Thursday, September 15, 2011

B – L – O – G – G – E – R

အခုတလော ရွာထဲမှာ တက်(တဂ်)စာတွေက ရာသီစာဖြစ်နေတယ်ထင်ပါ့။ ဟိုလူလဲတဂ် ဒီလူလဲတဂ်နဲ့ ရာသီစာလေးတွေကို အရသာအမျိုးမျိုးနဲ့ မရိုးရအောင် ချက်ကြပြုတ်ကြတာတွေ အိမ်တကာလည်စားရင်း ကိုယ့်အိမ်ကတဂ်စာကို စားတဲ့အလှည့် မရောက်နိုင်ဖြစ်နေတယ်။ ရာသီစာဆိုတာကလည်း လူတိုင်းလို နှစ်သက်တတ်ကြတာဆိုတော့ တက်ချင်လည်းတက် ရာသီစာလေးကို နည်းနည်းဖြစ်ဖြစ်တော့ မလွတ်တမ်းလေး မြည်းချင်ကြသေးတာပဲကိုး။ အခုပေါ်တဲ့ ရာသီစာကလည်း ဘလော့ဂ်နဲ့ ပတ်သက်တာတွေ ပေါ်တဲ့အချိန်မို့ထင်ပါရဲ့ အခုပဲ ဘလော့ဂ်ဒေးလိုက်ရ တော်ကြာနေ ဘလော့ဂါလိုက်ရနဲ့ဆိုတော့… အင်း.. ပြောလို့မရဘူး.. နောက်ဆက်ပြီး ဘလော့ဘာညာတွေ ထပ်ပေါ်ချင် ပေါ်လာနိုင်သေးတယ်။ လူလည်း ဘလော့ဂ်တကာလည်ပြီး ဘလော့ဂ်ဒေးတက်စာတွေ ဘလော့ဂါတက်စာတွေ လိုက်လည်စားတာ များသွားလို့လားမသိ ပြီးခဲ့တဲ့အပတ်ထဲ ခေါင်းတွေကိုက် ဇက်ကြောတွေတက် နောက်ကြောတွေတက်ဖြစ်ပြီး အပေါ်ရောအောက်ရော သွေးပေါင်ချိန်တွေပါတက်လို့ နှစ်ရက်သုံးရက်လောက် ဘလော့ဂ်မလည်နိုင် ဖြစ်သွားသေးတယ်။ နောက်ဆက်ပြီးတော့လဲ ဘလော့ဂ်ရွာထဲ အလည်လွန်လို့ မျက်စေ့ပါဝါရော အရိုးကျည်းပေါင်းပါတက်နိုင်တဲ့ အလားအလာတွေလည်း ကြိုမြင်ထားသေးတယ်။ အသက်တွေကလည်း စကားပြောလာပြီကိုး။ ဒါပေမယ့်လည်း အခုလောလောဆယ်တော့ ဘာပဲဖြစ်ဖြစ် တက်ချင်ရာတက် အရေးကြီးတာက လောလောဆယ် ကိုယ့်ကိုတဂ်ထားတဲ့ ဘလော့ဂါတဂ်ပို့စ်ကို အကြွေးမတင်ဖို့က ပိုအရေးကြီးတယ်ဆိုတော့ ရာသီစာလေးကို တစ်မျိုးတစ်ဖုံလေးချက်လို့ တဂ်စာစားဖို့ ပြင်ရပြန်တာပေါ့။

တဂ်တဲ့သူတွေက တဂ်ကြလို့သာ ကိုယ့်ဟာကိုယ်တော့ အခုအချိန်ထိ ဘလော့ဂါ တစ်ယောက်ပါလို့ ဘယ်လိုမှကို မြင်လို့မရသေးဘူး။ အရင်တုန်းကလိုပဲ ဘလော့ဂ်တွေလျှောက်သွားပြီး စာတွေဖတ်နေရတာကြိုက်တဲ့ ဘလော့ဂ်ရီဒါတစ်ယောက် အနေနဲ့ပဲ မြင်နေတုန်း။ စာမရေးပဲ ဘလော့ဂ်တကာလည်ပြီး စာတွေ လိုက်လိုက်ဖတ်နေရတာကိုပဲ ကြိုက်နှစ်သက်တုန်း။ ဘလော့ဂ်တွေ တစ်ခုကနေ တစ်ခုကူးပြီး တိတ်တိတ်ဆိတ်ဆိတ်လေး ကိုယ့်ဖီလင်နဲ့ကိုယ် စာလေးတွေလိုက်ဖတ် ဖတ်ပြီးတဲ့အပေါ်မှာ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ပြန်ပြီးခံစား ပြီးရင် အဲဒီခံစားချက် စိတ်ကူးလေးတွေပိုက်ပြီး တိတ်တိတ်လေးပဲ အသံမပေးဘာမပေး ပြန်လာချင်နေတုန်း။ စာရေးဖို့အတွက်စဉ်းစားရင် ကိုယ့်ဘလော့ဂ် Feed Roll မှာ ပို့စ်အသစ်တွေတက်နေပြီး သွားမဖတ်ဖြစ်နိုင်သေးတဲ့ ဘလော့ဂ်စာရင်းတွေကိုပဲ မျက်စေ့ထဲမြင်နေတုန်း။ ကြာလာတော့ ဖတ်စရာတွေလည်းပုံ ရေးစရာတွေလည်းပုံပြီး တနေ့တခြား အကြွေးတွေ တစ်ပုံတစ်ခေါင်းတင်နေသလို ဖြစ်နေပါရောလား။ ဒီတော့ ရေးစရာအကြွေးလေး တစ်ခုလောက်တော့ ဆပ်နိုင်အောင် တဂ်စာလေးနဲ့ပဲ စလိုက်တာ ကောင်းမယ်ထင်ပါရဲ့။

အင်္ဂလိပ်လို ဘလော့ဂါဆိုတဲ့ စာလုံးပေါင်းကိုမြင်တိုင်း သတိရမိတာ တစ်ခုရှိတယ်။ လွန်ခဲ့တဲ့လေးငါးနှစ်က အလယ်တန်းကလေးတွေကို အိုင်တီ သင်ခန်းစာတွေ သင်ခဲ့ရတုန်းက သူတို့သင်ရတဲ့အထဲမှာ ၀က်ဘ်ဆိုဒ်တွေ ပြုလုပ်ပုံအကြောင်းပါတော့ သူတို့လေးတွေကို ၀က်ဘ်ဆိုဒ် အမျိုးမျိုးတွေအကြောင်း ပြောပြရင်းနဲ့ ပါစင်နယ် ၀က်ဘ်ဆိုဒ်တွေအဖြစ် ဘလော့ဂ်တွေအကြောင်းလည်း နည်းနည်းပါးပါး ရှင်းပြနေတုန်း ကိုယ်ရှင်းလို့မပြီးခင်မှာ ကလေးတစ်ယောက်ကထပြီး Blogger ဆိုတဲ့စာလုံးကို မေးပုံက “ဆရာမ ဘလိုဂျာ ဆိုတာဘာလဲ” တဲ့။  အခုလဲ “ဘလော့ဂါဆိုတာ ဘာလဲ” ဆိုပြီးတဂ်တော့ အဲဒီကလေးမေးခဲ့တာကို ပြန်ပြီးသတိရမိသွားတယ်။ ကဲ အဲဒီတော့လည်း ဘလိုဂျာ ဆိုတာကြီးကို ရှင်းပြရအုံးမှာပေါ့လေ...း)

ဘလော့ဂါဆိုတာ ဖြစ်လာဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်က ဘလော့ဂ်စာမျက်နှာပါ ဆိုတာတော့ ပြောစရာလိုတော့မယ် မထင်ဘူး။ ဘလော့ဂါရဲ့ အခြေခံအကြောင်းတရားဖြစ်တဲ့ ဘလော့ဂ်စာမျက်နှာများနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘလော့ဂ်ဆိုတာ အင်တာနက် ကွန်ယက်အတွင်းက ပုဂ္ဂလိကပိုင် ဂျာနယ်လို့ဆိုပါတယ်။ အဲဒီဂျာနယ်ထဲမှာ နေ့စဉ်ဘ၀မှာ တွေ့ကြုံရတဲ့ ဖြစ်စဉ်တွေ အတွေ့အကြုံတွေကို မှတ်တမ်းတင်ရာ၊ အဲဒီအဖြစ်အပျက် အတွေ့အကြုံတွေပေါ်မူတည်ပြီး ခံစားရတဲ့ ခံစားချက်တွေ အတွေးအမြင်တွေ အဲဒီဖြစ်စဉ်တွေရဲ့ ရောင်ပြန်ဟပ်မှုတွေကို ပုဂ္ဂလိက ခံစားမှုပေါ်မူတည်ပြီး ရေးသားမှတ်တမ်းတင်ထားတဲ့ အကြောင်းအရာတွေကို တွေ့နိုင်တယ်လို့ဆိုထားပါတယ်။ ကွန်ယက်ထဲက ကိုယ်ရေးမှတ်တမ်း စာအုပ်တစ်အုပ်လို့ ပြောနိုင်ပါတယ်တဲ့။ နည်းပညာ အသုံးအနှုန်းအနေနဲ့ အဲဒီမှတ်တမ်းစာအုပ်ကို ဘလော့ဂ်လို့ခေါ်ပြီး အဲဒီစာအုပ်ထဲ မှတ်တမ်းရေးသွင်းခြင်းကို ဘလော့ဂင်းလို့ ခေါ်ကြောင်း မှတ်တမ်းကို ရေးသားသူကိုတော့ ဘလော့ဂါလို့ အမည်သညာ သတ်မှတ်ကြောင်း သိရပါတယ်။ လွယ်လွယ်ပြောရင် ဘလော့ဂ်မှာ ဘလော့ဂင်းလုပ်သူဟာ ဘလော့ဂါပေါ့။ အရှင်းဆုံး အဓိပ္ပါယ် သတ်မှတ်ချက်ပါပဲ။

ဒါပေမယ့်လည်း ကိုယ်တိုင်ဖွင့်ဆိုစေချင်လို့ တဂ်ကြသူများနဲ့ အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုးကနေ အသီးသီး အသက အဓိပ္ပါယ် ဖွင့်ဆိုထားကြတာတွေ ဖတ်ရတာ အားရစရာကောင်းလှသလို ဘလော့ဂါဆိုတဲ့ လူသားကို ပိုမိုပြီး ရုပ်လုံးကြွလာအောင် ဆလိုက်မီးမျိုးစုံနဲ့ မီးမောင်းထိုးပြနေကြသလိုပါပဲ။ မျက်စေ့ထဲမှာ ဘလော့ဂါဆိုတာကို ကွင်းကွင်းကွက်ကွက် မြင်ယောင်လာစေပါတယ်။ အဲဒါကြောင့် ကိုယ်လည်း ဘလော့ဂါကို ရုပ်လုံးကြွစေဖို့ တထောင့်တနေရာကနေ ဆလိုက်မီး သေးသေးလေးတစ်လုံးလောက်နဲ့ ၀င်ပြီးအလှဆင်လိုက်ပါတယ်။ တွေးမိသမျှ ဘလော့ဂါဆိုတာရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ဘလော့ဂါစာလုံးပေါင်းက စာတစ်လုံးချင်းစီလေးတွေကိုပဲ ကိုးကားလို့ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။
B     : Broad-minded 
ဘလော့ဂ်တစ်ခုပေါ်မှာ စာတွေရေးနေတဲ့လူတစ်ယောက်အနေနဲ့ အသိပညာ ဗဟုသုတတွေ ကြွယ်ဝဖို့ စူးစမ်း လေ့လာတတ်မှုနဲ့ အတွေးအမြင်တွေ ကျယ်ပြန့်ဖို့ အနည်းနဲ့အများတော့ လိုအပ်ပါလိမ့်မယ်။ အကြောင်းအရာတိုင်းကို တဖက်သတ်အမြင်မဟုတ်ပဲ မတူညီတဲ့ ရှုထောင့်များကနေလည်း ကြည့်တတ်မြင်တတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆည်းပူးတတ်ဖို့ဆိုတာ ဘလော့ဂါတစ်ဦးအတွက် ရှိသင့်တဲ့လိုအပ်ချက်လို့ ထင်ပါတယ်။

L      : Liberal
လွတ်လပ်ပွင့်လင်းတဲ့စိတ်ထား၊ ကွဲပြားတဲ့ အယူအဆများအပေါ် သဘောပေါက်လက်ခံနိုင်ခြင်း၊ သဘောထားကြီးမှု၊ သည်းခံခြင်းတရားနဲ့၊ မျှတတဲ့အမြင်မျိုးဟာလည်း ဘလော့ဂါတိုင်းမှာ ရှိအပ်တဲ့ အရည်အချင်း  တစ်ခုပဲဖြစ်မှာပါ။

O     : Openhearted
ဘလော့ရွာထဲမှာရှိကြတဲ့ ဘလော့ဂါတွေမှာ နားလည်စာနာတတ်မှုနဲ့ ကူညီယိုင်းပင်းတတ်မှုက ပြောစရာမလိုလောက်အောင်ကို ပြည့်စုံကြပြီးသားပါ။

G     : Good-natured
မမြင်ဖူးမတွေ့ဖူးကြသော်လည်း ရွှင်ပျတဲ့စိတ်ထားနဲ့ ခင်မင်နှစ်လိုဖွယ်ရာကောင်းပြီး ရင်းနှီးဖေါ်ရွေတတ်ကြတာလည်း ဘလော့ဂါများပါပဲ။

G     : Generous
ကိုယ့်ရဲ့အသိပညာ အတတ်ပညာ အတွေ့အကြုံ ခံစားချက်များကို ဘာအကျိုးအမြတ်ကိုမှ မမျှော်လင့်ပဲ ကိုယ့်ရဲ့ စိတ်အား လူအား ဉာဏ်စွမ်းအားတွေစိုက်ထုတ်လို့ စားချိန်အိပ်ချိန်တွေတင်မက ကိုယ်ပိုင်အားလပ်ချိန်များကိုပါ ရင်းပြီး ဘလော့ဂ်ပေါ်မှာ ရက်ရောစွာ စေတနာ သဒ္ဓါတရားထက်သန်စွာနဲ့ ရေးသားမျှဝေပေးနေတာ ဘလော့ဂါများပါ။

E     : Enlightened
ကိုယ်သိသလောက် တတ်သလောက် နားလည်ခံစားမိသလောက်ကို အခြားသူများထံ ဘလော့ဂ်တွေပေါ်ကနေ အခမဲ့မျှဝေလို့ ကိုယ်ဝါသနာပါရာ စာရေးသားခြင်းအမှုနဲ့ ကိုယ့်ပတ်ဝန်းကျင်အကျိုး လောကအကျိုးကို တတ်နိုင်သလောက် ဖြည့်ဆည်း အလင်းဆောင်ပေးနေကြသူများကို ဘလော့ဂါတွေလို့ ခေါ်ဆိုသင့်ပါတယ်။

R     : Rational
ဆင်ခြင်တုံတရားကို အခြေခံလို့ ကျိုးကြောင်းဆက်စပ် ဝေဖန်စဉ်းစား တွေးတောတတ်တဲ့ ဉာဏ်ပညာ အမြော်အမြင်များနဲ့ လောကကြီးကို ကိုယ်နှစ်သက်ရာ ရှုထောင့်အမျိုးမျိုးကနေ ရှုမြင်သုံးသပ်ရင်း မြင် တွေ့ သိရှိ ခံစားရသမျှတွေကို ဘလော့ဂ်စာမျက်နှာများပေါ်မှာ ရေးသားရင်း စာဖတ်သူများနဲ့အတူ ဝေမျှခံစားတတ်ကြသူများဟာ ဘလော့ဂါဆိုသူများပါပဲ။
အားလုံးကိုခြုံငုံလို့ အကျဉ်းချုပ်ဆိုရရင်တော့ BLOGGER ဆိုတာ “ကျယ်ပြန့်တဲ့အတွေးအခေါ်များနဲ့ လွတ်လပ်ပွင့်လင်း ကူညီယိုင်းပင်းတတ်တဲ့စိတ်ကို အခြေခံပြီး ခင်မင်ဖွယ်ရာ စိတ်ရင်း စေတနာများနဲ့ မိမိကိုယ်တိုင် မြင် တွေ့ သိရှိ ခံစား လေ့လာ တတ်မြောက်မှုများကို ဘလော့ဂ်စာမျက်နှာများပေါ်မှာ ရေးသားလို့ အခမဲ့ဝေမျှပေးနေကြသူ” စာရေးစာဖတ် ၀ါသနာပါကြတဲ့ သာမာန်ထက် ဘာမှမထူးခြားတဲ့ သာမာန်လူတွေထဲက လူသားများသာ ဖြစ်ကြောင်းပါ။

(ဒီလောက်ဆို တဂ်ထားကြသူများ ကျေနပ်ကြမယ်ထင်ပါတယ်။ ဦးဦးဖျားဖျားတဂ်ထားတဲ့ မင်းဧရာနဲ့ စာဖတ်သူများအားလုံးကို စေတနာရှေ့ထားပြီးတဂ်တဲ့ အိပ်ယာနဲ့ မဒမ်ကိုးတို့ကို ကျေးဇူးပါ။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

18 comments:

ဖိုးကြယ် said...

အစ်မ မအိမ်သူရေ...blogger ရဲ့အဓိပ္ပါယ်ကို သိခဲ့ရတဲ့အတွက် ကျေးဇူးအများကြီးတင်မိပါတယ် :)

ခင်တဲ့(ဖိုးကြယ်)

မင်းဧရာ said...

အမကြီး....
တော်လိုက်တာနော်။

ကျွန်တော်ဒီ ဘလောက်ဒ်ဂါ ဆိုတာဘာလဲ ဆိုတဲ့ တဂ်ပိုစ့်ကို အမကြီးတို့ ဆရာဦး ဟန်ကြည် တို့ နောက်ပြီး အဲဒီနေ့က ကျွန်တော်သတိရ သလောက် ဘလောက်ဒ်ဂါ တွေကို တဂ် လိုက်တယ်ဆိုတာ ကျွန်တော်ကိုယ်က အဲဒီအဓိပ္ပါယ် ကိုသိလို့ တဂ်လိုက်တာ မဟုတ်ပါဘူး အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော်သိချင်လို့ တဂ် လိုက်တာပါ အဲဒီနောက်မှာတော့ တဂ်ပိုစ့် ဆိုတိုင်းကိုလိုက်ဖတ်ပြစ်တယ် အခုလို တဂ် လိုက်ခြင်းအားဖြင့်လည်း ကိုမသိတာတွေ သိလာရတယ် ဗဟုသုတ တွေတိုးပွားစေတယ်လို့ယူစပြီး တဂ်ပိုစ့် ရေးပြီးသိသမျှကို မျှဝေပေးလိုက်တဲ့ အမကြီးကို ကျေးဇူးအထူးပါဗျာ။

ညီလင်းသစ် said...

B-L-O-G-G-E-R ဘလိုဂျာ..အဲ.. ဘလော့ဂါ..၊ တစ်လုံး ချင်းစီရဲ့ အဓိပ္ပါယ် ဖွင့်ဆိုထားတာလေး သဘောကျ လိုက်တာ..၊ ပြီးတော့ ရွေးထားတဲ့ စကားလုံးတွေကလည်း ပြောင်မြောက်၊ ခန့်ညားတဲ့ စကားလုံးတွေ ချည်းပဲ..၊ ဥပမာ- B ကို Boring လို့ မမြင်ဘဲ Broad-minded လို့မြင်တာ၊ G ကို Gossip လို့ မမြင်ဘဲ Generous လို့ မြင်တာ..၊း) ကျစ်လစ်ရှင်းလင်း ပြီး လှပ၊ ခန့်ညား၊ သမာသမတ်ကျတဲ့ ဒီပို့စ်လေးကို အထူးပဲ နှစ်သက်မိကြောင်း ပြောပါရစေ မအိမ်သူရေ..။

သဒ္ဓါလှိုင်း said...

အမအိမ်
blogger ရဲ့အဓိပ္ပါယ်လေးကို ပြည့်ပြည့်စုံစုံသိရပါပြီ။ ဘလော့ဂ်စာမျက်နှာပေါ်မှာ ဝေမျှပေးမယ့် စာတွေကို အမြဲဖတ်ခွင့်ရချင်ပါတယ်။
စိတ်ချမ်းမြေ့ပါစေအမအိမ်။
ချစ်တဲ့
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

မအိမ်သူရဲ့ဘလော်ဂါဖွင့်ဆိုချက်လေးဖတ်ပြီး
ကိုယ့်ကိုယ်ကို မြောက်ကြွကြွလေးဖြစ်သွားတယ် ဟိဟိ
BLOGGER ဆိုတဲ့ စာလုံးဟာ တစ်လုံးချင်းစီမှာကို နက်နဲတဲ့ အဓိပ္ပါယ်တွေ ပျော်ဝင်နေလို့ပါဘဲလား
သိပ်ကောင်းတာဘဲ
မအိမ်သူရဲ့ ဖွင့်ဆိုချက်က ပိုပြည့်စုံသွားတော့တယ်
အဲဒီစာလုံးအတိုင်းပြည့်စုံနိုင်ဖို့ကြိုးစားပါဦးမယ် ။
နေလဲအမြန်ကောင်းပါစေနော်

ချယ်ရီမြေ said...

ဘလော့ဂါဖွင့်ဆိုချက်ကို သိပ်သဘောကျသွားတယ် မအိမ်သူရေ... အဲလိုဖွင့်ဆိုလိုက်တော့လဲ ဘလော့ဂါက တယ်ဟန်ကျသလိုလို....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ညီရဲ said...

ဘလော့ဂါ အကြောင်းလေး လာဖတ်သွားပါတယ် အစ်မ...

Anonymous said...

ညီမ ရဲ့

ဘလောဂ့်ဂါ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးဖတ်ပြီး လူတောင် မြောက်ကြွမြောက်ကြွ ဖြစ်သွားသလိုဘဲ

ခင်မင်တဲ့
ရွှေစင်ဦး

Anonymous said...

bloggerရဲ့ အဓိပ္ပါယ်ကိုလှလှပပပုံဖော်သွားနိုင်တဲ့ အမအိမ်သူကို ချီးကျူးပါတယ်...။

ခင်တဲ့
မိုးငွေ့

ချစ်ကြည်အေး said...

ညီမ မအိမ်သူရဲ့ ဖွင့်ဆိုချက်လေး သဘောကျတယ်။ အဲလို ဖြစ်ဖို့တော့ လိုပါသေးတယ်။ (မမြောက်ချင်ယောင်ဆောင်သွား...:)

Anonymous said...

ကျွန်တော်ဘလော့ဂါဖြစ်ချင်သွားပြီ
း)


မောင်ဘကြိုင်

မြသွေးနီ said...

အဓိပါယ်ဖွင့်ထားတာလေး သဘောကျတယ်..။
ဘလိုဂျာ ဆိုတာလေးလည်း ပြုံးမိတယ်။
ကျွန်မတို့ကို ဘလိုဂျာတွေလို့ သိနေတာပေါ့နော်..။

8Yar said...

Blogger ရဲ့ဖွင့်ဆိုချက်ကို အရမ်းကြိုက်လို့ ဒုတိယအကြိမ်လာဖတ်ပါတယ်ခင်ဗျာ။ ကျွန်တော်နာမည်ကို အခုမှမြင်တယ်။ ဟီး... :P အရမ်းလည်းဝမ်းသာရပါတယ်ခင်ဗျာ။ ကျေးဇူးကမ္ဘာပါ အစ်မအိမ်သူရေ။

KMC@ချင်းလေး said...

ပို့စ်ရေးတဲ့အစ်မကိုအရမ်းအထင်ကြီးသွားမိပါတယ်။
လေးလည်းပိုလေးစားမိသွားပါတယ်။အထူးသဖြင့်
အစ်မပြောသွားခဲ့တဲ့ ''BLOGGER ဆိုတာ “ကျယ်ပြန့်တဲ့အတွေးအခေါ်များနဲ့လွတ်လပ်ပွင့်လင်း ကူညီယိုင်းပင်းတတ်တဲ့စိတ်ကိုအခြေခံပြီးခင်မင်ဖွယ်ရာ
စိတ်ရင်းစေတနာများနဲ့မိမိကိုယ်တိုင်မြင်တွေ့သိရှိခံစား
လေ့လာတတ်မြောက်မှုများကိုဘလော့ဂ်စာမျက်နှာများ
ပေါ်မှာရေးသားလို့အခမဲ့ဝေမျှပေးနေကြသူ”စာရေးစာ
ဖတ်ဝါသနာပါကြတဲ့သာမာန်ထက်ဘာမှမထူးခြားတဲ့ သာမာန်လူတွေထဲကလူသားများသာဖြစ်ကြောင်းပါ။''
အဲဒီ့ဖွင့်ဆိုချက်လေးကိုအရမ်းသဘောကျမိပါတယ်။
ဖတ်ခွင့်ရတာကိုလည်းကျေးဇူးလည်းတင်ပါတယ်ဗျာ..။

ဟန်ကြည် said...

မအားတဲ့ကြားထဲက တကူးတက ရေးထားတဲ့ ပို့စ်ဖြစ်လို့ ကျကျနန ဖတ်သွားပါတယ် မအိမ်သူရေ...တွေးလည်းတွေးတတ်ပါပေ့ဗျာ...လောလောဆယ် စာရေးပျင်းနေတာနဲ့ပဲ သူများရေးသမျှ ဒိုင်ခံအားပေးမယ့် စာဖတ်သူဘ၀ကို ယာယီပြောင်းနေကြောင်း လာပြီး အသိပေးပါရဲ့...

မေသိမ့်သိမ့် ကျော် said...

BLOGGR ဖွင့်ဆိုချက်လေး လှလိုက်တာရှင်။ တကယ်ကိုလေးစားမိပါတယ်။ နောက်ကျမှ လာပြီး မန့်ရတာ ခွင့်လွှတ်ပါနော်။


ခင်တဲ့
မေသိမ့်

Maung Myo said...

BLOGGER အနက်လေးတွေဖတ်ပြီး ဘလော့ဂါဖြစ်ရတာ ကြည်နူးလိုက်ပါဘိဗျား))


အစ်မလည်း စာတွေအများကြီးရေးနိုင်ပါစေဗျာာာ ။

mstint said...

၁၃ရက်နေ့က ခရီးထွက်သွားလို့ မအိမ်သူရေ။ အခုမှ အကြွေးတွေလိုက်ရှင်းနေတား)
ဘလော့ဂါရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ထိရောက်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Related Posts Plugin for WordPress, Blogger...