Monday, January 30, 2012

My Wish...

My Wish

If I could have just one wish,
I would wish to wake up everyday
to the sound of your breath on my neck,
the warmth of your lips on my cheek,
the touch of your fingers on my skin,
and the feel of your heart beating with mine...
Knowing that I could never find that feeling
with anyone other than you.

                                         By - Courtney Kuchta

ကိုယ့်ဆန္ဒ

ကိုယ့်ဆန္ဒအတိုင်းသာ
တောင်းဆုပန်ခွင့်ရခဲ့မယ်ဆိုရင်
ကိုယ်ဆုတစ်ခုတောင်းချင်ပါတယ် ခင်…
ကိုယ့်လည်တိုင်နားက မင်းရဲ့ တိုးဖွဖွ အသက်ရှုသံလေးရယ်…
ကိုယ့်ပါးပေါ်က မင်းနှုတ်ခမ်းအစုံရဲ့နွေးထွေးမှုလေးရယ်…
မင်းလက်ကလေးများရဲ့ နုညံ့တဲ့အထိအတွေ့ရယ်…
နောက်ပြီးတော့…
ထပ်တူကျတဲ့ ကိုယ်တို့နှစ်ဦးရဲ့ သံစဉ်ညီ ရင်ခုန်သံလေးများရယ်…
ဒီခံစားမှုတွေဟာ မင်းထံပါးကလွဲလို့
အခြားတစ်ပါးသူဆီက ဘယ်သောခါမှမရနိုင်ဆိုတာ
သိပ်သေချာလွန်းနေတဲ့ အသိတွေနဲ့
ကိုယ့်ရဲ့မနက်ခင်းတွေတိုင်းမှာ
အမြဲနိုးထခွင့် ရပါစေရယ်လို့သာ …။

(Courtney Kuchta ရဲ့ My Wish ဆိုတဲ့ ကဗျာလေးကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ အမှားအယွင်း များရှိပါက မအိမ်သူရဲ့ ဘာသာပြန်အားနည်းမှုသာလျှင်ဖြစ်ပါကြောင်း... )

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Thursday, January 26, 2012

Siem Reap မြို့အကြောင်းနှင့် ခမာပြည်က ပုံရိပ်များ

ကမ္ဘောဒီးယားမှာ မအိမ်သူတို့ လက်ရှိနေထိုင်တဲ့ မြို့ကလေးကို ဆီအမ်ရိ(ပ်)
(Siem Reap) လို့ခေါ်ပါတယ်။ ကမ္ဘာကျော် အန်ကောဝပ် (Angkor Wat)
ကျောင်းတော်ကြီး တည်ရှိတဲ့ မြို့ကလေးပါ။ ခမာလူမျိုးတွေက ဆီအမ်ရိ(ပ်)
မြို့ကလေးကို “အန်ကောခေတ်ဟောင်းသို့ ၀င်ရာလမ်း” (Gateway to the
Angkor-era) လို့ တင်စားပြောဆိုလေ့ရှိကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့
အနောက်မြောက်ဖက်ဒေသမှာ တည်ရှိတဲ့ ဆီအမ်ရိ(ပ်)နယ်ရဲ့ မြို့တော်ဖြစ်
တဲ့ ဆီအမ်ရိ(ပ်)မြို့ကလေးဟာ ပတ်ပတ်လည် စပါးခင်း လယ်ကွင်းများ
ခြံရံလို့ မြို့လယ်ကနေ ဖြတ်သန်း စီးဆင်းနေတဲ့ ဆီအမ်ရိ(ပ်) မြစ်ကြောင်း
တစ်လျှောက်မှာ တည်ရှိနေတဲ့ မြို့ငယ်လေးတစ်ခုပါ။ အရှေ့နဲ့အနောက်
ခန့်မှန်းခြေ ၄ ကီလိုမီတာကနေ ၅ ကီလိုမီတာလောက် ကျယ်ဝန်းပြီး
တောင်နဲ့မြောက်ကတော့ မြစ်ကြောင်းဘေးတစ်လျှောက် ၃ - ၄ ကီလိုမီတာ
လောက်သာရှည်လျားတဲ့ မြို့ကွက်ခပ်ကျဉ်းကျဉ်းလေးကို ပိုင်ဆိုင်ပါတယ်။
မြို့ကလေးငယ်သော်ငြားလည်း ကြယ်ငါးပွင့်အဆင့်ရှိ ကမ္ဘာပေါ်က နာမည်ကြီး
ဟိုတယ်ကြီးများ ပုဂ္ဂလိကပိုင် ဟိုတယ် မိုတယ် တည်းခိုခန်း စားသောက်ဆိုင်
အမှတ်တရပစ္စည်းအရောင်းဆိုင်များ ခရီးသွားလုပ်ငန်းများနဲ့ အဲဒီလုပ်ငန်းနဲ့
ပတ်သက်ဆက်နွယ်နေတဲ့ အခြားစီးပွားရေးနဲ့ ၀န်ဆောင်မှုလုပ်ငန်းများ
ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များနဲ့ အမြဲတမ်းလို စည်ကားနေတတ်တဲ့
ချစ်စရာ မြို့ကလေးပါ။ ပြင်သစ်ကိုလိုနီနိုင်ငံ ဖြစ်ခဲ့ဖူးတဲ့အတွက် မြို့တွင်းမှာ
အနောက်တိုင်းဆန်တဲ့ ခေတ်ဟောင်း ကိုလိုနီခေတ် အဆောက်အဦး လက်ရာ
များကိုလဲ မြို့လယ်ဧရိယာအတွင်းမှာ တွေ့နိုင်ပါတယ်။ ခေတ်ဟောင်းတရုတ်ပုံစံ
အိမ်နဲ့ဆိုင်ခန်းတွဲ အဆောက်အဦးများလဲရှိသလို ပြည်တွင်းစစ်ပြီးသွားတဲ့
နောက်ပိုင်း အခုခေတ်သစ်ရဲ့ လက်ရာ ဒီဇိုင်းဆန်းဆန်း အဆောက်အဦးများလဲ
မြို့တွင်းမှာ တစ်နေ့တစ်ခြား တိုးပွားလာနေပါတယ်။ နိုင်ငံရဲ့ အဓိကကျတဲ့
စီးပွားရေးမှာ ခရီးသွားလုပ်ငန်းတွေကရတဲ့ ၀င်ငွေများနဲ့ ပံ့ပိုးပေးနေတဲ့
ဆီအမ်ရိ(ပ်) မြို့ကလေးဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်ပင်
(Phnom Penh) ကနေဆိုရင် ၃၁၅ ကီလိုမီတာခန့် ကွာဝေးပါတယ်။
ဆီအမ်ရိ(ပ်)နဲ့ ဖနွမ်ပင်ကို လေယာဉ်နဲ့ဆိုရင် နာရီဝက် လေးဆယ့်ငါးမိနစ် 
ခရီးလောက်ပါပဲ။ ကားလမ်းကနေ သွားမယ်ဆိုရင်တော့ ပျမ်းမျှ ၅နာရီနီးပါး
လောက်မောင်းရပါတယ်။ နောက်ထပ် ခရီးစဉ်တစ်ခုကတော့ ရေကြောင်းလမ်း
ကနေ မော်တော်ဘုတ်နဲ့ နေ့ဝက်ခရီးလောက် စီးပြီးသွားလို့လဲ ရပါတယ်။ 
အရှေ့တောင်အာရှမှာအကြီးမားဆုံး ရေချိုအိုင်ကြီးဖြစ်တဲ့ တုံလီဆပ်ရေအိုင်ကြီး 
ကိုဖြတ်ပြီး တုံလီဆပ်မြစ်ကြောင်းကနေတစ်ဆင့် ဖနွမ်ပင်မြို့ကို ခရီးသည်တင်
စပိဘုတ်တွေ ပြေးဆွဲတာရှိပါတယ်။ ဘုတ်နဲ့သွားမယ်ဆိုရင် Wet Season လို့
ခေါ်တဲ့ July ကနေ March လအတွင်း တုံလီဆပ်အိုင် ရေပြည့်နေချိန်မှာသာ 
သွားကြတာများပါတယ်။ အဲဒီခရီးစဉ်ကတော့ နိုင်ငံခြားသား ကမ္ဘာလှည့်
ခရီးသွားများသာ အများဆုံး သွားလေ့ရှိကြပါတယ်။ အများစုကတော့ ကားလမ်း 
ခရီးကိုသာ အသုံးပြုပြီး သွားလာကြတာပဲ များပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ပိတ်ရက်တွေမှာ ခရီးထွက်ဖြစ်တုန်း ဆီအမ်ရိ(ပ်) ကနေ
ဖနွမ်ပင် ကားလမ်းခရီးတစ်လျှောက် မြင်ရတွေ့ရတဲ့ လမ်းဘေးဝဲယာနဲ့ ဟိုင်းဝေး 
လမ်းမပေါ်က ခမာပြည်မြင်ကွင်းတွေကို ကားပေါ်ကနေပြီး ဓါတ်ပုံတွေ အတော် 
များများ ရိုက်ယူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရိုးရိုး အပျော်တန်း ဒစ်ဂျစ်တယ် 
ကင်မရာလေးနဲ့ ရိုက်တာဆိုတော့ ကိုယ်က ကျွမ်းကျင်တဲ့ ဓါတ်ပုံသမားလဲ
မဟုတ်တဲ့အပြင် ကားသွားတဲ့အရှိန်နဲ့ရော လက်မငြိမ်တာရောပေါင်းပြီး
ပုံအတော်များများက သုံးမဖြစ်လောက်အောင် ၀ါးတားတားတွေဖြစ်နေပါတယ်။
တစ်ချို့ပုံတွေဆို ကိုယ့်ဟာကိုယ် ဘာပုံရိုက်ထားမိမှန်းတောင်မသိအောင်ပဲ။ 
အဲဒီဝါးတားတားပုံတွေထဲကပဲ နည်းနည်းပါးပါး ကြည့်လို့ရတဲ့ဓါတ်ပုံလေးတွေကို 
ခမာပြည်ရဲ့ ခရီးသွားမြင်ကွင်းလေးတွေအဖြစ်သည်းခံပြီးကြည့်ပေးကြပါနော်။း))

အခု ဒီပုံလေးတွေကတော့ ဆီအမ်ရိ(ပ်) ကနေ ဖနွမ်ပင်ကိုအသွား ဟိုင်းဝေး
လမ်းမတစ်လျှောက် မြင်ရတဲ့ ရှုခင်းများပါပဲ။ လမ်းဘေးရှုခင်းတွေ ကျေးလက်
မြင်ကွင်းတွေ ဟိုင်းဝေးလမ်းပေါ်မှာ သွားလာနေကြတဲ့ ယာဉ်တွေကို တွေ့ရာ
မြင်ရာ အကုန်ရိုက်ထားတဲ့ အထဲက သိပ်မ၀ါးပဲ ကြည့်လို့ရတဲ့ ပုံလေးတွေကို
တင်ထားပါတယ်။

မြန်မာပြည် နယ်ဖက်တွေမှာ ဆောက်တတ်ကြတဲ့ အိမ်ကလေးတွေနဲ့တူတဲ့ ခမာကျေးလက်အိမ်
ဟိုင်းဝေးလမ်းပေါ်က ထော်လာဂျီ
ဟိုင်းဝေးလမ်းဘေးက ရွာတန်းရှည်ကလေး... ရွာတိုင်း နယ်တိုင်းလိုလို အိမ်ကလေးတွေက ကြည့်လိုက်ရင် ဆင်တူလေးတွေ ဆောက်ထားတတ်ကြတယ်...
တစ်နယ်နဲ့ တစ်နယ်ကူးဖို့ လမ်းဘေးမှာ ပစ္စည်းတင် ခရီးသည်စောင့် လုပ်နေကြတဲ့ ခရီးသည်တင် လိုင်းဆွဲတဲ့ကားတွေ
ကားလမ်းနံဘေးက ရွာငယ်လေးတွေမှာ တွေ့ရတတ်တဲ့ ကျေးလက်သဘာဝ အိမ်လေးတွေ
ကားပေါ်ကမြင်ရတဲ့ ရှုမျှော်ခင်း
ခမာရွာကလေးတွေက လမ်းတစ်လျှောက် ဆက်နေတာများပါတယ်။
ဒီလိုမြင်ကွင်းလေးတွေက ခရီးသွားမှ မြင်ရတာမျိုးလေ...
ဟိုင်းဝေးလမ်းပေါ်မှာ...

ပစ္စည်း တစ်ပုံတစ်ပင်တင်ပြီး ရှေ့ကနေ သွားနေတဲ့ ဗင်ကား..

ဖြူးဖြူးဖြောင့်ဖြောင့် အဝေးပြေးလမ်းရဲ့ ရှုခင်း

လမ်းဘေးမှာ လယ်ကွင်းအတော်များများ စပါးရိတ်နေကြပါတယ်။ ဒါက စပါးခြွေလှေ့စက်ကို သယ်လာတဲ့ ထော်လာဂျီတစ်စင်း လမ်းဘေးချရပ်ပြီး စက်ဘီးနဲ့ ရွာလည်ပြီးမုန့်လိုက်ရောင်းတဲ့ အသည်ဆီက မုန့်ဝယ်စားနေကြတာ...

ကမ္ဘောဒီးယားမှာ ကြိမ်ထည်ပစ္စည်းတွေလဲ အတော်အသုံးပြုကြပါတယ်။ ကြိမ်နဲ့လုပ်ထားတဲ့ သုံးဆင့် လေးဆင့် ငါးဆင့် အရွယ်မျိုးစုံ စင်ကလေးတွေကို ထော်လာဂျီနောက်တွဲပေါ်တင်ပြီး နယ်တကာ မြို့တကာ လှည့်လည်ရောင်းချတတ်ကြပါတယ်။ အဲဒီကြိမ်ထည်ပစ္စည်းတွေ လိုက်ရောင်းတဲ့ထော်လာဂျီလေးတွေကို ဟိုင်းဝေးလမ်းဘေးမှာ တန်းစီရပ်ထားကြတာ တွေ့လို့ ရိုက်ထားတာပါ။

ဒီဟာလဲ ဟိုင်းဝေးလမ်းမပေါ်က လျှပ်တစ်ပြက် မြင်ကွင်းတစ်ခုပါပဲ။ ၀က်ကို အဲဒီလို ဆိုင်ကယ်နဲ့ သယ်တတ်ကြပါတယ်။ ဆိုင်ကယ်သမားက ဆိုင်ကယ်စီးဦးထုပ်မပါ ဘာမပါနဲ့ ရှေ့မကြည့်ပဲ ဖုန်းကို ကလိနေတာ ကြည့်ရတာ အတော် အသည်းယားဖို့ကောင်းတယ်။ ဒီလောက် ကုန်တင်ကားကြီးတွေ ခရီးသည်တင်ယာဉ်တွေနဲ့ တခြားယာဉ်မျိုးစုံ အရှိန်ပြင်းပြင်းနဲ့ ဥဒဟို ဖြတ်သန်းသွားနေတဲ့ လမ်းပေါ်မှာ အန္တရာယ်ကိုမကြောက်ပဲ အဲဒီလိုလုပ်နိုင်ကြတာကိုလဲ တကယ်အံ့သြတယ်။ မြို့ထဲမှာကတော့ ခပ်ဖြေးဖြေးပဲမောင်းကြတာဆိုတော့ ဆိုင်ကယ်တို့ စက်ဘီးတို့ကို လက်တစ်ဖက်လွှတ်စီးပြီး ဖုန်းကိုပဲ မဲလုပ်နေကြတာ ခဏခဏတွေ့နေရတာ .. မြို့လည်ကောင်မှာတော့ အဲဒီလိုမြင်ကွင်းတွေက ရိုးနေပြီ။

ကုန်ကားရယ် ဗင်ကားရယ် အပြိုင်အဆိုင်...
စက်ဘီးအသစ်လေးဝယ်ပြီး တုတ်တုတ်နဲ့ ရွာကို သယ်လာတယ်ထင်ရဲ့ ...
ကောင်းကင်ပြာပြာ အောက်က စိမ်းစိမ်းစိုစို လယ်ကွင်းတွေ... မျက်စေ့တစ်ဆုံးမှာ တောင်ပြာတန်းက အနားသတ်...
ထန်းတောစုစုလေးတွေကတော့ ကြည့်လေရာမှာ... ခမာလူမျိုးတွေက ထန်းပင်ဟာ သူတို့ရဲ့ အမျိုးသား အမွေအနှစ်ပါတဲ့ ... (National Heritage) ဆိုပြီး အရမ်းဂုဏ်ယူကြပါတယ်။ ထန်းသားနဲ့ လုပ်ထားတဲ့ ဇွန်း ယောင်းမ ရေနွေးကြမ်းအိုး ငရုတ်ဆုံ ပန်းကန်ခွက်ယောက် အသုံးအဆောင်တွေလဲ အမျိုးမျိုးရှိပါတယ်။ လက်ရာအရမ်းကောင်းပြီး ချောနေတာ မြင်တာနဲ့ လိုချင်စရာပါ။ အရမ်းလက်ရာမြောက်တဲ့အပြင် အပူအအေး ကြိုက်တာထည့်သုံးလို့ရသလို အသုံးလဲခံပါတယ်။
လမ်းတစ်လျှောက်လုံး လယ်ယာလုပ်ငန်းခွင် အတော်များများမှာ စပါးရိတ်သိမ်းချိန်မို့လို့ စပါးရိတ်နေ ခြွေနေကြတာတွေကို တွေ့ရပါတယ်။ ကောက်ရိုးတွေလဲ ပုံစံအမျိုးမျိုးနဲ့ သယ်နေကြတာ တွေ့ခဲ့ရတယ်။ တစ်ချို့လယ်တွေကတော့ ခုမှစစိုက်တဲ့ပုံနဲ့ စိမ်းစိမ်းစိုစိုတွေလဲ တွေ့ရတယ်။
ဒါကတော့ ရိတ်သိမ်းပြီးခါစ လယ်ကွင်းတွေ... ရိုးပြတ်တွေ ထိုးထိုးထောင်ထောင်နဲ့...
ဒါကတော့ မူလတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်း အ၀င်ဝ မုခ်ဦး... ခမာပြည်မှာ များသောအားဖြင့် ဘုန်းကြီးကျောင်းဝင်းတွေက အကျယ်ကြီးတွေ.. အဲဒီဝင်းထဲမှာမှ ဘုန်းတော်ကြီးကျောင်းရယ် ကလေးတွေ စာသင်ကျောင်းရယ် သုသာန်ရယ် အတူတူ ဆောက်ထားတတ်ကြတယ်။ သုသာန်က သီးသန့်ထားတာမျိုး သိပ်မတွေ့ရဘူး။ အမြဲတမ်း ဘုန်းကြီးကျောင်းဝင်းထဲမှာ တွဲလျက်ထားတတ်ကြတယ်။ ဘုန်တော်ကြီးကျောင်းရှိရင် သင်္ချိုင်းလဲတွဲလျက်ရှိတာမို့ သင်္ချိုင်းက မြို့လယ်ကောင်မှာ ဖြစ်ချင်လဲဖြစ်နေတတ်ပါတယ်။ သုသာန်နဲ့ကပ်လျက်မှာ လူနေရပ်ကွက်တွေလဲ အများကြီးပါပဲ။ သုသာန် ဘေးကပ်ပြီးတော့လဲ ဟော်တယ်တွေ စားသောက်ဆိုင်တွေ ရှိချင်ရှိနေတာပါ။ ခမာလူမျိုးတွေက အဲဒါကိုတော့ အယူသည်းတာမျိုး မရှိကြဘူး။ သင်္ချိုင်းနားကပ်နေတဲ့ စားသောက်ဆိုင်လဲ ကြိတ်ကြိတ်တိုး ရောင်းရတာပဲ။ သင်္ချိုင်းဂူတွေနား ကပ်ရက် အုတ်တံတိုင်းလေး တစ်ခုခြားပြီး တိုက်ဆောက်နေချင်လဲ နေတာပဲ။ ခိုက်တာတို့ ဘာတို့ အယူရှိကြပုံ မပေါ်ဘူး။

လမ်းဘေးက ထင်းပုံတွေရယ် သယ်မယ့်ကုန်တင်ကားရယ်... လမ်းတစ်လျှောက်မှာ အဲဒီလို ထင်းပုံတွေကိုလဲ လမ်းဘေးမှာ ဟိုနားတစ်ပုံ ဒီနားတစ်ပုံ ပုံထားတာတွေ တွေ့ခဲ့ရတယ်။

ဒါကတော့ ဟိုင်းဝေးလမ်းပေါ်မှာ အထဲမှာလဲ အပြည့်အသိပ် ဘေးနှစ်ဘက် နောက်မြီးနဲ့ ခေါင်မိုးပေါ်မှာပါမကျန် ပစ္စည်းတွေ အပြည့်တင်လာတဲ့ တုပ်တုပ်ကို အနောက်ကနေတွေ့လို့ လှမ်းရိုက်ထားတာ...

ကောက်ရိုးပုံသယ်လာတာများ ကြည့်ကြပါအုံး။ ရှေ့ကသွားနေတဲ့ အဲကွန်းဘတ်စ် အမြင့်နဲ့ ယှဉ်ကြည့်နိုင်ပါတယ်။ အဲဒီ ကောက်ရိုးပုံပေါ်မှာ လူ ၅ယောက်လဲပါသေးတယ်။ ရှေ့က ဆိုင်ကယ်မောင်းသူကတစ်ယောက်...

ဖနွမ်ပင်သွားတိုင်းမှာ ခရီးတစ်ထောက်နားတဲ့ နေရာကနေ ပြန်ထွက်ရင် ဒီတံတားလေးကို အမြဲတမ်းဖြတ်ရပါတယ်။ အဲဒီတံတားလေးကို ဖြတ်တိုင်းလဲ စိတ်ထဲမှာ မြန်မာပြည်က ပဲခူးမြို့ အ၀င်ကတံတားလေးကို အမြဲတမ်း သတိရပြီး မျက်စေ့ထဲ သွားသွားမြင်မိတယ်။
ဖနွမ်ပင် မရောက်ခင် လမ်းမှာ အုတ်နီခဲ ထုတ်လုပ်တဲ့ စက်ရုံတွေ တန်းစီပြီးရှိပါတယ်။

အုတ်နီခဲလုပ်မဲ့ မြေကြီးတွေကို စက်ရုံရှေ့ တွေမှာ ဒီလိုပဲ ပုံထားတတ်ကြတယ်။

မြေကြီးပုံရှေ့က ပလတ်စတစ်အုပ်ထားတဲ့ အတန်းတွေက အုတ်နီခဲတွေ ပုံသွင်းထားတာပါ။

လုပ်ရင်းကိုင်ရင်း ကျိုးပဲ့သွားတဲ့ အုတ်နီခဲ အကျိုးအကြေ ပုံတွေရယ်...အုတ်နီခဲဖုတ်ဖို့ ထင်းပုံရယ်...

ဒီမှာလဲ ပုံသွင်းထားတာ အများကြီးပဲ... ပြီးမှ စက်ရုံထဲမှာ ထင်းမီးနဲ့ ဖုတ်ကြတယ်။

ဒီစက်ရုံကတော့ ခေါင်းတိုင်က မီးခိုးတစ်လူလူနဲ့ အုတ်ခဲဖုတ်နေတယ်ထင်ပါရဲ့ ...

ဒါလဲ နယ်မြို့လေးတစ်ခုက ဘုန်းတော်ကြီးကျောင်း အ၀င်ဝ မုခ်ဦးတစ်ခုပါ။

ဒါကတော့ စီးသွားတဲ့ Bus ရဲ့ အတွင်းပိုင်းမြင်ကွင်း..

ဖနွမ်ပင်မြို့ကို အ၀င် မဲခေါင်မြစ်ဖြတ်တံတားပေါ်ကနေ လှမ်းမြင်ရတဲ့ မဲခေါင်မြစ်ကြီးရဲ့ ရှုခင်း

ကဲ.. ဖနွမ်ပင်က Bus Station ကို ၀င်ပြီမို့ ခရီးစဉ်ပြီးဆုံးပါပြီ။း)
 အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, January 13, 2012

ချစ်ခြင်းတရားနဲ့ လျှောက်မယ့်လမ်း


ဟိုး … … အရှေ့မှာ
ရောင်နီလာနေပြီ ချစ်သူရေ…
အမှောင်တွေ ကွယ်ပျောက်လို့
အလင်းနယ်ထဲ ရောက်တော့မယ်။

ကဲ… လာ.. ထ..
တို့တွေ သွားကြစို့ရဲ့..
တို့သွားရမယ့် ခရီးကို စ ဖို့သင့်ပြီလေ…။

ဟိုအရှေ့ဆီက
အရုဏ်ဦးရောင်ခြည်တွေဖြာကျ
မှိန်ပြပြ အလင်းတန်းဟာ တစ်စတစ်စနဲ့
တဖြည်းဖြည်းတောက်ပလာနေပြီ ချစ်သူ…။

နံနက်ခင်းရဲ့ နေခြည်အောက်မှာ
တို့တွေလျှောက်ရမယ့် ခရီးလမ်းဟာ
ကြမ်းချင်လဲ ကြမ်းလိမ့်မယ်…။
ပန်းချင်လဲ ပန်းလိမ့်မယ်…။
နွမ်းချင်လဲ နွမ်းလိမ့်မယ်…။

ဒီခရီးကြမ်း ခရောင်းလမ်းကို
တို့တတွေ အတူတစ်ကွ
လက်တွဲကာ လျှောက်လှမ်းကြမယ်ဆိုရင်… …

ချစ်သူရေ…
တို့ရဲ့ ချစ်ခြင်းတွေ
မပျက်ယွင်းစေနဲ့…
တို့ရဲ့ နှလုံးသားတွေ
အမုန်းမပွားစေနဲ့…
တို့ရဲ့ ယုံကြည်ချက်တွေ
မပျောက်ပျက်စေနဲ့…
တို့ရဲ့ ပန်းတိုင်ကို
မယိုင်လဲစေနဲ့…
တို့ရဲ့ ခြေလှမ်းတွေ
နောက်ပြန်မဆုတ်ကြေး…
တို့ရဲ့ စိတ်ဓါတ်တွေ
မပျော့ညံ့ကြေးပေါ့…။

တို့တွေရဲ့ အမှား
အတိတ်မှာ ထားခဲ့ကြစို့ရဲ့…
တို့တွေရဲ့ အကြား
အာဃာတ တရားတွေ
ဖျောက်ကြစို့ကွဲ့…
တို့နှစ်ဦးကြားက
ခိုင်မြဲစွာဆုပ်ထားတဲ့လက်တွေ
မပြေလျော့ပါစေနဲ့ ချစ်သူ…။

တို့သွားမယ့် ခရီးကြမ်း
ဆူးအတိ လွှမ်းထားလဲ
မေတ္တာတရားနဲ့ ကျော်ကာဖြတ်
ရှေ့ကိုဆက်ပြီး လှမ်းကြမယ်…။

အားနဲ့ မာန်နဲ့
လှမ်းသွားရမယ့် ဒီခရီးမှာ
အပြစ်ဖွဲ့စကားတွေ မဆိုပါနဲ့လား ချစ်သူ…
နားလည်ခြင်းများနဲ့ ဖေးကူမ
ချစ်ခြင်းတွေ ညီတူမျှလို့
ကြည်ဖြူစွာ လျှောက်ကြမယ့်လမ်း
အန္တရာယ် ဘယ်လိုပြွမ်းစေတော့
အားမလျှော့စမ်းနဲ့ ချစ်သူ
ပန်းတိုင်ကို တူတူရောက်နိုင်ဖို့…
ချစ်သူရေ…
တို့ဆက်လျှောက်မယ့် လမ်းတွေကို
ချစ်ခြင်းတရားတွေနဲ့ လှမ်းကြစို့လားကွယ်…။

< < < < < ~ ~ ~ > > > > >
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(Friday, 13 January 2012 မှာ အမှတ်တရ ရေးဖြစ်သော ကဗျာ...
ရှေ့ဆက်ရမယ့်လမ်းတွေကို ချစ်ခြင်းတရားတွေနဲ့ ဆက်လှမ်းနိုင်ကြပါစေရှင်...။)

Friday, January 6, 2012

စီမံချက်ပြုတ် အိမ်ရှင်မအလုပ်


မအိမ်သူတို့လို အိမ်ရှင်မတွေအဖို့မှာ တစ်နေ့တစ်နေ့ ကိုယ့်အိမ်သား 
လျှာရင်းမြက်စေဖို့၊ ကိုယ့်သားသမီးတွေ ခံတွင်းတွေ့ကြစေဖို့ ဆိုပြီး
မီးဖိုချောင်ထဲ တစ်နေ့တစ်မျိုး မရိုးရအောင် ဟင်းအမယ်တွေကို အမျိုးမျိုး
အဖုံဖုံ စီမံ ကြော်လှော် ချက်ပြုတ်ကြရတာ မမောနိုင် မပန်းနိုင်လောက် 
အောင်ပါပဲ။ မီးဖိုချောင်အလုပ်ဆိုတာကလည်း တစ်နေ့အလုပ် မဟုတ် 
လေတော့ နေ့စဉ်ချက်ရမယ့် ဟင်းလျာတွေကို အစပ်အဟပ်တည့်ပြီး 
စားမြိန်အောင် ခံတွင်းလိုက်အောင် ချက်ရတဲ့အပြင် ဟင်းအမယ်တွေနဲ့
လိုက်ဖက်တဲ့  ဟင်းရံ အတွဲအစပ်လေးများကို တစ်နေ့နဲ့တစ်နေ့ မထပ်
ရလေအောင်စဉ်းစားရတာကလဲ အိမ်ရှင်မတွေအတွက်တော့အတော်ကို
ခေါင်းစားရတဲ့အလုပ်ပါ။ လူဆိုတာကလည်း ကိုယ်အရမ်းကြိုက်ပါတယ် 
ဆိုတဲ့ ဟင်းကိုတောင် တစ်ရက်ကနှစ်ရက် ဆက်တိုက်စားလာရပြီဆိုရင် 
ငြီးငွေ့လာတတ်ကြတာမျိုး ဆိုတော့ ဟင်းအမယ် တူနေခဲ့ရင်တောင် 
အပြောင်းအလွဲလေးတွေ ဖြစ်အောင် ချက်ပြုတ်ကြရပါတယ်။ 
ကိုယ့်အိမ်သားက ဒီဟင်းလေးကြိုက်တယ်ဆိုတိုင်း အပြောင်းအလဲမရှိ 
ဒီပုံစံဒီချက်နည်းအတိုင်းချည်းပဲ အဲဒီဟင်းကို တစ်ပတ် သုံး လေးကြိမ်
လောက်ချက်ကျွေးနေပြန်ရင်လဲ ကြာလာရင် “ရွှေချဉ်ပေါင်တုံးကာမှ” 
အဖြစ်မျိုးဆိုက်မှာကိုလည်း စိုးရိမ်ရသေးမဟုတ်လား။ 
ချဉ်ပေါင်ဟင်းချင်း တူနေခဲ့ရင်တောင် ဒီနေ့တော့ ဟင်းရည်ကျဲကလေး
နောက်နေ့တော့ ပုဇွန်ဆိတ်လေးနဲ့ ကြော်ချက်လေး နောက်တစ်ခါတော့ 
မျှစ်ကလေးနဲ့ရောပြီး ခပ်စပ်စပ်လေးကြော် နောက်ရက်ကျပြန်တော့ 
ချဉ်ပေါင်ရွက်နဲ့ ငါးနဲ့ချက် အဲဒီလိုလေးတွေ ဆိုရင် ကြိုက်တတ်လို့ ချဉ်ပေါင်ဟင်းချည့်ပဲ နေ့တိုင်းစားအုံးတောင်မှ တစ်ရက်နဲ့တစ်ရက် 
အရသာ မတူစေပဲ အပြောင်းအလွဲလေးတွေနဲ့မို့ ဟင်းလေးတွေ 
မထပ်နိုင်တော့ဘူးပေါ့နော်။
နောက်တစ်ခုကတော့ ထမင်းပွဲမှာစားမြိန်စေဖို့ဆိုတာ အဓိကဟင်းအပြင်
ဟင်းအရံတွေရဲ့ အတွဲအစပ်ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ 
ပါဝင်ပါသေးတယ်။ ထမင်းပွဲမှာ အသားဟင်း ငါးဟင်းတွေချည့်ရယ်မှ 
ဟင်းကောင်းတာ ထမင်းမြိန်တာ မဟုတ်ပါဘူး။ ဟင်းမကောင်းသော်ငြား 
လိုက်ဖက်တဲ့ အတွဲအစပ်လေးတွေနဲ့ ဟင်းဖက်လေးတွေ အစပ်အဟပ်
တည့်သွားရင် ဘာမဟုတ်တဲ့ ဟင်းကလေးတွေကလည်း အင်မတန် 
စားမြိန်တဲ့ ထမင်းပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ကြက်သားဟင်း ငါးဟင်း 
ပုဇွန်ထုပ်ဆီပြန် အမဲကြော် ဘဲပေါင်း ဆယ့်နှစ်မျိုးဟင်းချို ငါးဖယ်သုပ် 
ဆိုတာမျိုး ဟင်းကောင်းတွေချည့် စုပုံနေတဲ့ ထမင်းပွဲကြီးတွေမှာ 
ဟင်းတွေကောင်းပါရဲ့နဲ့ ထင်သလောက် သိပ်စားလို့ မမြိန်ကြတာမျိုးကို 
တစ်ခါတစ်ရံ ကြုံဖူးကြပါလိမ့်မယ်။ ဥပမာပြောပြရရင် အဲဒီလို ထမင်းပွဲ
မျိုးထက် ပုဇွန်ဆိတ်လေးတွေကို အခွံမချွတ်ပဲ ဆီပြန်ချက်လေးရယ်၊ 
မျှစ်ကြော်ကလေးရယ်၊ ငါးပိထောင်းလေးကို သံပုရာရည်လေး 
ညှစ်ပြီးတော့ ငရုပ်ကောင်းနံ့ မွှေးမွှေးလေးနဲ့ ဟင်းခါးရည်ပူပူလေးကို 
တရှူးရှူး မှုတ်သောက်ပြီး စားရတဲ့ ထမင်းပွဲအရသာက ဟင်းစပ်ကလေး
တည့်လို့ ပိုပြီး စားမြိန်တတ်ကြပါတယ်။ မြန်မာထမင်းဟင်းရဲ့သဘာဝ
ကလဲ ဟင်းကလေးတွေ အစပ်အဟပ်တည့်စွာ စုံစုံလင်လင် မြိုင်မြိုင်
ဆိုင်ဆိုင်နဲ့ဆိုမှ စားမြိန်တာဟာ ထူးခြားချက်တစ်ခုလို့ ပြောနိုင်လိမ့်မယ်
ထင်ပါတယ်။ ဒါကြောင့်လဲ မြန်မာလူမျိုးမှန်ရင် ဟင်းတစ်မျိုးမျိုးကို
တွေ့လိုက်တာနဲ့ “ဟယ်.. ဒီဟာလေးနဲ့ ဒါလေးနဲ့ တွဲစားလိုက်ရရင်တော့ 
အရမ်းကောင်းမှာပဲ” ဆိုတာမျိုး လူတိုင်းစဉ်းစားတတ်ကြပါတယ်။ 
ချဉ်ပေါင်ကြော်လေးမြင်ရင် ငါးပိထောင်းလေးကို တမ်းတတယ်။ 
ဟင်းခါးလေးနဲ့ဆို ရှောက်သီးကလေး သုပ်စားချင်တယ်။ 
ချဉ်ရည်ဟင်းနဲ့ ငါးပိကြော်လေးဆို သိပ်ကောင်းမှာ ဆိုတာမျိုး မြန်မာပီပီ 
အစားစားတော့မယ်ဆိုရင် အဲဒီလို လိုက်ဖက်တဲ့ အရာလေးတွေကို 
အမြဲတမ်း ယှဉ်တွဲပြီးမြင်တတ်ကြတာ သဘာဝလို ဖြစ်နေပါပြီ။ 
ဒါပေမယ့်လဲ အိမ်ရှင်မ တစ်ယောက်အနေနဲ့ နေ့စဉ်နဲ့အမျှ မီးဖိုချောင်မှာ
တစ်နေ့တစ်မျိုး ဟင်းတွေကို မရိုးအောင် မထပ်အောင် စီမံချက်ပြုတ်
နေရတဲ့ အခါမှာတော့ ဒီနေ့ဘာချက်ရပါ့ဆိုပြီး ခေါင်းခြောက်အောင် 
စဉ်းစားရတဲ့ အခါမျိုးတွေက ပိုများနေတတ်ကြတာ အိမ်ရှင်မတိုင်းရဲ့ 
သဘာဝပါပဲ။ ထမင်းဟင်းချက်တယ် ဆိုတာလည်း ပြောတော့သာ
လွယ်တာပါ။ တကယ်တန်း နိစ္စဓူဝ မီးဖိုချောင်ထဲ ဟင်းအမယ်တွေ
မထပ်အောင် စဉ်းစားပြီး ချက်ရတဲ့အခါမှာတော့ အင်မတန်ကို
ဦးနှောက်ခြောက်ရပါတယ်။ ကိုယ်တပင်တပန်း ချက်ပြုတ်ထားတဲ့ 
ထမင်းဟင်းကို ကိုယ့်မိသားစု စားမြိန်ကြတယ်ဆိုရင် အိမ်ရှင်မတွေအဖို့ 
အမောပြေရတာပေါ့ရှင်။ ကိုယ်ချက်ထားပြီးမှ သိပ်စားမကောင်းဘူးလို့ 
ထင်ရတဲ့ဟင်းမျိုးဆို စိတ်ထဲတနုံ့နုံ့နဲ့ စိတ်မကောင်းတွေဖြစ်လို့…
ကောင်းနိုးရာရာ ဟင်းချက်နည်း အသစ်အဆန်းကလေးများကို
တွေ့ရင်လည်း စမ်းသပ်ချက်ကြည့်လို့ စားကောင်းတယ် အိမ်မှာ အားလုံးကကြိုက်ကြတယ်ဆိုရင် နောက်ကိုချက်စရာ ဟင်းအမယ်
တစ်မျိုး တိုးလာပြီဟဲ့ဆိုပြီး ၀မ်းတွေသာလို့… 
ဒီလိုခံစားချက်လေးတွေနဲ့ပဲ မအိမ်သူတို့တွေ မီးဖိုချောင်ကိုပိုင်စိုးသော အိမ်ရှင်မဖြစ်နေရတာကို ကျေနပ်ပီတိဖြစ်နေကြရတာကိုး… 
အဲဒီလို အိမ်ရှင်မတစ်ယောက်ရဲ့ ပီတိလေးတွေကို ခံစားဖို့အတွက် 
မအိမ်သူတစ်ယောက် မီးဖိုချောင်မှာ အားထုတ်ထားရသော ထမင်းပွဲ ဟင်းပွဲလေးတွေကို မြည်းစမ်းကြည့်ကြဖို့ ဓါတ်ပုံလေးတွေနဲ့ အတူ 
မျှဝေလိုက်ပါတယ်။ ကြိုက်နှစ်သက်ရာ ဟင်းပွဲကို ရွေးပြီး အားပါးတရ 
တ၀သာစားသွားကြပါနော်…း))

ကြက်သားဟင်း၊ ချဉ်ပေါင်နဲ့မျှစ်ကြော်၊ ပဲဟင်းချို၊ အညာငရုတ်သီးထောင်းနဲ့ သခွားသီးတို့စရာ
 
မုန်လာဥချဉ်ရည်၊ ပန်းဂေါ်ဖီနဲ့ဘဲဥကြော်၊ ငါးဘတ်ဆီပြန်၊ ငါးပိရည်ကျိုနဲ့ တို့စရာအစုံ
 
ငါးခူကင်ကို အသားထွင်ပြီးချက်ထားတဲ့ ကြာရိုးဟင်းခါး၊ ငါးဖယ်သုပ်၊ ထိုင်ဝမ်မုန်ညင်း ငရုပ်ပွအနီနဲ့ မှိုခြောက်ကို ခရုဆီနဲ့ အစိမ်းကြော်၊ ကြက်ဥအောမလက်ကြော်
 
ငါးရံ့ကြော်၊ ဖရုံပွင့်နဲ့ ဖရုံညွန့်ကို အရေစပ်စပ်လေးနဲ့ ကြော်ချက်လေးချက်၊ ခရမ်းချဉ်သီး ငါးပိချက်နဲ့ သခွားသီးတို့စရာ
 
မုန်ညင်းချဉ်ဟင်းချို၊ ကြက်သားကုန်းဘောင်ကြော်၊ မုန်လာဥနီလေးခြစ် သခွားသီးကို အူတိုင်ထုတ် ပါးပါးလှီးပြီး ပဲမှုန့် ဆီချက် သံပုရာရည်လေးနဲနဲညှစ်ပြီး နှမ်းနက်ကလေးတွေနဲ့သုပ်၊ ကန်ဇွန်းရွက်ကြော်
 
ဒန့်သလွန်သီး ခရမ်းသီး ဗူးသီး ပဲတောင့်ရှည် တို့နဲ့ သီးစုံချဉ်ရည်၊ ဘဲဥ အာလူး ငါးခြောက် ဆီပြန်ချက်၊ အညာငရုတ်သီးထောင်းမွှေးမွှေးလေး
 
ငါးနုသန်းကျပ်တင်ခြောက် (ငါးကျည်းကျပ်တင်လိုပဲမွှေးမွှေးလေး) အသားထွင်ထားတာကို ဗူးသီးနဲ့ ခရမ်းချဉ်သီးနဲ့ လုံးချက်လေးချက်၊ ကြက်ဥခေါက်ကြော်၊ ငါးရံ့ခြောက်ဖုတ်ဆီဆမ်း၊ မုန်ညင်းရွက်ချဉ်ရည်ဟင်း၊ ငါးပိရည်ဖျော်နဲ့ တို့စရာအစုံ
 
ကြက်ဥခေါက်ကြော်၊ သရက်သီးစိမ်း ငါးပိထောင်း၊ ဗုံလုံသီးနဲ့ ပုဇွန်နှပ်၊ ဗူးသီးဟင်းခါး
 
ပဲဟင်း၊ ခရမ်းသီးနှပ်၊ အမဲခြောက်ဖုတ်ဆီဆမ်း၊ ငါးရံ့ခြောက်ဖုတ်ဆီဆမ်း၊ မန်ကျည်းသီးစိမ်း ငါးပိထောင်း
 
ခရမ်းချဉ်သီးအနှစ်များများနဲ့ ဘဲဥဟင်း၊ အစိမ်းကြော်၊ ပဲဟင်းချို၊ ပုန်းရည်ကြီးသုပ်နဲ့ ဘာလချောင်ကြော်
 
ကန်ဇွန်းရွက်ချဉ်ရည်ဟင်း၊ ပုဇွန်ကြော်၊ ငါးပိရည်ကျို တို့စရာ
 
ဗူးသီးဟင်းခါး၊ ပုဇွန်ဆိတ်လေးတွေနဲ့ မျှစ်ချဉ်ဟင်း၊ ဘဲဥခေါက်ကြော်၊ ငရုပ်သီးခြောက်ကို မွှေးနေအောင်ကြော်ပြီး ငါးပိစိမ်းစားမီးဖုတ်နဲ့ ပုဇွန်ခြောက်မှုန့် ကြက်သွန်ဖြူတို့ရောထောင်းထားတဲ့ ငါးပိထောင်းမွှေးမွှေးလေး (မျှစ်ချဉ်ဟင်းနဲ့ အရမ်းလိုက်တယ်။ အနံ့ရတာနဲ့ကို စားချင်စရာ)
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Sunday, January 1, 2012

ဆယ့်တစ် - ဆယ့်နှစ်

ခွဲခွာရတော့မယ့်အချိန်တွေက တစတစနဲ့ နီးလို့လာနေပြီ…
တချက်ချက်မြည်နေတဲ့ နာရီသံတွေက ရင်ခုန်သံတွေကို ဆူညံလာစေခဲ့သလား…
သွားလိုက်တော့ကွယ်… ဘယ်တော့မှ ပြန်မဆုံနိုင်တော့တာ သေချာပြီးသားလေ…
ဖြတ်သန်းခဲ့တဲ့ အချိန်တွေတိုင်းကိုတော့ သတိရနေခဲ့မှာ အသေအချာပါပဲ…
ထာဝရခွဲခွာခြင်းအတွက် နှုတ်ဆက်လိုက်ပါတယ်…  
သွားလိုက်တော့ နှစ်ဟောင်းရေ…
အကောင်းအဆိုးတွေနဲ့ ရှောင်လွဲမရခဲ့တဲ့ အဖြစ်အပျက်တွေကြားမှာ…
ကြေကွဲစရာ၊ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာ၊ တမ်းတစရာတွေ တင်းကြမ်းနဲ့…
ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ မထူးခြားတဲ့ အကြောင်းအရာတွေ…
နှစ်တစ်နှစ်အတွင်းက အဖြစ်သနစ် အချင်းအရာတွေ …
အားလုံး… အားလုံးကို…
အခုတော့ နှုတ်ဆက်လိုက်ပြီ နှစ်ထောင့်ဆယ့်တစ်ရေ… သွားတော့ကွယ်…
အမှတ်ရစရာ နှစ်တစ်နှစ်အဖြစ် ထားရစ်ခဲ့တော့…

နှစ်ထောင့်ဆယ့်တစ်ဟာ…
နှစ်ထောင့်ဆယ့်နှစ်ကို ကမ္ဘာသူကမ္ဘာသားတွေလက်ကိုအပ်လို့…
လက်ပြနှုတ်ဆက်ရင်း ခွဲခွာသွားခဲ့ပြီ…။

တရွေ့ရွေ့နီးကပ်လာနေတဲ့ အချိန်တွေ…
နှစ်သစ်တစ်ခုကို ရင်ခုန်စွာနဲ့ ကြိုရတော့မယ်…
နှစ်ထောင့်ဆယ့်နှစ်ရေ ၀င်လာခဲ့ပါကွယ်…
လှိုက်လှဲစွာနဲ့ ကြိုဆိုပါတယ်…
ကောင်းမြတ်ခြင်းတွေ မင်္ဂလာတရားတွေကို မင်းသယ်ဆောင်လာခဲ့ပေါ့…
မေတ္တာတရားနဲ့ ငြိမ်းချမ်းမှုတွေကို မင်းဆီမှာမြင်ခွင့်ရပါရစေကွယ်…
ခွင့်လွှတ်နားလည်မှုတွေနဲ့ စာနာထောက်ထားမှုတွေလဲ တစ်ပါတည်း ယူလာစေ့ချင်ရဲ့…
ဝေးကွာခြင်းတွေ ပြန်လည်ပေါင်းစည်းကြပါရစေ…
လွဲမှားခြင်းတွေ အမှန်တရားနဲ့ ဆုံတွေ့နိုင်ကြပါစေ…
ဝမ်းနည်းဖွယ်ရာတွေ ဖယ်ထားခဲ့ပြီး…
ကြေကွဲခြင်းတွေလဲ ဝေးဝေးမှာနေပါစေကွယ်…
ပျော်ရွှင်ခြင်း ၀မ်းမြောက်ခြင်းတွေကို ဆောင်ယူခဲ့လေ…
ချစ်ခြင်းတရားနဲ့အတူ ကြည်နူးခြင်းတွေကို ဝေမျှခံစားကြမယ်ကွယ်…
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို နှစ်ထောင့်ဆယ့်နှစ် ဆိုတဲ့နှစ်သစ်မှာ …
တို့လူသားတွေ အားလုံးလက်တွဲ ပုံဖေါ်ကြမယ်လေ…။ 


မင်္ဂလာပါ နှစ်သစ်ရေ…
နှစ်ထောင့်ဆယ့်နှစ်ဟာ အေးချမ်းတဲ့နှစ်…
ကျက်သရေ မင်္ဂလာရှိတဲ့နှစ်…
ချမ်းမြေ့ခြင်းတွေနဲ့ သာယာဝပြောတဲ့နှစ်…
ကောင်းမြတ်သော မင်္ဂလာတွေနဲ့
ငြိမ်းချမ်းသာယာတဲ့နှစ်တစ်နှစ် ဖြစ်ပါစေကွယ်…။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(အားလုံးပဲ Happy New Year ပါရှင်။ နှစ်သစ်မှာ ကျန်းမာရွှင်လန်းစွာနဲ့ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။)

Saturday, December 17, 2011

ဒီဇင်ဘာ

ဒီဇင်ဘာတွေ မကြာခဏရောက်ရောက်လာတယ်။
မကြာမကြာ ရောက်လာတတ်တဲ့ ဒီဇင်ဘာက
နှလုံးသားတွေကို လှုပ်နှိုးတယ်။
သဆုံးခြင်းနဲ့ အသစ်တစ်ဖန်မွေးဖွားခြင်းကြားမှာ ဒီဇင်ဘာ ရှိတယ်။
ဟောင်းနွမ်းခြင်းနဲ့ သစ်လွင်မှုကြားမှာ ဒီဇင်ဘာ ရှိတယ်။
ခွဲခွာခြင်းနဲ့ တွေ့ဆုံခြင်းရဲ့ကြားမှာ ဒီဇင်ဘာ ရှိတယ်။
ထွက်ခွာခြင်းနဲ့ ဆိုက်ရောက်ခြင်းကြားမှာ ဒီဇင်ဘာ ရှိတယ်။
ပြောင်းလဲခြင်းတွေ ကြားထဲက မပြောင်းလဲတဲ့ ဒီဇင်ဘာ...
ဒီဇင်ဘာ နဲ့အတူ နှုတ်ဆက်ဖို့...
ဒီဇင်ဘာ နဲ့အတူ လွမ်းဆွတ်ဖို့...
ဒီဇင်ဘာ နဲ့အတူ နေ့သစ်တွေကို ကြိုဆိုဖို့...
ဒီဇင်ဘာဟာ လက်တစ်စုံကို ပိုင်ဆိုင်ထားတယ်။
တရွေ့ရွေ့ ကျောခိုင်းနေတဲ့ ခွဲခွာခြင်းအတွက်
လက်တစ်ဖက်က လက်ပြနှုတ်ဆက်နေဆဲ...
ဝမ်းနည်းခြင်းတွေ ဖြေသာစေဖို့...
သစ်လွင်မှုတွေထဲမှာ အသားကျဖို့
အခြားလက်တစ်ဖက်က ဖေးမတွဲခေါ်လို့...
ဒီဇင်ဘာဟာ သူ့တာဝန်တွေကိုထမ်းဆောင်ဖို့
မကြာခဏ ရောက်လို့လာတတ်တယ်....။      

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Tuesday, December 6, 2011

လွမ်းလို့ဖွဲ့တဲ့စာ

နေစိမ့်လို့ရယ်တော့လည်း မဟုတ်ရပါဘူး...
လွမ်းဖူးတဲ့သူချင်းတော့ သိမှာပါကွယ်
ပြုံးရယ်နေတိုင်း ပျော်နေမယ်ထင်ရင်ဖြင့်
ရင်ထဲနင့်နေတဲ့ အလွမ်းတွေကို
လူပုံအလယ် ချပြမှ လွမ်းတတ်တယ်လို့ ဆိုရမှာလား....။

ပျော်ရာကို လွမ်းနေရင်းနဲ့ပဲ
 တော်ရာမှာ ပျော်အောင်နေတတ်တဲ့ကိုယ်
မငိုတတ်တိုင်း ခံစားချက်မဲ့တာ မဟုတ်ဘူးလေ...
 မျက်ရည်တွေကို သိုဝှက်ထားခဲ့တာ
အကြောင်းမဲ့တော့ မဟုတ်ရပါဘူး...
ရင်ထဲကအလွမ်းတစ်စကြောင့်
ဖြစ်လာရတဲ့သောကစိတ်တွေကို 
မဝေမျှလိုခြင်း သက်သက်ရယ်ပါ...။

ရင်ထဲက ဝေဒနာကို မကြေငြာတတ်သူမို့
လှစ်ဟမပြခဲ့တဲ့ အသည်းကို မာလွန်းတယ်လို့ ထင်ချင်ကြလဲ
ကိုယ်ပြုံးနေခဲ့မှာပဲလေ....
အလွမ်းတွေကို နှလုံးသားထဲ တိတ်တဆိတ် ပုံထားရင်းနဲ့ပေါ့...
အများအမြင်မှာတော့ ကိုယ်ဟာ ခံစားချက်မဲ့စွာနဲ့
ဥပေက္ခာဖွဲ့ နေနိုင်လွန်းသူပါ...။

ပျော်ရာကိုမှန်းလို့ လွမ်းနေရင်း
မျက်ဝန်းမှာခိုတွဲလာတဲ့မျက်ရည်စကို
မျက်လွှာနှစ်စ အသာချလို့
နှုတ်ခမ်းဖျားက အပြုံးတစ်စနဲ့ 
အစားထိုး ခြွေချခဲ့ရတဲ့နေ့ရက်တွေ...
တော်ရာမှာ နေသာသလို နေနေရတဲ့အဖြစ်
ရင်ထဲမှာတော့ တစစ်စစ်နဲ့ လွမ်းနေခဲ့တာ...
ကိုယ်တိုင်ထက် ဘယ်သူကများ သိနိုင်အုံးမှာလဲ...။        ။


 

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...