Tuesday, December 6, 2011

လွမ်းလို့ဖွဲ့တဲ့စာ

နေစိမ့်လို့ရယ်တော့လည်း မဟုတ်ရပါဘူး...
လွမ်းဖူးတဲ့သူချင်းတော့ သိမှာပါကွယ်
ပြုံးရယ်နေတိုင်း ပျော်နေမယ်ထင်ရင်ဖြင့်
ရင်ထဲနင့်နေတဲ့ အလွမ်းတွေကို
လူပုံအလယ် ချပြမှ လွမ်းတတ်တယ်လို့ ဆိုရမှာလား....။

ပျော်ရာကို လွမ်းနေရင်းနဲ့ပဲ
 တော်ရာမှာ ပျော်အောင်နေတတ်တဲ့ကိုယ်
မငိုတတ်တိုင်း ခံစားချက်မဲ့တာ မဟုတ်ဘူးလေ...
 မျက်ရည်တွေကို သိုဝှက်ထားခဲ့တာ
အကြောင်းမဲ့တော့ မဟုတ်ရပါဘူး...
ရင်ထဲကအလွမ်းတစ်စကြောင့်
ဖြစ်လာရတဲ့သောကစိတ်တွေကို 
မဝေမျှလိုခြင်း သက်သက်ရယ်ပါ...။

ရင်ထဲက ဝေဒနာကို မကြေငြာတတ်သူမို့
လှစ်ဟမပြခဲ့တဲ့ အသည်းကို မာလွန်းတယ်လို့ ထင်ချင်ကြလဲ
ကိုယ်ပြုံးနေခဲ့မှာပဲလေ....
အလွမ်းတွေကို နှလုံးသားထဲ တိတ်တဆိတ် ပုံထားရင်းနဲ့ပေါ့...
အများအမြင်မှာတော့ ကိုယ်ဟာ ခံစားချက်မဲ့စွာနဲ့
ဥပေက္ခာဖွဲ့ နေနိုင်လွန်းသူပါ...။

ပျော်ရာကိုမှန်းလို့ လွမ်းနေရင်း
မျက်ဝန်းမှာခိုတွဲလာတဲ့မျက်ရည်စကို
မျက်လွှာနှစ်စ အသာချလို့
နှုတ်ခမ်းဖျားက အပြုံးတစ်စနဲ့ 
အစားထိုး ခြွေချခဲ့ရတဲ့နေ့ရက်တွေ...
တော်ရာမှာ နေသာသလို နေနေရတဲ့အဖြစ်
ရင်ထဲမှာတော့ တစစ်စစ်နဲ့ လွမ်းနေခဲ့တာ...
ကိုယ်တိုင်ထက် ဘယ်သူကများ သိနိုင်အုံးမှာလဲ...။        ။


 

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

11 comments:

ညီလင်းသစ် said...

ခိုင်ထူးရဲ့ ဒီသီချင်းကို နားမထောင်ရတာ ကြာပြီ၊ ကျေးဇူးပါပဲဗျာ၊ တခါတခါ အိမ်ပြန်ချင်တဲ့ အလွမ်းတွေက ဆီးနှင်းတွေလို သိပ်သိပ်သည်းသည်း ကျလာတတ်တယ်နော်...။

ခရစ္စတလ် said...

ဆောင်း ဟာ လွမ်းစရာ ကောင်းသလား ဟင် အစ်မ.........

ချော(အစိမ်းရောင်လွင်ပြင်) said...

အပေါ်က မခရစ္စတယ်တို့ကတော့ မေးပြီ
ဆောင်းဟာလွမ်းစရာကောင်းလားတဲ့
သိပ်ကောင်းတာဘဲ
ချမ်းချမ်းအေးအေးမှာ စောင်ခြုံလေးထဲ ကွေးနေရင်လည်း နွေးလို့ လွမ်းတယ်
နှင်းမှုန်ဖွေးဖွေးအောက်မှာ ရှိနေတဲ့အခါလည်း ချမ်းလို့ လွမ်းတယ်
ဗိုက်ဆာလည်း လွမ်းတာပါဘဲလေ..
ဆောင်းရာသီမှာစားနိုင်တဲ့ ရာသီစာတွေကိုပေါ့။း)
ခိုင်ထူးသီချင်းလေး မကြားရတာကြာပြီ ရှယ်ပေးတာ ကျေးဇူး အစ်မအိမ်သူ

နေ၀သန် said...

အိမ်ကိုလွမ်းနေလားဟင်... ဒါနဲ့ ကျွန်တော်တော့ အိမ်ကို အလည်ပြန်တော့မယ်လေ.. :D.. ဟီဟိ

ခင်မင်လျက်
နေ၀သန်

Maung Myo said...

တဆစ်ဆစ်ပါပဲ အမေ
သားရဲ့ အိမ်လွမ်းနာတွေကတော့ သေရာပါမယ့်
ဒဏ်ရာတွေထင်ပါ့
ဆောင်းရောင်တော့လည်း အိမ်အောက်က အပူပေးတတ်တဲ့ မီးလင်းဖိုနဲ့ ထမင်းကြမ်းခဲ မီးဖုတ်လေးကလည်း လွမ်းစရာကောင်းတာပဲ ။


ခံစားရတာတွေ စာစီလိုက်တာ အိမ်လွမ်းနာက ရာသီတိုင်းနာကျင်နေတော့မှာပါပဲ ။

8Yar said...

အစ်မရေ လာလည်သွားတယ်ဗျာ။ သီချင်းကိုတော့ အိမ်ရောက်မှပဲ နားထောင်တော့မယ်။ ရုံးမှာက ကြည့်ရဘူး။ :)

နွေတေးရှင် (မင်းဧရာ) said...

အစ်မကြီး.....
ရင်ထဲက ခံစားချက်လေးတွေက အရမ်းနုတာဘဲနော်။
ကျွန်တော်တို့အားလုံး အိမ်ကိုလွမ်းနေကြသူတွေပေါ့
တစ်ရက်တော့ ရောက်မှာပါ နွေးထွေးတဲ့ လက်တွေဆက်ဖို့
ဒီလွင်ပြင်ကို ဖြတ်ရမယ်လေ။

...အလင်းစက်များ said...

အများအမြင်မှာတော့ ကိုယ်ဟာ ခံစားချက်မဲ့စွာနဲ့
ဥပေက္ခာဖွဲ့ နေနိုင်လွန်းသူပါ...။ အဲ့ဒါလေး သဘောကျတယ်။ လူတိုင်း ငါ့ Happy ကြီးလို့  ထင်နေကြပါလား လို့ တစ်ခါ တစ်ရံ တွေးမိတယ်။ သို့ သော် ကျနော်လည်း ခံစားတတ်ပါတယ်လေ.. ဟမ်.... (ငါကွ)

ဟန်ကြည် said...

အလွမ်းပြေကဗျာရေးပေမယ့် ပိုပိုလွမ်းသွားတတ်တာက ဆိုးတယ် မအိမ်သူရေ...ဒါပေမယ့် ဝေးတဲ့အခါ လွမ်းရလောက် နီးတဲ့အခါ လမ်းစပျောက်တတ်တာကတော့ နိယာမပဲလားတော့ မပြောတတ်ပါဘူးလေ...

mstint said...

ဦးဟန်ကြည်ပြောသလို အလွမ်းမပြေကဗျာလေး ဖတ်ပြီး ဘယ်ကိုလွမ်းမိတတ်မသိ ဖြစ်သွားတယ် မအိမ်သူရေ (ဖြစ်နိုင်ချေရှိတာတော့ ပလိပ်ကိုပဲဖြစ်မယ် ဟိဟိ)
ရာသီအလိုက် လွမ်းစရာလေးတွေကတော့ ရှောင်မလွဲပါ။
သီချင်းနားထောင်ချင်ပါတယ်ဆိုမှ ကွန်ကဒုက္ခပေးနေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

အလွမ်းတွေ တူနေလို့ မမရေ..ထပ်တူခံစားပေးလျှက်ပါလို့...

Related Posts Plugin for WordPress, Blogger...