Tuesday, September 27, 2011

ရေနစ်တဲ့မြို့

ချောင်းရေကလျှံ မြစ်ရေကတိုး
မိုးမင်းရှင် သူ မသနားတယ်
သွန်းဆင့်ကာဖြိုး..။
ရေတိုးတဲ့မြစ်ပြင်
တသွင်သွင်လျှံကာဖြိုးပါလို့
ကမ်းကိုပင် ကျော်ကာလွှမ်းလို့ရယ်
မြို့တွင်းဝယ် ဘောင်ဘင်စီးတာကြောင့်
မြစ်ရေလျဉ် တစ်ခွင်ကြောမှာ ရေနစ်တဲ့မြို့။      ။

ကမ္ဘောဒီးယားမှာ ပြီးခဲ့တဲ့သြဂုတ်လထဲကစလို့ တနိုင်ငံလုံးမှာ နေရာအနှံ့
ရေတွေကြီးနေပါတယ်။ နောက်ဆုံးသိရတဲ့ သတင်းများအရ အဲဒီလို
ရေလွှမ်းမိုးမှုကြောင့် တနိုင်ငံလုံးမှာ ဗြိတိန်နိုင်ငံသားတစ်ဦး အပါအ၀င် 
အနည်းဆုံး လူ ၁၀၀နီးပါးသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ ရေကြီးမှုကြောင့် 
အိမ်ယာပေါင်း ၆၃ ၀၀၀ ခန့် ရေမြုပ်သွားကာ အခုအချိန်အထိတနိုင်ငံလုံး 
အတိုင်းအတာနဲ့ မိသားစုပေါင်း ၁၀၀ ၀၀၀ ကျော်လောက် ရေဘေးဒဏ် 
ခံစားနေရပြီး ကျောင်းပေါင်း ၃၀၀ခန့်လည်း ပိတ်ထားရပါတယ်။ 
လယ်ယာမြေ ၁၆၃ ၀၀၀ ဟက်တာခန့်လည်း (ဧက ၄၀၇ ၀၀၀ခန့်)
ရေနစ်မြုပ်သွားခဲ့ရတယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ 
သိရပါတယ်။ ရေကအခုအချိန်ထိ ဆက်လက်ပြီး ကြီးနေဆဲပါ။ 
ဘယ်နှစ်ရက်လောက် ဆက်ကြီးအုံးမယ် မသိသေးပါဘူး။ ကမ္ဘောဒီးယား 
အစိုးရကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အတော်အရေးပေးပြီး 
လုပ်နေပါတယ်။ ၀န်ကြီးချုပ် ဟွန်ဆန် ကိုယ်တိုင် အရေးပေါ် 
အစည်းအဝေးခေါ်ပြီး ရေဘေးကယ်ဆယ်ရေးနဲ့ ရေဘေးကြုံခဲ့ရတဲ့
ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို 
စီမံချက်တွေချပြီး ညွှန်ကြား လုပ်ဆောင်နေပါတယ်။

အမှန်တော့ ကမ္ဘောဒီးယားမှာ ရေကြီးတာဟာ ပုံမှန်အနေအားဖြင့် 
အဆန်းမဟုတ်ပါဘူး။ မဲခေါင်မြစ်ဝှမ်းဒေသတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယား
နိုင်ငံဟာ ဟိုးအရင်ကတည်းက နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလတွေမှာ 
ဆိုရင် မဲခေါင်မြစ်ရေတိုးလို့ ရေလွှမ်းနေကျဧရိယာတွေ သဘာဝအတိုင်း 
ရှိနေပြီးသားပါ။ ဒါပေမယ့် အခုနောက်ပိုင်း နှစ်တွေမှာတော့ မဲခေါင်မြစ်
ရေလွှမ်းမိုးမှုဟာ ပုံမှန်အတိုင်း မဟုတ်တော့ပဲ တစ်နှစ်ထက်တစ်နှစ် 
ဆိုးဝါးလာလိုက်တာ အခုတစ်ကြိမ်ရေကြီးတဲ့ အဖြစ်ကတော့ ပြီးခဲ့တဲ့ 
ဆယ်စုနှစ်တွေအတွင်းမှာ အဆိုးဝါးဆုံး အခြေအနေ ဖြစ်တယ်လို့
ဆိုကြပါတယ်။

မအိမ်သူတို့တွေ ကမ္ဘောဒီးယားမှာ နေတာ အတော်လေး ကြာပါပြီ။ 
အရင်တုန်းက အဲဒီလို ရေကြီးမှုမျိုးကို မကြုံခဲ့ရပေမယ့် လွန်ခဲ့တဲ့ ၂၀၀၈
ခုနှစ်ကစလို့ ပထမဦးဆုံးအကြိမ် မြစ်ရေတွေလျှံတက်ပြီး မြို့ထဲကို 
ဒလဟောစီးဝင်ကာ ရေလွှမ်းသွားတာကို စပြီးကြုံခဲ့ရပါတယ်။
အဲဒီတုန်းက ဒီမြို့ဒေသခံတွေရဲ့ အပြောအရဆိုရင် သူတို့တစ်သက်မှာ 
ဒီလိုရေကြီးတာဟာ ဒါဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်တဲ့။ 
အဲဒီတုန်းကဆိုရင် မြစ်ကိုဖြတ်တဲ့ တံတားပေါ်မှာ လူတွေအုံခဲပြီး
ကြိတ်ကြိတ်တိုးနေအောင် မြစ်ရေလျှံတာကို လာကြည့်ကြတာ
တွေ့ခဲ့ရဖူးပါတယ်။ အဲဒီနှစ်ကစလို့ နှစ်စဉ် စက်တင်ဘာ အောက်တိုဘာ
ဆိုရင် မြစ်ရေလျှံတက်လာပြီး မြို့ကို တစ်နှစ်တစ်ကြိမ် ရေလွှမ်းတာ
ဒီနှစ်ဆိုရင် လေးနှစ်ဆက်တိုက်ရှိပါပြီ။

ဒါ ၂၀၀၈တုံးက ပထမဦးဆုံးအကြိမ် မြစ်ရေတွေ ကမ်းပေါ်ကို လျှံတက်လာတဲ့ပုံပါ။ ဒီနှစ်မှာတော့ အခုမြင်နေရတဲ့ လူထိုင်နေတဲ့ကမ်းကိုပါ ရေတွေအကုန်လွှမ်းသွားပါတယ်။ တစ်မြို့လုံး ရေအပြည့်ပါပဲ။
 ဒီနှစ်မှာတော့ အခြေအနေ ပိုဆိုးလာတဲ့အပြင် တစ်ကြိမ်နဲ့တစ်ကြိမ် 
ကြားထဲမှာ တစ်ပတ်တိတိပဲခြားပြီး နှစ်ကြိမ်တိုင်တိုင် ရေကြီးတာပါ။ 
အခု ဒုတိယတစ်ကြိမ် ရေကြီးတာဟာ ကြုံခဲ့သမျှထဲမှာ အဆိုးဆုံးပါပဲ။ 
အရင်တုံးက တစ်ခါမှ ရေမလွှမ်းဖူးတဲ့ နေရာတွေအထိ တစ်မြို့လုံးနီးပါး ဒူးလောက် ပေါင်လောက်ရှိတဲ့ ရေထဲနစ်နေတာ ဒီနေ့ဆိုရင် ၆ရက်တောင်
ရှိနေပါပြီ။ လွန်ခဲ့တဲ့ ကြာသပတေးနေ့ ညနေပိုင်းလောက်မှာ ရေတွေ 
တရိပ်ရိပ်စတက်လာလိုက်တာ သောကြာနေ့မနက်မှာတော့ တစ်မြို့လုံးကို
ရေတွေလွှမ်းသွားပါတယ်။ တစ်မြို့လုံးလည်း သွားရေးလာရေးတွေ အကုန်
ခက်ခဲကုန်ပြီး ဈေးတွေဘာတွေ ၀ယ်တာခြမ်းတာကအစ အတော်လေးကို 
ဒုက္ခရောက်ပါတယ်။ ဘယ်သွားသွား အဲဒီဒူးလောက် ပေါင်လောက်ရှိနေတဲ့
ရေတောထဲမှာ ခြေလျင်ရုန်းပြီး သွားနေရတာ ခြေသလုံးတွေကြွက်တက် မတတ်ပါပဲ။ မြစ်ရေလျှံတာမို့လို့ ရေတွေက မြစ်ထဲကနေ အရှိန်နဲ့စီးဆင်း
နေတဲ့အတွက်ကြောင့် အဲဒီရေစီးတဲ့ အရှိန်ကို ရုန်းပြီးသွားရတာ 
အတော့်ကိုမလွယ်တဲ့ ကိစ္စပါ။ အခုအချိန်ထိ ရေကသိသိသာသာ 
ကျ မသွားသေးပါဘူး။ မိုးကလဲ ဒီရက်တွေမှာ ဆက်တိုက်ဆိုသလို
နေ့နေ့ညည ရွာနေတဲ့အတွက် ဘယ်နှစ်ရက်လောက် ဒီရေတွေနဲ့ 
စခန်းသွားရအုံးမယ် မသိသေးပါ။ ပုံမှန် အနေအထားအရ ဆိုရင်
အောက်တိုဘာလဟာ ကမ္ဘောဒီးယားမှာ မိုးများတဲ့လ ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေ ရေကြီးရင် အောက်တိုဘာလောက်မှ ကြီးတတ်တာပါ။ ဒီနှစ်မှာတော့ စောစီးစွာ နှစ်ကြိမ်တောင် ကြီးပြီးနေပြီဆိုတော့ ရှေ့လ
အတွက်ကိုလည်း စိတ်ပူစရာပါပဲ။ နောက်ထပ်ရေကြီးနိုင်တဲ့ အနေအထား အများကြီးရှိနေပါသေးတယ်။ စောင့်ကြည့်ရုံပဲ တတ်နိုင်ပါတယ်။ 
သဘာဝတရားရဲ့ဖေါက်ပြန်မှုတွေကို တားဆီးလို့မှ မရနိုင်တာမဟုတ်လား။

ဒါက ဟိုလွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပထမအကြိမ် ရေကြီးတဲ့ပုံပါ။

ဒါကတော့ အခု ဒုတိယအကြိမ်ပေါ့။ အိမ်အပေါ်ထပ်က လှမ်းရိုက်ထားတာ။ ပထမ အကြိမ်တုံးက အိမ်အောက်ထပ်ထဲ ရေမ၀င်ဘူး။ အခု အောက်ထပ်ထဲထိဝင်လို့ သဲအိတ်တွေနဲ့ ကာထားတဲ့ပုံပါ။ လှေကား သုံးထစ်မြုပ်နေပြီး အရှေ့က သဲအိတ်လေး ၂ခုက လှေကားဘောင်ကို ရေထဲမှာ တိုက်မိမစိုးလို့ အမှတ်အသားလုပ်ပြီး တင်ထားတာ။

ခြံထဲက တစ်ဝက်လောက်ရေမြုပ်နေတဲ့ သရက်ပင်။ ကြည့်လေရာ ရေဖွေးဖွေးပါပဲ။ ကျွန်းပေါ်ရောက်နေသလိုတောင် ခံစားရတယ်။

ဒါကတော့ ကမ္ဘောဒီးယား ရေကြီးတဲ့ သတင်းလေးတွေပါ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

21 comments:

Anonymous said...

အမကြီးရေ.....
သွားရေး လာရေး ဂရုစိုက်ပါဗျာ မြစ်ရေဆိုတာက ထိတွေ့နေကျမဟုတ်ရင် ဖျားတတ် နာတတ်တယ်။

ဆုံးရှုံးမှု့တွေ တော်တော်များတာပဲနော်
အိမ်တွေ ရေမြုပ် လယ်တွေရေမြုပ် လူတွေလည်း အလုပ် လုပ်လို့မရ ။
ရေမြန်မြန် ပြန်ကျပါစေဗျာ။

Cameron said...

ရေကြီးတဲ့ ကဗျာလေးကိုဖွဲ့ထားတာချစ်စရာလေး...။ ရေကြီးနေတဲ့ပုံတွေကိုကြည့်ရတာ မြန်မာပြည်နဲ့မထူးမခြားနားပါပဲ...။

ခင်တဲ့
မိုးငွေ့

ကိုဇော် said...

သိပ္ပံအမြင်နဲ့ဆို ရေခဲတောင်တွေ အရည်ပျော်တာက စတာပေါ့။ ဘာသာရေး အမြင်နဲ့ ကျတော့လည်း ကပ်ဆိုက်တာလို့ ဆိုရမှာပဲ။ သဘာဝဘေးကတော့ ပြောရတာ ခက်ပါတယ်လေ။

မြွေပါး ကင်းပါးလည်း သတိထားပေါ့ အစ်မရယ်။

တောက်ပကြယ်စင် said...

ဟုတ်ပါ့ ကဗျာလေးကို အရမ်းသဘောကျမိတယ်။ ဟုတ်တာပေါ့ သဘာဝကပေးတဲ့ဒဏ်တွေကို တားဆီးလို့မရနိုင်တဲ့အတွက် သွားရေးလာရေး ဂရုစိုက်ပေါ့နော်။ ကျန်းမာပျော်ရွှင် အဆင်ပြေပါစေဗျာ...

ညီရဲ said...

ဒီလို စိတ်မကောင်းစရာ အဖြစ်မျိုးတွေ တကယ်ကို မမြင်လို မကြားလိုပါဘူး အစ်မရယ်...
သဘာဝဘေးဆိုတာကလဲ တယ်ကြောက်ဖို့ ကောင်းတယ်နော်...
မြန်မာပြည်မှာလဲ လူလုပ်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေ အတွက် ကြိုတွေးပူနေမိတယ်...

စံပယ်ချို said...

စိတ်မကောင်းစရာပါပဲ
လူအိုတွေနဲ့ကလေးတွေ
နာမကျန်းဖြစ်နေတဲ့လူတွေဘယ်လိုများ
နေထိုင်ကြမလဲစိတ်ပူမိတယ်
ချစ်ခင်တဲ့ jas

blackroze said...

အမရေ
ရေကြီးတာကလည်းတော်တော်စိတ်ညစ်ဖို့ကောင်း
တာဘဲနော်..သွားရေးလာရေးအဆင်မပြေတဲ့အပြင်
ရေကြောင့်ကူးစက်ရောဂါတွေဘာတွေ
ဖြစ်လာနိုင်သေးတယ်
အမြန်ဆုံးရေကျပါစေလို့..
ခင်တဲ့ blackroze

ညီလင်းသစ် said...

ကြားရတာ စိတ်မကောင်းပါဘူးဗျာ၊ ပထမဆုံး အကြိမ်တုန်းကတော့ မကြုံစဖူးမို့ အဆန်းတကြယ် ကြည့်လို့ကောင်းပေမယ့် နှစ်စဉ်ဆက်တိုက် ဖြစ်လာတော့ သွားရလာရတာ၊ အလုပ်အကိုင်၊ အစားအသောက်၊ ကျန်းမာရေး.. ဒါတွေပါ ဆက်စပ် ထိခိုက်လာတော့ မလွယ်လှပါဘူး၊ မြွေပါးကင်းပါး၊ လျှပ်စစ် အန္တရာယ် အစရှိသဖြင့် ဂရုစိုက်ပါဗျာ...။

ကိုရင် said...

လိုအပ်တာထက် လွန်လာရင် ဘာမှ မကောင်းဘူး..အကုန်ဆိုးကျိုးတွေချည်းပဲ..

ခရစ္စတလ် said...

သတင်းကြားတယ် အစ်မရေ၊
အစစ ဂရုစိုက်ပါနော်။

Anonymous said...

ငယ်ငယ်က ထားဝယ်ဖက်မှာရေကြီးရင် တအားပျော်တာ ကျောင်းတွေပိတ်တာကိုးပြီးတော့ ရေထဲဆင်းဆော့ရတယ်လေ
ဒါပေမယ့် အခု မပျော်ပေါင် လူတွေအတိဒုက္ခရောက်တာ စိတ်မချမ်းမြေ့စရာပဲ
ကမ္ဘောဒီးယားမှာ နေသလားဗျာ့
အန်ကောဝတ်ဘုရားကျောင်းကြီးကိုရောက်ဖူး မပေါ့ အားကျသဗျာ ရောက်ဖူးချင်တယ် နောက်ပိုင်း အသွားအပြန်စရိတ်တွေနည်းနည်း ကျလာရင် သွားဖြစ်မယ်ထင်ပါရဲ့


မောင်ဘကြိုင်

mstint said...

လူပေါင်းများစွာ အသက်ဆုံးရှုံးရတာ စိတ်မကောင်းစရာပဲ မအိမ်သူရေ။
ရှောင်လွှဲလို့မရတဲ့ ဒုက္ခများမြောင်လူတို့ဘောင်ပါလားနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

...အလင်းစက်များ said...

ဖဘက ခမာ သူငယ်ချင်းတွေနဲ့  ပြောဖြစ်ကြသေးတယ် ဒီလိုမျိုး မဖြစ်တာ ကြာပြီဆိုပဲ။ သဘာဝ ဘေးပဲတဲ့ အဲ့လိုပြောတယ်ဗျာ။

မဒမ်ကိုး said...

အိုးးဆိုးပါ့ .....မမရယ်
ဂရုစိုက်ပါနော်
သဘာဝကြီးကလဲ တဖြည်းဖြည်းဆိုးလာပီး(

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မရဲ့ ဇာတိ ဖားကန့်ဖက်မှာလည်း ခါတိုင်းနှစ်တွေနဲ့ မတူ ရေတအားကြီးတာ
ခုနောက်ပိုင်း ရာသီဥတုက ဖောက်လွဲဖောက်ပြန် ပိုများလာတယ်။ ဘယ်လိုမှ ခန့်မှန်းလို့ မရနိုင်တာတွေ ဖြစ်လာတတ်တယ်
ဒါကြောင့်လည်း ဧရာဝတီမှာ ဆည်ကြီးဆောက်မယ်ဆိုတာကို စိုးရိမ်မိတာပါ။

မိုးယံ said...

မြင်ရကြားရ မသက်မသာ ရှိလှပါဘိ။

ဂရုစိုက်ပါ အစ်မရေ... အဲဒီနောက်ဆက်တွဲမှာ အစားအသောက်တွေ ထိပါ ပါလာနိုင်တယ်။

ညိမ်းနိုင် said...

ခုထိတောင်မကျသေးဘူးလားအစ်မရာ....ဆိုးထှာနော်..။
အစစဂုစိုက်ပါဗျိုးးး၊အစစအဆင်ပြေပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ဗျာ....။

ဟန်ကြည် said...

သဘာဝဘေးတွေတော့ ကိုယ်တွေ့မကြုံပေမယ့် ကြည့်ရတာတောင် ကြောက်တယ် မအိမ်သူရေ...လွန်ခဲ့တဲ့ ၁၀ရက်လောက် ဒီမှာရေကြီးလိုက်တာ တစ်ညနေက လမ်းပေါ်ကို ခါးလောက်ထိ ရေတက်လာတာကြည့်ရင်း ခေါင်းကြီးသွားတယ်...ကျန်းမာရေးဂရုစိုက်ဖို့ရယ် ရေနဲ့အတူပါလာတတ်တဲ့ သတ္တ၀ါတွေကို သတိထားဖို့ရယ် ပြောပါရစေ...အထူးသဖြင့်ကလေးတွေကိုပိုသတိထားခိုင်းမှ အဆင်ပြေမယ်ထင်ပါတယ် မအိမ်သူရေ...

မြသွေးနီ said...

စာ၊ ကဗျာချရေးရအောင် စိတ်ထဲရောက်စေတဲ့ ရေနစ်တဲ့မြို့ လေးရဲ့ အခြေအနေ ကို စိတ်ဝင်စားစွာနဲ့ဖတ်သွားပါတယ်။ အမြန်ဆုံး ပုံမှန်အခြေအနေပြန်ရောက်ပါစေ..။ ကိုယ်တိုင်လည်း အစစ ဂရုစိုက်ပါနော်..။

လသာည said...

အစစ ဂရုစိုက်နော်.

မိုးခါး said...

ဟူးးး
မြင်ရ ကြားရတာတွေလည်း မသက်သာလိုက်တာ .. နေရာအစုံ ရေကြီးလိုက် ငလျင်လှုပ်လိုက်း(
သတ္တ၀ါအားလုံး ဘေးအန္တရယ် ကင်းရှင်းကြပါစေး(

Related Posts Plugin for WordPress, Blogger...