ပြီးခဲ့တဲ့ တစ်ပတ်က အင်္ဂါနေ့မနက်ကထင်ပါရဲ့.. သမီးကို ကျောင်းသွားပို့တော့ အိမ်က စထွက်ကတည်းက တစ်မြို့လုံး တိတ်ဆိတ်ခြောက်ကပ်လို့… ကားလမ်းကလည်း ရှင်းနေလိုက်တာများ ခါတိုင်း အသွား မိနစ်၂၀ အပြန် မိနစ်၂၀ အားလုံး မိနစ်လေးဆယ်လောက် မောင်းရတဲ့ခရီးကို အဲဒီနေ့က အသွားအပြန် အားလုံးကိုမှ မိနစ်၂၀လောက်ပဲကြာလိုက်တယ်။ အခါတိုင်း ရုံးပိတ်ရက်တွေလိုမျိုးမှ လမ်းတွေနည်းနည်းရှင်းတယ် ဆိုတာတောင် ဒီလောက်ထိရှင်းနေတာမျိုး မရှိဘူး။ တစ်မြို့လုံး ရှင်းလင်းနေလိုက်တာ.. ရုံးခန်းတွေ ဆိုင်ခန်းတွေ အကုန်ပိတ်… ဈေးထဲမလည်း ဖွင့်တဲ့ဆိုင်က လက်ချိုးရေလို့ရမတတ်ပဲ။ ဟင်းချက်ဖို့ နည်းနည်းပါးပါး လိုချင်တဲ့ဟာတောင် မနည်းရှာဝယ်ခဲ့ရတယ်။
အမှန်က အဲဒီလို ရုံးဖွင့် ကျောင်းဖွင့်ရက်တွေဆို Traffic က အမြဲတမ်း သမီးကျောင်း အချိန်မီရောက်အောင် မနည်းလုမောင်းနေရတာဆိုတော့ ကိုယ်ကလည်း အူကြောင်ကြောင်နဲ့ စဉ်းစားနေမိတာ.. ဘာဖြစ်လို့ပါလိမ့် ထူးထူးခြားခြားပါလားလို့ အံ့သြတကြီးတွေဖြစ်လို့…နောက်တော့မှ အိမ်နားက ဟိုတယ်တစ်ခုမှာ တရုတ်နဂါး လာကတဲ့ အသံကြားရတော့မှပဲ တရုတ်နှစ်သစ်ကူးကို သတိရမိတော့တယ်။ ဒီလထဲ တရုတ်နှစ်သစ်ကူးရှိမှန်း သိပေမယ့် တရားဝင် ရုံးပိတ် ကျောင်းပိတ်ရက် မဟုတ်လေတော့ အမှတ်တမဲ့နေမိရာက ဘယ်နေ့ရယ်လို့ သတိမထားမိလိုက်တော့တာ..။ အဲဒီလို Offical ရုံးပိတ်ရက် မဟုတ်ပေမယ့်လည်း ဒီနိုင်ငံမှာတော့ အဲသလိုပဲ နားလည်မှုတွေနဲ့ ရုံးတွေ ဆိုင်တွေ ပိတ်လိုက်ကြတာ… တရုတ်နှစ်သစ်ကူးတဲ့နေ့ဆို မြို့က သရဲခြောက်မတတ်ကို ခြောက်ကပ်သွားတော့တာပဲ..။
အမှန်က ဒီမှာ ခရစ္စမတ်တို့ New Year တို့ ပြီးသွားတာနဲ့ ဇန္နဝါရီလဆန်းပြီးလောက် ကတည်းကစလို့ ခရစ္စမတ် နယူးယီးယားအတွက် အလှဆင်ထားတာတွေ ဖြုတ်သိမ်း နောက်လာမယ့် တရုတ်နှစ်သစ်ကူး ပွဲတော်အတွက် တစ်မြို့လုံးက ဟိုတယ်တွေ စူပါမားကက်တွေ ဘဏ်တွေ တခြားအရောင်းဆိုင်တွေ ကုမ္ပဏီရုံးခန်းတွေ ကိုယ်ပိုင်လုပ်ငန်းတွေမှာ ရဲရဲတောက်နေအောင် Decoration တွေလုပ်ပြီး အဆင်သင့် ပြင်ဆင်ထားကြပြီးသား…။ ဈေးထဲတွေ ရှော့ပင်းစင်တာတွေ အိမ်သုံးပစ္စည်း အရောင်းဆိုင်တွေ အထည်ဆိုင်တွေမှာလည်း ဒစ်စကောင့်တွေ တရုတ်နှစ်သစ်ကူး အထူးဈေးရောင်းပွဲတွေနဲ့ ကြိတ်ကြိတ်တိုး ယောက်ယက်တွေခတ်နေအောင် ဝယ်ကြခြမ်းကြနဲ့ ပုံမှန်ထက်ကို ပိုစည်ကားနေတတ်တာ..။ ဒီမှာက ဟိုတယ်တွေမှာဆို တနှစ်ပတ်လုံး ဘာပွဲပဲဖြစ်ဖြစ် တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ခမ်းနားသထက်ခမ်းနားအောင် Decoration တွေ လုပ်တတ်ကြတယ်။
ဒီကခမာလူမျိုးတွေကလည်း တနှစ်ပတ်လုံး ဘာပွဲလမ်းသဘင်မျိုးပဲ ဖြစ်ဖြစ် သူတို့ဓလေ့ ဟုတ်ဟုတ် မဟုတ်ဟုတ် အင်တိုက်အားတိုက်ကို ပါဝင်ဆင်နွဲတတ်ကြတဲ့ သူမျိုးတွေ.. တကယ်က ကမ္ဘောဒီးယားဟာ မြန်မာပြည်လိုပဲ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံ တစ်ခုပါ။ ဒါပေမယ့် ခမာလူမျိုးတွေကတော့ ကိုယ့်ဓလေ့ရိုးရာ မဟုတ်သော်ငြားလည်း နိုင်ငံတကာက ဘယ်လိုပွဲလမ်းမျိုးကိုပဲဖြစ်ပါစေ စိတ်ပါလက်ပါနဲ့ကိုဆင်နွဲတတ်ကြတယ်။
တရုတ်နှစ်သစ်ကူးဆို တစ်မြို့လုံး တုံချမ်းတုံချမ်းနဲ့ တရုတ်နဂါးတွေကရင်း ဗျောက်တွေ တဒိုင်းဒိုင်း မီးရှူးမီးပန်းတွေ တဖောင်းဖောင်းနဲ့ ကူးလိုက်တာပဲ။ တစ္ဆေကြီးကန်တော့တာတို့ လမုန့်ပွဲတော်တို့လည်း ပွဲတခြိမ့်ခြိမ့်နဲ့ ကျင်းပလိုက်ကြတာပဲ။ ခရစ္စမတ်လုပ်ရမလား လာထားပဲ။ မီးရောင်စုံတွေနဲ့ အလှဆင်လို့.. စင်တာကလော့က လက်ဆောင်တွေ ဝေလို့… အယုတ်အလတ် အမြတ်မရွေး အားလုံးပျော်ကြရအောင် လုပ်တတ်ကြတာ…။ အင်္ဂလိပ်နှစ်သစ်ကူးမလား လာခဲ့.. တပျော်တပါး စည်စည်ကားကား ပွဲတွေလမ်းတွေ ကျင်းပပြီး ဒီဂျေတွေနဲ့ Count Down ပွဲတော်တွေ အပြိုင်အဆိုင်နဲ့ကို ကူးပစ်လိုက်ကြတာ..။ ဘယ်လောက်ထိတောင်လဲဆိုရင် အရင်က ကိုယ်တွေ တစ်ခါမှတောင် မကြားဖူးခဲ့တဲ့ World Music Day ဆိုတာကိုတောင် ဇွန်လထဲမှာ နှစ်စဉ်လို ကျင်းပလာတတ်ကြတာ အခုဆို သုံး လေး ငါးနှစ်တောင် မကတော့ဘူး။ ကိုယ့်မှာ သူတို့အဲလိုပွဲလုပ်တော့မှပဲ ဇွန်လ ၂၁ရက်နေ့ဟာ ကမ္ဘာ့ဂီတအနုပညာနေ့ ဆိုတာကို သိတော့တာပဲ..။ အဲဒီနေ့ဆိုရင် တနေကုန် ညဉ့်နက်တဲ့အထိ လူတိုင်းပါဝင်လို့ရတဲ့ ဂီတပွဲတွေ စတိတ်ရှိုးတွေ တူရိယာမျိုးစုံ လက်စွမ်းပြတီးခတ်တာတွေကို မရိုးရအောင် မြို့ပတ်ပြီး တဝကြီးကိုကြည့်ပေတော့… ကလေးငယ်တွေလည်း စင်ပေါ်တက် ဖျော်ဖြေကြ.. နိုင်ငံခြားသားတွေကလည်း ကိုယ်တတ်တဲ့ တူရိယာတွေနဲ့ လက်စွမ်းပြ တီးခတ်ဖျော်ဖြေကြ… ဂီတဖျော်ဖြေပွဲကလည်း ဂျက်ဇ်လား ဘလူးစ်လား ရော့ခ်လား ပေါ့ပ်လား စုံလို့.. အားရပါးရကို နားထောင်ရတယ်။
ဒီတော့ ပွဲမျိုးစုံကို အဲသလိုတွေ ကျင်းပနေကြလို့ သူတို့မှာ ရိုးရာပွဲတော်တွေ မရှိလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ သူတို့ခမာဓလေ့ ရိုးရာပွဲတော်တွေဆိုတာများ တနှစ်ပတ်လုံးမှာ လတိုင်းနီးပါး အပြည့်ပဲ.. ခမာနှစ်သစ်ကူး၊ ခမာသီတင်းကျွတ် သင်္ချိုင်းကန်တော့ပွဲ၊ ခမာရေသဘင်ပွဲတော် (လှေပြိုင်ပွဲ)၊ ခမာကထိန်ပွဲ၊ ခမာတန်ဆောင်တိုင် မီးဖောင်မျှောပွဲ… စုံတကာကိုစိလို့။ မြန်မာပြည်က ဆယ့်နှစ်လရာသီ ပွဲတော်တွေလိုပဲ သူတို့မှာလည်း ဘာသာရေး ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်တွေ အများကြီးရှိတယ်။
ခမာလူမျိုးတွေကို ချီးကျူးမိတာတစ်ခုရှိတယ်။ သူတို့တွေကလေ သူတို့ရဲ့ ခမာ Traditions တွေ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ကိုးကွယ်ယုံကြည်မှုတွေကို အလေးထားပြီး မပျောက်မပျက်ရအောင် လက်ဆင့်ကမ်း ထိန်းသိမ်းတယ်။ အဲဒီလိုဖြစ်လို့ တခြား ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လက်မခံဘူးလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ နောက်ပြီးတော့လေ.. ခမာတွေသိပ်တော်တယ်လို့ ကိုယ်ယူဆမိတဲ့ အချက်တစ်ခုက Adjust & Adaptation သိပ်လုပ်တတ်တယ်။ ဘယ်လူမျိုးရဲ့ ဓလေ့ပဲလာလာ… ဘယ်ဘာသာရဲ့ ပွဲတော်ပဲဖြစ်ဖြစ်… ခမာဓလေ့နဲ့ ရအောင် ပေါင်းစပ်ပြီး သူတို့ရဲ့ ရိုးရာပွဲတော်လို ပုံစံမျိုးဖြစ်သွားတဲ့အထိကို တဖြည်းဖြည်းချင်း ပြောင်းလဲပစ်နိုင်ကြတာ သိပ်ချီးကျူးဖို့ကောင်းတာပဲ။
ဒီမှာက Tourism Country ဆိုတော့ ကမ္ဘာတဝှမ်းက နိုင်ငံခြားသားပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံနေရတာလည်း တစိတ်တပိုင်း ပါလိမ့်မယ်ထင်တယ်။
ခမာလူမျိုးတွေလည်း မြန်မာတွေလိုပဲ… ပွဲလမ်းသဘင် အင်မတန်ကြိုက်တတ်ကြတာ။ ပျော်ပွဲရွှင်ပွဲ အမျိုးအမည် ပေါင်းစုံရှိတယ်။ ပွဲကြီးလမ်းကြီးရယ်မှ မဟုတ်ဘူး။ လမ်းဘေးပွဲလို ချောက်တိချောက်ချက်ကလေးလို ဟာမျိုးတောင် ရအောင်ပျော်တတ်ကြတဲ့ လူမျိုးတွေ…။ နောက်ထပ် ချီးကျူးစရာတစ်ခုက သူတို့ရဲ့ ရိုးရာ ပွဲလမ်းသဘင်တွေကိုလည်း ကိုယ့်လူမျိုးအတွက် သက်သက်မဟုတ်ပဲ နိုင်ငံတကာကလာကြတဲ့ နိုင်ငံခြားသားတွေ လူမျိုးစုံ ဘာသာစုံ ပါဝင်ဆင်နွှဲနိုင်တဲ့ပုံစံမျိုးဖြစ်အောင် ကျင်းပပြုလုပ်တတ်ကြတယ်။ တခြား နိုင်ငံတကာက ပွဲလမ်းတွေဆိုလည်း ဘာပဲဖြစ်ဖြစ် လာထားပဲ.. သူတို့ ရိုးရာဓလေ့ကိုလည်း မပျက်စေပဲ အဲသလိုနိုင်ငံတကာပွဲတွေကိုလည်း သူတို့ရဲ့ခမာဆန်တဲ့ ပုံစံမျိုးနဲ့ ဆင်နွှဲနိုင်အောင် ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲယူတတ်ကြသေးတယ်။
အခုဆို ဗယ်လင်တိုင်းဒေး လာပြီ။ အဲဒီနေ့ဆို တစ်မြို့လုံးက လမ်းမတွေပေါ်မှာ ညနေဖက်ဆို နိုင်ငံခြားသားတွေရော ခမာတွေရော တိုးမပေါက်အောင် ကြိတ်ကြိတ်တိုး တပျော်တပါး စည်စည်ကားကား ပါဝင်ဆင်နွဲကြဦးမယ်။ အိမ်ရှေ့တွေမှာ စားပွဲလေးခင်းလို့ ယာယီ ဈေးဆိုင်လေးတွေဖွင့်ရင်း လက်ဆောင်ပစ္စည်းလေးတွေ အရုပ်တွေရောင်းတဲ့ ဆိုင်ကလေးတွေ ပန်းတွေ ပန်းစည်းတွေ ပုံစံအမျိုးမျိုးနဲ့ အလှဆင်ထားတဲ့ ပန်းဆိုင်ကလေးတွေဆိုတာ လက်ညှိုးထိုးမလွဲပဲ။ မြန်မာပြည်မှာလို တည်းခိုခန်းသွား ဗယ်လင်တိုင်းကြတာမျိုးမဟုတ်ပဲ ပွဲတော်တစ်ခုလို ပျော်ပျော်ပါးပါး ချစ်သူနဲ့လက်တွဲပြီး စားကြသောက်ကြ လည်ကြပတ်ကြ ပွဲဈေးတွေလျှောက်ကြ လက်ဆောင်တွေ အရုပ်တွေဝယ်ကြ ချောကလက်တွေ နှင်းဆီပန်းတွေပေးကြနဲ့ ဘေးကနေ မြင်ရတာတောင် ပျော်ရွှင်ရတယ်။ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးအတူတကွ ပျော်ရွှင်စီးမျောလို့ရကြတယ်။ တကယ့်ကို တပျော်တပါးကြီး ဘုရားပွဲဈေးလျှောက်နေရသလိုပဲ။ အဲဒီတော့ လူငယ်တွေအတွက်လည်း အန္တရာယ်ကင်း ဘေးရှင်း ဗယ်လင်တိုင်းပျော်ပွဲရွှင်ပွဲ အနေနဲ့ Local ရယ် Foreigner ရယ်မဟုတ်တော့ပဲ လူကြီး လူငယ် ကလေးပိစိကွေးကအစ လူမျိုးဘာသာမရွေး လူတန်းစားမရွေး အားလုံးတပျော်တပါး ပါဝင်ဆင်နွဲနိုင်တဲ့ ပွဲတော်ကြီး တစ်ခုလို ပုံစံမျိုးဖြစ်သွားရော…။ ခရစ္စမတ်တို့ နယူးယီးယားတို့လို နိုင်ငံတကာ ပွဲတော်တွေကိုလည်း အဲသလိုပါပဲ။ သူတို့ ခမာစတိုင်နဲ့ ကြီးကြီးကျယ်ကျယ် ကျင်းပပစ်လိုက်တတ်ကြတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ အဲဒီပွဲတွေက သူတို့ ခမာပုံစံဝင်သွားရော..။
ဒါက ခမာတွေ သူတို့နည်း သူတို့ဟန်နဲ့ ပါဝင်ဆင်နွဲတတ်ကြတဲ့ ပွဲလမ်းသဘင်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဒီမှာနေထိုင်ရင်း ကိုယ်တိုင်မြင်တွေ့ ကြားသိထားသမျှ အကြမ်းဖျင်းလောက်ကလေး ပြောပြရုံပဲ ရှိသေးတာ…။ တခြား လက်မှုပညာတို့ အနုပညာတို့ ဘာတို့မှာလည်း အဲသလိုပဲ.. နိုင်ငံတကာက ပုံစံတွေနဲ့ သူတို့ရဲ့ ခမာရိုးရာ နဂိုမူလဟန်တွေနဲ့ ပြုပြင်ပေါင်းစပ်ပြီး ခမာပုံစံ ခမာစတိုင် ဖြစ်သွားတဲ့အထိ ရောယှက်ပြီး Adapt လုပ်ယူတတ်ကြတယ်။
အခုဆို ကမ္ဘောဒီးယားမှာ တခြားသော လူမှုရေး ပညာရေး စီးပွားရေး နည်းပညာ ဘက်ပေါင်းစုံကနေ သူတို့ပုံစံနဲ့သူတို့ တိုးတက်ပြောင်းလဲလာနေခဲ့တာကို ကိုယ့်မျက်စိရှေ့မှာတင်ပဲ သိနေမြင်နေ လက်တွေ့ကျကျကို လက်ခံနေခဲ့ရပြီ။ ကိုယ်တွေက ဒီမှာ အနေကြာနေပြီဆိုတော့ တနှစ်ထက်တနှစ် အဲသလို သိသာထင်ရှားစွာနဲ့ ပြောင်းလဲလာနေခဲ့တာတွေကို သိမြင်ထိတွေ့နေရတဲ့အချိန်မှာ အရမ်းကိုအားကျမိတယ်။ ကိုယ့်နိုင်ငံကိုလည်း အဲသလိုမျိုး ဖြစ်စေချင်တာ… အတော်ကို အားမလို အားမရ မချင့်မရဲ ဖြစ်ရတယ်။
အရင်က ကမ်ပူးချားလို့ ခေါ်ခဲ့တဲ့ ကမ္ဘောဒီးယားဟာ ဟိုးအရင် ကိုယ်တွေဒီကိုရောက်လာခါစ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က အခြေအနေတွေနဲ့ အခုအချိန်မှာ ဘာမှကို မဆိုင်တော့လောက်အောင် ကွာခြားသွားခဲ့ပြီ။ လွန်ခဲ့တဲ့ လေး ငါးနှစ်လောက်ကတည်းက ကမ္ဘောဒီးယားက မြန်မာပြည်ကို တဖြည်းဖြည်းချင်း ဖြတ်ကျော်တက်နေခဲ့ပြီ ဆိုတာကို မျက်မြင်ကိုယ်တွေ့ကို သတိထားမိလာခဲ့တာ…။
အရင်လွန်ခဲ့တဲ့ ဆယ်စုနှစ် ကျော်လောက်ဆီကတောင် အာဆီယံမှာဆို ကမ္ဘောဒီးယား၊ လာအို ဆိုတာ မြန်မာပြည်နဲ့ယှဉ်ရင် နောက်နားက အတော်ဝေးဝေးမှာ ရှိနေခဲ့သေးတာ.. အခုဒီနေ့ ဒီအချိန်မှာတော့ အဲဒီနှစ်နိုင်ငံစလုံးဟာ တချို့သော တိုးတက်ပြောင်းလဲမှုတွေမှာ မြန်မာပြည်ကို ကျော်တက်ပြီး နောက်ကောက်ချသွားခဲ့ပြီ။ တော်တော်ကြီး ကြိုးစားလိုက်ကြမယ်ဟေ့ ဆိုရင်တောင် မှီနိုင်ဖို့ အတော်ခက်တဲ့ အနေအထားမှာ ဖြစ်နေပြီ။
ကိုယ့်နိုင်ငံကို အထင်သေးတာ မဟုတ်ပေမယ့် စင်္ကာပူကို ခဏထားလို့ လောလောဆယ်မှာ အရင်က ကိုယ့်နောက်မှာ နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ ဒီနှစ်နိုင်ငံကို အခုနေမှာ ပြန်ပြီး အမှီလိုက်နိုင်ဖို့ဆိုတာကတောင် အတော်ကြီးကို ကြိုးစားကြရလိမ့်ဦးမယ်လို့ မြင်နေမိတာပဲ..။
မြန်မာရယ် ကမ္ဘောဒီးယားရယ် လာအိုရယ် သုံးနိုင်ငံလုံးဟာဆင်းရဲတဲ့နိုင်ငံ.. မတိုးတက် မဖွံ့ဖြိုးသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ယှဉ်ကြည့်လိုက်ရင်တောင် နယ်ပယ်အတော်များများမှာ အရှိန်အဟုန်နဲ့ တိုးတက်နေတာချင်းကတော့ ဘယ်လိုမှကို မတူတော့တာ… ဒီမှာ နေ နေရင်းနဲ့ ခမာပြည်ကြီး တနေ့တခြား တိုးတက် ပြောင်းလဲ သွားတာတွေကို နေ့စဉ်မြင်တွေ့ အားတွေကျနေခဲ့ရတာ ကိုယ့်အတွက်တော့ အတော်ကို မောနေပါပြီလေ..။
▲ ▼ ▲ ▼ ▲ ▼ ▲ ▼
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။