Thursday, March 8, 2018

Rumduol လေးတွေ ပွင့်ချိန်တန်

ကမ္ဘောဒီးယားနိုင်ငံရဲ့ အမျိုးသား သင်္ကေတ အမှတ်အသားတစ်ခု ဖြစ်တဲ့ Rumduol လို့ခေါ်တဲ့ ပန်းကလေးတွေ ပွင့်ကြပြီ။ မြန်မာပြည်က ကံ့ကော်ပန်း ကလေးတွေ ပွင့်ချိန်နဲ့ တူတူလောက်ပဲ ဖြစ်မယ်ထင်တယ်။ ခမာလို (Phka Rumduol) (ဖ)ကာ ရမ်ဒူးလ် လို့ခေါ်တဲ့ ပန်းကလေးကို ကမ္ဘောဒီးယားနိုင်ငံရဲ့ National Flower အဖြစ် သတ်မှတ်ထားပါတယ်။

အပင်ပေါ်က ပွင့်ကာနီး ရမ်ဒူးလ်ပန်း အဖူးကလေးတွေပါ။ ရုတ်တရက် ကြည့်ရင် ကံ့ကော်ပန်း အဖူးကလေးတွေနဲ့ တူသလိုပါပဲ။
အဲဒီ ပန်းနာမည်ကို သူတို့ ခမာလို ပီပီသသ အသံထွက်က ခေါ်ရတာ နဲနဲခက်ပါတယ်။ ကိုယ့်နားထဲ ရမ်ဒူးလ်ပဲ ကြားပေမဲ့ တကယ်က ရွမ် နဲ့ ရမ် နဲ့ ကြားကအသံပါ။ ဒူးလ် လည်းအဲဒီလိုပဲ.. ဒိုးလ် နဲ့ ဒူးလ် နဲ့ ကြားက အသံမျိုးပဲ။ အဲဒီ ‘ဒ’ သံကို အသံထွက်ရင် ဒဒွေးသံ ပီပီသသလည်း မဟုတ်ပြန်ဘူး..။ ‘သ’ လို အသံလေးလဲ နည်းနည်း ပါသေးတယ်။ လျှာနဲ့ သွားနဲ့ထိကပ်ပြီး ထွက်လာတဲ့  ‘ဒ’ သံ.. အင်္ဂလိပ်လို အဲဒီအသံထွက်ကို အနီးစပ်ဆုံး ပြောရရင် they, them, though, these, those အဲဒီ စကားလုံးတွေကို အသံထွက် သလိုမျိုး (th-) သံ.. ‘ဒ’ နဲ့ ‘သ’ နဲ့ ပေါင်းထားတဲ့ အသံ… ‘သ’ ကြီးသံ ပြောရမလားပဲ..။ Phka (ဖကာ) ဆိုတာကတော့ ခမာလို (flower) ပန်းကိုခေါ်တာပါ။ အဲဒါကိုလဲ အသံထွက်ရင် အရှေ့က ‘ဖ’ သံလေးက ပီပီသသ ထွက်ရတာ မဟုတ်ပြန်ဘူး။ နှုတ်ခမ်းလေး နှစ်ခုကို လေထွက်ရုံလေး ဖိပိတ်လိုက်ပြီး အနောက်က ‘ကာ’ ဆိုတဲ့ အသံကိုပဲ နည်းနည်းသံရှည်လေးဆွဲပြီး ထွက်ရတာ.. ရှေ့အသံကို မျိုချလိုက်တာမျိုး.. ခမာတွေပြောတာကို နားထောင်ကြည့်ရင် ‘ကားရမ်ဒူးလ်’ လို့ပဲ ကြားရလိမ့်မယ်။

ရမ်ဒူးလ်ပန်းပွင့်ကလေးတွေ...

ခမာလူမျိုးတွေ အထူးတလည် တန်ဖိုးထား မြတ်နိုးကြတဲ့ ရမ်ဒူးလ် ပန်းကလေးရဲ့ scientific name က Sphaerocoryne affinis လို့ခေါ်ပါတယ်။ နောက်တမျိုးအနေနဲ့ Mitrella mesnyi လို့လဲ ခေါ်ကြ သေးတယ်။ ဒီပန်းလေးတွေက ဖေဖေါ်ဝါရီလောက်ဆို စပွင့်တတ်ပြီး ခမာနှစ်သစ်ကူးချိန် ဧပြီလလောက်အထိ လှိုင်လှိုင်ပွင့်ကြပါတယ်။ ခမာလူမျိုးတွေဟာ ရမ်ဒူးလ်ပန်းလေးတွေကို သိပ်တန်ဖိုးထားကြတယ်။ သဘာဝအလျောက် အလေ့ကျပေါက်တဲ့ ရမ်ဒူးလ်ပင်တွေကို ကမ္ဘောဒီးယားနိုင်ငံမှာ နေရာအနှံ့ တွေ့မြင်နိုင်တဲ့အပြင် တမင်တကာကို အလေ့ကျမဟုတ်ပဲ မိမိနေအိမ် ခြံထဲမှာ၊ လမ်းမတန်းတွေမှာ၊ ပန်းခြံတွေထဲမှာ အစရှိသဖြင့်လည်း အမြတ်တနိုး တန်ဖိုးထားပြီး စိုက်ပျိုးထားလေ့ ရှိတတ်ကြတယ်။ 

ရမ်ဒူးလ်ပင်ကလေးပါ။
ရမ်ဒူးလ် ပန်းပင်က သိပ်ကြီးမားတဲ့ အပင်ကြီးမျိုးတော့ မဟုတ်ဘူး။ အပင်လတ်မျိုးလို့ ပြောရလိမ့်မယ် ထင်တယ်။ အပင်အမြင့်က ၁၂ပေ လောက်ကနေ အလွန်ဆုံး ၃၈ပေ လောက်နဲ့ ပင်စည်လုံးပတ်က လူကြီးလက်မောင်းလုံး သာသာလောက် ကနေ အကြီးဆုံးရှိမှ ၁၀လက္မ ကနေ ၁၂လက္မ အချင်းလောက်သာ ရှိတတ်ကြတယ်။ ပုံမှန်တွေ့နေကျ အပင်တွေကတော့ လူတစ်ရပ်သာသာ ကျော်ရုံလောက် အနေလေးတွေ ကနေ ၁၀ပေ ၁၂ပေ အမြင့်သာသာလေးတွေပဲ အတွေ့ရများပါတယ်။ အန်းကောဝပ် ကျောင်းတော်ရှိရာ တောကြီးထဲမှာတော့ အတော်အတန် ကြီးမားတဲ့ အပင်ကြီးတွေ ရှိတာပေါ့။ ဒီအပင်က ဆယ့်နှစ်ရာသီပတ်လုံး စိမ်းလန်းနေတတ်တဲ့ အမြဲစိမ်းသစ်ပင် အမျိုးအစားထဲမှာ ပါတယ်။ ရမ်ဒူးလ် ပန်းကလေးတွေက ကြက်ဥနှစ်ရောင်လို ဝါဖျော့ဖျော့ အရောင်မျိုးရှိပြီးတော့ တြိဂံပုံ သုံးပွင့်ဆိုင်နေတဲ့ ပွင့်ဖတ် ပွင့်ချပ် ကလေးတွေက ခပ်ထူထူ မာတောင့်တောင့်လေးတွေပါ။ 

ပန်းကလေးရဲ့ အနီးကပ်ပုံ...
ရမ်ဒူးလ်ပန်းလေးတွေကို အထူးတလည် တန်ဖိုးထား မြတ်နိုးရတဲ့ အကြောင်းရင်းကတော့ ထူးခြားပြီး စွဲမက်စရာကောင်းလောက်အောင် ချိုအီ သင်းပျံ့ မွှေးမြလွန်းလှတဲ့  ရနံ့ကြောင့်ပါပဲ..။ ကျပ်ပြားဝိုင်း သာသာလောက်လေး ရှိတဲ့ ပန်းပွင့်ဝါဖျော့ဖျော့ ကလေးတွေ ပွင့်ကြပုံက သစ်ရွက်ကလေးတွေရဲ့ အောက်ဖက်မှာ အကာအကွယ်ယူပြီး ပွင့်လို့ ပွင့်နေမှန်းတောင်  တော်တန်ရုံနဲ့ မသိနိုင်ပဲ ရုတ်တရက် ရှာဖွေမတွေ့နိုင် လောက်အောင် ပုန်းရှိုးကွယ်ရှိုးနိုင် သလောက် သူ့ရဲ့ ထူးခြားသင်းပျံ့တဲ့ ရနံ့ကတော့ သိမ်းဝှက်ထားဖို့ ခက်လွန်းလှစွာပဲ တော်တော်လေးဝေးတဲ့ အကွာအဝေးလောက်ထိအောင်ကို ပျံ့လွင့်နိုင်စွမ်း ရှိပါတယ်။ ပန်းလေး တစ်ပွင့်လောက် ခူးလာပြီး အိမ်ထဲ ယူလာရင်တောင် တစ်အိမ်လုံး ဘယ်နေရာကဖြစ်ဖြစ် ထုံသင်း မွှေးကြိုင် နေတတ်တာမျိုး... ပေ၁၀၀ ပတ်လည်လောက် ခြံကြီးထဲမှာ တစ်ပင်လောက် စိုက်ထားလို့ ပန်းပွင့်နေပြီဆိုရင် တစ်ခြံလုံး၊ တစ်အိမ်လုံး အပြင် အနီးအနား ပတ်ဝန်းကျင်က အတော်လှမ်းတဲ့ အိမ်တွေဆီထိအောင် တသင်းသင်းနဲ့ မွှေးမြနေတတ်တာမျိုးပါ..။

အပင်ပေါ်မှာပွင့်နေတဲ့ ရမ်ဒူးလ်ကလေးတွေ...
ရမ်ဒူးလ်လေးတွေက ညမွှေးပန်းတို့ ဆိတ်ဖလူးပန်းတို့လို ညနေခင်းနဲ့ ညဖက်တွေမှာ သူ့အမွှေးနံ့က ရနံ့ပိုပြီးမွှေး ပိုပြီးစူးရှသင်းပျံ့လာတတ်တဲ့ သဘာဝလည်း ရှိတယ်။ ဒီပန်းရဲ့အနံ့က သနပ်ခါးနံ့နဲ့ နံသာနံ့ကို ပေါင်းထားသလိုမျိုးပဲ။ တသင်းသင်းနဲ့ တော်တော်လေးကို စူးရှ ချိုအီတဲ့ အနံ့မျိုး... အဲသလို ကြိုင်လှိုင်ပြီး ထုံအီစူးရှနေပေမဲ့ တပြိုင်နက်ထဲမှာပဲ သူ့မွှေးရနံ့က တစ်မျိုးထူးခြားလှစွာကို သင်းသင်းပျံ့ပျံ့ ရှိတဲ့ရနံ့မျိုးလည်း ပေါင်းစပ်ပါဝင်နေပြန်တာမို့ စွဲမက်စရာ ကောင်းတဲ့ရနံ့ အမျိုးအစားထဲမှာ ပါတယ်။ ထုံထုံအီအီ ရနံ့စူးစူးတွေကို မကြိုက်မနှစ်သက်တတ်တဲ့ သူများအဖို့တော့ ရမ်ဒူးလ်ရဲ့ အနံ့ဟာ ကြာကြာရှူရင် အတော်လေး ခေါင်းမူးစေနိုင်တဲ့ ရနံ့မျိုးပါပဲ။ ဒါပေမဲ့ ခမာလူမျိုးတွေကတော့ အဲဒီလို ထူးခြားတဲ့ မွှေးရနံ့မျိုးကို ပိုင်ဆိုင်ထားတာကြောင့်ပဲ  ဒီပန်းလေးတွေကို အမြတ်တနိုးနဲ့ အထူးတလည် ဂုဏ်တင် တန်ဖိုးထားပြီး ခမာလူမျိုးတို့ရဲ့ အမျိုးသား သင်္ကေတကို ဖေါ်ဆောင်တဲ့ပန်းအဖြစ် တရားဝင် သတ်မှတ် ထားခဲ့ကြတာပါ။

ခမာတို့ရဲ့ရာဇဝင်မှာလည်း ဟိုးရှေးခမာလူမျိုးများ လက်ထက်မှာ ကတည်းက ရမ်ဒူးလ်ပန်းကလေးတွေကို အမျိုးသမီးများအတွက် အလှကုန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ (Fragrant Lip Wax) နှုတ်ခမ်းဆိုးဆေး အဆီကို ထုတ်လုပ်ရာမှာ အစဉ်တစိုက် အသုံးပြုလေ့ ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုခေတ်မှာတော့ နှုတ်ခမ်းဆိုးဆေးတင် မဟုတ်တော့ပဲ ရမ်ဒူးလ်ရနံ့နဲ့ ရေမွှေးထုတ်လုပ်တာမျိုးလည်း ရှိနေပြီလို့ သိရပါတယ်။ ရမ်ဒူးလ်ပန်းကလေးတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ မွှေးရနံ့ကြောင့် ခမာ လူမျိုးတွေဟာ ခမာအမျိုးသမီးလေးတွေကို ရမ်ဒူးလ်ပန်းကလေးတွေနဲ့ တင်စားတတ်ကြပါတယ်။ ခမာမိန်းကလေးများအတွက် မိဘများက နာမည်မှည့်ကြတဲ့အခါမှာလည်း ရမ်ဒူးလ်ဆိုတဲ့ နာမည်ကို တန်ဖိုးထား မှည့်ခေါ်ကြလေ့ရှိပါတယ်။ ရမ်ဒူးလ်ဆိုတဲ့ နာမည်နဲ့ မြို့တွေ ရွာတွေ ဒေသတွေ အတော်များများလည်း ကမ္ဘောဒီးယားနိုင်ငံမှာ ရှိပါတယ်။ ရမ်ဒူးလ်ပန်းကလေးတွေအကြောင်း ရေးသားဖွဲ့ဆိုထားကြတဲ့ အနုပညာ လက်ရာတွေ၊ စာ၊ ကဗျာ၊ သီချင်းတွေ၊ ပြဇာတ်တွေလည်း ခမာ ရာဇဝင်မှာ အများအပြား ရှိခဲ့သလို ခုထက်ထိတိုင်လည်း ရေးသား ဖွဲ့ဆိုမှုတွေ ရှိနေဆဲပါပဲ။ 

ဘုရားဝင်းရှေ့က ရမ်ဒူးလ်ပန်းလေးတွေရောင်းနေတဲ့ ပန်းသည်များ...
ရမ်ဒူးလ်ပန်းကလေးတွေကို ကမ္ဘောဒီးယားနိုင်ငံရဲ့ National Flower အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ အကြောင်းထဲမှာ ခမာလူမျိုးတွေရဲ့ နေ့စဉ် လူနေမှုဘဝထဲမှာ ရမ်ဒူးလ်ပင်ရဲ့ အရေးပါမှုကြောင့်လည်း ပါပါတယ်။ ရမ်ဒူးလ်ပန်းကလေးတွေ ပွင့်ချိန်မှာ ပန်းကလေးတွေကို ခူးဆွတ်ပြီး ဘုရားကျောင်းကန်နားတွေမှာ၊ ဈေးထဲတွေမှာ၊ အခြား လူစည်ကားရာ နေရာတွေမှာ ရောင်းလေ့ရှိကြတယ်။ ရမ်ဒူးလ်ပင်ရဲ့ အသီးကလည်း စားလို့ရတဲ့ အသီးမျိုးမို့ ရမ်ဒူးလ်သီးလေးတွေ ရင့်မှည့် လာတဲ့အချိန်မှာလည်း ခူးဆွတ်ပြီး ရောင်းချလေ့ ရှိကြပါတယ်။ ရမ်ဒူးလ်သီးလေးတွေက စပျစ်သီးလို အခိုင်အတွဲလိုက်လေးတွေ သီးပါတယ်။ အသီးလေးတွေ မှည့်လာရင် နီညိုရင့်ရောင်ကနေ သပြေသီးလို အမည်းရောင်မျိုးဖြစ်လာချိန်မှာ ခူးဆွတ်ပြီး စားနိုင်ပါပြီ။ 

ရမ်ဒူးလ်သီး အမှည့်လေးတွေပါ။ တစ်ခါမှ စားမကြည့်ဖူးလို့ အရသာဘယ်လိုရှိသလဲတော့ မသိဘူး။

ဒါ့အပြင် ရမ်ဒူးလ်ပင်ရဲ့ အကိုင်းအခက်များကိုလည်း လောင်စာအဖြစ် အသုံးပြုကြသလို ပင်စည်သားကိုလည်း အိမ်ဆောက်ရာမှာ သုံးကြပါတယ်။ ရမ်ဒူးလ်ပင်ရဲ့ အခေါက်ကလည်း ဆေးဖက် ဝင်တာ ကြောင့်မို့ ဖျားတာနာတာမှာ ကုသဖို့ သုံးကြတယ်လို့ ဆိုပါတယ်။ ဒါကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ National Flower လေးအကြောင်း လေ့လာ သိရှိမိသမျှကို ပြန်ပြီးဖေါက်သည်ချလိုက်ရခြင်း ဖြစ်ပါတယ်ရှင်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

1 comment:

coral nyo said...

ပို့စ်အသစ်လေးတွေပြန်တက်လာလို့ ၀မ်းသာမိပါတယ် အစ်မ...း)

မိုးငွေ့

Related Posts Plugin for WordPress, Blogger...