Saturday, May 28, 2011

သမိုင်းထဲက လူတစ်ယောက်အကြောင်း သို့မဟုတ် … (အပိုင်း ၁)

သူဟာ ချမ်းသာကြွယ်ဝတဲ့ လယ်သမားမိဘများက မွေးဖွားလာသူ…
ကျောင်းမနေခင် ကတည်းက ဘုန်းတော်ကြီးကျောင်းမှာ ဗုဒ္ဓဘာသာရဲ့ အဆုံးအမများနဲ့ အခြေခံသင်ခန်းစာများကို သင်ယူခွင့်ရခဲ့သူ …
ကျောင်းနေတဲ့အချိန်မှာလည်း ပြင်သစ်စာသင်ကျောင်းများနဲ့ ကက်သလစ် ကောလိပ်များမှာ ပညာဆည်းပူးခဲ့သူ….
ကြီးပြင်းလာတဲ့အခါ အစိုးရကချီးမြှင့်တဲ့ စကောလားရှစ်ဆုကို ရရှိခဲ့တဲ့အတွက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ Radio Electronics သင်တန်း သွားတက်ခွင့်ရခဲ့သူ …

သူဟာ တပည့်များက လေးစားခြင်းခံရတဲ့ ကျောင်းဆရာ တစ်ယောက် …
သူဟာ သူ့နိုင်ငံအတွက် တက်ကြွတဲ့လူတစ်ယောက် …
အလုပ်သမားပါတီမှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ အထွေထွေ အတွင်ရေးမှုး ရာထူးကို ရရှိခဲ့သူ …
သူ့နိုင်ငံကို ဘုရင်စနစ်ကနေ ဒီမိုကရေစီစနစ် (သူ့အပြောအရ ဆိုရင် “The democracy which will replace the monarchy is the matchless institution, pure as a diamond.” ) ကို ပြောင်းလဲ ထူထောင် ပေးချင်သူ …

အဲဒီလိုလူတစ်ယောက်က သူ့ရဲ့ပြင်းထန်လွန်းတဲ့ တစ်ဖက်စွန်းရောက် မျိုးချစ်စိတ်ရယ် ယုံကြည်စွဲမြဲမိတဲ့ ကွန်မြူနစ် အယူဝါဒတွေရယ်နဲ့ သူ့နိုင်ငံကို အောက်ခြေမှစ အစအဆုံးပြန်ထူထောင်ဖို့ ကြိုးစားတဲ့အခါ … သမိုင်းမှာ ဖျောက်ဖျက် မေ့လျော့လို့မရနိုင်တဲ့ ကြေကွဲစရာ အတိတ်ဆိုးကြီးကို ရေးမိလျက်သား ဖြစ်သွားခဲ့ရပါတယ်။

သူကတော့ အမည်ရင်း Sar Saloth လူအများကြားမှာတော့ Brother No. 1 လို့သိခဲ့ကြတဲ့ ခမာနီခေါင်းဆောင် ပိုပေါ့ (Pol Pot) …

Pol Pot (1925 – 1998)

Brother no. 1 ဦးဆောင်တဲ့ ခမာနီတပ်တွေ ကမ်ပူးချား တစ်နိုင်ငံလုံးကို သိမ်းပိုက်တဲ့နေ့ 17 April 1975 မှာ Year Zero ကိုကြေငြာခဲ့တယ်။ အားလုံးကို ဇီးရိုးကနေ အစအဆုံး ပြန်ထူထောင်ဖို့ သူ့ရဲ့ “Purify Cambodian Society” ဆိုတဲ့ Program ကိုလည်း ချက်ချင်း အသက်သွင်း ခဲ့တယ်။ အဲဒီ ပရိုဂရမ်ရဲ့ ရလာဒ်ကတော့ ၁.၅ သန်းလောက်ရှိတဲ့ လူထုတွေ အလုပ်လုပ်ရင်းသေတယ်။ ငတ်ပြီးသေကြတယ်။ အဲဒါအပြင် ရောဂါဘယဒဏ်တွေကြောင့်ကော အာဟာရပြတ်ပြီး သေကြေ ကြရတာတွေကောဟာ သောက်သောက်လဲပါဘဲ။ အဆိုးဝါးဆုံးကတော့ အဲဒီ Purify ပရိုဂရမ်ရဲ့ အသက်ဖြစ်တဲ့ “အသားထဲကလောက်” လို့နာမည်တပ်ထားတဲ့ အတွင်းရန်ကို အပြီးတိုင် ချေမှုန်းသုတ်သင်ရေး လှုပ်ရှားမှုမှာ တနိုင်ငံလုံးက လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ အဘိုး၊ အဘွားများနဲ့ မွေးကင်းစ ကလေးငယ်လေးတွေပါမကျန် လူပေါင်း အနည်းဆုံး ၂သိန်း ကျော်လောက် အရက်စက်ဆုံး နည်းလမ်းများနဲ့ မသေမရှင်ဖြစ်အောင် နှိပ်စက် ညှင်းပန်းပြီးမှ လူမျိုးတစ်မျိုးလုံး ပြုတ်လုနီးပါး ရက်ရက်စက်စက် အသတ်ခံရတာပါဘဲ။

ပိုပေါ့ ဦးဆောင်တဲ့ ခမာနီတပ်တွေ ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့တာ တကယ့်ကို တိုတောင်းလွန်းတဲ့ ကာလလေး တစ်ခုပါ။ ဒါပေမဲ့ အဲဒီတိုတောင်းလွန်းတဲ့ကာလလေး အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကတော့ တကယ့်ကို တုန်လှုပ်ခြောက်ခြားဖွယ် သမိုင်းအမဲစက်ကြီး တစ်ခုအဖြစ် ကျန်နေခဲ့ပါတယ်။

ခမာနီတပ်တွေ ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့တဲ့ အချိန်ဟာ 17 April 1975 ကနေ 7 January 1979 အထိ စုစုပေါင်း ၃ နှစ် ၈ လ နဲ့ ၂၀ ရက် တိတိဘဲရှိပါတယ်။ အဲဒီ အချိန်တိုလေး အတွင်းမှာကိုဘဲ ပိုပေါ့နဲ့ သူ့အပေါင်းအပါ ခမာနီတွေရဲ့ လက်ချက်နဲ့ ကမ္ဘောဒီးယား မှာရှိတဲ့ ခမာလူဦးရေ စုစုပေါင်း ၁ သန်း ကနေ ၃ သန်း အကြား (နိုင်ငံလူဦးရေရဲ့ လေးပုံ တစ်ပုံ ကနေ သုံးပုံ တစ်ပုံလောက်ထိ) သေဆုံးခဲ့ကြရပါတယ်။ တကယ့်ကို ကြောက်ခမန်းလိလိ အရေအတွက်ပါဘဲ။

ဆက်ရန်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

3 comments:

ချစ်ကြည်အေး said...

ညီမရေ....လာအားပေးပါတယ်၊ အမလည်း ပိုပေါ့ရဲ့ အကြောင်း ရေးနေတာ လွန်ခဲ့တဲ့ ၆လလောက်ကတည်းကပဲ ညီမရေ။ ဟွန်ဆန်အကြောင်း စာအုပ်ဖတ်မိတော့ အရင်က သီဟာနုမင်းသားကိစ္စတွေ နွယ်လာပြီး ပိုစိတ်ဝင်စားလာမိတယ်။ Killing Fieldကို ၂၀၀၉က ရောက်ခဲ့တယ်။ ခုထိ ရေးလက်စကို အဆုံး မသတ်နိုင်သေးဘူး။ ဆက်လက်ရေးသားပါ...။ စောင့်ဖတ်ပါမယ်....

Anonymous said...

မချစ် >> အားပေးတာ ကျေးဇူးပါနော်။ မချစ်ရေးတာကို ဖတ်ချင်ပါတယ်။ ပြီးအောင်ဆက်ရေးပါနော်။ မအိမ်သူကတော့ အတ္ထုပ္ပတ္တိ အနေမျိုးနဲ့ ရေးမှာမဟုတ်ပါဘူး။ နဲနဲ အမြည်း သဘောမျိုးလေးလောက်ပါဘဲ။ နောက်တစ်ပိုင်းလောက်ဆို ပြီးမှာပါ။

ကိုဇော် said...

အခုမှ ရောက်ပြီး စာလာဖတ်ပါတယ်။

Related Posts Plugin for WordPress, Blogger...