတဲ့ အတိုင်းပါဘဲ။ နောက်ဆုံးတော့ အခု ပုံစံလေးကို သဘောကျတာနဲ့ ဘာမှ ထပ်မပြောင်းတော့ဘဲ အဲဒါလေးအတိုင်း ထားလိုက်တော့တယ်။

အမှန်အတိုင်းပြောရရင်တော့ မအိမ်သူက စာဖတ်သမားသက်သက်ပါ။ စာရေးကြည့်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဘယ်တုံးကမှလည်း ဘာစာမှ မရေးဖူးခဲ့ပါဘူး။ စာဖတ်တာကတော့ ဟိုးငယ်ငယ်လေး ကတည်းက ဖတ်လို့ရတာ မှန်သမျှ အကုန်ဖတ်တာပါဘဲ။ စာရေးဖို့ကတော့ ကိုယ့်ဟာကိုယ် Confident မရှိတာကလဲ တစ်ကြောင်း မအားတာကော အချိန်မပေးနိုင်တာကော အခြားအခြားသော ကိစ္စဝိစ္စ တာဝန် ၀တ္တရားတွေကော အကြောင်းပေါင်းက မြောက်များစွာနဲ့ ဆိုတော့ စိတ်ကူးထဲမှာတောင် မထည့်ခဲ့မိပါဘူး။ အဲဒီမှာ ပြောခဲ့သလို လျှောက်ဆတ်ဆော့ရင်းနဲ့ ဘလော့ဂ်လေးတစ်ခု ကိုယ့်မျက်စိရှေ့မှာ မြင်လိုက်ရတော့ စာစမ်းရေးကြည့်ရင် ကောင်းမလားဆိုတဲ့ အတွေး စပေါ်လာတော့တာပါဘဲ။ အဲဒါနဲ့ဘဲ ကိုယ်ဖတ်ဖူးပြီး နှစ်သက်မိတာလေးတွေ ကိုယ်တွေ့ရကြုံရတာလေးတွေကို မျှဝေရင်း ဟိုအကြောင်း ဒီအကြောင်း ရောက်တတ်ရာရာ စိတ်ကူးရတာလေးတွေကို ရေးကြည့်မယ်ဆိုပြီး တွေးမိတာနဲ့ ဒီ “၀ါခေါင်မိုး” ဘလော့ဂ်လေး ဖြစ်လာခဲ့တာပါ။ တကယ်တမ်း စာရေးဖို့ဆိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ပေမယ့်လည်း ဘာဘဲဖြစ်ဖြစ် စမ်းကြည့်မယ်ပေါ့ ဆိုတဲ့စိတ်ကူးနဲ့ ဆက်လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ဘလော့ဂ်မှာ နောက်ထပ်ပို့စ်လေးနှစ်ခု ထပ်တင်လိုက်ပါတယ်။ ပြီးတော့မှ ဘလော့ဂ်လင့်ကလေးကို ကိုဇော်ရဲ့ “ဘလော့ဂါများရဲ့ပို့စ်များ” ဆိုဒ်မှာချိတ်ဖို့ မေ ၂၆ရက်မှာ သွားပေးထားခဲ့တာပါ။ ဘလော့ဂ်အသစ် တစ်ခုအနေနဲ့ စိတ်ဝင်စားတဲ့လူရှိရင် လာဖတ်နိုင်အောင်ဆိုတဲ့ စိတ်ကူးနဲ့ဆိုပါတော့။ (တကယ်တော့ ချိတ်သာချိတ်လိုက်တာ ကိုယ့်ထက် အဆပေါင်းများစွာသာတဲ့ ဘလော့ဂ်တွေ အများကြီးထဲမှာ ဘာမှန်းမသိတဲ့ ဘလော့ဂ်အသစ် တစ်ခုဆီ ဘယ်သူကမှ စိတ်ဝင်တစား လာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကိုယ့်ဟာကိုယ် အဲဒီလိုအထင်ကြီးတာ.. :P)

အဲဒီတော့ ပြောရရင် ၂၄ ရက်နေ့မှာ စပြီး Create လုပ်ခဲ့ပေမယ့် တကယ်တမ်း ၀ါခေါင်မိုး ဘလော့ဂ်လေး Active ဖြစ်တာကတော့ ၂၆ ရက်နေ့မှလို့ပြောလို့ရပါတယ်။ အဲဒီမှာ မအိမ်သူ လုံးဝမျှော်လင့်မထားဘဲနဲ့ ဒီဘလော့ဂ်အသစ်လေးကို ဘလော့ဂ်အရာသွင်း အသိအမှတ်ပြုပြီး လာရောက် လည်ပတ်ခဲ့ကြသူများကို တွေ့ရလို့ အရမ်းကို ကျေးဇူးတင် ၀မ်းမြောက်မိပါတယ်။ အဲဒီလိုက စခဲ့တဲ့ “၀ါခေါင်မိုး”လေးက အခုတစ်လသမီး ရှိသွားပြီပေါ့။ (တစ်လပြည့်တဲ့နေ့ကို Create လုပ်တဲ့ ၂၄ ယူရင်ကောင်းမလား Active စဖြစ်တဲ့ ၂၆ ယူရင်ကောင်းမလား စဉ်းစားရင်း ဝေခွဲမရတာနဲ့ဘဲ ကြားထဲက ၂၅ မှာ ပို့စ်တင်လိုက်ပါတယ်။ ကြိုက်တဲ့နေ့သာ သတ်မှတ်လိုက်ကြတော့နော် .. :D )

တစ်လပြည့် မှတ်တမ်းအနေနဲ့ မအိမ်သူ အထူးပြောလိုတာကတော့ ဘလော့ဂ်လေး စပြီး Active ဖြစ်လာတဲ့အချိန်ကစလို့ အသိအမှတ်ပြုပြီး မအိမ်သူ လုံးဝကို မျှော်လင့်မထားမိခဲ့ လောက်အောင်ထိ နိုင်ငံပေါင်းစုံကနေပြီး လာလည်ကြ စာတွေလာဖတ်ကြ ကွန်မန့်တွေ စီဘောက်စ်တွေမှာ အားပေးသွားခဲ့ကြသူများ ဘာခြေရာမှ မထားခဲ့ပေမဲ့ ရေးခဲ့တဲ့ပို့စ်တွေကို လာရောက်အားပေး ဖတ်ရှုသွားခဲ့ကြသော နိုင်ငံစုံမှ Silent Reader များ မိမိတို့ ဘလော့ဂ်မှာ လင့်ချိတ်ထားပေးခဲ့ကြသူများ အားလုံး အားလုံးတို့ကို တကူးတက လာလည်ကြတဲ့ အတွက်ကော ပို့စ်များကို ဖတ်ရှု အားပေးခဲ့ကြတဲ့ အတွက်ကော မအိမ်သူအနေနဲ့ အင်မတန်မှ ၀မ်းသာမိခဲ့ရသလို အထူးဘဲကျေးဇူးတင်မိပါကြောင်း ပြောလိုပါတယ်ရှင်။ အခုမှ စာစရေးဖို့ စိတ်ကူးရပြီး ကြိုးစားရေးကြည့်မိတဲ့ အိမ်ရှင်မတစ်ယောက်အနေနဲ့ အမှားအယွင်းတွေ ချို့ယွင်းချက်တွေ လိုအပ်ချက်တွေ ရှိနေမှာမလွဲပါဘူး။ စာဖတ်သူများအနေနဲ့ အမှားတွေ့ရင် ပြောသွားကြပါ။ အားနည်းချက်များကိုလည်း  ထောက်ပြသွားပေးကြပါ။ ချို့ယွင်းချက် လိုအပ်ချက်များကိုလည်း အားမနာတမ်း ဝေဖန်ညွှန်ပြ အကြံဉာဏ်များ ပေးသွားကြပါလို့ မေတ္တာရပ်ခံလိုပါတယ်ရှင်။ 
အားလုံးကို Thanks million! ပါလို့ … …

တစ်လပြည့် အထူးမှတ်တမ်း အနေနဲ့ ထပ်ပြောချင်တာကတော့ မအိမ်သူ တစ်လလုံး တင်ခဲ့သမျှ ပို့စ်တွေအားလုံးထဲမှာ စာဖတ်သူအများဆုံး စိတ်ဝင်စားကြတဲ့ ပို့စ်လေးနှစ်ခုကို သတိထားမိပါတယ်။ စပြီးတင်လိုက်ကတည်းက လာဖတ်ကြတဲ့သူ အများဆုံး စာရင်းကနေ ဘယ်တော့မှ မဆင်းခဲ့တာကို သတိပြုမိလို့ပါ။ အခုတစ်လပြည့် ဒီပို့်စ်ကို တင်တဲ့အချိန်ထိ အဲဒီနှစ်ခုက First နဲ့ Second ထိပ်ဆုံးမှာပါဘဲ။
မေချက်ပါသည် စပါ့ဂတီ  က  101 Page views ရှိနေခဲ့ပါတယ်။
ကျန်တဲ့ ပို့စ်တွေက ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ပတ်ဝန်းကျင်မှာဘဲ ရှိပါတယ်။ ဒါကိုကြည့်ပြီး မအိမ်သူ အခုစဉ်းစားနေပါတယ်။ နောက်နောင်ကို လူအများနှစ်သက်ကြတဲ့ အစားအသောက် ပို့စ်တွေချည့်ဘဲ တင်ရင်ကောင်းမလားလို့ … :P :D

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Thursday, June 23, 2011

မေချက်ပါသည် စပါ့ဂတီ

 ဟောဒီက စပါ့ဂတီ
အီတလီ ခေါက်ဆွဲ …
လျှာပေါ်စွဲမယ့် ဒီအရသာ
စားစေ့ချင်လှတာ …


အီတဲ့အစာ မကြိုက်ဘူးရယ်လို့
ငြင်းပါနဲ့ မောင်ကြီးရှင် …
မယ့်သခင် အအီပြေစေဖို့
အသင့်ပင် အချဉ်ပွဲနဲ့
ပြင်ထားရဲ့ရှင် …

တွဲဖက်ကာ စားလျှင်ဖြင့်
ဆွေမျိုးပင် တကယ်မေ့မယ်ပ
စိတ်ကူးမလွဲနဲ့ မောင်ကြီးရယ်
မယ့်လက်ရာ တစ်မူကွဲ
မြည်းစမ်းပါ့ တစ်ပွဲ...။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Wednesday, June 22, 2011

ပန်းဘွဲ့ကဗျာ ချစ်စရာ

မအိမ်သူက မိန်းကလေးပီပီ ပန်းကလေးတွေကို ချစ်တတ်ပါတယ်။ ဟိုးပင်မြင့်ပေါ်ကပန်း ချုံထဲကပန်း မြက်ခင်းထဲကပန်း တောပန်း တောင်ပန်းကလေးတွေက စလို့ ကြီးကြီး သေးသေး မွှေးမွှေး မမွှေးမွှေး အရောင်စုံ အသွေးစုံ လှလှ မလှလှ သွားလေရာမှာ တွေ့သမျှ မြင်သမျှ ပန်းကလေးတွေကို နှစ်သက်စွာနဲ့ စိတ်ဝင်တစား ကြည့်ခဲ့မိတတ်ပါတယ်။ ပန်းပန်ရတာကိုလည်း အင်မတန်မှကြိုက်ပါတယ်။ ဒီခေတ်ထဲမှာတော့ ပန်းပန်တတ်တဲ့ မိန်းကလေးမျိုးတွေ အတော်ကို ရှားသွားပြီလို့ ထင်ပါတယ်။ မင်္ဂလာဆောင် ပွဲလမ်းသဘင်လိုမျိုးကလွဲလို့ သာမန်အနေအထားမှာ ပန်းပန်ပြီး အပြင်သွားမိရင် တောကျသလိုလို ပုံစံနဲ့ အကြည့်ခံရတာမျိုးတွေ သတိထားမိလာပါပြီ။ အခုခေတ် အသက်ကြီးတဲ့ လူကြီးတွေတောင် ဟိုးအရင် အဖွားတို့ အမေတို့ခေတ်တုံးကလို မျက်နှာမှာ သနပ်ခါးဖွေးဖွေးနဲ့ ဘီးဆံထုံးမှာ စံပယ်ကုံးတွေ ဝေနေအောင် ပန်ထားတာမျိုးတွေ မတွေ့ရတော့သလောက်ပါဘဲ။ မအိမ်သူစိတ်ထဲမှာတော့ တောဆန်တယ်ဘဲပြောပြော လူကြီးတွေကို အဲဒီလိုပုံစံမျိုးနဲ့ ကြည့်ရမြင်ရတာကို စိတ်ထဲမှာ အေးချမ်းပြီး အင်မတန် နှစ်သက်သဘောကျမိတာ အမှန်ပါဘဲ။ ကြည့်ရတာ အရမ်း ကျက်သရေရှိတယ်လို့ ခံစားမိတတ်ပါတယ်။

ငယ်ငယ်တုံးကဆို ကျောင်းသွားရင် ဆရာမကိုပေးဖို့ ပန်းယူယူသွားရတာလဲ အမော... ကိုယ်ပေးတဲ့ပန်းကို ဆရာမပန်ထားတာကြည့်ပြီး ကိုယ့်ဟာကိုယ် ကျေနပ်လို့ ကြည်နူးလို့မဆုံး ဖြစ်နေတတ်သေးတာ။ အဲဒီခေတ်တုံးက ဆရာမတွေကလည်း အတန်းထဲက ကလေးတွေပေးသမျှ ပန်းတွေကို တစ်ခေါင်းလုံးဝေအောင် ပန်တတ်ကြတာကိုး။ နောက်ဆုံး ခေါင်းမှာပန်ဖို့ မဆံ့တော့ရင်တောင် ရင်ဖုံးအင်္ကျီရင်ပတ်မှာ ကလစ်လေးနဲ့ တွယ်ချိတ်လေးနဲ့ ထိုးထားတတ်ကြသေးတယ်။ ဒီခေတ်ကတော့ ဆရာမတွေပန်ဖို့ ပန်းပေးတဲ့ခေတ် မဟုတ်ကြတော့ဘူး ထင်ပါတယ်။ ပန်းထက် အဖိုးတန်တာတွေ  ပေးစရာ တစ်ပုံတစ်ပင် ရှိနေကြပြီကိုး ... ။ (ဖန်စီပစ္စည်းလေးတွေတို့ ကဒ်လှလှတွေတို့ စသဖြင့်ပေါ့လေ .. :D )

မအိမ်သူကတော့ ပန်းကလေးတွေ အားလုံးကို ချစ်ပါတယ်။ ကြိုက်လဲကြိုက်ပါတယ်။ ဒါပေမယ့် သဇင်တို့ သစ်ခွတို့လို တန်ဖိုးကြီးပန်းတွေထက် စာခဲ့ရင် ဇွန်တို့ စံပယ်တို့ ခရေတို့လို တန်ဖိုးနည်းတဲ့ ပန်းမျိုးလေးတွေကို ပိုပြီးသဘောကျ နှစ်သက်မိတာတော့ အမှန်ပါ။ တောပန်း တောင်ပန်း အရိုင်းပန်း ကလေးတွေကိုတော့ အနှစ်သက်ဆုံးပါဘဲ။ အဲဒီလို ပန်းကလေးတွေရဲ့ ပင်ကိုယ်သဘာဝ အလှက ရိုးရိုးသားသားနဲ့ သန့်စင်တဲ့အလှမျိုး ... တစ်စုံတစ်ဦးက အသေအချာ စိုက်ပျိုးပြုစုပြီး ပွင့်ဖူးလာခဲ့ရတာမျိုးမဟုတ်ဘဲ ဘယ်သူကမှ အရေးမထား သဘာဝဘေးရန်တွေကို အံတုပြီးမှ အခက်အခဲတွေကြားက လှပစွာ ဖူးပွင့်လာခဲ့ကြရတဲ့ အလေ့ကျ ပန်းကလေးတွေကို ကြည့်ရတာ ရိုးသားတဲ့ အားမာန်နဲ့ လောကဓံကို အံတုတဲ့ဇွဲလေးတွေ အထင်းသားမြင်ရသလိုပါဘဲ။

အဲဒါနဲ့ဘဲ ဒီနေ့တော့ ဘာရယ်မဟုတ် တွေးရင်းတောရင်း ပန်းကလေးတွေအကြောင်း ဟိုဒီ လျှောက်စဉ်းစားနေမိရင်းနဲ့ ပန်းဘွဲ့ ကဗျာတိုလေးတွေကို ဟိုက္ကူဆန်ဆန်လေးတွေ ရေးဖြစ်မိသွားပါတယ်။
အဲဒီကနေမှ ဒီပိုစ့်လေး တင်ဖြစ်သွားတာပါဘဲ။ အမှန်တော့ တခြားနှစ်သက်တဲ့ ပန်းကလေးတွေ အတွက် ရေးချင်တာ အများကြီး ကျန်နေပါသေးတယ်။ ဒါပေမယ့် ဒီနေ့အဖို့တော့ ဆက်မရေးဖြစ်ခဲ့ပါဘူး။ စိတ်ကူးရရင် ရသလို ရေးဖြစ်မိတဲ့အခါမျိုးကျမှ ပန်းကလေးတွေအကြောင်း ထပ်ဆက်ကြတာပေါ့နော်။

စံပယ်

ရနံ့ရယ် ကြိုင်သင်း
ဖွေးဖွေးဖြူ ငွေအဆင်းနဲ့
ဝင့်ကြွားတဲ့ စံပယ် …  


ယင်းမာ
မွှေးထုံပျံ့သင်းလှိုင်
ယင်းမာခိုင် ယိမ်းနွဲ့တိမ်းတယ်
ညှင်းသွဲ့သွဲ့ လန်းကြိုင် … 


နှင်းဆီ
ဆူးကြားက နှင်းဆီ
အဆင်းနီ လှသွေးကြွယ်ငြား
လှမ်းဆွတ် မ၀ံ့ပြီ … 


 သရဖီ

ပန်းမြတ်သရဖီ
ရွှေဝတ်မှုံသင်းကြည်ကြည်နဲ့
ဖူးပွင့်လို့ဝေစည် … 


ခရေ
ပင်မြင့်ထက်မှာဝေ
လေသရမ်းမွှေ ကြွေခဲ့ရ
မွှေးလှတဲ့ ခရေ … 

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

(ပန်းပုံလေးတွေကို Google ကနေယူပါတယ်ရှင်။)

Monday, June 20, 2011

သေစေညွှန်း (ဇာတ်သိမ်းပိုင်း)

“လူကြီးမင်းပြောတဲ့ ဈေးနှုန်းထဲမှာတော့ ဒီသေနတ်က အမျိုးအစား အကောင်းဆုံးပါဘဲ ခင်ဗျာ..” အရောင်းစာရေး ကလေးက ပြောလိုက်တယ်။ “တကယ်လို့ နောက်ထပ် ဒေါ်လာအနည်းငယ် ကျသင့်မယ် ဆိုရင်တော့ … …”

“အာ .. မလိုတော့ပါဘူး။ ကျုပ်အနေနဲ့ ဒီလောက်ဆိုရင်ကို အဆင်ပြေပါပြီ။ အဲ ကျုပ် ကျည်ဆံ တစ်ဗူးလောက်တော့ လိုလိမ့်မယ်ဗျ။”

အရောင်းစာရေးက ကျည်ဆံတစ်ဗူး ယူလာပေးရင်း “တကယ်လို့ သုံးဗူးယူမယ် ဆိုရင်တော့ … ….”

“တော်ပါပြီ တစ်ဗူးဆိုရပါပြီဗျာ”

ဆိုင်တာဝန်ခံက စာအုပ်တစ်အုပ်ကို ဖွင့်လိုက်ပြီး “ကျွန်တော်တို့ ဝတ္တရားအရ ဥပဒေနဲ့ ညီညွတ်သွားရအောင် ဟောဒီနေရာမှာ လူကြီးမင်းရဲ့ လက်မှတ်ကလေးများ တဆိတ်လောက် ထိုးပေးနိုင်ပါမလား ခင်ဗျာ”

အဲဒီလူ လက်မှတ်ထိုးပြီးတဲ့အချိန်မှာ တာဝန်ခံက လက်မှတ်ကို စစ်ဆေးကြည့်ရှုရင်း “ကျွန်တော်တို့ တိုက်ဆိုင် စစ်ဆေးနိုင်ဖို့ မစ္စတာရိုက် အနေနဲ့ သက်သေခံ ကဒ်ပြားတစ်ခုခုများ ပြနိုင်ပါသလား ခင်ဗျာ။ လူကြီးမင်းရဲ့ ယာဉ်မောင်း လိုင်စင် ဖြစ်စေပေါ့ ခင်ဗျာ” 

အဲဒီလူက ယာဉ်မောင်းလိုင်စင်ကဒ် ထုတ်ပေးလိုက်တဲ့အခါမှာ တာဝန်ခံက လိုင်စင်ကဒ်ကို စစ်ဆေးကြည့်ရှုပြီး လက်မှတ်ကိုပါ တိုက်ဆိုင်စစ်ဆေးပါတယ်။ ပြီးတဲ့နောက် ယာဉ်မောင်းလိုင်စင် နံပါတ်ကို ကူးယူမှတ်သားထားပြီးမှ ကဒ်ကိုပြန်ပေးလိုက်တယ်။

“ကျေးဇူးပါဘဲ” အဲဒီလူကပြောလိုက်တယ်။

“ကျေးဇူးတင်ပါတယ် မစ္စတာရိုက် ခင်ဗျား။ ဒီသေနတ်က လူကြီးမင်းအတွက် ကောင်းကောင်း အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။”

“ဟာ.. အသုံးတည့်မှာကတော့ အသေအချာပါဘဲဗျာ။”

# # # # #

အဲဒီနေ့ည ကိုးနာရီလောက်ရှိတဲ့ အချိန်မှာ အိမ်နောက်ဖေး တံခါးက လူခေါ်ခေါင်းလောင်းသံကို အက်ဒဝပ်ရိုက် ကြားလိုက်ရတယ်။ သောက်လက်စ ဖန်ခွက်ကို လက်မှာကိုင်ရင်း အိမ်အောက်ထပ်ကို ဆင်းလာခဲ့ပြီးတဲ့နောက် ဖန်ခွက်ထဲက လက်ကျန်ကို ရှင်းလိုက်ပစ်လိုက်ပြီးမှ တံခါးဆီကို လျှောက်လာခဲ့လိုက်တယ်။ အက်ဒဝပ်ရိုက်က မျက်ခုံးထူထူ အရပ်မြင့်မြင့်နဲ့ လူခန့်တစ်ယောက်ဘဲ။ သူနောက်ဖေးတံခါး အပြင်ဖက်ကို ချောင်းကြည့်လိုက်ပြီး ဧည့်သည်ကို မှတ်မိသွားဟန်နဲ့ တံခါးဖွင့်ပေးလိုက်တဲ့အခါမှာတော့ ဧည့်သည်ရဲ့ လက်ထဲမှာ သေနတ်တစ်လက်က သူ့ကိုချိန်ရက်သား တွေ့လိုက်ရတယ်။

“မာ့ခ် … မင်း …”

“ကျုပ်ကို အိမ်ထဲဝင်ဖို့ လေးများ မဖိတ်ခေါ်တော့ဘူးလားဗျ” အဲဒီလူက လှမ်းပြောလိုက်တယ်။ “ဒီအပြင်မှာက အေးကအေးသနဲ့..”

“မာ့ခ် … ငါ .. မ…”

“အထဲဝင်”

ဧည့်ခန်းကိုရောက်တဲ့အခါမှာတော့ အက်ဒဝပ်ရိုက် တစ်ယောက် သူ့ကိုချိန်ထားတဲ့ သေနတ်ကို မမှိတ်မသုန် စိုက်ကြည့်ရင်း သူသေရတော့မှာပါလား ဆိုတဲ့အသိက ခေါင်းထဲကို တမဟုတ်ချင်း ၀င်လာခဲ့တယ်။

“သူ့ကို မင်းသတ်ခဲ့တာ အက်ဒ်” ဧည့်သည်က စကားစပြောတယ်။
 “တကယ်တမ်း သူက မင်းဆီက ကွာရှင်းခွင့် လေးကိုဘဲ လိုချင်ခဲ့တာပါကွာ … မင်းသူ့အပေါ်မှာ အဲဒီလောက်ကလေးကိုတောင် အခွင့်အရေး မပေးနိုင်ခဲ့ဘူး။ ဟုတ်တယ် မဟုတ်လား။ ငါသူ့ကို ပြောခဲ့ပါသေးတယ်။ တိရစ္ဆာန် တစ်ကောင်လောက်တောင် အဖိုးမတန်တဲ့ မင်းလိုလူစားဆီမှာ ကွာရှင်းခွင့်တောင်းမယ် ဆိုတာ ကိုယ့်သေတွင်း ကိုယ်တူးတာဘဲ ဖြစ်လိမ့်မယ်ဆိုတာကို … ငါ  အတန်တန်ကို ပြောခဲ့ပါတယ်။ မင်းလို တိရစ္ဆာန်ကောင်ကို မေ့ထားခဲ့ပြီး ငါတို့ နှစ်ယောက်ထဲ တိတ်တိတ်ကလေး ထွက်ပြေးကြရအောင်.. လို့ … ဒါပေမယ့် သူက အဲဒါကို လက်မခံခဲ့ဘဲနဲ့ နည်းမှန် လမ်းမှန် အတိုင်းဘဲ လုပ်ချင်ခဲ့တာကိုး။ သူ မင်းအပေါ်မှာ သစ္စာမဖေါက်ဘဲ မှန်မှန်ကန်ကန် လုပ်ဖို့ကြိုးစားတဲ့ အချိန်မှာ မင်းလက်ချက် မိသွားခဲ့ရရှာတယ် မဟုတ်လား။”

“မင်း .. မင်းရူးနေပြီ …”

“မင်းကိုယ်တိုင် သူ့ကို သတ်ခဲ့ပြီးမှ မတော်တဆမှု ပုံစံမျိုးဖြစ်အောင် မင်းဘဲစီမံခဲ့တာ မဟုတ်လားကွ.. ဟေ့ကောင်… ဟုတ်တယ် မဟုတ်လား …ကဲ ပြောစမ်းပါအုံး … မင်းသူ့ကို ဘယ်လိုသတ်ခဲ့သလဲ ဆိုတာ ပြောစမ်းပါ.. မင်းမပြောရင် ငါပစ်ထည့်လိုက်ရလိမ့်မယ် ..”

“ငါသူ့ကို ရိုက်ပစ်ခဲ့တာ” ရိုက်က သေနတ်ကို တလှည့် အဲဒီလူကို တလှည့် ကြည့်ပြီး ပြောလိုက်တယ်။ “ငါ သူ့ကို သုံးလေးချက် တီးထည့်လိုက်ပြီး လှေကားကနေ တွန်းချပစ်လိုက်တာ … … လှေကားထိပ်ကနေ ခြေချော်ကျတယ် ပေါ့ကွာ … ဒါပေမဲ့ မင်းအနေနဲ့ ဒီလောက်နဲ့တော့ ရဲကိုတိုင်လို့မရဘူး ဆိုတာ မင်းသိပါတယ်ကွာ။ ဘာသက်သေမှမရှိဘူးကွ။ သူတို့ဆီမှာလဲ ငါ့ကို စွဲချက်တင်စရာ ဘာတစ်ခုမှ မရှိဘူး။ နောက်ပြီး အခုမှ မင်းသွားပြောလဲ သူတို့ယုံမှာမဟုတ်ဘူး .. မင်းသိတယ်မဟုတ်လား။”

“ငါတို့ ဘယ်ရဲစခန်းမှ သွားမှာမဟုတ်ပါဘူးကွ..” အဲဒီလူက ပြောလိုက်တယ်။ “ငါ ဟိုးအစကတည်းက ရဲတိုင်ဖို့ စိတ်ကူးလုံးဝ မရှိဘူး။ ငါသွားတိုင်လဲ အလကားဘဲ။ မင်းလိုကောင်ကို ဘယ်လိုပုံစံမျိုး ကိုင်တွယ်ရမယ်ဆိုတာ သူတို့တွေမသိမှန်း ငါနားလည်ပါတယ်ကွ .. ဟုတ်တယ်မလား။ ငါဘယ်ရဲမှ သွားမတိုင်ဘူး အေး .. ဒါပေမဲ့ မင်းကိုကိုင်တွယ်ဖို့ နည်းလမ်းတွေကိုတော့ ငါ့နည်းငါ့ဟန်နဲ့ လုပ်ခဲ့ပြီးပါပြီကွ အက်ဒဝပ်ရ… ကိုင်း .. ဒီက စာရေးစားပွဲမှာ လာထိုင်စမ်းပါအုံး။ ကဲ စာရေးစက္ကူလေးနဲ့ ရေးစရာ ဘောပင်လေးလဲ ထုတ်လိုက်ပါအုံးကွာ .. ငါ့မှာ မင်းကိုရေးခိုင်းစရာ အကြောင်းအရာလေး နည်းနည်းရှိလို့ပါ ..”

“မင်း .. မရ … …”

“ရေးစမ်း အခု… ကျုပ်ပြောတဲ့အတိုင်းရေး  ̶   
“ကျွန်တော့်မှာ ဆက်လက် ရှင်သန်ဖို့ရာ အင်အားမရှိတော့ပါ။ ဒီတစ်ခါတော့ ကျွန်တော်တကယ်ကို မလွဲစေရတော့ပါဘူး …” 
ရေးလို့ပြီးရင် မင်းလက်မှတ်ကို အောက်မှာ တခါတည်းထိုး ..” 
အဲဒီလူကပြောရင်း အက်ဒဝပ်ရိုက်ရဲ့ တုန်တုန်ယင်ယင် ဖြစ်နေတဲ့ နောက်စေ့ကို သေနတ်နဲ့ ထိုးချိန်လိုက်တယ်။

“ငါ့ကို သတ်ရင် မင်းကြိုးစင်တက်ရမှာ မာ့ခ်..”

“ဟား ဟား … ငါသတ်တာမဟုတ်ပါဘူးကွ .. မင်းကိုယ်မင်း အဆုံးစီရင်တာပါ အက်ဒဝပ်ရာ..”

“ငါ့ကိုယ်ငါ သတ်သေပါတယ် ဆိုတာကို ဘယ်သူမှယုံကြမှာ မဟုတ်ဘူး မာခ့်.. ငါဒီစာကို ရေးရေး မရေးရေး ဘယ်သူမှမယုံဘူး ဆိုတာမင်းသိလား”

“ရေးမှာသာ ရေးစမ်းပါ အက်ဒဝပ်ရာ .. ပြီးရင် မင်းကို ဒီသေနတ်နဲ့အတူ မင်းဇာတ်လမ်းကိုမင်း မဖြစ်မနေဆက်ကဖို့ ထားခဲ့မှာပါကွ..”

“မင်း …… …”

“ရေးစရာရှိတာ ရေးစမ်းပါ။ ငါမင်းကို မသတ်ချင်ဘူး အက်ဒဝပ် … ငါလိုချင်တာ မင်းအဲဒီစာ ရေးဖို့ဘဲ ပြီးတာနဲ့ မင်းကိုဒီမှာ ထားခဲ့မှာလို့ ငါပြောတယ်မဟုတ်လား..”

ရိုက်အနေနဲ့ အဲဒီလူပြောတာကို မယုံကြည်ပေမယ့်လည်း သူ့ခေါင်းကိုချိန်ထားတဲ့ သေနတ်ကြောင့် သူ့အနေနဲ့ တခြားရွေးခြယ်စရာ မရှိကြောင်းကို သဘောပေါက်လိုက်မိတယ်။ အဲဒီလူပြောတဲ့အတိုင်း စာရွက်ပေါ်မှာ ချရေးလိုက်ပြီး အောက်မှာ သူ့လက်မှတ်ထိုးလိုက်တယ်။

“ကဲ.. တဆိတ်လောက် ဒီဘက်ကို လှည့်ကြည့်လိုက်စမ်းပါအုံး အက်ဒဝပ်”

သူအသာလှည့်လိုက်ပြီး အဲဒီလူကို အသေအချာ စိုက်ကြည့်လိုက်မိတဲ့အခါ ဧည့်သည်ရဲ့ အသွင်အပြင်က မျက်စေ့ထဲမှာ တစ်ခုခု ထူးခြားပြောင်းလဲနေတာကို သူတွေ့လိုက်ရတယ်။ ရုတ်တရက်တော့ ဘာထူးခြားပါလိမ့်လို့ သူစဉ်းစားလို့မရခဲ့ဘူး။ နောက်တော့မှ သူသတိထားလိုက်မိတာက အဲ.. ဆံပင် အဲဒီလူရဲ့ ဆံပင်ပုံက အရင်ပုံစံမဟုတ်ဘူး။ ဆံပင်တုတစ်ခု စွပ်ထားပုံဘဲ။ အင်း.. ပြီးတော့ မျက်ခုံးမွေးလဲ အတုတပ်ထားပုံရတယ်။ နဂိုကထက် ပိုပြီးထူထူနက်နက် ဖြစ်နေတယ်။ သူ့မျက်လုံးကိုလည်း တစ်ခုခုလုပ်ထားပုံဘဲ။ ပုံစံနည်းနည်း ပြောင်းနေတာကို သူသတိထားမိသွားတယ်။

“သေချာကြည့်ပါအုံး အက်ဒဝပ်ရ… အခုငါ ဘယ်သူနဲ့ တူနေသလဲဆိုတာကို … မင်းသတိထားမိရဲ့လား။ ငါအခု မင်းနဲ့တူနေတယ်ကွ သိလား .. အဲဒါ မင်းသိလား။ ချွပ်စွပ်ကြီးတော့လဲ ဘယ်လာဟုတ်ပါ့မလဲကွာ သေချာတာပေါ့။ ဒါပေမယ့် မင်းအဖြစ်နဲ့တော့ ပုံမှားရိုက်လို့ အသေအချာကို ရတာပေါ့ကွ ..”

“မင်းက … … မင်းက ငါအဖြစ်နဲ့ ပုံမှားရိုက်ခဲ့တယ် … ဟုတ်လား .. ငါနားမလည်နိုင်တော့ဘူး အဲဒါ ဘာဖြစ်လို့လဲ … ဘာအတွက်ကြောင့်များလဲ…”

“မင်းအခုဘဲ ငါ့ကို ပြောခဲ့တယ်လေကွာ.. မင်းက ကိုယ့်ကိုယ်ကို သတ်သေမယ့် လူစားမျိုးထဲက မဟုတ်ဘူးဆိုတာ … ဟုတ်တယ်မလား အက်ဒဝပ်။ ဟဲ ဟဲ ဒါပေမယ့် မင်းရဲ့ လတ်တလော အပြုအမူတွေ အကြောင်းကို မင်းပြန်ကြားရရင်တော့ အင်မတန်ကို အံ့သြမိမှာ သေချာပေါက်ဘဲကွ.. ဒီမှာ.. လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက မင်းတစ်ယောက်ထဲ ညကြီးမင်းကြီး မောရစ်ဆီ တံတားပေါ်ကနေ ခုန်ချပြီးတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့လုပ်လို့ ရဲသားတစ်ယောက်က မင်းဆီလာပြီး နှစ်သိမ့်စကားပြောခဲ့ရသေးတယ်လေကွာ။ အဲ .. နောက်ပြီးတော့ မင်းနဲ့တွေ့ဆုံဆွေးနွေးပြီး လမ်းညွှန်ကုသမှု ပေးနေခဲ့ရတဲ့ စိတ်ရောဂါ အထူးကု ဆရာဝန် တစ်ယောက်ဆို မင်းကိုယ့်ကိုယ်ကို ဘယ်လောက်ထိအောင် ကိစ္စတုံးပစ်ချင်နေလဲဆိုတာ သိပါ့ဗျား .. နောက်ထပ် ဆရာဝန် တစ်ယောက် ရှိပါသေးရဲ့။ နေ့ခင်းကြောင်တောင်မှာ အိပ်ဆေးလုံးတွေ မြိုချပြီးမှ ဆေးခန်းကို ပြူးပြူးပျာပျာ ရောက်လာတဲ့မင်းကို အရေးပေါ် အစာအိမ် ဆေးပေးခဲ့ရသေးတယ်လေ .. အား အဲဒီ ကိစ္စကတော့ အတော်ကို မသတီစရာ ကောင်းတာကလား။ အခံရခက်ပါဘိသနဲ့။ ငါ့မှာ တချိန်လုံး ငါ့ဆံပင်တုများ ပြုတ်ထွက်သွားမလား ဆိုပြီး စိတ်ပူလိုက်ရတာကွာ။ ဒါပေမယ့် ကံကောင်းထောက်မလို့ ပြုတ်မထွက်ခဲ့ပါဘူး။ အဲဒါတွေ အားလုံး မင်းလုပ်ခဲ့တာချည့်ဘဲကွ သိလား အက်ဒဝပ် … ကဲ ဘယ်လောက်ထူးဆန်းလဲ မင်းတစ်ခုမှ မမှတ်မိတဲ့ မင်းလုပ်ခဲ့တဲ့ ကိစ္စတွေလေ.. ဟောဒီ သေနတ်ကိုတောင် မင်းကိုယ်တိုင် အခုညနေခင်းကမှ ဝယ်လာခဲ့တယ် ဆိုတာလေးကော မှတ်မိရဲ့လား …”

“ငါ … … …”

“ဒါမင်းဝယ်ခဲ့တာကွ သိလား… လွန်ခဲ့တဲ့ တစ်နာရီလောက်တုံးကဘဲလေကွာ။ အဲဒီအတွက် မင်း လက်မှတ်ထိုးခဲ့ရသေးတယ်လေ … မင်းရဲ့ ယာဉ်မောင်းလိုင်စင်တောင် သက်သေခံအဖြစ် ပြခဲ့ရသေး မဟုတ်လား။”

“မင်း .. မင်း ငါ့ရဲ့ ယာဉ်မောင်းလိုင်စင်ကို ဘယ်လိုလုပ်ပြီး ရသွားတာလဲ…”

“မင်းဆီက ယူစရာလားကွ ငါ့ဟာငါ အတုလုပ်လိုက်တာပေါ့ ..” အဲဒီလူက ခပ်ဟဟလေး ရီရင်း ပြောလိုက်တယ်။
“ရဲကိုတော့ ဒီလိုင်စင် အတုနဲ့ အကြောင်ရိုက်လို့ မရဘူးပေါ့ကွာ။ ဒါပေမယ့်လည်း ငါကအဲဒီဟာကို ရဲကိုပြဖို့လုပ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ ဘယ်ရဲမှလဲ မြင်စရာအကြောင်းမရှိပါဘူး။ သို့သော်ငြားလည်း သေနတ်ဆိုင်က စာရေးကိုတော့ ကောင်းကောင်းကြီး လှည့်စားနိုင်ခဲ့တာပေါ့ကွာ။ ကဲ မင်း ကိုယ့်ကိုယ်ကို သတ်သေမယ့် လူစားမျိုး မဟုတ်ဘူးလို့ ပြောနိုင်သေးရဲ့လား … အဲဒီလူတွေအားလုံးက မင်းဟုတ်ပါတယ်ဆိုတာကို ကျမ်းကျိန်ပြီး ထွက်ဆိုကြမယ့် လူတွေချည်းဘဲကွ .. သိလား အက်ဒဝပ်”

“ငါအဲဒီလို ကိုယ့်ဟာကိုယ် သတ်သေမယ့် လူစားမျိုး မဟုတ်မှန်း ငါ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ အားလုံးက သိထားကြပြီးသားကွ .. နောက်ပြီး ငါ့အလုပ်ထဲက လုပ်ဖေါ်ကိုင်ဖက်တွေ … … အဲဒီလူတွေကျ မင်းဘာပြောမလဲ..”

“ဟား ဟား အဲဒီအတွက်တော့ မပူပါနဲ့ကွာ .. အဲဒီလူတွေအားလုံး အသေအချာကို ပူးပေါင်းပါဝင်ကြမှာပါ။ မင်းရဲ့ အခုတစ်လော အပြုအမူ အနေအထိုင်တွေကို သူတို့တွေအားလုံး သတိပြုမိထားကြပြီးသား ဖြစ်နေမှာ သေချာပြီးသားဘဲ။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေအမြင်မှာ မင်းက မင်းရဲ့ ချစ်လှစွာသော ဇနီးသည် မတော်တဆမှုနဲ့ ရုတ်တရက် ဆုံးပါးသွားခဲ့ရလို့ အထိတ်တလန့်နဲ့ အင်မတန်ကို နှမြောတသ ဝမ်းနည်းပူဆွေးနေရပါတယ် ဆိုတဲ့ပုံစံမျိုး ပီပီပြင်ပြင် သရုပ်ဆောင်နေခဲ့မယ်ဆိုတာကို ငါသေချာပေါက် သိထားနှင့်ပြီးသားမို့လို့ပေါ့ကွ။ အဲဒီအပိုင်းကို မင်းကိုယ်တိုင် ပီပြင်စွာ သရုပ်ဆောင်ခဲ့ပြီးပြီ မဟုတ်လား ကိုယ့်လူ… သူ့ကို မင်းဘယ်တုန်းကမှ သတ်ဖို့ မကြိုးစားသင့်ခဲ့ဘူးဆိုတာ မင်းနားလည်ဖို့ကောင်းတယ် အက်ဒဝပ်။ မင်းသူ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ပေမယ့် ငါကတော့ သူ့ကို အမြတ်တနိုးနဲ့ သိပ်ချစ်ခဲ့တာပါကွာ။ မင်း သူ့ရဲ့ဆန္ဒလေးကို လိုက်လျောခဲ့သင့်ပါရဲ့ အက်ဒ၀ပ်ရာ …”

ရိုက်တစ်ယောက် ထိတ်လန့်စွာနဲ့ တကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေခဲ့ပြီ .. “မင်း …မင်း … မင်း အခုနက ပြောတော့ ငါ့ကို … ငါ့ကို မသတ်ဘူးဆို … ငါ့ကို အဲဒီသေနတ်နဲ့ ထားခဲ့ပြီး ထွက်သွားမှာဆို … …”

“ဟား ဟား .. မင်းကြားသမျှ ယုံရမယ်လို့ မသတ်မှတ်ထားဘူး ကိုယ့်လူ..” အဲဒီလူက ပြန်ပြောရင်းနဲ့ လျှပ်တပြက်အတွင်း လျှင်မြန်စွာနဲ့ ရိုက်ရဲ့ ပါးစပ်ထဲ သေနတ်ကို ထိုးသွင်းလိုက်ပြီး ခလုပ်ကို ဆွဲညှစ်ပစ်လိုက်တော့တယ်။

ပြီးတဲ့နောက်မှာတော့ အဲဒီလူက အားလုံးကို သေသေသပ်သပ်နဲ့ အစီအစဉ်တကျ နေရာချထားလိုက်တယ်။ ဘာတစ်ခုမှ လစ်ဟာမှု မရှိတော့အောင် စနစ်တကျနဲ့ စီစဉ်နေခဲ့တယ်။ လက်ဗွေရာတွေ ကအစ ဘာမှမကျန်အောင် အစဖျောက်လိုက်တယ်။ ပြီးတော့ သေနတ်ပေါ်က သူ့လက်ဗွေတွေကို အသေအချာ သန့်စင်လိုက်ပြီးမှ ရိုက်ရဲ့ လက်ဗွေရာတွေနဲ့ အစားထိုးလိုက်တယ်။ စားပွဲပေါ်မှာတော့ ရိုက်ရဲ့ နောက်ဆုံးမှာတမ်းလွှာ လေးကို တင်ထားပေးလိုက်တယ်။ စိတ်ရောဂါ အထူးကုဆရာဝန်ရဲ့ လိပ်စာကဒ်လေးကိုတော့ ရိုက်ပိုက်ဆံအိတ်ထဲကို အသေအချာ ထည့်သွင်းပေးလိုက်ပြီးတဲ့နောက် သေနတ်ဝယ်ယူခဲ့တဲ့ ငွေပေးချေလွှာ ဖြတ်ပိုင်းလေးကို ရိုက်ရဲ့ အိတ်ကပ်ထဲ ခေါက်ထည့်ပေးလိုက်တယ်။ 

“မင်းသူ့ကို မသတ်ခဲ့သင့်ပါဘူးကွာ…” ရိုက်ရဲ့ အလောင်းကိုကြည့်ပြီး အဲဒီလူက တိုးတိတ်စွာပြောလိုက်တယ်။ အဲဒီနောက် တကိုယ်တည်း လျှို့ဝှက်စွာ ပြုံးလိုက်ပြီးတဲ့နောက် အိမ်နောက်ဖေး တံခါးကနေဘဲ တိတ်တဆိတ် ထွက်ခွာသွားရင်း အမှောင်ထုထဲကို တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားခဲ့တော့တယ်။            ။

# # # # #

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 


(အမေရိကန် မှုခင်းဝတ္ထုတိုများမှ စာရေးဆရာ Lawrence Block ရဲ့ Dead Wish ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။ ကျွမ်းကျင်သူတစ်ယောက် မဟုတ်တဲ့အတွက်ကြောင့် အဆင်မပြေတာများ အမှားအယွင်းများ ရှိခဲ့ပါရင် မအိမ်သူရဲ့ အမှားသာ ဖြစ်ပါကြောင်း ၀န်ခံ အသိပေးလိုပါတယ်ရှင်။ မအားလပ်တဲ့အတွက်ကြောင့် နောက်ဆုံးပိုင်းကို တင်ဖို့ အတန်ငယ် ကြန့်ကြာသွားခဲ့ရတာကို တောင်းပန်ပါတယ်နော်။ စောင့်ပြီးဖတ်ပေးကြတဲ့ အတွက်လည်း အထူးဘဲကျေးဇူးတင်ပါကြောင်း ပြောပါရစေရှင်။)

Wednesday, June 15, 2011

သေစေညွှန်း (အပိုင်း နှစ်)

စိတ်ရောဂါ အထူးကု ဆရာဝန်က သူ့မေးစေ့က အဖျားရှူးနေတဲ့ မုတ်ဆိတ်မွေးများကို လက်နဲ့သပ်ရင်းနဲ့ သူ့ရှေ့မှာရှိတဲ့ လူနာကို ကြည့်နေမိတယ်။

“….. …. လောကကြီးမှာ ကျုပ်အသက်ဆက်ရှင်နေလို့လဲ အလကားပါဘဲဗျာ..” အဲဒီလူက တတွတ်တွတ် ဆက်ပြောနေဆဲ..။
“တမြန်နေ့ညကပေါ့ဗျာ ကျုပ်ကိုယ့်ဟာကိုယ် သတ်သေဖို့အထိ ကြံစည်ပြီးပြီဗျ။ လက်မတင်လေးဘဲ။ မောရစ်ဆီ တံတား ပေါ်ကနေ ခုန်ချဖို့ လုပ်တာဗျာ…”

“အဲဒီတော့ …”

“တာဝန်ကျ ရဲသားက ကျုပ်အနားရောက်လာပါရောလား.. ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ သူရောက်မလာလဲ အဲဒီညက ကျုပ်ခုန်ချဖြစ်ခဲ့လိမ့်မယ် လို့တော့လဲ မထင်မိပါဘူး…”

“ဘာဖြစ်လို့လဲ..”

“အဲဒါတော့ ကျုပ်ဟာကျုပ်လဲ မသိဘူးဗျာ..”

လူနာက တတွတ်တွတ်နဲ့ မပြီးနိုင် မစီးနိုင် ဆက်ပြောနေတုံးဘဲ။ ဆရာဝန်ကလဲ မုတ်ဆိတ်ကလေး သပ်ကာ သပ်ကာ နဲ့ တချက်တချက် စကားထောက်ထောက်ပေးရင်း နားထောင်နေလိုက်တာဟာ အတော်ကြီး ကြာသွားတဲ့အထိကို မပြီးနိုင်သေးဘူး။

သိပ်ကြာလာတော့ ဆရာဝန်ခမျာမှာလဲ သေချာနားထောင် မပေးနိုင်တော့ဘူး။ တခါတရံမှာ တစ်နာရီလောက်လုံးလုံး လူနာပြောသမျှကို အလိုက်သင့်တုံ့ပြန် နေတာကလွဲလို့ သူ့ခေါင်းထဲဘာမှကို မရှိတော့နိုင်အောင်ဘဲ။ လူနာက မနားတမ်းပြောနေသမျှဟာ ဘာတွေပြောလို့ ပြောနေမှန်းကို မသိတော့ဘဲ ဆရာဝန် နားထဲမှာ ကြားတချက် မကြားတချက်။ အဲဒီသူပြောနေတဲ့ အကြောင်းအရာတွေလဲ ခေါင်းထဲကို ၀င်တချက် မ၀င်တချက်နဲ့ အချိန်တွေ အတော်ကုန်သွားတယ်။

“အင်း… ဒီလိုလူတွေကို ဒီ့ထက်ကောင်းတာ ငါဘာများလုပ်ပေးနိုင်အုံးမှာလဲ.. တကယ်တမ်းက သူတို့တွေဟာ စကားပြောချင်တာ သက်သက်ဘဲ။ သူတို့လိုအပ်တာက သူတို့ပြောသမျှကို ဒိုင်ခံနားထောင်ပေးနိုင်တဲ့ သူကိုဘဲလိုတာကလား” ဆရာဝန် သူ့ဟာသူ စဉ်းစားနေမိတယ်။

လူနာက ဆရာဝန်ကို သူ့အိပ်မက်အကြောင်းတွေ ဆက်ပြောပြန်တယ်။ ဆရာဝန်ဆီကို လာသမျှ လူနာတိုင်းလိုလိုက သူတို့အိပ်မက်အကြောင်းကို မပြောတဲ့သူမရှိဘူး။ အဲဒီဟာကတော့ ဆရာဝန်ကို အတော်ကြီး စိတ်အနှောက်အယှက် ဖြစ်စေတဲ့အရာတစ်ခုပေါ့။ သူ့ဟာသူတောင် ဘာအိပ်မက်တွေမက်လို့ မက်မှန်းမသိ .. မက်သမျှ အိပ်မက်ကိုလဲ တစိုးတစိတောင် မမှတ်မိတတ်တဲ့ ဆရာဝန်က သူ့လူနာတွေရဲ့ အရေမရ အဖတ်မရ အဓိပ္ပါယ် လုံးလုံးမရှိတဲ့ ပေါက်တတ်ကရ အိပ်မက်တွေအကြောင်းကို နားထောင်ရတာ အတော်ကြီးကို စိတ်ညစ်ညူးစေတာ အမှန်ဘဲ။ အခုလဲ စိတ်ရှုပ်စွာနဲ့ဘဲ လူနာပြောနေတဲ့ သူ့အိပ်မက်အကြောင်းကို  နားထောင်ရင်း ကနေ လက်ကနာရီကို တကြည့်ကြည့်နဲ့ ဆွေးနွေးချိန် မြန်မြန်ကုန်ပါစေလို့ စိတ်ထဲကကြိတ်ဆုတောင်းနေမိတယ်။

သူ့အိပ်မက်ကလဲ ဆရာဝန် သိနေခဲ့တဲ့အတိုင်းပါဘဲ။ ဘဝကို ဆက်လက် ရှင်သန်လိုစိတ်တွေ လျော့နည်းလာတာကို ပြဆိုနေတဲ့ အိပ်မက်မျိုး၊ သေခြင်းတရားကို အာသာငမ်းငမ်း တောင့်တတဲ့ အိပ်မက်မျိုး၊ အကြောက်တရားရှိနေသေးလို့သာ အကောင်အထည် မဖေါ်ဖြစ်သေးပေမယ့် ကိုယ့်ကိုယ်ကို အဆုံးသတ် စီရင်ပစ်လိုက်ဖို့ ဆန္ဒတွေ တဖြည်းဖြည်း တိုးပွားလာနေတဲ့ အိပ်မက်မျိုးတွေဘဲပေါ့။ ဒါပေမယ့် … အဲဒီ ရှိနေဆဲ အကြောက်တရား ကကော ဘယ်လောက်ကြာကြာအထိ တာရှည်ခံလိမ့်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်တဲ့ အရာဘဲ မဟုတ်လား။

နောက်ထပ် အိပ်မက်တစ်ခု…. လာပြန်ပြီ.. ဆရာဝန် စိတ်ထဲကနေ မြည်တမ်းလိုက်မိတယ်။ သူဘယ်လိုမှ ဆက်လက်သည်းခံပြီး နားမထောင်နိုင်တော့ဘူး။ မျက်စိတွေကို စုံမှိတ်ပြီး လူနာပြောနေသမျှကို လျစ်လျူရှု ပစ်လိုက်တော့တယ်။ သူ့ကိုယ်သူလဲ စိတ်ထဲက ပြောနေမိတယ်။ “ငါးမိနစ် … နောက်ထပ် ငါးမိနစ်ဘဲ… သည်းခံလိုက်စမ်း… ဒါပြီးရင် ဒီလူနဲ့ ဆွေးနွေးတဲ့ကိစ္စ ပြီးပြီ။ နောက်ငါးမိနစ်ဆို ဒီရူးကြောင်ကြောင်လူ ငါ့ရှေ့ကနေ ထွက်သွားတော့မှာ … …”

# # # # #

ဆေးခန်းထဲဝင်လာတဲ့လူနာကို ဆရာဝန်က လှမ်းကြည့်လိုက်တဲ့ အချိန်မှာ မျက်ခုံးထူထူတွေကို အရင်ဆုံး သတိထားမိလိုက်တယ်။ လူနာရဲ့ အသွင်အပြင်က ကြောက်လန့်တကြားနဲ့ အပြစ်တခုခု ကျူးလွန်လာတဲ့ပုံစံ..။

“ကျွန်တော် အစာအိမ် ဆေးမှရမယ် ဒေါက်တာ” ဝင်လာတဲ့လူက အလောတကြီးပြောလိုက်တယ်။

“အဲဒါ ဒီဆေးခန်းမှာဘဲ လုပ်လို့ရမလား ဒါမှမဟုတ် ကျွန်တော်တို့ ဆေးရုံသွားဖို့လိုသလား ဒေါက်တာ”

“ဘာဖြစ်လာတာလဲ အရင်ပြောအုံးမှပေါ့ဗျ..”

“ဆေးလုံးတွေလေ…”

“အိပ်ဆေးကိုပြောတာလား… ခင်ဗျားက ဘယ်နှစ်လုံးများ သောက်ခဲ့မိလို့တုန်း..”

“အလုံး နှစ်ဆယ် …” အဲဒီလူက ပြန်ပြောတယ်။

ဆရာဝန် မျက်လုံးပြူးသွားပြီး “ဆယ်လုံးဆိုရင်တောင် ခင်ဗျားသေနိုင်တယ် သိရဲ့လား။”
“ခင်ဗျားသောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ” ဆရာဝန်က ဆက်မေးလိုက်တယ်။

“နာရီဝက်လောက်တုံးကဘဲ။ အဲ..အဲ.. မဟုတ်ဘူး… မိနစ် နှစ်ဆယ်လောက်တော့ ရှိပြီထင်တယ်..။”

“ဆေးလုံးတွေ မြိုချပြီးမှ ဒီလို ရူးကြောင်မူးကြောင် အလုပ်တွေကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်မိတယ်ပေါ့.. ဟုတ်စ။ အဲဒါများ ဘာဖြစ်လို့ မိနစ်နှစ်ဆယ် ထိအောင် စောင့်နေရသေးတုန်း …”

“ကျွန်တော် ကိုယ့်ဟာကိုယ် ပါးစပ်ထဲ လက်ထိုးပြီး အန်ထုတ်ဖို့ ကြိုးစားကြည့်ပါသေးတယ်။”

“အော.. မရတော့မှ ဒီရောက်လာတယ်ပေါ့။ ကဲ ကဲ အစာအိမ်ဆေးဖို့ လုပ်ငန်းစကြမယ်။” ဆရာဝန်က ပြောပြောဆိုဆို စလုပ်ပါတော့တယ်။

အဲဒီဟာကတော့ အတော်ကိုခံရခက်ပြီး အော်ဂလီဆန်ချင်စရာပါဘဲ။ ဒါပေမယ့်လဲ နောက်ဆုံးမှာတော့ ဆရာဝန်က “ကိုင်း.. ခင်ဗျား မသေနိုင်တော့ပါဘူး”

“ကျေးဇူးပါဘဲ ဒေါက်တာရယ်..”

“ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး.. ဒီကိစ္စကို ကျုပ်က တာဝန်ရှိသူတွေကို တင်ပြရမှာဘဲ။”

“အဲဒီလိုတော့ သတင်းမပို့လိုက်ပါနဲ့ ဒေါက်တာရယ်.. ကျွန်တော်က … ကျွန်တော်က အခုလက်ရှိမှာ စိတ်ရောဂါ အထူးကုနဲ့ ပြသ နေရတဲ့ လူနာတစ်ယောက်ပါ။ အဲဒီတော့ အထူးတလည်တွေ လုပ်မနေတော့ဘဲနဲ့ ဒီကိစ္စကို မတော်တဆမှုတစ်ခု လို့ဘဲ မှတ်ယူပေးပါဗျာ… တကယ်ပြောတာပါ။”

အဲဒီလူ စကားကြားတဲ့အချိန်မှာတော့ ဆရာဝန် မျက်ခုံးတွေ မြင့်တက်သွားခဲ့ပြီး “ဆေးအလုံး နှစ်ဆယ် မြိုချတာကို ကျုပ်က ... ... ... အဲသလို ဆိုရင်တော့ ကျသင့်ငွေကို ခင်ဗျား အခုဘဲ အကုန်ရှင်းသွားပေတော့။ ကျုပ်ကတော့ အချိန်မရွေး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားနေတဲ့ လူမျိုးတွေဆီကို ကျသင့်ငွေတောင်းခံလွှာ လှမ်းပို့ပြီး နောက်မှ ငွေရှင်းခိုင်းဖို့အထိတော့ မစွန့်စားနိုင်ဘူးဗျ။”

# # # # #

(ဆက်ရန်)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

(အမေရိကန် မှုခင်းဝတ္ထုတိုများမှ စာရေးဆရာ Lawrence Block ရဲ့ Dead Wish ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။ ကျွမ်းကျင်သူတစ်ယောက် မဟုတ်တဲ့အတွက်ကြောင့် အဆင်မပြေတာများ အမှားအယွင်းများ ရှိခဲ့ပါရင် မအိမ်သူရဲ့ အမှားသာ ဖြစ်ပါကြောင်း ၀န်ခံ အသိပေးလိုပါတယ်ရှင်။ အခန်းဆက်တွေကို သိပ်မကြာစေဘဲ တင်နိုင်အောင် ကြိုးစားပေးပါ့မယ်။ ချက်ချင်းမတင်ဖြစ်ခဲ့ရင်လည်း နားလည်ပေးကြပါလို့ တောင်းပန်လိုပါတယ်။)
 

Tuesday, June 14, 2011

သေစေညွှန်း (အပိုင်း တစ်)

တာဝန်ကျ ရဲသားက တံတားအလယ်မှာ ကားတစ်စီးရပ်လိုက်တာကို လှမ်းတွေ့လိုက်မိပေမဲ့ ထွေထွေထူးထူး မတွေးဖြစ်ပါဘူး။ ဒါထူးဆန်းတာမှမဟုတ်ဘဲ။ ဒီလိုမျိုးက ဒီတံတားပေါ်က ဖြတ်သန်းသွားတဲ့သူတွေ မကြာခဏ လုပ်နေကျဆိုတာ သိထားတော့ သာမန်ဘဲပေါ့။ အခုလို ညဥ့်နက်ပိုင်း ကားအသွားအလာ ရှင်းတဲ့အချိန်ဆိုရင် သူတို့စီးလာတဲ့ကားတွေကို တံတားအလယ်လောက်မှာ ရပ်တန့်ပြီး တံတားလက်ရမ်းကနေ လှမ်းလို့ သူတို့မြို့တော်ကြီးရဲ့ ညအလှမြင်ကွင်းကို ရှုစားတတ်ကြတယ်လေ။ တံတားအောက်ကနေ ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်ကြီးက ကျယ်ပြောသလောက် အတော်ကိုလည်း နက်တယ်။ မြစ်ကြီး ဖြတ်သန်းစီးဆင်းနေပုံကလည်း မြို့တော်ကြီးကို အလယ်ကောင်ကနေ တိတိကျကျ ထက်ခြမ်းခွဲထားသလိုမျိုး… အဲဒီတော့ ညဖက်ဆို တံတားအလယ်ကနေများ မြို့တော်ကြီးကို လှမ်းကြည့်လိုက်ရင် ရှုမငြီးချင်စရာ အင်မတန်ကို စွဲဆောင်နိုင်တဲ့ အလှဆုံးမြင်ကွင်း ဖြစ်နေတော့တာကိုး။

အဲ.. ဒါတင်မက မိမိကိုယ်ကို အဆုံးစီရင်ချင်တဲ့ သူများကလည်း ဒီလိုတံတားမျိုးကို အင်မတန် ကြိုက်တတ်ကြတာကလား။ ဒါပေမဲ့ ရဲသားကတော့ အဲဒီလူ ကားပေါ်ကနေဆင်းလာပြီးတော့ တံတားဘောင်နားကို တဖြည်းဖြည်းချင်းလျှောက်သွားပြီး တံတားလက်ရမ်းဘောင်ကို လှမ်းကိုင်လိုက်တဲ့အချိန်ထိ အဲဒီကိစ္စကို မစဉ်းစားမိသေးဘူး။ အဲဒီလူရဲ့ လှုပ်ရှားမှုတွေကို ကြည့်နေရင်းကနေမှ သူ့စိတ်ထဲ တစ်ချက် ထင့်ကနဲဖြစ်သွားတယ်။ ဒီလူ.. အဲဒီလူ.. တံတားပေါ်က တကိုယ်တော်သမားကို သေချာလှမ်းကြည့်ရင်း သူ့စိတ်ထဲမှာ တခုခု ထူးခြားသလိုလိုဖြစ်လာတယ်။ ဟုတ်တယ် တစ်ခုခုဘဲ။ ဒီလို ညမှောင်မှောင်ထဲမှာ လှမ်းမြင်နေရတဲ့ အဲဒီလူရဲ့ ၀ိုးတ၀ါးပုံရိပ်… တံတားရဲ့ ပတ်ဝန်းကျင်မှာလည်း မြူတွေကဆိုင်းလို့… ရဲသားက အဲဒီလူကို မမှိတ်မသုန် လှမ်းကြည့်နေမိရင်းကနေမှ ဟာ.. သူ့ကိုယ်သူ ပျစ်ပျစ်နှစ်နှစ်ကို ကျိန်ဆဲလိုက်မိတော့တယ်။ စိတ်ထဲကနေလည်း အဲဒီလူကို သူအချိန်မှီမှ တားဆီးနိုင်ပါတော့မလားလို့ ကမန်းကတန်း တွေးမိလိုက်သေးတယ်။

ရဲသားက လှမ်းအော်လိုက်တာမျိုး သူ့ရဲ့ဝီစီကို တရွှီးရွှီး မှုတ်လိုက်တာမျိုးကိုလည်း မလုပ်ချင်ပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို အထိတ်တလန့် လုပ်လိုက်မိရင် အဖြစ်အပျက်တွေက ပိုဆိုးသွားမှာကို သူသိနေခဲ့တယ်။ အကြံအိုက်စွာ စဉ်းစားရင်းနဲ့ အသာကြည့်နေတုန်းမှာ အဲဒီလူက စီးကရက်တစ်လိပ်ကို မီးညှိလိုက်တာကို လှမ်းတွေ့လိုက်ရတော့ ရဲသားခမျာ နဲနဲပါးပါးတော့ စိတ်အေးသွားရှာတယ်။ အဲဒီလူကို သူတားဆီးဖို့ အချိန်အနည်းငယ် ရလောက်သေးတယ်ဆိုတာ နားလည်လိုက်တယ်။ ဒါ ကိုယ့်ကိုယ်ကို  အဆုံးစီရင်ချင်တဲ့လူတွေ လုပ်လေ့လုပ်ထ ရှိတာကိုး။ တံတားပေါ်ကနေ ဟိုးအောက်ကို မခုန်ချခင်မှာ  နောက်ဆုံးအနေနဲ့ စီးကရက်လေး တစ်လိပ်လောက်ကို သောက်သွားလေ့ရှိတတ်ကြတာ သူသိနေတယ်။

ရဲသားက အသာအယာဘဲ အဲဒီလူဆီကို လျှောက်သွားလိုက်တယ်။ အဲဒီလူနဲ့ ဆယ်ကိုက်လောက် အကွာကို ရောက်တဲ့အချိန်မှာ ရဲသားကို သူမြင်သွားတော့ လန့်ဖျပ်သွားပြီး နောက်ကို ခြေတလှမ်းလောက် ရုတ်တရက် ခုန်လိုက်မိပြီးမှ ခေါင်းတစ်ချက်ဆတ်ပြီး အခြေအနေကို နားလည်သွားတဲ့ပုံနဲ့ အိနြေ္ဒဆည်လိုက်တာကို ရဲသားက သတိထားလိုက်မိတယ်။
ရဲသားက ခပ်ဖြည်းဖြည်း လျှောက်သွားရင်းနဲ့ သူ့ကို မသိမသာ အကဲခတ်လိုက်တယ်။ ဒီလူကြည့်ရတာ လူလတ်ပိုင်းအရွယ် အသက်က သုံးဆယ့်ငါး ၀န်းကျင်လောက်သာ ရှိသေးပုံဘဲ။ အရပ်မြင့်မြင့် မျက်နှာက ရှည်ရှည်သွယ်သွယ် မျက်ခုံးထူထူက မျက်နှာမှာ မဲပြီးထင်းနေတာကို သတိပြုမိလိုက်တယ်။

“မြို့တော်ကြီးကို ရှုစားနေလားဗျ” ရဲသားက လှမ်းနှုတ်ဆက်လိုက်တယ်။ 

“ကျွန်တော် ခင်ဗျားကို ဟိုးနားကနေ လှမ်းမြင်လိုက်လို့ စကား စမြည်လေးများ ပြောရအောင်ဆိုပြီး လျှောက်လာခဲ့တာဗျ..  ခင်ဗျားလဲ သိတဲ့အတိုင်းဘဲဗျာ ဒီလိုအချိန် ကြီးမှာ တယောက်ထဲ တာဝန်ကျနေရတော့ ပျင်းစရာကောင်းလွန်းလို့ ..” ပြောရင်းနဲ့ ရဲသားက သူ့အိတ်ကပ်တွေကို ဟိုစမ်းဒီစမ်းလုပ်ရင်း ဆေးလိပ်ရှာချင်ဟန်ဆောင်လိုက်တယ်။

နောက်မှ ရှာလို့မတွေ့တဲ့ပုံစံနဲ့ “ခင်ဗျားမှာ စီးကရက် အပိုလေးများ မရှိတော့ဘူးလားဗျ” လို့လှမ်းမေးလိုက်တော့ အဲဒီလူက ရဲသားကို စီးကရက် တစ်လိပ် ထုတ်ပေးပြီး မီးပါတခါတည်း တို့ပေးတယ်။ 

ရဲသားက ကျေးဇူးတင်တဲ့အကြောင်း ပြောလိုက်ပြီး မြို့တော်ကြီးဘက်ကို လှမ်းကြည့်ရင်းနဲ့ 
“ဒီနေရာကနေ ကြည့်ရတာ သိပ်လှတာဗျ .. မြို့တော်ကြီးရဲ့ ညရှုခင်းက ကြည့်မိတဲ့သူရဲ့ နှလုံးစိတ်ဝမ်းကို ငြိမ်းချမ်းသွားအောင်လို့ကို ဖမ်းစားနိုင်လွန်းတယ်ဗျာ..” 

“ကျုပ်ရဲ့စိတ်ကိုတော့ ဘယ်အရာကမှ ဖမ်းမစားနိုင်ပါဘူးဗျာ” လို့ အဲဒီလူက ဆိုတယ်။
“ကျုပ်က အခုဘဲ လူတစ်ယောက်ကို အမှန်တကယ် ငြိမ်းအေးစေနိုင်မဲ့ နည်းလမ်းတွေကို စဉ်းစားနေတာ..”

“ဘယ်အရာမဆိုတော့ အနှေးနဲ့အမြန် ဆိုသလို အဆင်ပြေသွားတတ်ကြတာပါဘဲဗျာ.. တချို့အဖြစ်တွေကတော့ အချိန်နဲနဲ ပိုယူချင်လဲ ယူပေလိမ့်မပေါ့။” ရဲသားက ပြန်ပြောလိုက်မိတယ်။ 

“လောကကြီးကတော့ ကြမ်းတမ်းတာ အမှန်ပါဘဲ။ ဒါပေမဲ့လည်း ကိုယ်ပိုင်ဆိုင်ရထားတာတွေဟာ အကောင်းဆုံးပါဘဲဗျာ။ ကျွန်တော့် အမြင်ကတော့ ခင်ဗျားအနေနဲ့ ဒီ့ထက် ကောင်းမယ်ထင်တဲ့အရာကို ဟိုးမြစ်အောက်ခြေမှာ သွားရှာလို့လဲ မတွေ့နိုင်ဘူးလို့ ထင်တယ်ဗျ..”

အဲဒီလူက ဘာမှပြန်မပြောတော့ဘဲ အတော်ကြာကြာကြီး တိတ်ဆိတ်နေပြီးမှ သူ့စီးကရက်တိုကို တံတားဘောင်ပေါ်ကနေ အောက်ကိုတောက်ချလိုက်ပြီး ရေထဲကျသွားတဲ့ အချိန်အထိ သေချာငုံ့ကြည့်နေတယ်။

ပြီးတော့မှ ရဲသားဘက်ကိုလှည့်ပြီး “ကျုပ်နာမည် အက်ဒ၀ပ် ရိုက် လို့ခေါ်တယ်ဗျ.. ကျုပ်ထင်ပါတယ် ကျုပ်အဲဒါကို လုပ်ဖြစ်လိမ့်မှာ မဟုတ်ပါဘူး… ဒီနေ့ညအဖို့ပေါ့ဗျာ…”

“ခင်ဗျားမှာ တစုံတရာ စိတ်အနှောက်အယှက် ဖြစ်စရာများ ရှိနေလို့လားဗျာ…” ရဲသားက မေးလိုက်မိတယ်။

“မရှိပါဘူး …… အထွေအထူးမရှိပါဘူး”

“ခင်ဗျား ဆရာဝန် တစ်ယောက်ယောက်နဲ့ကော မဆွေးနွေးကြည့်ဘူးလားဗျ.. အဲဒါ အတော်လေး အကူအညီရနိုင် တယ်ဆိုတာ ခင်ဗျားသိတယ်မဟုတ်လား..”

“အဲဒီလို ပြောတာပါဘဲဗျာ….”

“ကော်ဖီတစ်ခွက်လောက်များ မသောက်ချင်ဘူးလားဗျ…” ရဲသားက ဧည့်ဝတ်ပြုလိုက်တယ်။

အဲဒီလူ တစ်ခုခု ပြန်ပြောတော့မလို လုပ်ပြီးမှ စိတ်ပြောင်းသွားပုံနဲ့ နောက်ထပ် စီးကရက်တစ်လိပ်ကို မီးထပ်ညှိပြီး မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ပြန်တယ်။ 

“ကျုပ် အဆင်ပြေ သွားပါလိမ့်မယ်” သူ့ဟာသူပြောရင်း 
“ကျုပ်အိမ်ပြန်လိုက်အုံးမယ်။ တစ်ရေးလောက် အိပ်ဖို့ ကြိုးစားကြည့်လိုက်ပါအုံးမယ်ဗျာ။ ကျုပ်ဇနီး.. ကျုပ်ဇနီးလေ … … …
ကျုပ်ကောင်းကောင်းမအိပ်ဖြစ်တာ အဲဒီတုံးကတဲကပါဗျာ”

“အို…” ရဲသားနှုတ်က အာမေဋိတ်သံ တစ်ချက်ထွက်သွားတယ်။

“သူဆုံးသွားပြီဗျ… ကျုပ်အတွက်တော့ အရာရာဟာ သူတစ်ယောက်ထဲပါဗျာ… အခု… အခုတော့ .. သူဆုံးရှာပြီ..”

ရဲသားက အဲဒီလူရဲ့ ပခုံးကို လှမ်းဖက်ထားလိုက်မိတယ်။

“ခင်ဗျား လုပ်နိုင်မှာပါ မစ္စတာရိုက်ရယ်.. သူမရှိဘဲ ခင်ဗျားဘ၀ ဆက်လက် မရှင်သန်နိုင်ပါဘူးလို့ ခင်ဗျားထင်ချင်ရင်ထင်လိမ့်မယ်။ အရာရာဟာ အရင်တုံးကနဲ့တော့ ဘယ်တူနိုင်မလဲဗျာ။ အများကြီး ပြောင်းလဲသွားမယ်ဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမယ့်လဲဗျာ ……”

“ကျုပ်သွားတော့မယ်ဗျာ” အဲဒီလူက လှမ်းပြောတယ် “ကျုပ် ခင်ဗျားကို အနှောက်အယှက်ပေးမိ သလိုများ ဖြစ်သွားရင် ခွင့်လွှတ်ပါ။ ကျုပ်ကြိုးစားပြီး ဖြေသိမ့်ပါမယ်။ အဆင်ပြေသွားမယ် ထင်ပါတယ်ဗျာ …”

ရဲသားက အဲဒီလူကားမောင်းပြီး ထွက်သွားတာကို မျက်စိတဆုံးကြည့်ရင်း ဟင်း… ငါသူ့ကို ရဲစခန်း ခေါ်သွားခဲ့သင့်တယ် ထင်ပါရဲ့လို့ ပြန်စဉ်းစားမိတယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားထားတဲ့ လူတစ်ယောက်ကို တားဆီးနိုင်ဖို့ ဆိုတာ သိပ်တော့မဖြစ်နိုင်မှန်း သူသိနေတယ်။ နောက်ပြန်လှည့်ပြီး သူတာဝန်ကျတဲ့ တံတားတဖက်စွန်းဆီကို ဦးတည်လို့ ပြန်လျှောက်လာခဲ့လိုက်တယ်။ ရဲသား သူ့နေရာသူ ပြန်ရောက်တော့မှ မှတ်စုစာအုပ်ကိုထုတ်ပြီး စာအုပ်ထဲမှာ အသေအချာ ရေးမှတ်ထားလိုက်မိတယ်။

အမည် - အက်ဒ၀ပ် ရိုက်

အဲဒီလူ နဲ့ပတ်သက်တဲ့ အကြောင်းကို သူသေချာမှတ်မိနေဖို့ လိုတယ်လေ… ပြီးတော့ အချက်အလက်တွေ ပြည့်စုံအောင် ဆက်ရေးတယ်။

-         မျက်ခုံးထူထူ
-         ဇနီး ကွယ်လွန်
-         တံတားမှ ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်မှု …. ။         ။

# # # # #
(ဆက်ရန်)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

(အမေရိကန် မှုခင်းဝတ္ထုတိုများမှ စာရေးဆရာ Lawrence Block ရဲ့ Dead Wish ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။ ကျွမ်းကျင်သူတစ်ယောက် မဟုတ်တဲ့အတွက်ကြောင့် အဆင်မပြေတာများ အမှားအယွင်းများ ရှိခဲ့ပါရင် မအိမ်သူရဲ့ အမှားသာ ဖြစ်ပါကြောင်း ၀န်ခံ အသိပေးလိုပါတယ်။ မအားလပ်တဲ့ အတွက်ကြောင့်လဲ အပိုင်းများခွဲပြီး တင်ရတာကို နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်ရှင်။)

Saturday, June 11, 2011

လမ်းနဲ့လူ


လူရယ်လို့ဖြစ်လာချိန် …
ပိစိကွေး ကလေးငယ်ဘ၀ကစလို့
လျှောက်လာခဲ့ရတဲ့လမ်းတွေ…
မဆုံးနိုင်သေးတဲ့လမ်းတွေ…
ဆက်လျှောက်ရအုံးမယ့်လမ်းတွေ…

တစ်ချို့က ကြမ်းကြမ်း
တစ်ချို့က ဖြူးဖြူး
တစ်ချို့ကဖြောင့်ဖြောင့်
တစ်ချို့က ကွေးကွေး
တစ်ချို့က ကောက်ကောက် …။

မှောင်တခါ လင်းတလှည့်
ကြမ်းတခါ ချောတလှည့်
လျှောက်ခဲ့တဲ့လမ်းတွေ…
လျှောက်ရင်းနဲ့ ပျောက်ခဲ့ရတဲ့လမ်းတွေလဲရှိခဲ့
မလျှောက်ချင်လို့ ဖျောက်ခဲ့ရတဲ့လမ်းတွေလဲရှိရဲ့…. ။

တစ်ချို့လမ်းတွေက…
လျှောက်ရင်းနဲ့ ဖေါက်
ဖေါက်ရင်းကနေ လျှောက်ခဲ့ရ
ဖြတ်သန်းခဲ့ကြတဲ့ မိုင်တိုင်တွေ……။

လမ်းအထွေထွေ
ပုံစံတွေဘယ်လိုကွဲသော်လည်း
လမ်းဆိုတာ ခရီးဆုံးရောက်ဖို့
မဖြစ်မနေ လျှောက်ကြရမှာမို့လေ…။

လမ်းတွေထက်မှာ
လျှောက်နေဆဲ တခဏ
ဆုံခဲ့ရတဲ့ ခရီးသွားတွေဘဝ
တွေ့ ကြုံ ဆုံ ကွဲ သံသရာထဲမှာ…

လမ်းဆုံ လမ်းခွမှာ
တွေ့ဆုံခဲ့ကြသူတွေ...
လမ်းခွဲ လမ်းလွှဲမှာ
ခွဲခွာသွားခဲ့ကြသူတွေ...
လမ်းဖြတ် လမ်းချိုးမှာ
နှုတ်ဆက်ကွေ့ချိုးသွားကြသူတွေ…

လမ်းမထက်မှာ
နေရစ်ခဲ့ကြသူတွေ...
လမ်းတ၀က်မှာ
ကျန်နေခဲ့ကြသူတွေ...
လမ်းခုလတ်မှာ
ချန်ထားရစ်ခဲ့ရသူတွေ…

တစ်ချို့တွေများကျတော့
မျက်နှာချင်းဆုံ ကြုံပေမဲ့လည်း
ဆန့်ကျင်ဘက်လားရာတွေနဲ့
ကိုယ့်လမ်းကိုယ်ဆက်ခဲ့ရသူတွေ…

အထွေထွေ အပြားပြား
ဆန်ဆုံ စား ကံကုန်လို့ သွား ခဲ့ရတာကြောင့်
ကိုယ်သွားတဲ့လမ်း မဖြောင့်တန်းလဲ
ဆက်လှမ်းရမှာ ဓမ္မတာပေမို့
မဆုံးတမ်းသာ ဆက်လျှောက်လိုက်ကြစို့ရဲ့…. ။          


( ကိုဇော် က နှုတ်ဆက် လို့ ရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ အတွေးကောင်း အရေးကောင်းတဲ့ သူတစ်ယောက်မို့ စာတွေဆက်ရေးနေဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အခြေအနေပေးလာခဲ့ရင် တချိန်မှာ အဲဒီ အတွေး အရေးတွေကို ဖတ်ခွင့်ကြုံလာအုံးမယ်လို့ မျှော်လင့်ပါတယ်။ ဘလော့ဂ်မှာ မဟုတ်တောင် မဂ္ဂဇင်း ဂျာနယ် စာအုပ် စာစောင်များရဲ့ စာမျက်နှာများ အဖြစ်နဲ့လဲ ဖြစ်နိုင်တာပေါ့နော်။ )

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
(ပုံလေးကို Google ကနေယူထားပါတယ်။)
Related Posts Plugin for WordPress, Blogger...