မအိမ်သူတို့လို အိမ်ရှင်မတွေအဖို့မှာ တစ်နေ့တစ်နေ့ ကိုယ့်အိမ်သား
လျှာရင်းမြက်စေဖို့၊ ကိုယ့်သားသမီးတွေ ခံတွင်းတွေ့ကြစေဖို့ ဆိုပြီး
မီးဖိုချောင်ထဲ တစ်နေ့တစ်မျိုး မရိုးရအောင် ဟင်းအမယ်တွေကို အမျိုးမျိုး
အဖုံဖုံ စီမံ ကြော်လှော် ချက်ပြုတ်ကြရတာ မမောနိုင် မပန်းနိုင်လောက်
အောင်ပါပဲ။ မီးဖိုချောင်အလုပ်ဆိုတာကလည်း တစ်နေ့အလုပ် မဟုတ်
လေတော့ နေ့စဉ်ချက်ရမယ့် ဟင်းလျာတွေကို အစပ်အဟပ်တည့်ပြီး
စားမြိန်အောင် ခံတွင်းလိုက်အောင် ချက်ရတဲ့အပြင် ဟင်းအမယ်တွေနဲ့
လိုက်ဖက်တဲ့ ဟင်းရံ အတွဲအစပ်လေးများကို တစ်နေ့နဲ့တစ်နေ့ မထပ်
ရလေအောင်စဉ်းစားရတာကလဲ အိမ်ရှင်မတွေအတွက်တော့အတော်ကို
ခေါင်းစားရတဲ့အလုပ်ပါ။ လူဆိုတာကလည်း ကိုယ်အရမ်းကြိုက်ပါတယ်
ဆိုတဲ့ ဟင်းကိုတောင် တစ်ရက်ကနှစ်ရက် ဆက်တိုက်စားလာရပြီဆိုရင်
ငြီးငွေ့လာတတ်ကြတာမျိုး ဆိုတော့ ဟင်းအမယ် တူနေခဲ့ရင်တောင်
အပြောင်းအလွဲလေးတွေ ဖြစ်အောင် ချက်ပြုတ်ကြရပါတယ်။
ကိုယ့်အိမ်သားက ဒီဟင်းလေးကြိုက်တယ်ဆိုတိုင်း အပြောင်းအလဲမရှိ
ဒီပုံစံဒီချက်နည်းအတိုင်းချည်းပဲ အဲဒီဟင်းကို တစ်ပတ် သုံး လေးကြိမ်
လောက်ချက်ကျွေးနေပြန်ရင်လဲ ကြာလာရင် “ရွှေချဉ်ပေါင်တုံးကာမှ”
အဖြစ်မျိုးဆိုက်မှာကိုလည်း စိုးရိမ်ရသေးမဟုတ်လား။
ချဉ်ပေါင်ဟင်းချင်း တူနေခဲ့ရင်တောင် ဒီနေ့တော့ ဟင်းရည်ကျဲကလေး
နောက်နေ့တော့ ပုဇွန်ဆိတ်လေးနဲ့ ကြော်ချက်လေး နောက်တစ်ခါတော့
မျှစ်ကလေးနဲ့ရောပြီး ခပ်စပ်စပ်လေးကြော် နောက်ရက်ကျပြန်တော့
ချဉ်ပေါင်ရွက်နဲ့ ငါးနဲ့ချက် အဲဒီလိုလေးတွေ ဆိုရင် ကြိုက်တတ်လို့ ချဉ်ပေါင်ဟင်းချည့်ပဲ နေ့တိုင်းစားအုံးတောင်မှ တစ်ရက်နဲ့တစ်ရက်
အရသာ မတူစေပဲ အပြောင်းအလွဲလေးတွေနဲ့မို့ ဟင်းလေးတွေ
မထပ်နိုင်တော့ဘူးပေါ့နော်။
နောက်တစ်ခုကတော့ ထမင်းပွဲမှာစားမြိန်စေဖို့ဆိုတာ အဓိကဟင်းအပြင်
ဟင်းအရံတွေရဲ့ အတွဲအစပ်ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ
ပါဝင်ပါသေးတယ်။ ထမင်းပွဲမှာ အသားဟင်း ငါးဟင်းတွေချည့်ရယ်မှ
ဟင်းကောင်းတာ ထမင်းမြိန်တာ မဟုတ်ပါဘူး။ ဟင်းမကောင်းသော်ငြား
လိုက်ဖက်တဲ့ အတွဲအစပ်လေးတွေနဲ့ ဟင်းဖက်လေးတွေ အစပ်အဟပ်
တည့်သွားရင် ဘာမဟုတ်တဲ့ ဟင်းကလေးတွေကလည်း အင်မတန်
စားမြိန်တဲ့ ထမင်းပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ကြက်သားဟင်း ငါးဟင်း
ပုဇွန်ထုပ်ဆီပြန် အမဲကြော် ဘဲပေါင်း ဆယ့်နှစ်မျိုးဟင်းချို ငါးဖယ်သုပ်
ဆိုတာမျိုး ဟင်းကောင်းတွေချည့် စုပုံနေတဲ့ ထမင်းပွဲကြီးတွေမှာ
ဟင်းတွေကောင်းပါရဲ့နဲ့ ထင်သလောက် သိပ်စားလို့ မမြိန်ကြတာမျိုးကို
တစ်ခါတစ်ရံ ကြုံဖူးကြပါလိမ့်မယ်။ ဥပမာပြောပြရရင် အဲဒီလို ထမင်းပွဲ
မျိုးထက် ပုဇွန်ဆိတ်လေးတွေကို အခွံမချွတ်ပဲ ဆီပြန်ချက်လေးရယ်၊
မျှစ်ကြော်ကလေးရယ်၊ ငါးပိထောင်းလေးကို သံပုရာရည်လေး
ညှစ်ပြီးတော့ ငရုပ်ကောင်းနံ့ မွှေးမွှေးလေးနဲ့ ဟင်းခါးရည်ပူပူလေးကို
တရှူးရှူး မှုတ်သောက်ပြီး စားရတဲ့ ထမင်းပွဲအရသာက ဟင်းစပ်ကလေး
တည့်လို့ ပိုပြီး စားမြိန်တတ်ကြပါတယ်။ မြန်မာထမင်းဟင်းရဲ့သဘာဝ
ကလဲ ဟင်းကလေးတွေ အစပ်အဟပ်တည့်စွာ စုံစုံလင်လင် မြိုင်မြိုင်
ဆိုင်ဆိုင်နဲ့ဆိုမှ စားမြိန်တာဟာ ထူးခြားချက်တစ်ခုလို့ ပြောနိုင်လိမ့်မယ်
ထင်ပါတယ်။ ဒါကြောင့်လဲ မြန်မာလူမျိုးမှန်ရင် ဟင်းတစ်မျိုးမျိုးကို
တွေ့လိုက်တာနဲ့ “ဟယ်.. ဒီဟာလေးနဲ့ ဒါလေးနဲ့ တွဲစားလိုက်ရရင်တော့
အရမ်းကောင်းမှာပဲ” ဆိုတာမျိုး လူတိုင်းစဉ်းစားတတ်ကြပါတယ်။
ချဉ်ပေါင်ကြော်လေးမြင်ရင် ငါးပိထောင်းလေးကို တမ်းတတယ်။
ဟင်းခါးလေးနဲ့ဆို ရှောက်သီးကလေး သုပ်စားချင်တယ်။
ချဉ်ရည်ဟင်းနဲ့ ငါးပိကြော်လေးဆို သိပ်ကောင်းမှာ ဆိုတာမျိုး မြန်မာပီပီ
အစားစားတော့မယ်ဆိုရင် အဲဒီလို လိုက်ဖက်တဲ့ အရာလေးတွေကို
အမြဲတမ်း ယှဉ်တွဲပြီးမြင်တတ်ကြတာ သဘာဝလို ဖြစ်နေပါပြီ။
ဒါပေမယ့်လဲ အိမ်ရှင်မ တစ်ယောက်အနေနဲ့ နေ့စဉ်နဲ့အမျှ မီးဖိုချောင်မှာ
တစ်နေ့တစ်မျိုး ဟင်းတွေကို မရိုးအောင် မထပ်အောင် စီမံချက်ပြုတ်
နေရတဲ့ အခါမှာတော့ ဒီနေ့ဘာချက်ရပါ့ဆိုပြီး ခေါင်းခြောက်အောင်
စဉ်းစားရတဲ့ အခါမျိုးတွေက ပိုများနေတတ်ကြတာ အိမ်ရှင်မတိုင်းရဲ့
သဘာဝပါပဲ။ ထမင်းဟင်းချက်တယ် ဆိုတာလည်း ပြောတော့သာ
လွယ်တာပါ။ တကယ်တန်း နိစ္စဓူဝ မီးဖိုချောင်ထဲ ဟင်းအမယ်တွေ
မထပ်အောင် စဉ်းစားပြီး ချက်ရတဲ့အခါမှာတော့ အင်မတန်ကို
ဦးနှောက်ခြောက်ရပါတယ်။ ကိုယ်တပင်တပန်း ချက်ပြုတ်ထားတဲ့
ထမင်းဟင်းကို ကိုယ့်မိသားစု စားမြိန်ကြတယ်ဆိုရင် အိမ်ရှင်မတွေအဖို့
အမောပြေရတာပေါ့ရှင်။ ကိုယ်ချက်ထားပြီးမှ သိပ်စားမကောင်းဘူးလို့
ထင်ရတဲ့ဟင်းမျိုးဆို စိတ်ထဲတနုံ့နုံ့နဲ့ စိတ်မကောင်းတွေဖြစ်လို့…
ကောင်းနိုးရာရာ ဟင်းချက်နည်း အသစ်အဆန်းကလေးများကို
တွေ့ရင်လည်း စမ်းသပ်ချက်ကြည့်လို့ စားကောင်းတယ် အိမ်မှာ အားလုံးကကြိုက်ကြတယ်ဆိုရင် နောက်ကိုချက်စရာ ဟင်းအမယ်
တစ်မျိုး တိုးလာပြီဟဲ့ဆိုပြီး ၀မ်းတွေသာလို့…
ဒီလိုခံစားချက်လေးတွေနဲ့ပဲ မအိမ်သူတို့တွေ မီးဖိုချောင်ကိုပိုင်စိုးသော အိမ်ရှင်မဖြစ်နေရတာကို ကျေနပ်ပီတိဖြစ်နေကြရတာကိုး…
အဲဒီလို အိမ်ရှင်မတစ်ယောက်ရဲ့ ပီတိလေးတွေကို ခံစားဖို့အတွက်
မအိမ်သူတစ်ယောက် မီးဖိုချောင်မှာ အားထုတ်ထားရသော ထမင်းပွဲ ဟင်းပွဲလေးတွေကို မြည်းစမ်းကြည့်ကြဖို့ ဓါတ်ပုံလေးတွေနဲ့ အတူ
မျှဝေလိုက်ပါတယ်။ ကြိုက်နှစ်သက်ရာ ဟင်းပွဲကို ရွေးပြီး အားပါးတရ
တ၀သာစားသွားကြပါနော်…း))
 |
ကြက်သားဟင်း၊ ချဉ်ပေါင်နဲ့မျှစ်ကြော်၊ ပဲဟင်းချို၊ အညာငရုတ်သီးထောင်းနဲ့ သခွားသီးတို့စရာ |
 |
မုန်လာဥချဉ်ရည်၊ ပန်းဂေါ်ဖီနဲ့ဘဲဥကြော်၊ ငါးဘတ်ဆီပြန်၊ ငါးပိရည်ကျိုနဲ့ တို့စရာအစုံ |
 |
ငါးခူကင်ကို အသားထွင်ပြီးချက်ထားတဲ့ ကြာရိုးဟင်းခါး၊ ငါးဖယ်သုပ်၊ ထိုင်ဝမ်မုန်ညင်း ငရုပ်ပွအနီနဲ့ မှိုခြောက်ကို ခရုဆီနဲ့ အစိမ်းကြော်၊ ကြက်ဥအောမလက်ကြော် |
 |
ငါးရံ့ကြော်၊ ဖရုံပွင့်နဲ့ ဖရုံညွန့်ကို အရေစပ်စပ်လေးနဲ့ ကြော်ချက်လေးချက်၊ ခရမ်းချဉ်သီး ငါးပိချက်နဲ့ သခွားသီးတို့စရာ |
 |
မုန်ညင်းချဉ်ဟင်းချို၊ ကြက်သားကုန်းဘောင်ကြော်၊ မုန်လာဥနီလေးခြစ် သခွားသီးကို အူတိုင်ထုတ် ပါးပါးလှီးပြီး ပဲမှုန့် ဆီချက် သံပုရာရည်လေးနဲနဲညှစ်ပြီး နှမ်းနက်ကလေးတွေနဲ့သုပ်၊ ကန်ဇွန်းရွက်ကြော် |
 |
ဒန့်သလွန်သီး ခရမ်းသီး ဗူးသီး ပဲတောင့်ရှည် တို့နဲ့ သီးစုံချဉ်ရည်၊ ဘဲဥ အာလူး ငါးခြောက် ဆီပြန်ချက်၊ အညာငရုတ်သီးထောင်းမွှေးမွှေးလေး |
 |
ငါးနုသန်းကျပ်တင်ခြောက် (ငါးကျည်းကျပ်တင်လိုပဲမွှေးမွှေးလေး) အသားထွင်ထားတာကို ဗူးသီးနဲ့ ခရမ်းချဉ်သီးနဲ့ လုံးချက်လေးချက်၊ ကြက်ဥခေါက်ကြော်၊ ငါးရံ့ခြောက်ဖုတ်ဆီဆမ်း၊ မုန်ညင်းရွက်ချဉ်ရည်ဟင်း၊ ငါးပိရည်ဖျော်နဲ့ တို့စရာအစုံ |
 |
ကြက်ဥခေါက်ကြော်၊ သရက်သီးစိမ်း ငါးပိထောင်း၊ ဗုံလုံသီးနဲ့ ပုဇွန်နှပ်၊ ဗူးသီးဟင်းခါး |
 |
ပဲဟင်း၊ ခရမ်းသီးနှပ်၊ အမဲခြောက်ဖုတ်ဆီဆမ်း၊ ငါးရံ့ခြောက်ဖုတ်ဆီဆမ်း၊ မန်ကျည်းသီးစိမ်း ငါးပိထောင်း |
 |
ခရမ်းချဉ်သီးအနှစ်များများနဲ့ ဘဲဥဟင်း၊ အစိမ်းကြော်၊ ပဲဟင်းချို၊ ပုန်းရည်ကြီးသုပ်နဲ့ ဘာလချောင်ကြော် |
 |
ကန်ဇွန်းရွက်ချဉ်ရည်ဟင်း၊ ပုဇွန်ကြော်၊ ငါးပိရည်ကျို တို့စရာ |
 |
ဗူးသီးဟင်းခါး၊ ပုဇွန်ဆိတ်လေးတွေနဲ့ မျှစ်ချဉ်ဟင်း၊ ဘဲဥခေါက်ကြော်၊ ငရုပ်သီးခြောက်ကို မွှေးနေအောင်ကြော်ပြီး ငါးပိစိမ်းစားမီးဖုတ်နဲ့ ပုဇွန်ခြောက်မှုန့် ကြက်သွန်ဖြူတို့ရောထောင်းထားတဲ့ ငါးပိထောင်းမွှေးမွှေးလေး (မျှစ်ချဉ်ဟင်းနဲ့ အရမ်းလိုက်တယ်။ အနံ့ရတာနဲ့ကို စားချင်စရာ) |
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။