Saturday, December 17, 2011

ဒီဇင်ဘာ

ဒီဇင်ဘာတွေ မကြာခဏရောက်ရောက်လာတယ်။
မကြာမကြာ ရောက်လာတတ်တဲ့ ဒီဇင်ဘာက
နှလုံးသားတွေကို လှုပ်နှိုးတယ်။
သဆုံးခြင်းနဲ့ အသစ်တစ်ဖန်မွေးဖွားခြင်းကြားမှာ ဒီဇင်ဘာ ရှိတယ်။
ဟောင်းနွမ်းခြင်းနဲ့ သစ်လွင်မှုကြားမှာ ဒီဇင်ဘာ ရှိတယ်။
ခွဲခွာခြင်းနဲ့ တွေ့ဆုံခြင်းရဲ့ကြားမှာ ဒီဇင်ဘာ ရှိတယ်။
ထွက်ခွာခြင်းနဲ့ ဆိုက်ရောက်ခြင်းကြားမှာ ဒီဇင်ဘာ ရှိတယ်။
ပြောင်းလဲခြင်းတွေ ကြားထဲက မပြောင်းလဲတဲ့ ဒီဇင်ဘာ...
ဒီဇင်ဘာ နဲ့အတူ နှုတ်ဆက်ဖို့...
ဒီဇင်ဘာ နဲ့အတူ လွမ်းဆွတ်ဖို့...
ဒီဇင်ဘာ နဲ့အတူ နေ့သစ်တွေကို ကြိုဆိုဖို့...
ဒီဇင်ဘာဟာ လက်တစ်စုံကို ပိုင်ဆိုင်ထားတယ်။
တရွေ့ရွေ့ ကျောခိုင်းနေတဲ့ ခွဲခွာခြင်းအတွက်
လက်တစ်ဖက်က လက်ပြနှုတ်ဆက်နေဆဲ...
ဝမ်းနည်းခြင်းတွေ ဖြေသာစေဖို့...
သစ်လွင်မှုတွေထဲမှာ အသားကျဖို့
အခြားလက်တစ်ဖက်က ဖေးမတွဲခေါ်လို့...
ဒီဇင်ဘာဟာ သူ့တာဝန်တွေကိုထမ်းဆောင်ဖို့
မကြာခဏ ရောက်လို့လာတတ်တယ်....။      

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

16 comments:

ညီလင်းသစ် said...

ဒီဇင်ဘာကတော့ စိတ်ခံစားမှုမျိုးစုံ ပေးနိုင်လွန်းတဲ့ လပါပဲဗျာ၊ သူ့အကြောင်းတွေ ဘယ်လောက်ပဲ ဖတ်ရဖတ်ရ မရိုးနိုင်ဘူး၊ ဖြတ်သန်းရတဲ့ ရက်တွေကိုက စိုလက်၊ နုသစ်နေ သလိုပဲ...။

သဒ္ဓါလှိုင်း said...

သဒ္ဓါ့မှာလည်း အမှတ်တရ ဒီဇင်ဘာရှိခဲ့ဖူးတယ်။ နှစ်တနှစ်ရဲ့ ကုန်ဆုံးတော့မယ့် လတလအဖြစ် ဒီဇင်ဘာလကို လွမ်းမိတယ်။
အမ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေနော်။
ခင်မင်လေးစားတဲ့
သဒ္ဓါ

ခရစ္စတလ် said...

“နှင်းတွေ ငိုတဲ့ ဒီဇင်ဘာ”

ဘိုဖြူ said...

၁၂ လ ရာသီထဲမှာ ဒီဇင်ဘာဟာ
စိတ်ခံစားမှု အပေးနိုင်ဆုံးလ တစ်လပါပဲ
(ခံစားတတ်သူများအတွက်သာ)

စံပယ်ချို said...

ဒီဇင်ဘာဆိုရင်တော့ ထူးထူးဆန်းဆန်းတောင်ကြီးကို
ပိုပြီးသတိရမိတယ် တောင်ကြီးမြို့အတက်လမ်းဘေးမှာလဲ
နေကြာရိုင်းတွေက ၀ါထိန်နေအောင်ပွင့်နေပြီလေ
အင်မတန်လှပတဲ့ ဒီဇင်ဘာလပါပဲ

ကိုအောင်(ပျူနိုင်ငံ) said...

ဒီဇင်ဘာဟာ ခပ်မှောင်မှောင်ဖြစ်ပြီး တစ္ဆေတစ်ကောင်နဲ့ တူသလားလို့ ...း)

mstint said...

နှစ်တစ်နှစ်ရဲ့နောက်ဆုံးလ ဒီဇင်ဘာတောင်ကုန်ခါနီးပြီ။
ပြန်မရနိုင်တော့မယ့် နှစ်တစ်နှစ်ကို အပြီးတိုင်
နှုတ်ဆက်ခွဲရတော့မယ့် လလေးတစ်လမို့ ဝမ်းနည်းစရာပါ။
ဒီဇင်ဘာကဗျာလေး ရင်ထဲခံစားရင်းဖတ်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်သီဟ said...

နှင်းတွေကြားထဲ လမ်းလျှောက်ရတာကြိုက်တယ်
အရမ်းချမ်းတဲ့ မနက်တွေမှာ ရေချိုးရတာခက်တယ်
ခိုက်ခိုက်တုန်အောင်အေးတဲ့ မနက်မှာ အပြေးလေ့ကျင့်ရတာကြိုက်တယ်
အပြေးလေ့ကျင့်ရင်း လမ်းမှာတွေ့တဲ့ မချောလေးတွေကိုငေးရင်း အမောဖြေရတာ သဘောကျတယ် ဒါကြောင့် ဒီဇင်ဘာကိုချစ်တယ်

း)

Angelhlaing(May everybody be happy and healthy! said...

ရင်ထဲမှာ အမျိုးအမည်မသိ ခ့စားမှုလေး စီးဆင်းသွားတယ် မမ... သြော်...ရောက်ခဲ့ပြန်ပြီ ဒီဇင်ဘာ...ရယ်...:(

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီဇင်ဘာက လူကို ခံစားချက် အမျိုးမျိုးပေးနိုင်တယ်
ဝမ်းနည်းသလိုလို ဝမ်းသာသလိုလို
နှစ်ဟောင်းကုန်တော့မှာမို့ ဝမ်းနည်းသလိုလည်းခံစားရတယ်
နှစ်သစ်ရောက်မှာမို့လည်း ဝမ်းသာသလို ခံစားရတယ်။
ဘာဘဲဖြစ်ဖြစ် ဒီဇင်ဘာကိုချစ်တယ်.. အေးတာကို သဘောကျလို့ မနက်ခင်းနှင်းတွေ ဝေနေတာကို သိပ်ချစ်တာ.မီးဖိုဘေးနားထိုင်ပြီး ခေါပုတ်လေး ကင်စား၊ ပေါင်းတင်းလေးဖုတ်စား.. အိုး သိပ်ပျော်တာဘဲ..

ဟန်ကြည် said...

ဒီဇင်ဘာက သူ့တာဝန်တွေသူ ထမ်းဖို့ရောက်လာသလို ကျွန်တော်တို့လည်း ကိုယ့်တာဝန်တွေကို ကျေအောင်ထမ်းရဦးမယ် အစ်မရေ...

ချမ်းချမ်းနဲ့ ကွေးနေချင်ပေမယ့် တာဝန်တွေကလည်း တပုံတခေါင်းမို့ ဒီဇင်ဘာနဲ့အပြိုင် တာဝန်ကျေလိုက်ပါဦးမယ်...

ပျော်ရွှင်စရာ ခရစ်စမတ်နဲ့ နှစ်ကူးအခါ ဖြစ်ပါစေ အစ်မရေ...

8Yar said...

ကဗျာလေးကောင်းတယ် အစ်မရေ။
ဒီဇင်ဘာဟာ သူ့တာဝန်တွေကိုထမ်းဆောင်ဖို့
မကြာခဏ ရောက်လို့လာတတ်တယ်....

...အလင်းစက်များ said...

နှင်းတွေ ဝေတာကလွဲ လို့  ကျန်တာ မှတ်ဥာဏ်ထဲ ဒီဇင်ဘာ ဆိုတာ မရှိဘူး။ (မေ့ထားတာလည်း ဖြစ်နိုင်ပါတယ်။)

ပေါ့ပေါ့လေးပဲ ဖြတ်သန်းချင်လှတယ်။

San San Htun said...

Merry X-mas & Happy New Year to မအိမ်သူ

ညိမ်းနိုင် said...

ေ၇ာက်လာပြီပေါ့ ဒီဇင်ဘာ....။
မအားလို့ခုမှမန့်ရတယ်အစ်မရေ...၊ပျော်ရွင်ကြည်နူးဖွယ်
ခရစ်စမတ်နှင့် နှစ်ကူးကာလကို ပိုင်ဆိုင်နိုင်ပါစေဗျား...။

မုတ်သုံမိုးဦး said...

ဒီဇင်ဘာဟာ တစ်ခြားလတွေလိုပဲ ပုံမှန်ဆိုက်ရောက်နေကျ။ ဒါပေမယ့် သူက မတူတဲ့ခံစားမှုကို အမြဲပေး တယ်။ အနည်းဆုံး နှုတ်ဆက်သွားတော့မယ့် နှစ်တစ်နှစ်အတွက် ဝမ်းနည်းစေတတ်တယ်။အလွမ်းနဲ့ ခံစား ရင်းတွေအတွက် ငိုချင်ရက် လက်တို့လုပ်တတ်လွန်းတယ်။ ဒါပေမယ့် သူဟာ နှုတ်ဆက်သူတွေကို
နှစ်သစ်တစ်ခုဆီသို့ အားအင်တွေ ၊ ပျော်ရွှင်မှုတွေနဲ့ နောက်ဆုံးစက္ကန့်ထိ တွန်းပို့ပေးတတ်ပြန်တယ်။

Related Posts Plugin for WordPress, Blogger...