Friday, November 11, 2011

ခမာတန်ဆောင်တိုင်ပွဲ

မနေ့က ခမာတို့ရဲ့ တန်ဆောင်တိုင်ပွဲတော်နေ့ပါ။
တန်ဆောင်မုန်း လပြည့်နေ့မှာ ကျင်းပတဲ့ အဲဒီပွဲတော်ကို ခမာစကားနဲ့ ဆိုရင်
Bon Om Tuk (ဘော်န် အော်မ် သော့ခ်) လို့ခေါ်ပါတယ်။ ဗမာလို အဓိပ္ပါယ်
ပြန်ရရင်တော့ ရေသဘင်ပွဲတော်ပါ။ (Water Festival လို့ခေါ်ပါတယ်။) 
Water Festival ဟာ ခမာတို့ရဲ့ ထင်ရှားတဲ့ ရိုးရာအစဉ်အလာ ပွဲတော်တစ်ခုပါ။
ပွဲတော်ကို သုံးရက်ကျင်းပလေ့ ရှိတတ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ကတော့
ပွဲတော်ရဲ့ အထွဋ်အထိပ်အကျဆုံးနဲ့ နောက်ဆုံးနေ့ပါပဲ။ ပွဲတော်ကျင်းပပုံကို ပြောပြရရင် ပွဲတော်ရက်တွေမှာ လှေပြိုင်ပွဲတွေကို အကြီးအကျယ် စည်စည်ကားကား ကျင်းပကြပါတယ်။
တန်ဆောင်မုန်း လပြည့်နေ့မှာတော့ လကိုပူဇော်တဲ့ပွဲလုပ်ပါတယ်။ 
ညနေ နေ၀င်ပြီးစ အချိန်မှာ ထွက်လာတဲ့ ၀ိုင်းဝိုင်းစက်စက် လပြည့်ဝန်းကို 
အိမ်တိုင်းရဲ့ရှေ့မှာ စားပွဲလေးတွေထုတ်ပြီး စားပွဲပေါ်မှာ ကောက်ဦးမုန့်ဆန်း 
သကြား ငှက်ပျောဖီး အုန်းစိမ်းတွေနဲ့ ပြင်ဆင်ထားတဲ့ ကန်တော့ပွဲနဲ့ အမွှေးတိုင် 
ဖယောင်းတိုင်ထွန်းပြီး ပူဇော်ပသကြပါတယ်။ လပြည့်ည ခုနစ်နာရီ
လောက်မှာတော့ နီးစပ်ရာ မြစ် ချောင်းတွေမှာသွားပြီး မီးဖေါင်တွေ
မျှောကြပါတယ်။ နောက်ဆုံးအနေနဲ့ ညသန်းခေါင်ယံအချိန်မှာ ကိုယ့်အိမ်မှာပဲ
မိသားစုနဲ့ဖြစ်ဖြစ်၊ ဘုရား ဒါမှမဟုတ် ဘုန်းတော်ကြီး ကျောင်းတွေမှာ  ဖြစ်ဖြစ် စုဝေးကြပြီးတော့ ကောက်သစ်မုန့်ဆန်းကို ၀ိုင်းဖွဲ့ စားသောက်ပြီးကြတယ် 
ဆိုရင်တော့ ရေသဘင်ပွဲတော် ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဒီနှစ်ရေသဘင်ပွဲတော်ကိုတော့ ကမ္ဘောဒီးယားမှာ ခါတိုင်းနှစ်များလို ခြိမ့်ခြိမ့်သဲ
မကျင်းပနိုင်ပါဘူး။ လှေပြိုင်ပွဲလဲ မလုပ်ဖြစ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်သာသာ
လောက်အထိ ကမ္ဘောဒီးယားတစ်နိုင်ငံလုံးမှာ ဆိုးဆိုးဝါးဝါး လနဲ့ချီပြီး
ရေကြီးနေခဲ့တဲ့အတွက် အခုလို ရေပြန်ကျခါစမှာ ကျရောက်လာတဲ့ ပွဲတော်ကို 
တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျင်းပနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ 
အစိုးရကပွဲတော်မှာကုန်ကျမယ့်ငွေများကို ရေဘေးပြန်လည်ထူထောင်ရေးမှာ 
အသုံးပြုသွားမယ်လို့ ပြောတဲ့အကြောင်း သိရပါတယ်။ ရေကျသွားပြီဖြစ်တဲ့
မြစ်ထဲမှာတော့ လပြည့်ညမို့လို့ ရိုးရာဓလေ့အတိုင်း မီးဖေါင်လေးတွေ 
လာမျှောကြတာ တွေ့ရပါတယ်။ ဒီပို့စ်က အစီအစဉ်မရှိပဲ တင်ဖြစ်သွားတဲ့ 
ပို့စ်လေးပါ။ ညက အပြင်ထွက်ရင်းတွေ့တာလေးတွေကို ဓါတ်ပုံရိုက် 
လာခဲ့တာလေးတွေ တင်ပေးချင်လို့ပါ။ Water Festival အကြောင်း
နောက်ခံသမိုင်းကြောင်းနဲ့အတူ လှေပြိုင်ပွဲတွေအကြောင်း ပြည့်ပြည့်စုံစုံကို
လေ့လာချင်သူများရှိရင် ဟိုအရင်နှစ်တွေတုန်းက ရိုက်ထားခဲ့တဲ့ 
အလှပြဖေါင်တွေနဲ့ လှေပြိုင်ပွဲက ဓါတ်ပုံတွေနဲ့တကွ နောက်များမှပဲ
ရေးတင်ပေးပါမယ်။ အခုတလော မအိမ်သူ လမ်းများနေတဲ့ အတွက် 
သရဲဇာတ်လမ်း မှတ်တမ်းတွေအကြောင်း ဆက်ရန်ရှိတာလဲ 
အကြွေးတင်နေပါတယ်။း) အမြန်ဆုံးတင်နိုင်အောင် ကြိုးစားပေးပါမယ်။ 
အခုလောလောဆယ်တော့ ဒီကြားဖြတ်ပို့စ်လေးနဲ့ပဲ ကျေနပ်ကြပါအုံးလို့....း))

ဒါက တန်ဆောင်မုန်းလပြည့်နေ့မှာ လကိုပူဇော်တဲ့ ကန်တော့ပွဲပါ။ လပြည့်နေ့ ညနေဆိုရင် ခမာလူမျိုးတွေရဲ့ အိမ်ရှေ့တိုင်းမှာ ဒီလိုကန်တော့ပွဲမျိုးတွေ ပြင်ပြီးထားကြပါတယ်။

ဒါကတော့ တစ်ချို့ အိမ်တွေက ကန်တော့ပွဲမှာ အမွှေးတိုင် ဖယောင်းတိုင်ထွန်းဖို့ သုံးတာလေးတွေပါ။ ငှက်ပျောအူမှာ အမွှေးတိုင် ဖယောင်းတိုင်လေးတွေစိုက် ငှက်ပျောရွက်လေးတွေကို ကန်တော့ထိုးပြီး အလှဆင်ထားပါတယ်။ ဒါက လမ်းဘေးမှာ လုပ်ရောင်းနေတာတွေ့လို့ ရိုက်လာတာ။
မီးဖေါင်မျှောဖို့ ဖေါ့တုံးတွေကို ပုံစံအမျိုးမျိုးနဲ့ အလှဆင်ပြီး လမ်းဘေးမှာ ချရောင်းနေတဲ့ ဆိုင်ပါ။

အကြီးအသေး အရွယ်စုံ ဒီဇိုင်းမျိုးစုံပါပဲ။ တစ်ခုကို ၁ ဒေါ်လာကနေ ၂ ဒေါ်လာခွဲ လောက်အထိ အကြီးအသေးပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိပါတယ်။
ဒီလိုမီးဖေါင်လေးတွေကို မျှောခါနီးကျရင် ဖယောင်းတိုင် အမွှေးတိုင်တွေ မီးညှိပြီး ရေထဲကိုမျှောလိုက်ပါတယ်။ ခမာလူမျိုးတွေက မျှောခါနီးမှာ အဓိဌါန်တို့ ဆုတောင်းတို့ ရွတ်ဆိုပြီးမှ မျှောလေ့ရှိကြပါတယ်။

ကမ်းစပ်နားက မီးဖေါင်လေးတွေ

လှတပတ အသည်းပုံလေး

ဒါကတော့ နှစ်ထပ်အသည်းလေးတွေ။ ဒီလိုမီးဖေါင်မျိုးလေးတွေကိုတော့ လူငယ်အိမ်ထောင်ရှင်တွေ သမီးရည်းစားစုံတွဲတွေ မျှောလေ့ရှိကြပါတယ်။ ချစ်သောသူနဲ့ အသက်ထက်ဆုံး ပေါင်းရပါစေ ဘာညာပေါ့ ဆုတွေတောင်း အဓိဌါန်တွေလုပ်ပြီး နှစ်ယောက်အတူကိုင် ရေထဲချမျှောလိုက်ကြတာပေါ့။း))

မှောင်မဲမဲ မြစ်ကမ်းစပ်မှာ မီးဖေါင်မျှောဖို့ ပြင်နေတဲ့ စုံတွဲ

မြစ်ထဲမျောနေတဲ့ မီးဖေါင်လေးတွေ။ ဒီနှစ်အရမ်းနည်းပါတယ်။ အရင်နှစ်တွေတုံးကများ မြစ်တစ်ခုလုံး ပြည့်မတတ် မီးရောင်တွေ တလက်လက်နဲ့ အရမ်းလှတာပဲ။ (အဲဒီမြစ်ပေါ့ ရေလျှံတာ.. အခုတော့လဲ သူမဟုတ်သလို... ညမီးရောင်တွေအောက်မှာ သာသာယာယာ လှလှပပ)
ဒါကတော့ မြစ်ကမ်းဘေးက အနုပညာညဈေး (Siem Reap Art Centre Night Market) ညဈေးဆိုပေမယ့် တစ်ချို့ဆိုင်တွေက တစ်နေကုန်ဖွင့်ပါတယ်။ ညဖက်တော့ ပိုစည်တာပေါ့။ ခမာအကတွေလဲ Free Show ရှိတယ်။

ညဈေးရှေ့က မီးတိုင်ရဲ့အလှ
ညဈေးထဲက ခမာအနုပညာလက်ရာ အမှတ်တရပစ္စည်း အရောင်းဆိုင်တစ်ဆိုင်
 
ပိုးထည်လက်မှုပညာပစ္စည်းတွေ (ပိုက်ဆံအိတ်၊ ပုဝါ၊ အင်္ကျီ)

မိချောင်းသားရေပစ္စည်း အစစ်တွေရောင်းတဲ့ဆိုင်က တောက်တဲ့ အရွယ်လောက်ပဲရှိတဲ့ မိချောင်း သားပေါက်ကလေးတွေကို ရုပ်လုံးသွင်းထားတာ (မိချောင်းအစစ်) တစ်ကောင်ကို ၁၀၅ ဒေါ်လာတဲ့ ဈေးကြီးလိုက်တာ...

ညဈေးထဲက စားသောက်ဆိုင် တစ်ဆိုင်
ညဈေးထဲက ခမာရိုးရာအကတွေနဲ့ ဖျော်ဖြေတဲ့ စင်မြင့်.. ဖရီးကြည့်လို့ရတယ်

ခမာရိုးရာတူရိယာတွေနဲ့ တီးဝိုင်း

အုန်းမှုတ်ခွက်အက.. အုန်းမှုတ်ခွက်အခွံလေးတွေကို ချောနေအောင်လုပ်ပြီး ပေါလစ်သုတ်ထားတယ်။ အဲဒါလေးတွေကို သူ့စည်းချက်နဲ့သူ တခွပ်ခွပ်ရိုက်ပြီးကတာ ကြည့်လို့ကောင်းတယ်။
စင်ရှေ့တည့်တည့်ထိုင်ပြီး အားပေးနေတဲ့ ခမာကလေးငယ်တွေ

ဒါကတော့ ခမာတွေရဲ့ နာမည်ကြီး ရိုးရာအကဖြစ်တဲ့ Apsaras Dance (Apsaras Ballet လို့လဲခေါ်တယ်) အရမ်းငြိမ့်ညောင်းတဲ့ အကပဲ။ (အပ်ဆာရာကို ဗမာလိုဆိုရင်တော့ လောကနတ်လို့ ဘာသာပြန်ရမလားမသိဘူး)

ဒါက ဆိုင်တစ်ခုမှာ အလှချိတ်ထားတဲ့ Apsaras Dance ပန်းချီကား။ အမြင့်ကြီးကို လှမ်းရိုက်ရလို့ ပုံက ကြည့်ရတာ အဆင်မပြေ ဖြစ်နေသလိုပဲ။
 ခမာရိုးရာတေးဂီတ တီးမှုတ်နေကြတာကို Video ရိုက်လာတာပါ။ 
မြန်မာသံစဉ်တွေနဲ့ သိပ်မကွာလှပါဘူး။ မွန်တေးသွားသံစဉ်ပေါ့။


(ပုံတွေ ၀ါးတားတားဖြစ်နေရင် သည်းခံကြပါနော်။ ရိုးရိုး ဒစ်ဂျစ်တယ် ကင်မရာ
လေးနဲ့ပဲ ညမှောင်မှောင်မှာ သွားရင်းလာရင်း လျှောက်ရိုက်လာတာမို့ပါ။)


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

20 comments:

ခရစ္စတလ် said...

သူတို့ လပူဇော်ပွဲက ညီမတို့ဆီက နတ်တင်တာနဲ့ ဆင်တယ်နော်။
မွန်-ခမာတွေဆိုတော့ သီချင်းတွေက တူနေတာပေါ့။
ထိုင်းမှာတော့ လွိုင်ကထုံ မီးမျှော်ပွဲကို ပြည်သူတွေ သိပ်မပျော်နိုင်ကြဘူး။ ရေထဲမှာ အကောင်တွေ ကြောက်ကြလို့လေ :)

8Yar said...

အစ်မရေ ဗဟုသုတရလို့ ကျေးဇူးပါခင်ဗျာ။ မီးဖေါင်လေးတွေကိုတစ်ခါလောက်လွှတ်ဖူးချင်တယ်။ ကောက်သစ်မုန့်ဆန်း ဆိုတာကိုလည်းစားဖူးချင်တယ်ဗျာ။ ဟီး... အခုလည်းဗိုက်ဆာနေတယ်ဗျ။

rose said...

Cambodian ပွဲတော်တစ်ခု အကြောင်း ဗဟုသုတ ရသွားတယ်။ ကျေးဇူးပါရှင်။ အသည်းပုံ မီးအိမ်လေးတွေက ချစ်စရာလေးနော်။ သူတို့ လူမျိုးတွေက ရို့စ်တို့ မြန်မာလူမျိုးတွေရဲ့ ရုပ်ရည်မျိုးနဲ့ ဆင်တယ်နော်။

စံပယ်ချို said...

ကောက်သစ်မုန့်ဆိုတာစားချင်မိတယ်
မီးပုံးလေးတွေလဲအရမ်းကိုလှပါတယ်
Cambodian ရဲ့ပွဲတော်ဆိုတာလေးသိလိုက်ရလို့
ကျေးဇူးပါအမအိမ်သူ
ချမ်းမြေ့စွာနဲ့စာတွေရေးနိုင်ပါစေ
ခင်မင်တဲ့ jasmine

ညိမ်းနိုင် said...

ထေရဝါဒတိုင်းပြည်တွေမှာ တန်ဆောင်မုန်းလပြည့်ညမှာ
မီးမျောပွဲလုပ်တာ တူကြတယ်နော်....၊ဖရီးရှိုးကိုစိတ်ဝင်စား
သွားတယ်...၊ဒီမှာခမာတွေ ရာမဇာတ်လာခင်းတာကြည့်ဖူး
တယ်ခင်ဗျ....၊အင်း...ကျွန်တော်ရောက်ဖြစ်ရင် အဲ့ညဈေး
နဲ့ ဖရီးရှိုးတွေကို အားပေးရမယ်....:)

Anonymous said...

Cambodian တွေရဲ့ အကြောင်းကိုပါ သိရလို့ ကျေးဇူးနော်..
ပုံမှာပါတဲ့ Apsaras Dance ပန်းချီကားက ပုဂံသူတွေနဲ့ တူတယ်နော်...

ကိုဇော် said...

မအိမ်သူကရော ဘာတွေ ဆုတောင်းလိုက်လဲ။
အလေ့အထလေးတွေ သိရလို့ ကျေးဇူး မအိမ်သူ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခမာတွေကြည့်ရတာ ဗမာတွေနဲ့ တော်တော်ကို တူတယ်နော်..
မီးမျှောတဲ့ ဖောင်းကလေးတွေ ချစ်စရာကောင်းလိုက်တာ. မအိမ်သူဆီလာလည်တော့မှ နှစ်ထပ်အသည်းမီးဖောင်လေး မျှောဦးမှ :P
မုန့်ဆမ်းလဲစားချင်တယ်အစ်မရယ်..
ရွာကို လွမ်းသွားတယ်.. ဆောင်းဦးဆို မုန့်ဆမ်း မွှေးမွှေးလေးကို အိမ်မှာထောင်းတတ်တယ်.. ပြောရင်း အိမ်ကို လွမ်းတယ်..

mstint said...

ခမာတွေရဲ့ ရိုးရာပွဲတော်လေး ဗဟုသုတရသွားတယ် မအိမ်သူရေ ကျေးဇူးနော်။ သူတို့ဓလေ့တွေက မြန်မာနဲ့အတော်ဆင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

rose of sharon said...

မီးဖောင်လေးတွေချစ်ဖို့ကောင်းလိုက်တာ...

An Asian Tour Operator said...

အိမ်နီးချင်းတွေလဲ သဘာဝဘေးအန္တရာယ် တွေကြုံနေရတာ နဲ့ ပွဲလမ်းသဘင်တွေ အကျယ်မချဲ့ နိုင်ကြဘူး။

ပိုးပိုးရဲ့ရိုက်ချက် said...

ခမာပြည်အကြောင်း များများရေးပါမမ
စိတ်ဝင်တစားဖတ်ဖို့ အဆင်သင့်စောင့်နေပါတယ်ခင်ည
မီးဖောင်လေးတွေလွှတ်တာကို သဘောကျတယ် ကြံ၂ဖန် အသည်းပုံလေးတွေတောင်ပါသေး :P

မေသိမ့်သိမ့် ကျော် said...

သိပ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်ရှင်။ အတီးအမှုတ် ၊အက အလှတွေကိုရိုက်ထားတာလည်း လှတယ်။ ကျေးကျေးပါနော်။


ခင်တဲ့
မေသိမ့်

မဒမ်ကိုး said...

မမအိမ်သူရေ ခုမှလာနိုင်ပါတယ်
မြန်မာပြည်နဲ့တူသလိုလိုခံစားရတယ်နော်
စိတ်ဝင်စားစရာပွဲတော်လေးပဲး)

ခင်တဲ့ညီမ

မဒိုးကန်

Angelhlaing(May everybody be happy and healthy! said...

ဗဟုသုတလေးတွေ မျှဝေခံစားရင်း ... လူမျိုးတမျိုးစီရဲ့ ထုံတမ်းအစဉ်လာတွေက ...စိတ်ဝင်စားဖို့ကောင်းတယ်နော်မမ..
ကျေးဇူးပါလို့..ကောင်းသောနေ့လေး ဖြစ်ပါစေ မမရေ..

ဟန်ကြည် said...

အေးဗျာ...ခမာတန်ဆောင်တိုင်ကမှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြည်နူးစရာကောင်းဦးမယ်...ဒီမှာတော့ လူငယ်လူကြီး ယောက်ျားမိန်းမ အားလုံးမူးမူးရူးရူးနဲ့ အော်ဟစ်ကခုန်နေကြတာကြည့်ပြီး စိတ်အဆင်းရဲကြီး ဆင်းရဲနေတာ...ရိုးရာပွဲရော ဘာသာရေးပွဲရော သောက်ပွဲကြီးတွေ ဖြစ်ကုန်တဲ့ ဒီဒေသအစား ယဉ်ကျေးမှုကို မြတ်နိုးကြတဲ့ ခမာပြည်မှာပဲ လာနေရကောင်းနိုးနိုးစဉ်းစားနေမိပါရဲ့ မအိမ်သူရေ...

မြသွေးနီ said...

ခမာတို့ရဲ့ ပွဲတော်က စိတ်ဝင်စားစရာ..။
သူတို့သီချင်း၊ ရုပ်ရည်၊ တီးမှုတ်တဲ့တူရိယာ၊ စကားတွေက မွန်နဲ့ဆင်တယ်နော်..။ မတူညီကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှုတွေကို သိခွင့်ရလိုက်တယ်။ မီးမျှောတဲ့ဓလေ့လေးက ချစ်စရာနော်..။

မိုးဇက် said...

ဟ အစ်မကြီး အစ်မအိမ်သူ ၊ စီပုံးရှာမတွေ့လို့ ဒီထဲဝင်ရေးရတယ် ၊ ခုမှတွေ့တယ် ၊ နောက်လဲလာမယ် ၊ မီးပုံးလေးမျှောချင်တယ် ၊ အဟိ ၊။

နေ၀သန် said...

ဗဟုသုတရတယ်.. မအိမ်သူရေ.. ဒါဆို မအိမ်သူက ဆီရမ်ရစ်မှာပေါ့... ဟုတ်စ..း)).. အရှေ့တောင်အာရှနိုင်ငံချင်းမို့ ယဉ်ကျေးမှုတွေ တအားဆင်တူတယ်နော်...

ခင်မင်လျက်
နေ၀သန်

San San Htun said...

ခမာတွေက မြန်မာနဲ့ တော်တော်တူတယ်နော့

Related Posts Plugin for WordPress, Blogger...