Thursday, December 31, 2015

ဒီဇင်ဘာတံတား


ထွက်ခွာသွားသူရယ်…
ရောက်ရှိလာသူရယ်…
ပေါင်းကူးတံတားတစ်ခုရယ်…

ဒီတစ်သက် ပြန်ဆုံစရာမရှိတော့
နှုတ်ဆက်ခြင်းမှာ နာကျင်ကြေကွဲ
ကြိုဆိုရမယ့်သူဟာ တံတားတဖက်မှာ
အသင့်စောင့်ဆိုင်းနေခဲ့သလား
ဝမ်းမြောက်ခြင်းများနဲ့ ကမ်းတဲ့လက်
ပျော်ရွှင်ရက်တွေ ဆက်ပါရစေ
ပေါင်းကူးတံတားရဲ့ အဆုံးမှာ…

အတိတ်ဟာ တိတ်တဆိတ်ထွက်ခွာစဉ်
အနာဂတ်ဟာ လက်ကမ်းလို့လာခဲ့
ပေါင်းကူးတံတားဟာ ပစ္စုပ္ပန်လား…

ချန်ထားခဲ့ရတော့မယ်။
နောက်ထပ်ရင်ဆိုင်ရဦးမယ့်
တံတားတစ်စင်း
ဟိုးအဝေးမှာ စောင့်နေဆဲ
နှင်းမှုံမှုံထဲမှာ…

ကြုံလာဦးမယ့် အနာဂတ်
ပေါင်းကူးတံတားတွေ ဖြတ်သန်းရင်း
အတိတ်တွေဟာ လွမ်းဆွတ်ခြင်းထဲမှာ…။

 # # # #  ♥ ♥ ♥  # # # #

(အားလုံးအတွက်  ပျော်ရွင်ခြင်း အနန္တနဲ့ ငြိမ်းချမ်းခြင်းတွေကို ယူဆောင်လာမယ့်နှစ်သစ်ဖြစ်ပါစေရယ်လို့ ဆုတောင်းချင်... 
အားလုံးပဲ Happy New Year 2016 ပါရှင့်။ ☺)


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Saturday, November 28, 2015

ကြောင်ပီသတဲ့ကြောင်




စိတ်အလျဉ်နဲ့အတူရွေ့လျားနေတဲ့ကြောင်တကောင်ဆီမှာ

လုံးစုံဝန်းကျင်ကို စွင့်ထားတဲ့နားတစုံ

အမှောင်ကို ထိုးထွင်းဖေါက်နိုင်တဲ့ အကြည့်

ဝမ်းစာနဲ့ အန္တရာယ်ခွဲခြားဖို့စူးစမ်းတဲ့ နှာခေါင်းက အနံ့ခံစွမ်းရည်

လိုအပ်တဲ့အခါ ထုတ်သုံးနိုင်ဖို့ အသင့်အနေအထားနဲ့ဖွက်ထားတဲ့ လက်သည်းများ

လှုပ်ရှားမှုတွေအားလုံး သိုသိပ်သွက်လက်စေဖို့

နုညံ့စွာလှုပ်ရှားရင်း ဟန်ချက်ကိုထိမ်းထားတဲ့ အမြီးဖျား

ပေါ့ပါးတဲ့ခန္ဓာနဲ့ မလွတ်တမ်း မြဲမြံစွာခဲထားနိုင်တဲ့ အစွယ်များ…

အားလုံးဟာ အသင့်အနေအထားမှာ…

ငါဟာ ကြောင်ပျင်းတကောင်မဟုတ်…

ကြောင်ဖျင်းတကောင်မဟုတ်…

ကြောင်ပီသတဲ့ကြောင်…။

◙ ◙ ◙ ◙ ◙ ◙ ◙

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Tuesday, October 13, 2015

ဆင်ခြင်ပါ

တောက်တဲ့ဟာ အမြဲဟုတ်ကဲ့လို့ပဲပြောတတ်တယ်။
သူဟာ ဟင့်အင်းလို့ မပြောတတ်တဲ့ အကောင်ဖြစ်တာ မမေ့နဲ့ပေါ့။

ပုတ်သင်ညို ခေါင်းညိတ်တိုင်းလဲ လိုက်မညိတ်မိစေနဲ့။
အဲဒီအကောင်မှာ ခေါင်းခါတတ်တဲ့ function မပါတာတော့ သိထားပါ။

သာလိကာ စကားတတ်သလို ဆက်ရက်ကို သင်ချင်လို့မရဘူး။
အသွေးအရောင်တူပေမယ့် အရည်အချင်းကတော့ ကွာလိမ့်မယ်။

မည်းတာချင်းတူရင်တောင် ဥသြနဲ့ ကျီးကြားမှာ အသံကသာ အခရာ…။
ရွှေကျီးဘယ်လောက်သာသာ ဥသြအော်တာလောက်တော့ လူကြိုက်မများဘူး။

ကျားတကောင် အမြီးပုတ်တာနဲ့ ခွေးတကောင် အမြီးလှုပ်တာကို
အရာရာ ထပ်တူကျတဲ့အမြင်နဲ့ ကြည့်မိရင်တော့ မင်းဟာကျားစာပဲပေါ့။

••• ○○○ ◙ ◙ ◙ ◙ ◙ ○○○ •••

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, October 9, 2015

အလွမ်းရောင်လမ်း


ငါ့ရဲ့ စိတ်ခြေလှမ်းတွေ အလည်အပတ်ထွက်မိတိုင်း မရည်ရွယ်ပဲ ခဏခဏလျှောက်မိတတ်တဲ့ ဒီလမ်းကို အလွမ်းရောင်လမ်းလို့ ငါကခေါ်တယ်။
ငါလျှောက်တတ်တဲ့ အလွမ်းရောင်လမ်းဟာ အမြဲတမ်းတော့ ခရမ်းရောင်ဖျော့ဖျော့သန်းမနေခဲ့ဘူး။
ဘယ်သူမှမသိတဲ့ အလွမ်းရောင်လမ်းဟာ ငါ့တကိုယ်ရေစာပဲ စည်ကားတယ်။
အလွမ်းရောင်လမ်းမှာ တခါတလေ ဝေဒနာတွေခင်းထားတတ်သလို တခါတလေတော့လည်း ကြည်ပြာရောင်ပန်းတွေ ပွင့်တတ်ပြန်တယ်။
အလွမ်းရောင်လမ်းမထက် တခါတရံကော်ဇောဝါဝါတွေ ခင်းထားတတ်သေးသလို မြူမှုန်ပါးပါးတွေလဲ ဆင်ထားတတ် ပြန်ရဲ့။
လမ်းတလျှောက်မှာ တကိုယ်စာဖေါက်ထားတဲ့ နံရံတွေရှိတဲ့အခါ ငါနှစ်သက်ရာတံခါးပေါက်က ထွက်ခွာသွားနိုင်တယ်။
လမ်းနံဘေးက ကြည်တဝက် နောက်တဝက် ရေကန်တွေထဲကို မျက်ရည်တွေလည်း အလိုရှိသမျှ သွန်ထည့်သွားနိုင်သေးတယ်။
အဖြူရောင်သက်သက်လမ်းမှာ လျှောက်နေရင်းက လက်ဖျစ်တတွက်အတွင်း မှော်အတတ်နဲ့ ပြုစားလိုက်သလို အနက်ရောင်ထင်းထင်းလည်း ပြောင်းသွားတတ်သေးတယ်။

ဟိုမှာသည်မှာ တွဲလဲချိတ်ဆွဲထားတဲ့ နာကျင်မှုတွေ၊ ကြယ်တွေလို တလက်လက်တောက်နေတဲ့ အနာဂါတ် စိတ်ကူးတွေ၊ စက်လှေကားတစင်းလို တဖြည်းဖြည်းရွေ့နေတဲ့ မျှော်လင့်ချက်တွေ၊ နောက်ပါးက တရှပ်ရှပ်မြည်နေတဲ့ အတိတ်ခြေရာတွေ၊ ကိုယ့်ရှေ့မှာ မီးခိုးငွေ့တွေလို မျောလွင့်နေသော်ငြား ဘယ်တော့မှ ဖမ်းဆုပ်လို့မမိနိုင်တော့တဲ့ ကြည်နူးခြင်း အမှတ်တရတွေဟာ အလွမ်းရောင်လမ်းမှာ installation art တွေလို ခင်းကျင်းထားခဲ့ပေမယ့် ဒါတွေဟာ တကယ်တော့ အနုပညာ ပြကွက်မဟုတ်ဘူး။

ငါ့စိတ်တွေ နာကျင်လာတဲ့အခါတိုင်း အလွမ်းရောင်လမ်းထက် ကြေကြေကွဲကွဲ ငါလျှောက်တယ်။
ငါ့အတွေးတွေ ဆာလောင်လာတဲ့အခါတိုင်း အလွမ်းရောင်လမ်းဟာ လိုလိုလားလား လက်ကမ်းတယ်။
ငါ့နှလုံးသားတွေ ကြေကွဲလာတဲ့အခါတိုင်း အလွမ်းရောင်လမ်းက ကြင်ကြင်နာနာ ဖြေသိမ့်ပေးတယ်။
ငါ့စိတ်ကူးတွေ ထူပိန်းပိန်းဖြစ်လာတဲ့အခါတိုင်း အလွမ်းရောင်လမ်းမှာ ခံစားချက်အသစ်တွေရှာမိတယ်။
ငါ့အရှိတရားတွေဟာ ကျေနပ်စရာမရှိလှတဲ့အခါတိုင်း အလွမ်းရောင်လမ်းက ဖြည့်ဆည်းပေးတယ်။
ငါ့လိုဘတွေ မဖြည့်စွမ်းသာတဲ့အခါတိုင်း အလွမ်းရောင်လမ်းဆီက အကူအညီယူရတယ်။
ငါ့မာနတွေကို ဖယ်ရှားပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းပေါ် ငါရောက်တတ်တယ်။
ငါ့ဒေါသတွေကို ခြေမွပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းက အသင့်စောင့်ဆိုင်းနေတတ်တယ်။
ငါ့မောဟတွေကို ပယ်ချပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းမပေါ် ငါ့ကိုယ်ငါ ကြဲချပစ်လိုက်မိတယ်။
ငါ့ဝမ်းနည်းမှုတွေကို ခြွေချပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းမကို နင့်နင့်နဲနဲ တမ်းတမိတယ်။
ငါ့ပျော်ရွှင်ခြင်းတွေထဲမှာ နစ်ဝင်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းဆီ အပြေးလေးရောက်မိတယ်။
ငါ့ကြည်နူးခြင်းတွေကို သိမ်းဆည်းထားလိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းမှာ ပြတိုက်တွေကို တခမ်းတနား ခင်းကျင်းထားမိတယ်။

သိပ်သိပ်သည်းသည်းရှိလွန်းလှတဲ့ ခံစားချက်တွေနဲ့အတူ အလွမ်းရောင်လမ်းပေါ်ကို တကိုယ်ရေ လှမ်းမိလိုက်တိုင်းမှာ အလွမ်းရောင်လမ်းဟာ ငါနဲ့အတူအမြဲတသားတည်းဖြစ်လို့… အလွမ်းရောင်လမ်းနဲ့ ငါနဲ့ အပြန်အလှန် သဟဇာတဖြစ်လို့... အလွမ်းရောင်လမ်းဟာ ငါ့ကိုယ်ခန္ဓာထဲ ပျော်ဝင်သွားခဲ့သလို ငါကိုယ်တိုင်လဲ အလွမ်းရောင်လမ်းထဲကို နစ်ဝင်သွားခဲ့...။

◘○○◘ ◘○○◘ ◘○○◘ ◘○○◘

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

Friday, September 25, 2015

စည်းမဲ့ခြင်း



အရောင်တွေမှာ
အမှောင်နဲ့အလင်း
စီးချင်းထိုးစရာမလို…။

နေရောင်ဟာ
ပူပူနွေးနွေးကြီးပဲ
စီးဆင်းသွားသလို…။

လရောင်ဟာလည်း
ဖြူဖြူဖွေးဖွေးနဲ့ပဲ
ဖျန်းပက်ထားခဲ့တယ်…။

သက်တံတစင်းမှာ
ရောင်စဉ်လွှာအထပ်ထပ်
ကန့်သတ်ချက်ကတော့ ကင်းတယ်လေ…။

• • • • •  ◘ ◘ ◘ ◘  • • • • •


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Tuesday, September 22, 2015

မျက်လှည့်ပွဲ

လေပြည်လေညှင်းကလေးတစကို
ကြည်နူးနှစ်သက်စွာ ခံစားနေရင်းနဲ့မှ
နောက်ကွယ်က ရိုင်းစိုင်းကြမ်းတမ်းလွန်းတဲ့
လေပြင်းမုန်တိုင်းတွေရန်ကို စိုးထိတ်မိနေတာ..။

လောကမှာ ဘယ်အရာမဆို မမျှော်လင့်ထားတဲ့အဖြစ်တွေသာ
ရုတ်တရက် အဖြစ်လာနိုင်ဆုံးအခြေနေတွေပဲမဟုတ်လား..။

အကောင်းဆုံးထင်နေတဲ့အရာတွေဟာ
ချက်ခြင်းလက်ငင်းအဆိုးဆုံးတွေအဖြစ်မြင်ရတဲ့အခါ
အဆိုးဆုံးလို့ ထင်မိထားခဲ့တာတွေဟာ
အကောင်းဆုံးဖြစ်ချင်လဲ ဖြစ်သွားနိုင်သေးသပ..။

လောကဟာ မျက်လှည့်စင်တခုတော့ မဟုတ်ဘူး..။

သို့သော်…
အဲဒီ သို့သော် နောက်မှာ
လောကဓံရယ် ကံကြမ္မာရယ်က
ထက်ချပ်မကွာ လိုက်ပါလာကြ
အံ့အားသင့်ဖွယ် အစွမ်းတွေနဲ့
အကျွမ်းကျင်ဆုံး ပဉ္စလက်ဆရာတွေလို
ဇာတ်ခုံတခုလုံး မှောက်လိုမှောက်
လှန်လိုလှန် ပညာစွမ်းတွေပြိုင်ဆိုင်ကြ
ရင်သပ်ရှုမောဖွယ် ပြကွက်တွေကြားမှာ
အထူးဆန်းဆုံးသော မျက်လှည့်ဆရာများပေါ့လေ..။

နောက်ဆုံးကျတော့ ပွဲကြည့်ပရိသတ်မှာ
ပါးစပ်အဟောင်းသားနဲ့သာ ကျန်ခဲ့ရတော့တယ်…။

◄ ◄ ◄ ◄ === ► ► ► ► 

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

Sunday, May 24, 2015

လေးနှစ်တာခြေရာများ

၂၄-၅-၂၀၁၁ မှာစခဲ့တဲ့ ဝါခေါင်မိုးဘလော့ဂ်လေး ဒီနေ့ ၂၄-၅-၂၀၁၅ မှာ လေးနှစ်တင်းတင်းပြည့်ခဲ့ပြီ။ 

ဒီလမ်းကလေးမှာ ကိုယ့်စိတ် ကိုယ့်သဘောနဲ့ တောက်တီးတောက်တက် လျှောက်ခဲ့ရတာကို ကိုယ့်ဟာကိုယ်တော့ ကျေနပ်နေတာပါပဲ။ တသက်စာ ခြေရာထင် ကျန်ရစ်စရာတော့ လိုမယ်မထင်လှပါဘူးလေ။ ကိုယ်လျှောက်ချင်လို့ကို လျှောက်ခဲ့တဲ့လမ်းမှာ ခြေရာက အဓိကမှမဟုတ်ပေပဲ။

ဒါဟာ ကိုယ့်ဥခွံ ကျဉ်းကျဉ်းကလေးထဲကနေ ပထမဦးဆုံး ဖွင့်လှစ်မိတဲ့ တံခါးတချပ်... ကိုယ်ဘယ်တော့မှ ပြန်ပိတ်လိမ့်မယ်မဟုတ်ဘူး။ ဒီဖွင့်ထားတဲ့ တံခါးကနေ ကိုယ့်စိတ်ကူးတွေ အလည်အပတ်ထွက်ချင်တဲ့အခါလဲ ထွက်လိမ့်မယ်။ ကိုယ်ပျင်းတဲ့အခါ ဒီတံခါးဝမှာ မျှော်ငေးလို့ တွေးချင်ရာတွေလဲ တွေးလို့ပေါ့။ ကိုယ်မအားလပ်တဲ့ အခါမတော့ ဒီတံခါးဝကနေ ခပ်ဝေးဝေးမှာ ရှိချင်လဲရှိနေမှာပဲ။ 

ဒါပေမဲ့ ဘယ်အခါမှာပဲဖြစ်ဖြစ် ကိုယ်စိတ်လိုလက်ရရှိတိုင်း ကိုယ်တိုင်ဖွင့်ခဲ့တဲ့တံခါးကနေထွက်လို့ ကိုယ်လျှောက်ချင်တဲ့လမ်းတခုကို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် လျှောက်ခွင့်ရတဲ့ကုသိုလ်လောက် ငြိမ်းချမ်းတာ လောကမှာရှိပါ့မလား။ ဒါဟာ ကြီးမားတဲ့ဆုလာဘ်ပေါ့။ ကိုယ့်အတွက်တော့ ကျေနပ်စရာပါလေ။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...