Friday, September 23, 2011

ချစ်သောအမေ့အတွက်...


နေထွက်ချိန် အမေ့ရဲ့အလှ
အို..အမေ
အမေ့ရဲ့မေတ္တာရေနဲ့
သားသမီးတို့ဘဝ
ရှင်သန်ခဲ့ရတယ်အမေ…။
အမေ့ရဲ့ရင်ငွေ့ကိုခြုံ
ခိုလှုံခွင့်ရခဲ့ကြလို့
သားတို့သမီးတို့
အရာရာပြည့်စုံခဲ့ကြတယ်အမေ…။
အမေ့ရဲ့အစွမ်းနဲ့
သားသမီးတွေမှာ
ဝမ်းဝလို့ခါးလှခဲ့ကြတယ်အမေ…။
အမေ့ရဲ့ကျေးဇူးတရား
သားသမီးများအတွက်
ကြီးမားလွန်းလှတယ်အမေ…။
အမေဟာ…
သားသမီးတို့ရဲ့ခိုကိုးရာ
မြတ်နိုးစရာကောင်းတဲ့မိခင်..
ခမ်းနားတဲ့ရာဇ၀င်တွေနဲ့
တန်ဖိုးဖြတ်မရတဲ့
သမိုင်းကြောင်းအလှတွေကို
ပိုင်ဆိုင်ထားတဲ့အမေအတွက်
သားသမီးတွေမှာ ဂုဏ်တက်ခဲ့ရတယ်အမေ…။
အခုအမေ့ကိုလေ…
သားသမီးတွေလက်လွတ်ဆုံးရှုံးရတော့မယ်။
အမေ့ကို…
သွေးမတော် သားမစပ်သူတွေလက်
ဝကွက်လို့အပ်လိုက်ရတော့မယ်။
အမေဟာ…
မကြာခင်အချိန်အတွင်းမှာ
အဆင့်ဆင့်ထိန်းချုပ်မှုတွေအောက်
အသက်ပျောက်ရတော့မယ်။
ထားမသွားပါနဲ့အမေ…
သားသမီးတွေရဲ့ဘ၀များ
အမိမဲ့သား ရေနည်းငါးလိုအဖြစ်မျိုးနဲ့
ခိုကိုးရာမဲ့ကြရတော့မှာလားအမေ…။
အမေ့ကို…
မဆုံးရှုံးပါရစေနဲ့အမေ…
ညှိုးချုံးတဲ့ဘ၀တွေနဲ့
သားသမီးတွေမှာ
ရင်ခွင်မမဲ့ပါရစေနဲ့အမေ…။
အမေခွဲခွာသွားမယ့်နေ့ရက်တွေကို
သားသမီးတွေလက်ချိုးရေတွက်လို့
စောင့်နေရမယ်တဲ့လား…
မဖြစ်နိုင်ပါဘူးအမေ…
အမေ့ကိုနှိပ်စက်ကြမယ့်
သူစိမ်းများရဲ့လက်က
အမေလွတ်မြောက်ရအောင်
သားသမီးတွေရဲ့မျက်ရည်စက်
နှလုံးသွေးတွေနဲ့စက်လို့
ကယ်တင်ကြမယ်အမေ…။
အမေကျန်းမာပါစေ…
      အမေအသက်ရှည်ပါစေ…
             သားသမီးတွေအတွက်
                    မျိုးဆက်သစ်တွေအတွက်
             ရှေ့ဆက်ရမယ့်ရာဇ၀င်သစ်တွေ
      ဆက်လက်ပြီးလှပစေဖို့အတွက်..        
အမေ့ရဲ့ နေ့ရက်တွေ
ဆက်လက်ရှင်သန်ပါစေအုံးအမေ…။
အမေ့ရဲ့ နှလုံးသွေးတွေ
ဆက်လက်စီးဆင်းပါစေအုံးအမေ…။
အမေ့ရဲ့ အနာဂတ်များ
ဆက်လက်လှပပါစေအုံးအမေ…။
~ ~ ~ @ @ @ ~ ~ ~
အမေ့ရင်ခွင်ထဲက တံငါလှေများ

ပျော်ပါးနေကြတဲ့ လင်းပိုင်လေးတွေ

ကံဆိုးရှာတဲ့လင်းပိုင်လေး
(ကြီးမားလွန်းတဲ့ အရင်းအနှီးအတွက် ချွေးသိပ်ပေးတဲ့ ဆင့်ပါးစပ်နှမ်းပက် 
သလောက် ရလာဒ်ကလေးကို တွေးကြည့်ရုံနဲ့တင် ရင်နာစရာအဖြစ်ပါ။ 
အကောင်းအဆိုး အကျိုးအပြစ်တွေကို ချိန်ဆလို့ အရင်းအနှီးနဲ့ အကျိုးအမြတ်
ရလာဒ်တွေ တူနေခဲ့ရင်တောင် မလုပ်သင့်တဲ့ အဖြစ်မို့ မနှောင်းသေးခင်
ပြန်လည်ဆင်ခြင်သင့်ပါတယ်။
ဘ၀မှာ အစားထိုးမရတဲ့ အမေအရင်းရဲ့ မေတ္တာကိုစော်ကား အမေ့ကို 
ရက်စက်စွာသတ် အမေ့ရင်ကိုခွဲ အသဲနှလုံးကိုထုတ် ချစ်သူကိုပေးဆက်ဖို့ 
လုပ်တဲ့ မိုက်မဲလှတဲ့ သားဆိုးသားမိုက်ရဲ့ လုပ်ရပ်မျိုး ဖြစ်နေခဲ့ရင် အားလုံး
အတွက် တသက်တာ ကြေကွဲစရာတွေ ဖြစ်နိုင်တာမို့ အချိန်မှီစဉ်းစား ပြင်ဆင်
နိုင်ကြပါစေ။)

(ပုံများကို အင်တာနက်ကယူပါတယ်။ Photos credit to Google Image and flicker.com)

လေ့လာစရာ ဆိုက်လေးတွေပါ။
http://www.burmariversnetwork.org/burmese/component/content/article/11/51.html
http://www.burmariversnetwork.org/burmese/    (English version လဲရှိပါတယ်)
http://www.dameffects.org/
http://www.hydroreform.org/
http://chamisa.freeshell.org/dam.htm
http://www.guardian.co.uk/world/2011/may/20/three-gorges-dam-china-warning
http://www.timesonline.co.uk/tol/news/world/article2537279.ece
http://chinadigitaltimes.net/2011/05/china-admits-three-gorges-dam-problems/

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Monday, September 19, 2011

ဘ၀လှေ


ဘ၀ဆိုတာ…
ပင်လယ်ပြင်ထဲက
လှေငယ်တစ်စင်းဖြစ်လိမ့်မယ်။

တခါတရံတော့လည်း…
ပင်လယ်ရေစီးကြောင်းထဲမှာ
ငြိမ့်ညောင်းစွာနဲ့ရွက်လွှင့်
နေခြည်ကလဲပွင့်လို့…
လေပြေလေးကလဲမြူး
လှိုင်းကလေးတွေလဲဖြူးလို့
ကြည်နူးဖို့ကောင်းလိုက်ပုံများ…။

တခါတလေမှာတော့…
ပင်လယ်ကမူမမှန်
ဒေါမာန်တွေနဲ့ထကြွ
ကြောက်စရာ့ အသွင်သဏ္ဍာန်နဲ့
မုန်တိုင်းထန်တဲ့ရေပြင်မှာ
အရိုင်းဆန်တဲ့လှိုင်းလုံးတွေက
လှေငယ်ကိုတစစီဖြစ်ရအောင်
ဦးထောင်ကာပဲ့စိုက်
ကိုင်ကာရိုက်လိုက်သလို…။

ဘ၀ဆိုတာ…
ပြုံးတခါ ပျော်တလှည့်
ငိုတလှည့် ရယ်တခါ
လမ်းပြေမှာ သက်သာလည်း
လမ်းဆိုးလည်း လျှောက်ရမှာ
မငြင်းသာတဲ့ ကံတရား
လောကဓံတွေကြားမှာ
လူသားမှန်ရင်ဖြင့်
အားမာန်ကိုတင်း
လှေငယ်တစ်စင်းနဲ့
ပင်လယ်တွင်းမှာ စွန့်စားခြင်းပေါ့…။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Thursday, September 15, 2011

B – L – O – G – G – E – R

အခုတလော ရွာထဲမှာ တက်(တဂ်)စာတွေက ရာသီစာဖြစ်နေတယ်ထင်ပါ့။ ဟိုလူလဲတဂ် ဒီလူလဲတဂ်နဲ့ ရာသီစာလေးတွေကို အရသာအမျိုးမျိုးနဲ့ မရိုးရအောင် ချက်ကြပြုတ်ကြတာတွေ အိမ်တကာလည်စားရင်း ကိုယ့်အိမ်ကတဂ်စာကို စားတဲ့အလှည့် မရောက်နိုင်ဖြစ်နေတယ်။ ရာသီစာဆိုတာကလည်း လူတိုင်းလို နှစ်သက်တတ်ကြတာဆိုတော့ တက်ချင်လည်းတက် ရာသီစာလေးကို နည်းနည်းဖြစ်ဖြစ်တော့ မလွတ်တမ်းလေး မြည်းချင်ကြသေးတာပဲကိုး။ အခုပေါ်တဲ့ ရာသီစာကလည်း ဘလော့ဂ်နဲ့ ပတ်သက်တာတွေ ပေါ်တဲ့အချိန်မို့ထင်ပါရဲ့ အခုပဲ ဘလော့ဂ်ဒေးလိုက်ရ တော်ကြာနေ ဘလော့ဂါလိုက်ရနဲ့ဆိုတော့… အင်း.. ပြောလို့မရဘူး.. နောက်ဆက်ပြီး ဘလော့ဘာညာတွေ ထပ်ပေါ်ချင် ပေါ်လာနိုင်သေးတယ်။ လူလည်း ဘလော့ဂ်တကာလည်ပြီး ဘလော့ဂ်ဒေးတက်စာတွေ ဘလော့ဂါတက်စာတွေ လိုက်လည်စားတာ များသွားလို့လားမသိ ပြီးခဲ့တဲ့အပတ်ထဲ ခေါင်းတွေကိုက် ဇက်ကြောတွေတက် နောက်ကြောတွေတက်ဖြစ်ပြီး အပေါ်ရောအောက်ရော သွေးပေါင်ချိန်တွေပါတက်လို့ နှစ်ရက်သုံးရက်လောက် ဘလော့ဂ်မလည်နိုင် ဖြစ်သွားသေးတယ်။ နောက်ဆက်ပြီးတော့လဲ ဘလော့ဂ်ရွာထဲ အလည်လွန်လို့ မျက်စေ့ပါဝါရော အရိုးကျည်းပေါင်းပါတက်နိုင်တဲ့ အလားအလာတွေလည်း ကြိုမြင်ထားသေးတယ်။ အသက်တွေကလည်း စကားပြောလာပြီကိုး။ ဒါပေမယ့်လည်း အခုလောလောဆယ်တော့ ဘာပဲဖြစ်ဖြစ် တက်ချင်ရာတက် အရေးကြီးတာက လောလောဆယ် ကိုယ့်ကိုတဂ်ထားတဲ့ ဘလော့ဂါတဂ်ပို့စ်ကို အကြွေးမတင်ဖို့က ပိုအရေးကြီးတယ်ဆိုတော့ ရာသီစာလေးကို တစ်မျိုးတစ်ဖုံလေးချက်လို့ တဂ်စာစားဖို့ ပြင်ရပြန်တာပေါ့။

တဂ်တဲ့သူတွေက တဂ်ကြလို့သာ ကိုယ့်ဟာကိုယ်တော့ အခုအချိန်ထိ ဘလော့ဂါ တစ်ယောက်ပါလို့ ဘယ်လိုမှကို မြင်လို့မရသေးဘူး။ အရင်တုန်းကလိုပဲ ဘလော့ဂ်တွေလျှောက်သွားပြီး စာတွေဖတ်နေရတာကြိုက်တဲ့ ဘလော့ဂ်ရီဒါတစ်ယောက် အနေနဲ့ပဲ မြင်နေတုန်း။ စာမရေးပဲ ဘလော့ဂ်တကာလည်ပြီး စာတွေ လိုက်လိုက်ဖတ်နေရတာကိုပဲ ကြိုက်နှစ်သက်တုန်း။ ဘလော့ဂ်တွေ တစ်ခုကနေ တစ်ခုကူးပြီး တိတ်တိတ်ဆိတ်ဆိတ်လေး ကိုယ့်ဖီလင်နဲ့ကိုယ် စာလေးတွေလိုက်ဖတ် ဖတ်ပြီးတဲ့အပေါ်မှာ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ပြန်ပြီးခံစား ပြီးရင် အဲဒီခံစားချက် စိတ်ကူးလေးတွေပိုက်ပြီး တိတ်တိတ်လေးပဲ အသံမပေးဘာမပေး ပြန်လာချင်နေတုန်း။ စာရေးဖို့အတွက်စဉ်းစားရင် ကိုယ့်ဘလော့ဂ် Feed Roll မှာ ပို့စ်အသစ်တွေတက်နေပြီး သွားမဖတ်ဖြစ်နိုင်သေးတဲ့ ဘလော့ဂ်စာရင်းတွေကိုပဲ မျက်စေ့ထဲမြင်နေတုန်း။ ကြာလာတော့ ဖတ်စရာတွေလည်းပုံ ရေးစရာတွေလည်းပုံပြီး တနေ့တခြား အကြွေးတွေ တစ်ပုံတစ်ခေါင်းတင်နေသလို ဖြစ်နေပါရောလား။ ဒီတော့ ရေးစရာအကြွေးလေး တစ်ခုလောက်တော့ ဆပ်နိုင်အောင် တဂ်စာလေးနဲ့ပဲ စလိုက်တာ ကောင်းမယ်ထင်ပါရဲ့။

အင်္ဂလိပ်လို ဘလော့ဂါဆိုတဲ့ စာလုံးပေါင်းကိုမြင်တိုင်း သတိရမိတာ တစ်ခုရှိတယ်။ လွန်ခဲ့တဲ့လေးငါးနှစ်က အလယ်တန်းကလေးတွေကို အိုင်တီ သင်ခန်းစာတွေ သင်ခဲ့ရတုန်းက သူတို့သင်ရတဲ့အထဲမှာ ၀က်ဘ်ဆိုဒ်တွေ ပြုလုပ်ပုံအကြောင်းပါတော့ သူတို့လေးတွေကို ၀က်ဘ်ဆိုဒ် အမျိုးမျိုးတွေအကြောင်း ပြောပြရင်းနဲ့ ပါစင်နယ် ၀က်ဘ်ဆိုဒ်တွေအဖြစ် ဘလော့ဂ်တွေအကြောင်းလည်း နည်းနည်းပါးပါး ရှင်းပြနေတုန်း ကိုယ်ရှင်းလို့မပြီးခင်မှာ ကလေးတစ်ယောက်ကထပြီး Blogger ဆိုတဲ့စာလုံးကို မေးပုံက “ဆရာမ ဘလိုဂျာ ဆိုတာဘာလဲ” တဲ့။  အခုလဲ “ဘလော့ဂါဆိုတာ ဘာလဲ” ဆိုပြီးတဂ်တော့ အဲဒီကလေးမေးခဲ့တာကို ပြန်ပြီးသတိရမိသွားတယ်။ ကဲ အဲဒီတော့လည်း ဘလိုဂျာ ဆိုတာကြီးကို ရှင်းပြရအုံးမှာပေါ့လေ...း)

ဘလော့ဂါဆိုတာ ဖြစ်လာဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်က ဘလော့ဂ်စာမျက်နှာပါ ဆိုတာတော့ ပြောစရာလိုတော့မယ် မထင်ဘူး။ ဘလော့ဂါရဲ့ အခြေခံအကြောင်းတရားဖြစ်တဲ့ ဘလော့ဂ်စာမျက်နှာများနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘလော့ဂ်ဆိုတာ အင်တာနက် ကွန်ယက်အတွင်းက ပုဂ္ဂလိကပိုင် ဂျာနယ်လို့ဆိုပါတယ်။ အဲဒီဂျာနယ်ထဲမှာ နေ့စဉ်ဘ၀မှာ တွေ့ကြုံရတဲ့ ဖြစ်စဉ်တွေ အတွေ့အကြုံတွေကို မှတ်တမ်းတင်ရာ၊ အဲဒီအဖြစ်အပျက် အတွေ့အကြုံတွေပေါ်မူတည်ပြီး ခံစားရတဲ့ ခံစားချက်တွေ အတွေးအမြင်တွေ အဲဒီဖြစ်စဉ်တွေရဲ့ ရောင်ပြန်ဟပ်မှုတွေကို ပုဂ္ဂလိက ခံစားမှုပေါ်မူတည်ပြီး ရေးသားမှတ်တမ်းတင်ထားတဲ့ အကြောင်းအရာတွေကို တွေ့နိုင်တယ်လို့ဆိုထားပါတယ်။ ကွန်ယက်ထဲက ကိုယ်ရေးမှတ်တမ်း စာအုပ်တစ်အုပ်လို့ ပြောနိုင်ပါတယ်တဲ့။ နည်းပညာ အသုံးအနှုန်းအနေနဲ့ အဲဒီမှတ်တမ်းစာအုပ်ကို ဘလော့ဂ်လို့ခေါ်ပြီး အဲဒီစာအုပ်ထဲ မှတ်တမ်းရေးသွင်းခြင်းကို ဘလော့ဂင်းလို့ ခေါ်ကြောင်း မှတ်တမ်းကို ရေးသားသူကိုတော့ ဘလော့ဂါလို့ အမည်သညာ သတ်မှတ်ကြောင်း သိရပါတယ်။ လွယ်လွယ်ပြောရင် ဘလော့ဂ်မှာ ဘလော့ဂင်းလုပ်သူဟာ ဘလော့ဂါပေါ့။ အရှင်းဆုံး အဓိပ္ပါယ် သတ်မှတ်ချက်ပါပဲ။

ဒါပေမယ့်လည်း ကိုယ်တိုင်ဖွင့်ဆိုစေချင်လို့ တဂ်ကြသူများနဲ့ အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုးကနေ အသီးသီး အသက အဓိပ္ပါယ် ဖွင့်ဆိုထားကြတာတွေ ဖတ်ရတာ အားရစရာကောင်းလှသလို ဘလော့ဂါဆိုတဲ့ လူသားကို ပိုမိုပြီး ရုပ်လုံးကြွလာအောင် ဆလိုက်မီးမျိုးစုံနဲ့ မီးမောင်းထိုးပြနေကြသလိုပါပဲ။ မျက်စေ့ထဲမှာ ဘလော့ဂါဆိုတာကို ကွင်းကွင်းကွက်ကွက် မြင်ယောင်လာစေပါတယ်။ အဲဒါကြောင့် ကိုယ်လည်း ဘလော့ဂါကို ရုပ်လုံးကြွစေဖို့ တထောင့်တနေရာကနေ ဆလိုက်မီး သေးသေးလေးတစ်လုံးလောက်နဲ့ ၀င်ပြီးအလှဆင်လိုက်ပါတယ်။ တွေးမိသမျှ ဘလော့ဂါဆိုတာရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ဘလော့ဂါစာလုံးပေါင်းက စာတစ်လုံးချင်းစီလေးတွေကိုပဲ ကိုးကားလို့ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။
B     : Broad-minded 
ဘလော့ဂ်တစ်ခုပေါ်မှာ စာတွေရေးနေတဲ့လူတစ်ယောက်အနေနဲ့ အသိပညာ ဗဟုသုတတွေ ကြွယ်ဝဖို့ စူးစမ်း လေ့လာတတ်မှုနဲ့ အတွေးအမြင်တွေ ကျယ်ပြန့်ဖို့ အနည်းနဲ့အများတော့ လိုအပ်ပါလိမ့်မယ်။ အကြောင်းအရာတိုင်းကို တဖက်သတ်အမြင်မဟုတ်ပဲ မတူညီတဲ့ ရှုထောင့်များကနေလည်း ကြည့်တတ်မြင်တတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆည်းပူးတတ်ဖို့ဆိုတာ ဘလော့ဂါတစ်ဦးအတွက် ရှိသင့်တဲ့လိုအပ်ချက်လို့ ထင်ပါတယ်။

L      : Liberal
လွတ်လပ်ပွင့်လင်းတဲ့စိတ်ထား၊ ကွဲပြားတဲ့ အယူအဆများအပေါ် သဘောပေါက်လက်ခံနိုင်ခြင်း၊ သဘောထားကြီးမှု၊ သည်းခံခြင်းတရားနဲ့၊ မျှတတဲ့အမြင်မျိုးဟာလည်း ဘလော့ဂါတိုင်းမှာ ရှိအပ်တဲ့ အရည်အချင်း  တစ်ခုပဲဖြစ်မှာပါ။

O     : Openhearted
ဘလော့ရွာထဲမှာရှိကြတဲ့ ဘလော့ဂါတွေမှာ နားလည်စာနာတတ်မှုနဲ့ ကူညီယိုင်းပင်းတတ်မှုက ပြောစရာမလိုလောက်အောင်ကို ပြည့်စုံကြပြီးသားပါ။

G     : Good-natured
မမြင်ဖူးမတွေ့ဖူးကြသော်လည်း ရွှင်ပျတဲ့စိတ်ထားနဲ့ ခင်မင်နှစ်လိုဖွယ်ရာကောင်းပြီး ရင်းနှီးဖေါ်ရွေတတ်ကြတာလည်း ဘလော့ဂါများပါပဲ။

G     : Generous
ကိုယ့်ရဲ့အသိပညာ အတတ်ပညာ အတွေ့အကြုံ ခံစားချက်များကို ဘာအကျိုးအမြတ်ကိုမှ မမျှော်လင့်ပဲ ကိုယ့်ရဲ့ စိတ်အား လူအား ဉာဏ်စွမ်းအားတွေစိုက်ထုတ်လို့ စားချိန်အိပ်ချိန်တွေတင်မက ကိုယ်ပိုင်အားလပ်ချိန်များကိုပါ ရင်းပြီး ဘလော့ဂ်ပေါ်မှာ ရက်ရောစွာ စေတနာ သဒ္ဓါတရားထက်သန်စွာနဲ့ ရေးသားမျှဝေပေးနေတာ ဘလော့ဂါများပါ။

E     : Enlightened
ကိုယ်သိသလောက် တတ်သလောက် နားလည်ခံစားမိသလောက်ကို အခြားသူများထံ ဘလော့ဂ်တွေပေါ်ကနေ အခမဲ့မျှဝေလို့ ကိုယ်ဝါသနာပါရာ စာရေးသားခြင်းအမှုနဲ့ ကိုယ့်ပတ်ဝန်းကျင်အကျိုး လောကအကျိုးကို တတ်နိုင်သလောက် ဖြည့်ဆည်း အလင်းဆောင်ပေးနေကြသူများကို ဘလော့ဂါတွေလို့ ခေါ်ဆိုသင့်ပါတယ်။

R     : Rational
ဆင်ခြင်တုံတရားကို အခြေခံလို့ ကျိုးကြောင်းဆက်စပ် ဝေဖန်စဉ်းစား တွေးတောတတ်တဲ့ ဉာဏ်ပညာ အမြော်အမြင်များနဲ့ လောကကြီးကို ကိုယ်နှစ်သက်ရာ ရှုထောင့်အမျိုးမျိုးကနေ ရှုမြင်သုံးသပ်ရင်း မြင် တွေ့ သိရှိ ခံစားရသမျှတွေကို ဘလော့ဂ်စာမျက်နှာများပေါ်မှာ ရေးသားရင်း စာဖတ်သူများနဲ့အတူ ဝေမျှခံစားတတ်ကြသူများဟာ ဘလော့ဂါဆိုသူများပါပဲ။
အားလုံးကိုခြုံငုံလို့ အကျဉ်းချုပ်ဆိုရရင်တော့ BLOGGER ဆိုတာ “ကျယ်ပြန့်တဲ့အတွေးအခေါ်များနဲ့ လွတ်လပ်ပွင့်လင်း ကူညီယိုင်းပင်းတတ်တဲ့စိတ်ကို အခြေခံပြီး ခင်မင်ဖွယ်ရာ စိတ်ရင်း စေတနာများနဲ့ မိမိကိုယ်တိုင် မြင် တွေ့ သိရှိ ခံစား လေ့လာ တတ်မြောက်မှုများကို ဘလော့ဂ်စာမျက်နှာများပေါ်မှာ ရေးသားလို့ အခမဲ့ဝေမျှပေးနေကြသူ” စာရေးစာဖတ် ၀ါသနာပါကြတဲ့ သာမာန်ထက် ဘာမှမထူးခြားတဲ့ သာမာန်လူတွေထဲက လူသားများသာ ဖြစ်ကြောင်းပါ။

(ဒီလောက်ဆို တဂ်ထားကြသူများ ကျေနပ်ကြမယ်ထင်ပါတယ်။ ဦးဦးဖျားဖျားတဂ်ထားတဲ့ မင်းဧရာနဲ့ စာဖတ်သူများအားလုံးကို စေတနာရှေ့ထားပြီးတဂ်တဲ့ အိပ်ယာနဲ့ မဒမ်ကိုးတို့ကို ကျေးဇူးပါ။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, September 9, 2011

သူမရှိတော့ရင်… (ကိုယ့်ဖာသာကိုယ် တဂ်တဲ့ပို့စ်)

လွန်ခဲ့တဲ့ တစ်လလောက်က မယ်ကိုးရဲ့ ဘလော့ဂ်လေးမှာ “ရေစီးဖြင့်ထုံးချည်ခြင်း” ဆိုတဲ့ ပို့စ်လေးကို သွားဖတ်ပြီး စိတ်ထဲမှာ အတော်လေး ဖီးလ်ဖြစ်သွားတယ်ပြောရမလားပဲ။ ဖတ်ပြီးပြီးချင်းပဲ ရင်ထဲကနေ ကဗျာတပိုင်းတစလေး ထွက်ကျလာခဲ့တယ်။ ဒါပေမယ့် ကဗျာက ဟိုတစ သည်တစလေး ဖြစ်နေပြီး စိတ်တိုင်းကျ ဆက်ရေးလို့မရဖြစ်နေတုန်း ချော ငွေလမင်းနဲ့ မလေး(အိမ့်ချမ်းမြေ့) တို့ရေးတဲ့ ပို့စ်လေးတွေ ဆက်တိုက်တက်လာပြီး သွားဖတ်ဖြစ်တဲ့အချိန်မှာ စိတ်ထဲကနေ အလိုလိုနေရင်း ကိုယ့်ဖာသာကိုယ် တဂ်လိုက်မိတယ်။ ဒီတပိုင်းတစဖြစ်နေတဲ့ ကဗျာလေးကို ဆက်ရေးဖို့ပေါ့။ အဲဒီလို ဆက်ရေးဖို့သာဆိုတယ် တကယ်ရေးဖို့ ကြိုးစားလိုက်ရင် ကဗျာက ဟိုတစ်ပိုဒ် သည်တစ်ပိုဒ်နဲ့ စိတ်ထဲကခံစားချက်ကို အဆက်အစပ်ရှိရှိ ပုံဖေါ်လို့မရနိုင် ဖြစ်နေခဲ့တာ အတော်လေးကြာလာတော့ ကိုယ့်ဟာကိုယ်စိတ်ထဲမှာ အဲဒီကိစ္စက အလိုလို အကြွေးတင်နေသလို ခံစားလာရတယ်။ တခြားရေးစရာ အကြောင်းအရာတွေကို စဉ်းစားလိုက်တိုင်းလည်း တစ်ကြောင်းနှစ်ကြောင်း စရေးလိုက်ပြီးရင် ဒီအကြွေးပဲ ခေါင်းထဲရောက်ရောက်လာပြီး တခြားအကြောင်းအရာကို ဖြောင့်အောင် ဆက်ရေးလို့မရနိုင် ဖြစ်နေခဲ့တယ်။ ခမာပြည် အကြောင်းလေးတွေလည်း ဆက်ရေးဖို့ကြိုးစားကြည့်သေးတယ်။ တစ်ကြောင်းနှစ်ကြောင်းလောက် အစပျိုးပြီးရင် ဒီကဗျာပဲ စိတ်ထဲရောက်လာပြန်ရော။ အဲဒီတော့ ရေးလက်စစာကို ဆက်ရေးလို့မရတော့ပြန်ဘူး။ အဲတာနဲ့ ကဗျာကိုပဲအရင် လက်စသတ်ဖို့ ကြိုးစားတုန်းမှာ ဘလော့ဂ်ဒေးက ကြားဖြတ်ဝင်လာတော့ ဘလော့ဂ်ဒေးပို့စ်ကို မနည်းအချိန်မှီအောင် ဦးစားပေးပြီး ကြိုးစားရေးလိုက်ရတယ်။ ဒါပေမယ့် အဲဒီကဗျာအကြွေးက ဘယ်သွားသွား ဘာပဲလုပ်လုပ် ခေါင်းထဲမှာ တချိန်လုံးရောက်နေတာ။ စားမဖြောင့် သွားမဖြောင့်နဲ့ ဖြစ်နေရော… ဒီကြားထဲ အလုပ်ကလည်း သိပ်မအား၊ အချိန်ကလည်းမရ၊ ကဗျာရေးချင်တဲ့စိတ်ကလည်း တချိန်လုံးခေါင်းထဲမှာ၊ ကဗျာလေးကလည်း စိတ်ကူးရရင် ရေးကြည့်လိုက် စိတ်တိုင်းမကျလိုက် ပြန်ဖျက်လိုက် ပြန်ပြင်ရေးလိုက်နဲ့ သံသရာလည်နေပြီး စိတ်ကူးနဲ့ ခံစားချက်ကို ပီပီပြင်ပြင် ဆက်စပ်လို့ မရနိုင်ပဲဖြစ်နေတာ အတော်လေးကြာတယ်။ ရင်ထဲက ခံစားမှုကို စကားလုံးနဲ့ ဖလှယ်ပြီး ပုံဖေါ်လို့မရဖြစ်နေခဲ့တာ။ အဲဒီလိုနဲ့ လွန်ခဲ့တဲ့ လေးငါးရက်လောက်ကမှ ညနေဖက် ကိစ္စတစ်ခုနဲ့ အပြင်သွားတုန်း လမ်းမှာသွားနေရင်းကနေ အတွေးထဲမှာ စကားလုံးတစ်ချို့ ထွက်ကျလာခဲ့တယ်။ အဲဒါလေးတွေကို ရသလောက် အမိအရဖမ်းဆုပ်ထားပြီး အိမ်ပြန်ရောက်တဲ့အချိန်ကျမှ ကဗျာကို စောစောကရထားတဲ့ အတွေးနဲ့ စိတ်ထဲက ခံစားချက်တွေနဲ့ တစ်စစီ ပြန်ဆက်စပ်ယူပြီးမှ တပိုင်းစီ နည်းနည်းချင်း ပြန်စရေးဖြစ်ခဲ့တာ။ ဒီတစ်ပတ်လုံး အဲဒီကဗျာပြီးဖို့ နပမ်းလုံးနေခဲ့ရတယ်။ နဂိုတုံးက ပျိုးထားခဲ့တဲ့ပုံစံနဲ့ နေရာအတော်များများမှာ နည်းနည်းစီလွဲသွားပေမယ့် အခုရေးဖြစ်တဲ့ဟာလေးကို ပိုသဘောကျမိပါတယ်။ ဒီကဗျာကတော့ စံချိန်တင်ပါပဲ။ တစ်လလောက်ကို အချိန်ယူပြီး ရေးခဲ့ရတယ်။ ဒီအသက်အရွယ်ထိ တခါမှ စာတစ်ပုဒ်ကို အဲဒီလောက် အချိန်ပေးပြီး မရေးဖူးခဲ့ဖူးသေးဘူး။ ကဲ ကိုယ့်ဖာသာကိုယ် တဂ်ပြီး ကိုယ့်ဟာကိုယ်ပဲ အကြွေးတင်နေခဲ့တဲ့ အကြွေးဆပ်ပို့စ်ကလေးကို အခုတော့ တကယ်တင်ဖြစ်သွားပါပြီနော်။ ဒါပြီးရင်တော့ နောက်ထပ်ဆပ်စရာ အကြွေးလေးတွေ ဆက်လာအုံးမှာပေါ့… လာမယ် ကြာမယ်ပို့စ်လေးတွေကို နည်းနည်းတော့ သည်းခံပြီး စောင့်ဖတ်ပေးကြပါလို့…း))


သူမရှိတော့ရင်…

သူမဟာ…
အမိ အဖနှစ်ဖြာ ရင်နှစ်မွှာကြားက
နှလုံးသွေးများပေါင်းစပ်လို့ ဖြစ်တည်လာတဲ့
ရင်နှစ်သည်းချာ သမီးအလှကညာ
အဖိုးတန်လှတဲ့ ရတနာ…

သူမဟာ…
ဒီမြေမှာ မွေးဖွားခဲ့တဲ့ ဒီမြေရဲ့ အလှတရား
ကြီးမြတ်သောဂုဏ်သတင်းများနဲ့
သမိုင်းကြောင်းများစွာကို ထုဆစ်
သက္ကရာဇ်တွေကို တည်ငြိမ်မှုတွေနဲ့
ငြိမ့်ငြောင်းလှပစွာ ဖြတ်သန်းလာခဲ့သူ
ရာဇ၀င်ပေါင်းများစွာတို့ရဲ့ အရှင်သခင်…။

သူမဟာ…
ရာစုနှစ်တွေထဲက နေမ၀င်ဘုရင်မတစ်ပါး
ဒီမြေရဲ့ထိပ်ထား ဧကရီမဖုရား…

သူမရဲ့ ရင်ခွင်ဟာ…
အလှအပတရားတို့ ပေါင်းဆုံရာ...
ဒီမြေရဲ့အကြေအညာကို စုန်ဆန်လူးလာ
ခရီးသွားကြသူများအတွက် အားထားရာ...
ဒီမြေတလွှား ရောင်းဝယ်ဖေါက်ကား
ကုန်သည်အများတို့ရဲ့ ၀န်စည်စလှယ်တွေစီးဆင်းရာ...
ဒီမြေရဲ့ကုန်း၊ရေ၊လေမှာကျက်စား
သတ္တ၀ါအများတို့ရဲ့ ခိုနားရာ...
ဒီမြေမှာ ဆန်ရေစပါး သီးနှံများစွာ
ကြွယ်ဝစေရာ ပင်မအရင်းအမြစ်...
ဒီမြေ ဒီဒေသနဲ့ ဂေဟစနစ်တို့
အပြန်အလှန်တည်မှီလို့ ညီညွတ်မျှတရာ...

သူမဟာ…
ဒီမြေမှာမွေးဖွားခဲ့ကြတဲ့
ဘ၀ပေါင်းများစွာတို့ရဲ့ အသက်သခင်...
ဒီမြေပေါ်မှာ သူမရဲ့ရင်ခွင်ကိုမှီပြီး
ဖြစ်တည်လာခဲ့ရတဲ့ မြို့ပြနိုင်ငံတော်ကြီးများ
သမိုင်းစဉ်တစ်လျှောက်မှာ ပေါ်ပေါက်ထွန်းကားခဲ့ရာ...
ဒီမြေရဲ့ယဉ်ကျေးမှုများ ရှင်သန်ဖွံ့ဖြိုးခဲ့ရာ...
ဒီမြေရဲ့သမိုင်းကြောင်းများ အထင်အရှားဖြတ်သန်းခဲ့ရာ...
သူမဆိုတာ ဒီမြေမဟာရဲ့ နှလုံးသွေးကြော… ။

အခုတော့…
သူမရဲ့တည်ငြိမ်တဲ့အလှတွေ
သူမရဲ့ကြီးကျယ်ခမ်းနားမှုတွေ
သူမရဲ့ထင်ရှားကျော်ကြားမှုတွေ
သူမ ဖြတ်သန်းခဲ့ရတဲ့သမိုင်းကြောင်းတွေ
သူမ စွမ်းဆောင်ခဲ့တဲ့ပေးဆပ်ခြင်းတွေ
အရာရာဟာ ပြီးဆုံးခြင်းကိုတိုင်ခဲ့လေပြီလား…
ကြေကွဲခြင်းတွေများစွာနဲ့ နှုတ်ဆက်ခွဲခွာရတော့မယ့်
သူမရဲ့ကျဆုံးချိန်တွေက တဖြည်းဖြည်းနီးကပ်လို့
သူမရဲ့ရာဇ၀င်တွေကို တခန်းရပ်ဖို့
မကြာခင်မှာ ဆုံးပါးသွားရတော့မယ့်
သူမရဲ့အသွေးအသားတွေက လုံးပါးပါးရင်းနဲ့
တနေ့တခြား ခမ်းခြောက်လို့လာနေခဲ့ပြီလား…။

သူမရဲ့ ကျဆုံးခြင်းဟာ
တို့သမိုင်းတွေ ပျောက်ဆုံးခြင်း…
သူမကို ဆုံးရှုံးခြင်းဟာ
တို့ဘ၀တွေ ပျက်စီးခြင်း…
သူမရဲ့ သေဆုံးခြင်းဟာ
တို့အနာဂတ်တွေ ပျက်သုဉ်းခြင်း…။

မြောက်ဘက်စွန်းက တောင်တန်းကြီးတွေ လွမ်းဆွေးနေကြမလား…
ကွယ်ပျောက်သွားရတော့မယ့် ညီနောင်တောင်တန်းများအတွက်…။

အမြဲစိမ်းတောတွေ ကြေကွဲနေကြမလား…
ပြန်လည်မရနိုင်တော့မယ့် စိမ်းလန်းခြင်းတွေအတွက်…။

မြေနုကျွန်းတွေ ၀မ်းနည်းနေကြမလား…
ဖြစ်ထွန်းမလာတော့မယ့် ကောက်ပဲသီးနှံများအတွက်…။

ဒေသခံတွေ ငိုကြွေးနေကြမလား…
ဆုံးရှုံးသွားရတော့မယ့် ဇာတိမြေများအတွက်…။

သူမရှိတော့ရင်ဖြင့်…
လင်းပိုင်လေးတွေဘ၀ ဇာတ်သိမ်းမလှ ဖြစ်ရရှာတော့မယ်။
သူမရှိတော့ရင်ဖြင့်…
ဂေဟစနစ်တွေပျက်သုဉ်း သတ္တ၀ါတွေ မျိုးတုံးကုန်ကြတော့မယ်။
သူမရှိတော့ရင်ဖြင့်…
တံငါတွေ လူလုံးမလှ အလုပ်အကိုင်မဲ့ဘ၀ ရောက်ကြရတော့မယ်။
သူမရှိတော့ရင်ဖြင့်…
လယ်ယာမြေများလည်း ပျောက်ဆုံး သီးနှံများလည်းတုံးကြတော့မယ်။
သူမရှိတော့ရင်ဖြင့်…
ဒီရေတောများလည်းဆုံးရှုံး ကုန်းခေါင်ခေါင်တွေ မျက်စေ့တဆုံးဖြစ်ရတော့မယ်။
သူမရှိတော့ရင်ဖြင့်…
မြစ်ကြီးနားမြို့ဟာ အမည်သစ်တစ်ခုကိုပြောင်းရပေလိမ့်မယ်။
သူမရှိတော့ရင်ဖြင့်…
ကျောက်မြောင်းက ရာဝင်အိုးတွေခမျာ အကြေအညာသွားဖို့ ခက်ရှာပေလိမ့်မယ်။
သူမရှိတော့ရင်ဖြင့်…
ပုဂံဘုရားများနဲ့ အင်းဝတံတားလည်း အထီးကျန်သွားကြပေလိမ့်မယ်။
သူမရှိတော့ရင်ဖြင့်…
မင်းကွန်းနဲ့ ဂေါဝိန်ကို တရှိန်ရှိန်တောက်နေတဲ့ တံလျှပ်တွေအကြား
သဲချောင်းပြင်ကန္တာရတလွှားမှာ ခြေကျင်လျှောက်ကူးသွားရပေလိမ့်မယ်။

သူမဟာ…
ဒီမြေရဲ့အသက်
ဒီမြေရဲ့နှလုံးသား
ဒီမြေရဲ့အသွေးအသား…

သူမရှိတော့ရင်ဖြင့်…
ဒီမြေဟာ ရှင်သန်မှုတွေပျောက်ဆုံးလို့
အနာဂတ်မှာ ဆက်လက်ရပ်တည်နိုင်ပါအုံးတော့မလား… … ။        ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Wednesday, August 31, 2011

Happy BLOG Day!!!

ဘလော့ဂ်ဆိုတာကို အရင်တုန်းကတည်းကသိပေမဲ့ ဘလော့ဂ်ဒေး ရှိမှန်းကိုတော့ မသိခဲ့ပါဘူး။ ဘလော့ဂ်ဒေးရဲ့ လိုဂိုလေးကို စပြီးတွေ့ဖူးတာ မနှစ်က ၂၀၁၀ ဘလော့ဂ်ဒေး တုန်းကမှပါ။
ဖေ့စ်ဘွတ်မှာ မန္တလေးက အိုင်တီသမားသူငယ်ချင်း ဓါတ်ပုံဂျာနယ်လစ် တစ်ယောက်က ၂၀၁၀ ဘလော့ဂ်ဒေးရဲ့ လိုဂိုပုံလေးကို ဝေါလ်ဖိုတိုအနေနဲ့ တင်ထားတာကို စပြီးတွေ့ဖူးခဲ့တာပေါ့။ ဘလော့ဂ်စာလုံးပေါင်းကို ‘3108’ ဆိုတာလေးနဲ့ ရေးထားတာကို အရမ်းသဘောကျမိသွားလို့ မှတ်မှတ်သားသား ဖြစ်သွားခဲ့တယ်လို့ဆိုရမယ် ထင်ပါတယ်။ အဲဒီတော့မှ သြဂုတ် ၃၁ ဟာ ဘလော့ဂ်ဒေးမှန်း စသိခဲ့ပါတယ်။ အဲဒီမှာ တလက်စတည်း သိရတာက ကမ္ဘာတ၀ှမ်းမှာ ဘလော့ဂ်ဒေးစတင်ခဲ့တာ ၂၀၀၆ ခုနှစ်ကတည်းကဖြစ်ပြီး ၂၀၁၀ ဘလော့ဂ်ဒေးဟာ ၅ကြိမ်မြောက်ရှိသွားပြီဆိုတာ သိခဲ့ရပါတယ်။ အဲဒါအပြင် မြန်မာပြည်  ရွှေမန္တလေးက ဘလော့ဂါများဟာ ၂၀၀၇ ခုနှစ် ဒုတိယအကြိမ် ဘလော့ဂ်ဒေးမှာကတည်းက တပျော်တပါး ခမ်းနားစွာ ကျင်းပခဲ့ကြတာကိုပါ သိခဲ့ရပါတယ်။ (မန္တလေးမှာ ဘလော့ဂ်ဒေး ကျင်းပခဲ့တဲ့ သတင်းမှတ်တမ်းကို ဒီမှာ  သွားရောက် ကြည့်ရှုနိုင်ပါတယ်။) အဲဒီတော့ အခုသြဂုတ် ၃၁ရက်နေ့မှာ ကျရောက်တဲ့ ၂၀၁၁ခုနှစ် ဘလော့ဂ်ဒေးဟာ ၆ကြိမ်မြောက်ရှိသွားပြီ ဖြစ်ပါတယ်။


အဲ.. ဒီနှစ်မှာတော့ အကြောင်းတွေတိုက်ဆိုင်ပြီး မအိမ်သူ တစ်ယောက် ဘလော့ဂ်ရွာထဲရောက် အိမ်တလုံးဆောက်ပြီး အခြေချဖြစ်သွားခဲ့လို့ ဘလော့ဂ်ရွာသူ တစ်ယောက် ဖြစ်သွားခဲ့ပြီ ဆိုတော့ ရွာထဲက သာရေး နာရေး ပွဲလမ်းသဘင်များမှာ ပါဝင်ဆင်နွဲရတော့မယ်ပေါ့။ ညီမငယ်နှစ်ယောက် ဖြစ်တဲ့ ရိုစ့်  နဲ့ အိန်ဂျယ်လှိုင်  တို့ကလည်း ဘလော့ဂ်ဒေး ပွဲတော်အတွက် မေတ္တာလက်မှတ်ကို အထူးတလည် တဂ်ပြီး လက်ဆောင်ပေးလာကြတဲ့အတွက် မအိမ်သူလည်း ပွဲတက်ဖို့ ပြင်ဆင်ရပါတော့တယ်။ (အကြောင်းအမျိုးမျိုးကြောင့် မအားတာနဲ့ ပွဲကိုနောက်ကျမှရောက်တာတော့ စိတ်မရှိကြပါနဲ့… :D)

အမှန်ဆိုရရင်တော့ မအိမ်သူ ဘလော့ဂ်ရွာထဲမှာ အိမ်မဆောက်ခင်ကတည်းက ရွာအနီးအနားမှာနေပြီး ဘလော့ဂ်ရွာတစ်ခွင် နေ့စဉ်နေ့တိုင်း ပြဲပြဲစင်အောင် ရွာရိုးကိုးပေါက်လျှောက်ကာ တအိမ်ဝင် တအိမ်ထွက် လေ့လာ ဖတ်ရှု မှတ်သားရင်း ရွာထဲမှာ တိတ်တိတ်ဆိတ်ဆိတ်လေး လမ်းသလားနေခဲ့တဲ့ ဧည့်သည်တစ်ယောက်အဖြစ် ၂နှစ်နီးပါးလောက် ရှိနေခဲ့ဖူးပါတယ်။ တစ်ရွာလုံးက လူတွေ အတော်များများကိုလည်း ကိုယ့်စိတ်ထဲမှာ အတော်ကြီးကို ရင်းနှီးခင်မင် အကျွမ်းတ၀င်နဲ့ အားလုံးကိုသိနေခဲ့ပါတယ်။ ကိုယ့်စိတ်ထဲက တရင်းတနှီး ခင်မင်နေတာကိုတော့ ကာယကံရှင်များက မသိနိုင်ကြပါဘူး။ အဲဒါက ဥပမာပြောရရင် ကိုယ်နှစ်သက်အားပေးတဲ့ နာမည်ကြီး မင်းသမီး မင်းသားကို သိကျွမ်း မိတ်ဆက် စကားပြောဖို့ မကြိုးစားပဲ အဝေးကနေ တိတ်တဆိတ် အားပေးနေတဲ့ ပရိသတ်တစ်ယောက် အဖြစ်မျိုးပါပဲ။

မြန်မာဘလော့ဂ်တွေကို စပြီးဖတ်ရှုဖြစ်ခဲ့တာကတော့
၂၀၀၉ နှစ်ဝက် လွန်ပြီးလောက်ကျမှပါ။ ဒီ့အရင်ကတော့ ကလေးငယ်သေးလို့ အချိန်မပေးနိုင်တာရယ် ကိုယ်လုပ်နေတဲ့ အချိန်ပိုင်းအလုပ်တဖက်နဲ့ မအားတာရယ် နောက် အိမ်မှာကလည်း လစဉ်မဟုတ်ပေမယ့် သုံးလေးလခြား ဆိုသလို မဟေသီ ရွှေအမြုတေနဲ့ လိုက်ဖ်စတိုင်လ် မဂ္ဂဇင်း စာအုပ်တွေကို ဆက်တိုက် ဖတ်ခွင့်ရနေခဲ့တာရယ်ကြောင့် ဖတ်စရာစာကို အင်တာနက်မှာ အထူးတလည် မရှာဖြစ်ခဲ့ပါဘူး။ အဓိကကျတဲ့ နောက်တခုကတော့ မအိမ်သူ စိတ်အစွဲပေါ့လေ စာဖတ်တယ်ဆိုရင် ကွန်ပျူတာစကရင်မှာ ဖတ်ရတာကို အားမရဖြစ်မိတာပါ။ Soft Copy ထက်ကို စာအုပ်ကိုင်ပြီးဖတ်ရတာမှ ပိုပြီးအားရပါးရရှိသလို ထင်မိတာကြောင့် စာအုပ်အမျိုးမျိုးတွေကိုပဲ ရှာပြီးရနိုင်သလောက် ဖတ်နေဖြစ်ခဲ့တာနဲ့ ဘလော့ဂ်တွေဘက်ကို ခြေဦးမလှည့်မိခဲ့ဘူး။ အင်တာနက်မှာတော့ ဧရာဝတီ မဇ္ဈိမ မိုးမခ စတဲ့
သတင်းဝက်ဘ်ဆိုက်တွေလောက်နဲ့ ပလန်းနက်၊ မြန်မာပီးပဲလ်မဂ္ဂဇင်း၊ မြန်မာကျူးပစ် တို့လောက်ကိုသာ တခါတလေ ကြုံတဲ့အခါလောက် ရောက်ဖြစ်ပြီး အနည်းအကျဉ်း ဖတ်ဖြစ်တာရယ် နောက် ရွှေစကားအီးဘွတ်ခ် ကနေ ဖတ်ချင်တဲ့ စာအုပ်လေးတွေ ဒေါင်းပြီးဖတ်တာမျိုးရယ်လောက်ပဲ ရှိခဲ့ပါတယ်။ ၂၀၀၉ လောက်မှာတော့ မဂ္ဂဇင်းတွေ အသစ်ထပ်မရနိုင်တော့ဘဲ တခြားဖတ်စရာ စာအုပ်တွေလည်း ကုန်သလောက်ဖြစ်လာတော့ စာဖတ်ရမှ နေသာထိုင်သာရှိတဲ့ မအိမ်သူလည်း စာငတ်စပြုလာပါတော့တယ်။ အဲဒီတော့မှပဲ စာမဖတ်ရမနေနိုင်တဲ့ ရောဂါနဲ့ အင်တာနက်ကို စမွှေဖြစ်ပြီးတော့ ဘလော့ဂ်တွေကို စဖတ်ဖြစ်သွားခဲ့တာပါ။

ပထမဦးဆုံး စဖတ်ဖြစ်တဲ့ ဘလော့ဂ်နှစ်ခုက ကောင်းကင်ပြာ  နဲ့ နိုင်းနိုင်းစနေ  ဘလော့ဂ်တွေပါ။ နိုင်းနိုင်းစနေရဲ့ စာတွေကတော့ ဘလော့ဂ်တွေ မဖတ်ခင်ကတည်းက Forward Mail တွေကနေ အမြဲတမ်းဖတ်နေခဲ့ရပါတယ်။ နောက်ဆက်တွဲ ရှာဖွေဖတ်ရှုမိတဲ့ ဘလော့ဂ်ကတော့ ကိုအောင်ရဲ့ ပျူနိုင်ငံ ပါပဲ။ အဲဒီလို စဖတ်ဖြစ်ခဲ့တဲ့အချိန် ကတည်းက ပျူနိုင်ငံဘလော့ဂ်ကို ပို့စ်အသစ်တင်တိုင်း သွားသွားဖတ်ဖြစ်ခဲ့တာ ဒီကနေ့အထိပေမယ့် ထူးထူးခြားခြား တစ်ကြိမ်ကလွဲလို့ တစ်ခါမှ ကွန်မန့်မရေးဖြစ်ခဲ့ပါဘူး။ ကွန်မန့်ရေးဖြစ်သွားရတဲ့ အကြောင်းကလဲ ပို့စ်အသစ်တင်တာတွေ့လို့
ဘလော့ဂ်ကိုဝင်လိုက်ရင် ပို့စ်မှာရေးထားသမျှ ဘာစာမှဖတ်လို့မရပဲ အီဂျစ်က ပိရမစ်တွေထဲမှာ တွေ့ရတတ်တဲ့ ရှေးဟောင်း အရုပ်စာတွေလိုသာပေါ်နေပြီး
ကွန်မန့်ကို ၀င်လိုက်တဲ့အခါကျတော့ ရေးလို့လဲရသလို ကွန်မန့်အားလုံးကိုလည်း ဖတ်လို့ရနေတာနဲ့ အဲဒီလိုဖြစ်နေကြောင်းကို ကွန်မန့်မှာ ရေးထားခဲ့မိတာပါ။ ကိုအောင်ကလဲ အဲဒီလိုရေးခဲ့တဲ့ ကွန်မန့်ကို သူ့ဖက်ကဖြစ်တာမဟုတ်ကြောင်းနဲ့ မအိမ်သူရဲ့ ကွန်ပျူတာ တခုခုဖြစ်နေလို့ ဖြစ်တာဖြစ်ပါလိမ့်မယ်လို့ ကွန်မန့်ပြန်ပေးခဲ့ပါတယ်။ အဲဒါဘာကြောင့်မှန်းမသိပေမယ့် အဲဒီအချိန်တုန်းက တခြားဘလော့တွေကိုဝင်သမျှ ဘာမှမဖြစ်ပဲ ပျူနိုင်ငံဘလော့ဂ် တစ်ခုတည်းကို ၀င်မှဖြစ်တာမို့ တကယ့်ကို မှတ်မှတ်ရရပါပဲ။ (သရဲအကြောင်း သွားဖတ်လို့ အင်တာနက်က သရဲခြောက်လိုက်တာနေမှာ..း P) နောက်၂ရက်လောက်နေတော့ သူ့အလိုလို ပြန်ကောင်းသွားပြီး ပို့စ်တွေအားလုံးကို ပြန်ဖတ်လို့ရသွားပါတယ်။း)

အဲဒီနောက်မှာ ပျူနိုင်ငံရဲ့ ဘလော့ဂ်လင့်တွေကတဆင့် ထပ်ရောက်သွားပြီး အမြဲတမ်းအားပေး ဖတ်ရှုဖြစ်ခဲ့တဲ့ ဘလော့ဂ်တွေကတော့ အတော်လေးစုံပါတယ်။ နိုင်ငံရေးဆိုဒ်တွေ အပါအ၀င် အခြားသော ဘလော့ဂ်တွေ အများကြီးပါပဲ။ အဲဒီမှာလဲ မှတ်မှတ်ရရ ပထမဦးဆုံး လင့်ကနေ ရောက်သွားဖြစ်တဲ့ဘလော့ဂ်က ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်း  ဘလော့ဂ်ပါ။ ရွှေရတုမှတ်တမ်းက အဲဒီတုန်းက ဘလော့ဂ်အသစ်ဖြစ်ပြီး စရေးတာ ရက်ပိုင်းပဲရှိသေးတဲ့ ဘလော့တစ်ခုပေါ့။ မှတ်မိသလောက် စဖတ်ဖြစ်တဲ့ပို့စ်က နယ်ဖက်မှာ ဖီးလ်ဆင်းတော့ ညဘက် အိမ်ခေါင်မိုးပေါ်က မှင်စာလေးလားမသိဘူး ဆင်းလာပြီး နှောင့်ယှက်တဲ့အကြောင်းကို ရေးထားတာ။

နောက်ထပ်တွေ့တဲ့ဘလော့ဂ်ကတော့ ရွှေသော့ပုံလေးနဲ့ ကိုဇော် ရဲ့ဘလော့ဂ်ပါပဲ။ သူ့ဘလော့ဂ်ကို စ၀င်ပြီး ဖတ်မိတဲ့အချိန်မှာ စာရေးသားပုံက သူလိုကိုယ်လိုမဟုတ်ပဲ နဲနဲထူးခြားတာကို သတိထားမိသလို ဒီစာရေးတဲ့သူက သူများနဲ့မတူတဲ့ အမြင် ရှုထောင့်မျိုးတွေကနေ တော်တော် မြင်တတ် တွေးတတ်ပြီး စာတွေလည်း အတော်ရေးနိုင်ပါလား ဆိုတာလဲတွေးမိပါတယ်။ အဲဒီတုန်းကများ တရက်ကို ပို့စ် ၂ပုဒ် ၃ပုဒ်တင်တာ ဖတ်တဲ့လူတောင် မှီအောင် မနည်းကြီးကို လိုက်ဖတ်ရပါတယ်။ ပြီးတော့ ပို့စ်တွေကလည်း အရှည်ကြီးတွေ ဖြစ်တဲ့အပြင် အကြောင်းအရာတွေကလည်း အတော့်ကိုစုံလင်ပါတယ်။ သူ့ဆိုက်မှာ ပို့စ်တပုဒ်ဆို ဆိုသလောက် အားပါးတရဖတ်ရတဲ့အပြင် ဖတ်ပြီးသွားရင်လည်း ပြီးပြီးရောမဟုတ်ပဲ ခေါင်းထဲမှာတွေးစရာ တခုခုပါ ကျန်တတ်ပါတယ်။ အဲဒီလိုဖတ်ရင်းကနေ ကိုဇော်ရဲ့ ဘလော့ဂ်က လင့်တွေလည်း အတော်စုံတော့ အလိုလိုနေရင်း အခြားဘလော့ဂ်တွေ အားလုံးကို သွားဖတ်ဖို့ ဟုမ်းပေ့ဂ်ျလို ဖြစ်သွားပါတယ်။ အဲဒါနဲ့ နေ့တိုင်းလိုလို ကိုဇော်ဘလော့ဂ်ကို အရင်ဆုံးဖွင့်ဖတ်ပြီးရင် တခြားဘလော့ဂ်တွေကို အဲဒီမှာရှိတဲ့ လင့်တွေကနေတဆင့် တခုပြီးတခု ကလစ်နှိပ်ပြီး သွားဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီလို ဖတ်လာခဲ့တာ “ဘလော့ဂါများရဲ့ပို့စ်များ” ဘလော့ဂ်ကို ကိုဇော်စလုပ်တဲ့အချိန်ထိပါပဲ။ အဲဒီကျတော့မှ ဘလော့ဂ်ဖတ်တဲ့ ဟုမ်းပေ့ဂ်ျပြောင်းသွားတာပါ။

အဲဒီလိုနဲ့ တောက်လျှောက် ဖတ်ခဲ့ဖူးတဲ့ ဘလော့ဂ်တွေက အတော်လေးစုံပါတယ်။ ဖတ်ဖြစ်ခဲ့တဲ့ ဘလော့ဂ် လက်ဟောင်းများကို မှတ်မိသလောက် ပြောရရင် မိုးချိုသင်း၊ မနော်ဟရီ၊ ဆရာမမေငြိမ်း၊ မကေ၊ သိင်္ဂီနွယ်၊ မယ်ကိုး၊ ကိုချစ်ဖေ၊ ကလူသစ်၊ ကိုလူထွေး၊ ညီလင်းဆက်၊ မန်းကိုကို၊ ဘလော့ဂါမောင်မိုး၊ ဏီလင်းညို၊ မြစ်ကျိုးအင်း (နာမည်က ထူးဆန်းလို့ ၀င်ကြည့်မိရာက စာအရေးကောင်းတဲ့ ဘလော့ဂ်တခုအဖြစ် အမြဲလို သွားဖတ်ဖြစ်သွားတယ်။ ပွဲဈေးတွေ ပွဲခင်းတွေ အငြိမ့်တွေ ဇာတ်စင်တွေအကြောင်း စိတ်ဝင်စားဖွယ် ဖတ်ရတာလဲ သဘောကျတယ်။ အ၀တ်လျှော်စက်ထဲက ပုရွက်ဆိတ်လေးတွေ ကမ္ဘာပျက်သွားတာတော့ အခုထိ မမေ့နိုင်သေးဘူး။)၊ မငယ်နိုင်၊ မခင်ဦးမေ၊ မသက်ဝေ (သာမန် ရိုးရိုးရှင်းရှင်း အကြောင်းလေးတွေကို မထင်မှတ်ထားတဲ့ ပုံစံမျိုးလေးနဲ့ ဖတ်တဲ့သူကို နစ်ဝင်သွားစေတဲ့ အက်ဆေးလေးတွေကို ဖွဲ့တတ်လို့ အမြဲသွားဖတ်ဖြစ်ခဲ့တာ)၊ မချစ်ကြည်အေး (စာလေးတွေဖတ်ရတာ ပေါ့ပေါ့ပါးပါး ရွှင်ရွှင်လန်းလန်းနဲ့ပေမယ့် နောက်ကွယ်က လေးနက်တဲ့ အကြောင်းအရာလေးတွေကို သတိပြုမိအောင် လှလှပပလေး ရေးတတ်တာကို သဘောကျတာ)၊ မရွှေစင်ဦး (မအိမ်သူရဲ့ စာအုပ်စင်ကြီးပါပဲ)၊ နဗန၊ စက်တင်ဘာရဲ့ကောင်းကင်၊ မမေဓါဝီ (နာမည်ကိုစိတ်ဝင်စားရာကနေ စာတွေကိုပါစွဲသွားတော့တာပဲ။ မြန်မာစာ စစ်စစ်ကြီးတွေကို ဖတ်ရတာ အားရပါးရရှိတယ်)၊ သူကြီးမင်းကိုကိုမောင် (တုံးဖလားရွာက အဖြစ်အပျက်တွေကို သဘောကျလို့ သွားသွားဖတ်တာ)၊ ကဘူးလ်က ကိုမောင်မောင်ဘလော့ဂ်၊ သစ်နက်ဆူး၊ တေဇာရဲ့လရောင်လမ်း (အက်ဆေးတွေကိုကြိုက်လို့ သွားသွားဖတ်ဖြစ်တယ်။ ကဗျာတိုလေးတွေကောပဲ။)၊ ကိုပေါရဲ့ပိတောက်ရိပ်၊ ဒေါက်တာစိုးမြင့်(မေ့ဆေး)ရဲ့ အာဖရိကရောက် မြန်မာတစ်ယောက်၊ ဆရာလေးသက်တန့်ချို၊ မကိကိ၊ မွန်းသက်ပန်၊ ကိုရင်နော်ခင်လေးငယ်၊ ၀ီရှီမီ၊ ခရေတွန်၊ မိုးမင်းဂျီး၊ လသာည၊ (အခုနေ၀သန်တဖြစ်လဲ) ဂျပန်ကောင်လေး၊ ဖိုးစိန်၊ တီတီဆွိ၊ မိုးခါး၊ နှင်းနဲ့မာယာ၊ ရွှေပြည်သူ၊ မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) (စပါးကြီးမြွေဖမ်းတဲ့ပို့စ်ကနေ စဖတ်မိတာပေါ့။)၊ မရှင်လေး၊ ဖြိုးဖြိုးလှိုင်၊ နှင်းဆီတစ်ခင်းပန်းတစ်ခြင်း၊ သဒ္ဓါလှိုင်း၊ Sosegado၊ ကိုပီတာ၊ အဖြူရောင်နတ်သမီး၊ ချောရဲ့ အစိမ်းရောင်လွင်ပြင်၊ ပန်ဒိုရာ၊ အိမ့်ချမ်းမြေ့ရဲ့ သံစဉ်မဲ့အလင်္ကာများ (မှတ်မှတ်ရရ ဏီလင်းညိုဘလော့ဂ်ကနေ တဆင့်စရောက်ဖူးတာ)၊ မိုးငွေ့နှင့်အတူ၊ မိုးစက်ပွင့်၊ စန္ဒကူး၊ ညီလင်းသစ် (အတွေးလေးတွေ အဖြစ်အပျက်လေးတွေကို အခြေခံပြီး ကျိုးကြောင်းကျတဲ့ ဆက်စပ်အတွေးလေးတွေနဲ့ အရမ်းလှတဲ့ အက်ဆေးလေးတွေကို ရေးတတ်လို့ သတိထားမိပြီး ဖတ်ဖြစ်သွားတာ။)၊ မောင်မျိုးရဲ့ ကျွန်တော့်ဘ၀ဇာတ်ခုံ (ဘောင်းဘီရှေ့နောက်မှားတာကို သိုင်းပြောင်းပြန်နဲ့ လှည့်ဝတ်တဲ့ အတတ်ပညာကို လေးစားပါတယ်။ အခုထိကော ရေဖျန်းတဲ့ပိုက်နဲ့ အုန်းရေသောက်နေသေးလားမသိ… :P)၊ အလင်းစက်များ အစရှိတဲ့ ဘလော့ဂ်တွေ အများကြီးပါဘဲ။ ဒါတောင် စဉ်းစားလို့ရသမျှ မှတ်မိသလောက်ပဲ ရေးထားတာပါ။ မေ့နေလို့ ကျန်သွားတာတွေလည်း ရှိနေပါသေးတယ်။ ဒီထဲက တစ်ချို့ကတော့ အခုနောက်ပိုင်း ဆက်ရေးတာ မတွေ့ရတော့ပါဘူး။ အစားအသောက် ချက်တဲ့ပြုတ်တဲ့ ဘလော့ဂ် အတော်များများကိုလည်း မကြာမကြာ ရောက်တတ်ပါတယ်။

အဲဒီဘလော့ဂ်လက်ဟောင်းတွေကို ဖတ်ရင်းနဲ့ ဘလော့ဂ်လက်သစ်တွေ စတွေ့တဲ့အထဲမှာ ရွှေရတုမှတ်တမ်းဘလော့ဂ်ကနေ ဆရာဦးဟန်ကြည်ရဲ့ အတွေးစလေးတွေကို စရောက်သွားပါတယ်။ နောက်ထပ်ပြီး အမြဲလိုသွားဖတ်ဖြစ်တဲ့ ဘလော့ဂ်များကတော့ အခုကိုညိမ်းနိုင်လို့ နာမည်ပြောင်းသွားတဲ့ ကိုမောင်လေးရဲ့ မျောလွင့်တိမ်တို့နားခိုရာ၊ ဆင်တဲကဖေး၊ ဧရာဝတီစာကြည့်တိုက်၊ မဗေဒါရဲ့ဗေဒါလမ်း၊ မိုးယံရဲ့ လူသားအားလုံးအတွက်၊ နေဇော်လင်း၊ အင်္ဂဟူးရဲ့မျှဝေမှုတို့စုစည်းရာ၊ မိုးပန်းချီ၊ မြသွေးနီ၊ ဦးအောင်သင်း၊ ဦးဘုန်း(ဓါတု-မန္တလေး)၊ ငွေလမင်း၊ အေအေတီအို၊ အပြုံးပန်း၊ ခနွဲ၊ လပြည့်ရိပ်၊ ရို့စ်ရဲ့ ကျမဘ၀ရဲ့ အမှတ်တရနေရာလေးတခု၊ အိန်ဂျယ်လှိုင်၊ အမှတ်တရနေ့စွဲများ၊ ကြည်ကြည်ရဲ့ဒိုင်ယာရီ၊ ခရစ္စတယ်လ်ရဲ့ ဘ၀ရဲ့စာမျက်နှာများ (Bliss of us ကိုလည်း တခါတခါ ရောက်တယ်။)၊ တမြေထဲက မောင်ငယ်နှစ်ယောက်ဖြစ်တဲ့ အနီးဆုံး နဲ့ ကိုထွဋ်၊ မေသိမ့်သိမ့်ကျော်၊ မင်းဧရာ၊ ဖြိုးမောင်မောင်ရဲ့ ရေးမိရေးရာ အဖြာဖြာ၊ ကဗျာတွေမနားတမ်းရေးနိုင်တဲ့ တောင်ကြီးသူညီမငယ် မစံပယ် (အိမ်လည်း အတော်နှံ့နှံ့စပ်စပ် လည်နိုင်ပါတယ်)၊ မြစ်ဆုံ၊ ဒီဇင်ဘာမောင်မောင်၊ အတွေ့အကြုံတွေစုံသလို အစားအသောက်တွေ ချက်တာလည်းဝါသနာပါတဲ့အပြင် ဘလော့ဂ်တိုင်းကိုလည်း ရောက်အောင်သွားပြီး ဆုတောင်းလေးနဲ့ ကွန်မန့်ပေးတတ်တဲ့ ခင်ဖို့ကောင်းတဲ့ အန်တီတင့်၊ Mon Petit Avatar (ဟိုးအရင်တည်းက ရောက်ခဲ့ဖူးတဲ့ ဘလော့ဂ်တွေမှာ ကွန်မန့်ပေးပေးနေတာ တွေ့ဖူးနေပေမယ့် မဂျီးတော်တို့ မစည်းစိမ်တို့ မမီးငယ်တို့လို ဘလော့ဂါတွေနဲ့ ရင်းနှီးနေတဲ့ ဘလော့ဂ်ဖတ်သူ တယောက်လို့ပဲထင်ခဲ့မိဖူးတယ်။ ကိုယ်ပိုင်ဘလော့ရှိမှန်းကို လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သိပြီး သွားဖတ်ဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာ ဘလော့ဂ်လေးတခုပါ)၊ ခင်မောင်ချင်း(ချင်းကလေး)၊ ကြယ်လွမ်းသူ၊ မဒမ်ကိုးနဲ့ ကိုရင်သာပျော့ … အများကြီးပါပဲ။ ရောက်ဖြစ်ပြီး နာမည်မပါတဲ့ ဘလော့ဂ်များလည်း ရှိနိုင်ပါသေးတယ်။ ဒါက လက်လှမ်းမှီရာ သတိရသလောက်ကိုသာ ရေးချလိုက်တာပါ။ မအိမ်သူမရောက်ဖူးသေးတဲ့ ဘလော့ဂ် အသစ်အဟောင်းတွေလည်း များစွာရှိနေပါသေးတယ်။ နောက်ထပ်ပြီးတော့ နေ့စဉ်နဲ့အမျှ ဘလော့ဂ် အသစ် အသစ်တွေ ထပ်ထပ်တိုးလာနေတာကိုလည်း တွေ့နေရပါတယ်။ ဘလော့ဂ်ရွာကနေ မြို့တော်ကြီးတမျှ ဖြစ်လာနေပါပြီ။ ဘလော့ဂ်တွေကလည်း အကြောင်းအရာအမျိုးမျိုးနဲ့ အတွေး အမြင် အသိပညာ အတတ်ပညာ ဘာသာရေး စီးပွားရေး လူမှုရေး နိုင်ငံရေး ချက်ရေးပြုတ်ရေး ဘယ်ဖက်ကမှ မလွတ်ရအောင် ဖတ်စရာ မှတ်စရာ အသိအလိမ္မာ တိုးစရာ လေ့လာကျင့်သုံးစရာတွေကို ဝေမျှပေးနေကြတာ တကယ်ကိုအားရစရာပါ။ ယူတတ်မယ်ဆိုရင် သုံးမကုန်နိုင်တဲ့ ရတနာသိုက်ကြီးလိုပါပဲ။

မအိမ်သူကတော့ တစ်ရက်စာမဖတ်လိုက်ရရင် တနေ့တာမပြည့်စုံဘူးလို့ထင်တဲ့ စာဖတ်သမားသက်သက်ပါ။ ဘလော့ဂ်တွေလည် စာလိုက်ဖတ်ပြီး ခြေရာမချန် ကွန်မန့်မပေးတတ်ပဲ တိတ်တဆိတ်လေး ပြန်လာတတ်တဲ့ ကန့်လန့်ကာနောက်ကွယ်မှာပဲ နေချင်တတ်သူပါ။ မရည်ရွယ်ပါပဲ လုပ်ဖြစ်သွားတဲ့ ဘလော့ဂ်လေးမှာ စာရေးနိုင်ဖို့အတွက်ကိုတော့ အတော်လေးကို အားထုတ်ရပါတယ်။ စာရေးဖို့အတွက် စာတွေအများကြီး ပိုဖတ်ရသလို စာရေးဖို့အချိန်ကိုလည်း မအားတဲ့ကြားက ကြိုးစားပြီး အချိန်တွေလုရပါတယ်။ ကိုယ့်ရဲ့ တာဝန်တွေ ၀တ္တရားတွေ အလုပ်အကိုင်တွေ လူမှုရေး မိသားစုအရေးတွေကို ဘလော့ဂ်ရေးတာကြောင့် အပျက်ကွက် အထိခိုက်မခံချင်သလို စာတွေကိုလည်း ပို့စ်ဖြစ်ပြီးရော တာဝန်ကျေရေးတာမျိုး မလုပ်ချင်တတ်တဲ့စိတ်ကြောင့် ရေးမိသမျှလေးတွေကိုတော့ ကြိုးစားပြီး တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ရေးချင်တဲ့စိတ်နဲ့ စာတစ်ပုဒ်ဖြစ်လာဖို့အတွက် အချိန်တွေ အများကြီးကိုလည်း ရင်းနေခဲ့ရပါတယ်။ အဲဒီလို နှစ်ခုလုံးကို အကောင်းဆုံးဖြစ်စေချင်တဲ့ စိတ်ဆန္ဒနှစ်ခုကြားမှာ တခါတလေ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ညှိနှိုင်းမရတဲ့ အဖြစ်မျိုးတွေနဲ့ နပန်းလုံးရတာ မအိမ်သူအတွက် သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ဘလော့ဂ်လေးလုပ်ဖြစ် သွားတဲ့အတွက်ကြောင့် အရင်က ကိုယ့်စိတ်ထဲမှာပဲ ကိုယ့်ဟာကိုယ် တဖက်သတ် ရင်းနှီးနေခဲ့တဲ့ နိုင်ငံပေါင်းစုံက အခြားဘလော့ဂါများနဲ့ သိကျွမ်းခင်မင်ခွင့်ရတာကတော့ တကယ့်ကို ၀မ်းသာရပါတယ်။ တဦးနဲ့တဦး မမြင်မတွေ့ဖူးကြဘဲ ဘလော့ဂ်မှာရေးသားထားတဲ့ စာလေးတွေကတဆင့် စာရေးတဲ့သူကို စိတ်ကူးပုံဖေါ်ကြည့်ပြီး ခင်ရတာပေမယ့် စိတ်ထဲမှာတော့ တရင်းတနှီးရှိလှတာ အမှန်ပါပဲ။ အပေါင်းအသင်း နယ်ပယ်ကျယ်လာပြီး မိတ်သစ် ဆွေသစ်တွေ တိုးပွားလာတယ် ဆိုတာကိုက မင်္ဂလာတပါးပဲ မဟုတ်လား။ ဘလော့ဂ်ဒေးမှာ ဘလော့ဂါအပေါင်း ကျန်းမာ ရွှင်လန်းစွာနဲ့ ရှေ့ဆက်ပြီးတော့ မိမိနှစ်သက်ရာ စာလေးများကို ဆက်လက်ရေးသားပြီး ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်ရှင်။

ဘလော့ဂ်ဒေးအတွက် မိတ်ဆက်ပေးချင်တဲ့ ဘလော့ဂ်လေး ငါးခုပါ။







အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Sunday, August 21, 2011

မိတ်ဆွေဖြစ်ရတာ ၀မ်းမြောက်စရာ…

လောကကြီးမှာ လူရယ်လို့ဖြစ်လာပြီဆိုရင် သဘာဝတရားအရ တစ်ဦးတည်း တစ်ယောက်တည်း ရှင်သန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မိဘ ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းအသင်း သူငယ်ချင်း ဆိုတာများဟာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ လူ့သဘာဝအရ တစ်ကိုယ်တည်း ရှင်သန်ဖို့ မဖြစ်နိုင်တဲ့ အကြောင်းတရားတွေ အများကြီး ရှိနေခဲ့ပါတယ်။ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဖြစ်ခဲ့ရင်သာနေမယ် လူ့အသိုင်းအ၀ိုင်းနဲ့တော့ ဘယ်လိုအကြောင်းကြောင့်မှ ကင်းကွာပြီး နေလို့မရနိုင်ပါဘူး။ အဲဒီလို လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းထဲမှာ ကျင်လည်နေထိုင် ကြရတဲ့အခါ နေ့စဉ်နဲ့အမျှ လူသားတွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး အကြောင်းအမျိုးမျိုးနဲ့ ထိတွေ့ ဆက်ဆံ ပေါင်းသင်းကြရာကနေ  ခင်ရာမင်ရာ မိတ်ဆွေ ဖေါ်သဟာ သူငယ်ချင်းများ ဖြစ်ကြရပါတော့တယ်။

အမှန်တော့ မိတ်ဆွေ သူငယ်ချင်း ဆိုတာဟာ လူတိုင်းအတွက် ဘုရားသခင်ပေးတဲ့ ဆုလာဒ်လို့ ပြောလို့ရသလို သဘာဝကပေးတဲ့ လက်ဆောင်လဲဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးအကြား ရင်းနှီးချစ်ခင်မှုတွေ ရှင်သန် တိုးပွားလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး ကူညီယိုင်းပင်းကြရင်း၊ တစ်ဦးအခက်အခဲကို တစ်ဦးကလက်တွဲလို့ ဖြေရှင်းကြရင်း တသက်တာအတွက် ခင်မင်တွယ်တာစရာ၊ အပြန်အလှန် လေးစားချစ်ခင်စရာ မိတ်ကောင်း ဆွေကောင်းတွေ တိုးပွားလာတတ်ကြတယ် မဟုတ်ပါလား။ အဲဒီလို လူ့လောက လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေကြားမှာ တစ်ဦးနဲ့တစ်ဦး ဖြူစင်တဲ့ မေတ္တာပေါ် အခြေခံလို့ ရင်းနှီးခင်မင်စွာနဲ့ တသက်တာ ယုံကြည်လက်တွဲသွားရမယ့် မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေအဖြစ် အပြန်အလှန် ရပ်တည်ခွင့်ရတာဟာ ဘယ်လောက်တောင် ကောင်းတဲ့အဖြစ်ပါလဲ။

သင်အလွန်ချစ်ခင်ရတဲ့၊ သင့်ဘ၀အတွက် အင်မတန် ယုံကြည် အားကိုးရတဲ့ မိတ်ဆွေ သူငယ်ချင်းများ သင့်အနားမှာ ရှိနေခဲ့ခြင်းအတွက် သင့်အနေနဲ့ ဘယ်လောက်ထိအောင် ကြည်နူး ၀မ်းမြောက်ဖြစ်ရခြင်းများကို ခံစားဖူးခဲ့ပြီလဲ…။ အဲဒီလို အပေါင်းအသင်း မိတ်ဆွေများနဲ့ ပတ်သက်တဲ့ ခံစားချက်လေးတွေ အဆိုအမိန့်လေးတွေကို စုစည်းရေးသားထားတဲ့ လက်တ၀ါးသာသာ စာအုပ်လေးတစ်အုပ်ကို ကြိုက်နှစ်သက်စွာ ဖတ်ရှုမိခဲ့ရာကနေ မိတ်ဆွေ သူငယ်ချင်းများကိုပါ မျှဝေ ခံစား ဖတ်ရှုစေချင်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာခဲ့မိပါတယ်။ အဲဒါကြောင့် မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများကို ပိုင်ဆိုင်ခွင့် ရခဲ့ခြင်းအတွက် ဖြစ်ပေါ်လာတဲ့ ကြည်နူးမှု ၀မ်းမြောက်မှု အစရှိသော ခံစားချက် အဖွဲ့အနွဲ့ အဆိုအမိန့် အရေးအသား ကလေးများကို ဟောလ်မာ့ခ် စာအုပ်တိုက်က စုစည်းပြီး ထုတ်ဝေခဲ့တဲ့ “So glad we’re friends (တို့များ မိတ်ဆွေဖြစ်ရတာ အလွန် ၀မ်းမြောက်စရာ)” ဆိုတဲ့ စာအုပ်ကလေးထဲက အကြောင်းအရာလေးတချို့ကို ကြိုးစားဘာသာပြန်ပြီး မူရင်း ရေးသားချက်ကလေးများနဲ့အတူ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Of all the lovely treasures
At the rainbow’s brilliant end,
One brings lasting pleasure:
A dear and trusted friend.
                             (Anonymous)

စွဲမက်မြတ်နိုးဖွယ်ရာ ရှိရှိသမျှ ရတနာတို့ရဲ့အမွန်
ရောင်စဉ်ဖြာကျ တောက်ပလှတဲ့ သက်တန့်ရောင်စုံတွေရဲ့ အလွန်မှာ
တသက်တာ ပျော်ရွှင် ကြည်နူးစရာတွေကို ယူဆောင်ပေးလာသူဟာ
တွယ်တာချစ်ခင် ယုံကြည်သက်ဝင်ရတဲ့ မိတ်ဆွေကောင်း တစ်ယောက်သာ…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

Good friends are like the evening shadows:
they increase in importance until the sun of life sets.
                          (after Johann Gottfried von Herder)

မိတ်ဆွေကောင်းတွေဟာ ညနေစောင်းရဲ့ အရိပ်တွေလိုပါပဲ။
ဘ၀ရဲ့နေ၀င်ချိန်တွေနီးလာလေ မိတ်ဆွေစစ်တွေရဲ့ အရေးပါမှုက တိုးပွားလာလေ…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

God chooses our relatives, we choose our friends.
                                                         (Jacques Delille)

ငါတို့တော်စပ်ရမယ့် မိဘဆွေမျိုးတွေကို ဘုရားသခင်က ရွေးချယ်ပေးတယ်။
ငါတို့ပေါင်းသင်းရမယ့် မိတ်ဆွေတွေကိုတော့ ငါတို့ကိုယ်တိုင် ရွေးချယ်တယ်။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

A good friend is like a wonderful book…..
The inside is even better than the cover!
                                        (Anonymous)

မိတ်ဆွေစစ်ဆိုတာ စာအုပ်ကောင်းတစ်အုပ်ပမာ…
စာအုပ်တွင်းကအကြောင်းအရာ အဖုံးထက်ကိုသာလွန်စွာ…

* * * @ @ @ @ @  ~  @ @ @ @ @ * * *

A friend is a present you give to yourself!

သူငယ်ချင်းဆိုတာ ကိုယ့်ကိုယ်ကိုပေးတဲ့ လက်ဆောင်မွန်တစ်ခု ဖြစ်ပါတယ်။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

The Miracle of Friendship

There’s a miracle called friendship
That dwells within the heart,
And you don’t know how it happens
Or when it gets its start.
But the happiness it brings you
Always gives a special lift,
And you realize that friendship
Is life’s most precious gift.

ရင်းနှီးမှုဟာ အံ့ဖွယ်ရာ

ရင်းနှီးမှုလို့ ဆိုတဲ့အရာ
ထူးခြား ဆန်းကြယ် အံ့ဖွယ်ပါ
မိတ်ဆွေတွေရဲ့ အကြားမှာ
နှလုံးသားချင်းသာ သိနိုင်တဲ့အရာ…။
ဘယ်အချိန်က စလို့
ဘယ်လိုများ ခင်ခဲ့ကြသလဲ
သိနိုင်ခဲလှတာ …။
ဒါပေမယ့်လေ…
အတူပါလာတဲ့ ပျော်ရွှင်ခြင်းတွေကတော့
အမြဲထာဝရ ထူးခြားလွန်းလှတဲ့
စိတ်အား တက်ကြွခြင်းတွေကိုပေးတယ်။
ပြီးတဲ့အခါ…
အဲဒီခင်မင်မှုဟာ
တသက်တာ အမှတ်တရ
တန်ဖိုးဖြတ်မရတဲ့
ဘ၀ရဲ့ လက်ဆောင်တစ်ပါးဖြစ်ပေတယ်…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

A true friend

A true friend
shares freely,
advises justly,
assists readily,
adventures boldly,
takes all patiently,
defends courageously,
and continues a friend
unchangeably.
                                      (William Penn)

မိတ်ဆွေစစ်

မိတ်ဆွေစစ်ဆိုတာ
လွတ်လပ်စွာ မျှဝေခံစားရင်း
မျှတစွာ လမ်းညွှန်ဖေးမရင်း
အသင့်ရှိစွာ ကူညီစောင်မရင်း
မြဲမြံစွာ စွန့်စားရင်း
စိတ်ရှည်စွာ သည်းခံရင်း
သတ္တိရှိစွာ အကာအကွယ်ပေးရင်း
ဘယ်သောအခါမှ မပြောင်းလဲစွာနဲ့
မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားသူ…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

The Best Treasure

There’s happiness in little things,
There’s joy in passing pleasure.
But friendships are, from year to year,
The best of all life’s treasure.

အကောင်းဆုံး ရတနာ

ဘ၀မှာ ပျော်ရွှင်စရာအချို့
ဝမ်းမြောက်ဖွယ် ကြည်နူးခြင်းအတိတ်တို့ ရှိသော်ငြား
နှစ်ပေါင်းများစွာ မပြောင်းလဲတဲ့ ခင်မင်မှုသာ
ဘ၀ရဲ့ အကောင်းမြတ်ဆုံးသော ရတနာ…

* * * @ @ @ @ @  ~  @ @ @ @ @ * * *

(တတ်သလောက် မှတ်သလောက်ကလေးနဲ့ ကြိုးစားပြီး ဆီလျော်အောင် ဘာသာပြန်ထားတာသာ ဖြစ်ပါတယ်။ အမှားအယွင်း ချို့ယွင်းချက်များ ရှိခဲ့ရင် မအိမ်သူရဲ့ ဘာသာပြန်အမှားသာ ဖြစ်ပါလိမ့်မယ်။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Related Posts Plugin for WordPress, Blogger...