Friday, May 27, 2011

ဒီနေ့တော့ ရောက်တတ်ရာရာ ...

ဒီနေ့တော့ ဘာရယ်မဟုတ် ဟိုအကြောင်း ဒီအကြောင်း ရောက်တတ်ရာရာ အလ္လာပ္ပ သလ္လာပ္ပလေးတွေ ပြောကြတာပေါ့ ... 

မအိမ်သူတို့ဆီကို ဧည့်သည်တွေလာရင် ခဏခဏမေးကြတာက “ ကမ္ဘောဒီးယားမှာ ဘာပေါလဲတဲ့ ...” 
မအိမ်သူလဲ ဒီမှာနေလာတာ အတော်လေးကြာနေပြီ ...... ကြာဆို ၉နှစ်လောက် တောင်ရှိနေပါပြီ။
ဒါပေမဲ့လဲ အဲဒီလိုမျိုး ဘာတွေပေါသလဲ ဆိုတာမျိုး သေချာကြီးတော့လဲ လေ့လာဆန်းစစ် မကြည့်မိပါဘူး။

တကယ်တမ်း  ပြောရရင်တော့ ဒီမှာ အားလုံးပေါပါတယ် (လူကိုပြောတာမဟုတ် :P)
နေထိုင်စရိတ်လဲ ပေါတယ်။ စားသောက် စရိတ်လဲ အရမ်းသက်သာတယ်။ ပစ္စည်းတွေလဲ လိုချင်တာဝယ် အကုန်ပေါပါတယ်။
အဲ .. အဲဒီထဲမှာ မအိမ်သူ အထူး သတိထားမိတာ တစ်ခုကတော့ ကမ္ဘောဒီးယားမှာ ပိုးကောင်လို အကောင်ဘလောင်တွေ အတော်ပေါတယ်ဆိုတာပါဘဲ။ အမျိုးကို စုံမှစုံ .... ဘယ်နေရာသွားသွားလဲ ပိုးကောင်အမျိုးအစား အစုံကို ဗန်းတွေနဲ့ အပုံလိုက် ကြော်လှော် ရောင်းနေတာကို တွေ့ရတယ်။
( မြန်မာပြည်မှာဆို ပုရစ်ကြော် လောက်သာတွေ့ဖူးတာကိုး။ )
ဒီမှာကတော့ အစုံဘဲ... တစ်ခါမှ မမြင်ဖူးတဲ့ ပိုးကောင်မျိုးတွေလဲပါတယ်။ ပုရစ်တောင် အသေးအကြီး ဆိုက်စုံ ကြော်ထားတာဗျိုး ... ပုစဉ်းရင်ကွဲလို နှံကောင်လို နောက်ချေးပိုးလို အကောင်မျိုးတွေလဲပါရဲ့ ။
နေဦး နောက်တစ်ခါ အပြင်သွားရင်တွေ့မှ ဓါတ်ပုံရိုက်ပြီး တင်ပေးအုံးမယ်။

မအိမ်သူတို့အိမ်မှာကတော့ မီးပိုးကောင်လို ပိုးကောင်သေးသေးလေးတွေ အရမ်းပေါပါတယ်။  ညရောက်လို့ မီးထွန်းပြီဆိုရင် မြန်မာပြည်မှာဆို ဓါတ်တိုင်တွေမှာ ကျတတ်တဲ့ ဘေးတိုက်ကလေးတွေ သွားတဲ့ ပိုးစိမ်းကောင်လေးတွေလို .. နောက်ပြီး Moth လို့ခေါ်တဲ့ ပိုးဖလံကောင်လေးတွေ အကြီးအသေး ပုံစံအမျိုးမျိုး .. နောက် ပလူကောင်တွေ တခြားမီးပိုး သေးသေးလေးတွေ ညတိုင်း တစ်ညတစ်မျိုး မရိုးရအောင် လာပါတယ်။ အဲဒါ ၁၂ ရာသီပါဘဲ။ အဲဒီတော့ အဲဒီလို အကောင်မျိုးလေးတွေကို စားသောက်တတ်သော သတ္တဝါများလဲ မအိမ်သူတို့အိမ်မှာ အလွန်အင်မတန်မှကို ပေါပါတယ်။ အောက်ကပုံတွေသာ ကြည့်ပါတော့ ...


ဒါက အိမ်မြှောင်တွေ ... 
အိမ်မြှောင်ကတော့ ပေါမှပေါ ... အခုရိုက်ထားတာ နည်းနည်းလေးဘဲရှိသေးတယ်။


ဒါကတော့ တောက်တဲ့

သူတို့လဲ ပေါသလားမမေးနဲ့။ တစ်သားပြီး တစ်သားပေါက်နေတာ။ အိမ်မှာ တောက်တဲ့ မိသားစု ၂ စု လောက်ရှိတယ် (အကြီး အသေး ဆိုက်စုံ ) ပလူတွေဘာတွေများ ကျပြီလားဆို ကြမ်းပြင်ပေါ်အထိ ဆင်းပြီးတော့ အကောင်တွေလာဖမ်းစားကြတာ။

ဟောဒီမှာ နောက်တစ်ကောင်
ဒါကတော့ နည်းနည်း ငယ်သေးတယ်။ ဘေဘီတောက်တဲ့ .. အနီးကပ်ရိုက်ထားလို့ အပေါ်ကကောင်တွေနဲ့ သိပ်မကွာသလို ဖြစ်နေတာ။ အိမ်မြှောင်ထက် နည်းနည်းဘဲကြီးတယ်။

လူကြီးတွေပြောတာတော့ အိမ်မှာ တောက်တဲ့ရှိရင် လာဘ်ကောင်းတယ်ဆိုလား ..... ဒီတောက်တဲ့တွေ အိမ်မှာရှိသလောက်သာ လာဘ်ကောင်းရရင်တော့ မအိမ်သူတို့လဲ ဘီလျံနာဖြစ်တာကြာပေါ့... :(


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

5 comments:

ကိုဇော် said...

ဟိုတလောက အင်ဒိုကနေပြီးတော့ မလေးကို တောက်တဲ့ ၄ ကောင်သွင်းတာ ဖမ်းမိသွားသတဲ့။ အဲဒီလေးကောင်းကို ဒေါ်လာ ၃ သောင်းခွဲလောက် တန်တယ် ဆိုပဲ။ ဒါဆို မအိမ်သူ ပိုချမ်းသာမှာပေါ့။

ပို့စ်မှာ ကျန်နေခဲ့တာ ပြောပြတာ ကျေးဇူးပဲဗျာ။ စာရေးရင်း Touch Pad ကို သွားသွားထိမိပြီး ပျက်ပြီး ပြတ်ကျန်ခဲ့တာ ထင်ပါတယ်။ အခု တလော အလုပ်ကလည်း များတော့ ပြန်ကို မစစ်မိဘူးဗျာ။ ကျေးဇူးပဲ။

မအိမ်သူ said...

Thanks for your comment Ko Zaw!
ဒေါ်လာ ၃ သောင်းမရရင်လဲ နေပါစေရှင် အဖမ်းခံရမှာတော့ ကြောက်ပါတယ်။ အိမ်က တောက်တဲ့ တွေကိုတော့ ဘေးမဲ့ပေးထားပါတယ်

Angelhlaing(May everybody be happy and healthy! said...

မမရေ ဗဟုသုတလေးတွေ အတွက် ကျေးဇူးပါ..လို့..:):)

ကိုထွဋ် said...

မအိမ်သူရေ တောက်တဲ့ပေါတာကတော့ လက်တွေ့ပါ...

အိမ်ရှေ့မှာ ဆို ညတိုင်း တစ်ကောင်ရှိတယ်...

စကားမစပ် ..ကျနော်နဲ့ တနိုင်ငံတည်းလားလို့...

:P

မအိမ်သူ said...

Angelhlaing >> လာလည်တာ ကျေးဇူးပါ ညီမရေ

ကိုထွဋ် >> မှန်ပါ့ရှင် တမြေထဲတရေထဲ ကပါလို့.. :P (ခုမှသိလား Profile မဖတ်ဘူးထင်တယ်) :)

Related Posts Plugin for WordPress, Blogger...