Wednesday, November 2, 2011

မှတ်သားစရာ သရဲတစ္ဆေနဲ့ ပတ်သက်သော အကြောင်းများ

Ghost လို့ခေါ်တဲ့ သရဲအကြောင်း ဘယ်တုန်းကစသလဲလို့မေးရင် ဘယ်သူမှတော့ တိတိပပ ဖြေနိုင်ကြမယ် မထင်ပါဘူး။ ဒါပေမယ့်လည်း သရဲအကြောင်း ဆိုရင်တော့ ဟုတ်တာမဟုတ်တာ အပထား.. လူတိုင်းလိုလို အနည်းနဲ့အများ စိတ်တော့ဝင်စားကြတာချည့်ပါပဲ။ လူ့သဘာဝကိုက ဘာမှန်းမသိတဲ့အရာဆို အင်မတန် စူးစမ်းချင်တတ်ကြတာကိုး။ အဲ… မှတ်တမ်းမှတ်ရာ အနေနဲ့ပြောရရင်တော့ သရဲခြောက်လှန့်ခံရမှု (Haunting) အကြောင်းကို စာနဲ့ပေနဲ့ ပထမဦးဆုံး ရေးသားပြီး မှတ်တမ်းတင်ခဲ့တာဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် (အေဒီ တစ်ရာစု) လောက်က စတင်ခဲ့တယ်လို့  ဆိုပါတယ်။ ရိုမန်စာရေးဆရာတစ်ယောက်ဟာ အေသင်မြို့က သူ့ရဲ့နေအိမ်မှာ ခြောက်လှန့်ခံရတဲ့ ၀ိညာဉ်သဏ္ဍာန်ရဲ့ အကြောင်းကို အသေအချာ ရေးသားမှတ်တမ်းတင်ထားခဲ့တဲ့ သရဲဇာတ်လမ်းဟာ ပထမဦးဆုံး မှတ်တမ်းလို့ဆိုပါတယ်။ သူ့ရဲ့နေအိမ်နေရာမှာ ရှေးယခင် အချိန်ကာလက သံကြိုးများနဲ့ အထပ်ထပ်တုပ်နှောင်ပြီး ကွပ်မျက်ခြင်းခံခဲ့ရသူလို့ ယူဆနိုင်စရာရှိတဲ့ ၀ိညာဉ်ပုံရိပ်တစ်ခုကို တွေ့ရှိရပုံ၊ ပုံရိပ်သဏ္ဍာန်မှာ မုတ်ဆိတ်မွေးများ ရှည်လျားစွာရှိပြီး သံကြိုးများလည်း တစ်ကိုယ်လုံး ရစ်ပတ်တုပ်နှောင်လျက်ရှိပုံ၊ သံကြိုးများတရွတ်တိုက်ဆွဲသံ သံထည်များ အချင်းချင်းထိမိခတ်မိသံ အသံဗလံများနဲ့အတူ အရိပ်အယောင်ပြ ခြောက်လှန့်သည်များကို ကိုယ်တိုင် မျက်မြင် ကြုံတွေ့ခဲ့ရသည့်အတိုင်း ၀ိညာဉ်ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ တကွ ခြောက်လှန့်ပုံ အသေးစိတ်ကို ရေးသား မှတ်တမ်းတင်ထားခဲ့ပါတယ်။ ကမ္ဘာဦးစကတည်းက သရဲ ၀ိညာဉ် ယုံကြည်မှု ခြောက်လှန့်မှု ပုံပြင်တွေ ရှိခဲ့တယ်လို့ ယူဆရပေမယ့် ဒီ့အရင်က ဒီလိုရေးသား မှတ်တမ်းတင်ခဲ့တာမျိုး မတွေ့ရှိခဲ့ဖူးတာကြောင့် ပထမဦးဆုံးသော ပေထက်အက္ခရာတင်ခဲ့တဲ့ သရဲဇာတ်လမ်းလို့ပဲ ဆိုကြပါစို့။ အဲဒီအချိန်ကနေ စတင်ပြီးတော့ ကမ္ဘာတစ်ဝှမ်းမှာ သရဲဇာတ်လမ်းဆိုတာတွေ တစ်ခေတ်ဆန်းခဲ့ရတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ ကမ္ဘာတစ်လွှားမှာ နိုင်ငံတိုင်း လူမျိုးတိုင်းလိုလို သူ့ယုံကြည်မှုနဲ့သူ သရဲဇာတ်လမ်းပေါင်း မြောက်များစွာကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ရေးသား ပြောဆို လာလိုက်ကြတာဟာ မရေမတွက်နိုင်လောက်အောင် ရှိနေပါပြီ။ ဒီကနေ့အချိန်မှာ စစ်တမ်းကောက်ယူမှုအရ သိရတာကတော့ လူဆယ်ယောက်မှာ တစ်ယောက်နှုန်းဟာ သရဲကိုမြင်ဖူးကြတယ် သို့မဟုတ် သရဲခြောက်တာကို ခံဖူးကြတယ်လို့ဆိုပါတယ်။ သို့သော်လည်း အဲဒီလူတွေ အတော်များများထဲမှာတောင် သရဲဆိုတာ တကယ်မရှိဘူးလို့ ယုံကြည်နေကြဆဲဖြစ်ပါတယ်။ အချို့မြင်တွေ့ဖူးသော သူများကိုယ်တိုင်က မိမိမြင်တွေ့ရမှုကို ဇဝေဇ၀ါနဲ့ အဖြေရှာဖို့ ခက်ခဲနေကြပြီး အဲဒီခြောက်လှန့်မှုများဟာ အမှန်တကယ်လို့ ယုံကြည်နိုင်ဖို့ ခဲယဉ်းနေကြဆဲပါပဲတဲ့။ ဘာကြောင့်လဲဆိုတော့ လူ့စိတ်ရဲ့ ထင်ယောင်ထင်မှားဖြစ်တတ်မှု၊ စိတ်အစွဲအလန်း ကြီးမားမှု၊ ကြောက်စိတ်ရဲ့လှုံ့ဆော်မှုတွေကြောင့် စိတ်ခြောက်ခြားမှုတွေရှိတဲ့ အခါမျိုးတွေမှာ အမှန်တကယ်ရှိသောအရာ မရှိသောအရာတွေအပေါ် ရောထွေးပြီး အကြားအမြင်တွေ မှားယွင်းမှု ဆိုတဲ့ ဖြစ်နိုင်ခြေတွေလည်း အများကြီးရှိနေခဲ့လို့ပါလို့ ဆိုပါတယ်။ ဒါ့အပြင် သဘာဝအလျောက် အလင်း အမှောင် ပုံရိပ်များရဲ့ အမြင်လှည့်စားမှု (illusion) များလည်းရှိနိုင်ပါသေးတယ်။ တခါတလေမှာ သဘာဝအတိုင်း ဖြစ်ပျက်မှုတစ်ခုခုကို လူ့စိတ်ခံစားမှုအရ ကောက်ယူမှု လွဲမှားပြီးတော့ သဘာဝလွန်ဖြစ်ရပ်တစ်ခုအဖြစ် အထင်အမြင် မှားယွင်းမှုမျိုးလည်း ရှိနိုင်ပါတယ်တဲ့။ ဘယ်လိုပဲဖြစ်စေ ကမ္ဘာတစ်လွှားမှာတော့ သရဲတကယ်ရှိမရှိဆိုတာဟာ ဒီကနေ့ဒီအချိန်အထိ မသေချာ မရေရာမှုတစ်ခု အနေနဲ့ ရှိနေဆဲဖြစ်သလို လေ့လာဆန်းစစ်မှုတွေလည်း အခုအချိန်ထိ ပြုလုပ်နေကြဆဲပါပဲ။

(Photo credit to Google image.)
သရဲဇာတ်လမ်းများနဲ့ ပတ်သက်လို့ ကမ္ဘာတစ်လွှားမှာ ဖြစ်ပျက်ခဲ့တဲ့ ထင်ရှားကျော်ကြားသော ခြောက်လှန့်မှု မှတ်တမ်းများလည်း ရာဇ၀င်မှာ ရှိခဲ့ပါတယ်။ ယခုအချိန်အထိလည်း ကမ္ဘာ့ နေရာအနှံ့အပြားမှာ ခြောက်လှန့်မှုဖြစ်စဉ်များ ရှိနေဆဲဖြစ်သလို အဲဒီဖြစ်စဉ်များကို စနစ်တကျ မှတ်တမ်းတင်ထားမှုအချို့လည်း ရှိနေခဲ့ပါတယ်။ အဲဒီလို ခြောက်လှန့်ခံခဲ့ရတယ်လို့ ဆိုသူတွေထဲမှာ သာမာန်လူများသာမက ဆရာဝန်များ၊ ခရစ်ယာန် သင်းအုပ်ဆရာများ၊ ဘုန်းတော်ကြီးများ၊ ဥပဒေ၀န်ထမ်းများ၊ တရားသူကြီးများ အပြင် ဘုရင့်အရိုက်အရာခံယူမယ့် အိမ်ရှေ့မင်းသားလို လူမျိုးများပင် ပါဝင်ကြပါတယ်တဲ့။ အဲဒီလို လူတွေကိုယ်တိုင်က မိမိတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များကို ကိုယ်တိုင်ဒိဌ ကြုံတွေ့ခဲ့ကြရပါလျက်နဲ့ တိကျသေချာစွာ ဖြေရှင်းချက်မထုတ်နိုင်ပဲ ကြုံခဲ့ရသူများ ကိုယ်၌က အဲဒီဖြစ်စဉ်တွေအပေါ်မှာ ပဟေဠိဖြစ်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။ အဓိကကတော့ ကြုံတွေ့ရတဲ့ ဖြစ်စဉ်များကို လူအများနဲ့ တပြိုင်နက်ထဲ အတူတကွ ကြုံတွေ့ခဲ့ကြရသည့်တိုင် တိကျသေချာတဲ့ လက်ဆုပ်လက်ကိုင် သက်သေပြနိုင်မှုမျိုးကို မပြုလုပ်နိုင်ကြတာပဲဖြစ်ပါတယ်။ သရဲခြောက်မှု ဖြစ်စဉ်တိုင်းမှာ ဘယ်လိုပဲ ကိုယ်တိုင်ကြုံတွေ့ရသော်လည်း ခိုင်မာတဲ့ သက်သေပြမှုမျိုးကို မပြုလုပ်နိုင်တာဟာ သရဲတကယ်ရှိမရှိ ဆိုတာပြောနိုင်ဖို့အတွက် အဓိက အားနည်းချက် ဖြစ်နေခဲ့ရပါတယ်။ နောက်ထပ် အငြင်းပွားစရာ အချက် အနေနဲ့ ရှိပြန်တာက သရဲခြောက်လှန့်မှု ဖြစ်စဉ်များကို လေ့လာသုံးသပ်မှုများကနေ ပြဆိုတာကတော့ လူအများ လက်ခံယူဆထားကြသလို သေလွန်သွားပြီးသော ၀ိညာဉ်များက လာရောက် ခြောက်လှန့်တာဖြစ်တယ် ဆိုတဲ့အချက်နဲ့ အချို့သော ခြောက်လှန့်မှုဖြစ်စဉ်များဟာ လုံးဝသက်ဆိုင်မှု မရှိတာကို တွေ့ရှိရတာကြောင့် ခြောက်လှန့်မှုတိုင်းဟာ သေဆုံးခြင်းနဲ့ ကွယ်လွန်ပြီးသော ၀ိညာဉ်များနဲ့ပါ တိုက်ရိုက် ပတ်သက်မှု ရှိမရှိ ဆိုတာ ထည့်စဉ်းစားစရာ ဖြစ်လာပြန်ပါတယ်။ အခြားယူဆချက်တစ်ခုရဲ့ အမြင်ကျပြန်တော့ ကွယ်လွန်သွားသူတွေကို မိမိသက်ဆိုင်ရာ လူမျိုးစု ဘာသာ ဓလေ့ ထုံးတမ်းစဉ်လာများအတိုင်း သဂြုင်္ိဟ်မှုပြုခြင်းကို မခံရတဲ့ ၀ိညာဉ်များဟာ ကျေနပ်မှုမရှိတဲ့အတွက်ကြောင့် သင့်တော်တဲ့အတိုင်း ပြန်လည် သဂြုင်္ိဟ်ပေးစေချင်တဲ့အတွက် အသိပေးလိုတဲ့အနေနဲ့ လာရောက်ခြောက်လှန့်ခြင်းအမှုကို ပြုကြတာဖြစ်တယ်လို့လဲ ဆိုပြန်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း ဘာသာတိုင်း လူမျိုးတိုင်းဟာ လူတစ်ယောက် သေဆုံးသွားခဲ့ရင် အသုဘအခမ်းအနားကို မိမိတို့ရဲ့ ဓလေ့ထုံးတမ်းများအတိုင်း အလေးထားပြီးပြုလုပ်ကြတာ ဖြစ်တယ်လို့ အဲဒီအယူအဆကဆိုပါတယ်။ အဲဒီအတွက်ကြောင့် သရဲခြောက်ခံရတယ်ဆိုရင် လာရောက် ခြောက်လှန့်တဲ့ဝိညာဉ်ကို ကျေနပ်စေဖို့ သက်ဆိုင်ရာ အသုဘအခမ်းအနားကို ၀ိညာဉ်အတွက် ရည်စူးပြုလုပ်ပေးပြီး စနစ်တကျ ပြန်လည်မြှုပ်နှံပေးလိုက်မယ်ဆိုရင် လာရောက် ခြောက်လှန့်ခြင်း မရှိကြတော့ပါဘူးတဲ့။ နောက်ထပ်အမြင်တစ်မျိုးကတော့ ရူပဗေဒသဘောတရားတွေနဲ့ နည်းနည်းဆက်နွယ်တယ်ထင်ရပါတယ်။ သရဲဆိုတာ လူတွေရဲ့ ဆက်လက် လှုပ်ရှားနေဆဲဖြစ်သော အတိတ်က ပုံရိပ်များသာ ဖြစ်ပါတယ်တဲ့။ အဲဒီလို အရိပ်ထင်ကျန်နေမှုဟာ ကာယကံရှင် သေခြင်းရှင်ခြင်းနဲ့ သိပ်မသက်ဆိုင်လှဘူးလို့ ဆိုပါတယ်။ အဲဒီပုံရိပ်များဟာ ကာယကံရှင် ရှင်သန်လှုပ်ရှား သက်ဝင်ခဲ့ရာ နေရာတွေ (ဥပမာ - အိမ်၊ ကျောင်း၊ ရုံးခန်း၊ တက္ကသိုလ်များ၊ စာသင်ဆောင် လူနေဆောင်များ၊ နန်းတော် အစရှိတဲ့ အဆောက်အဦးနေရာတွေ) နေ့စဉ် သွားလာလှုပ်ရှားခဲ့တဲ့လမ်း အစရှိတို့မှာ (ဓါတ်ပုံတို့ ဗွီဒီယိုတို့လို) ပုံရိပ်ထင် ကျန်ရစ်ခဲ့ပါတယ်။ အဲဒါဟာ ပဲ့တင်သံ ပြန်လာတတ်သလို သဘောတရားမျိုး ဖြစ်ပါတယ်တဲ့။ ပဲ့တင်သံကို အကြိမ်ကြိမ် အခါခါ ကြားရသလို စွဲထင်နေတဲ့ ပုံရိပ်တွေကိုလည်း မပျောက်ကွယ်သွားမချင်း အကြိမ်ကြိမ် ပြန်လည်မြင်တွေ့ နေရခြင်းဖြစ်ပါတယ်။ အဲဒီလို စွဲထင်ကျန်ရစ်တဲ့ ပုံရိပ်တွေဟာ အချိန်ကြာလာတဲ့အခါမှ တဖြည်းဖြည်းနဲ့ မှေးမှိန် ပျောက်ကွယ်သွားတတ်ကြပါတယ်။ အဲဒီ ပုံရိပ်တွေဟာ လူတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ စွမ်းအင်စက်ကွင်း (emotional energy fields) များကြောင့် ပတ်ဝန်းကျင်မှာ စွဲထင် ဖြစ်ပေါ်လာရတာလို့ ဆိုပါတယ်။ အဲဒါကြောင့် စိတ်အစွဲအလန်း ကြီးတတ်ကြသူများ၊ စိတ်ခံစားမှု ပြင်းထန်ကြသူများရဲ့ ပုံရိပ်များဟာ စွမ်းအင်ပိုမိုထက်မြက်တဲ့အတွက် ပိုမိုပြီး ရှင်းလင်းပြတ်သားစွာ ပေါ်လွင်တတ်ကြသလို အချိန်ကာလလည်း ပိုကြာရှည်စွာ စွဲထင်နေတတ်ကြပါတယ်။ ဒီ့အတွက်ကြောင့်လည်း မတော်တဆမှု၊ အသတ်ခံရမှု အစရှိတဲ့ အဖြစ်မျိုးတွေနဲ့ သေဆုံးခဲ့ရသူတွေမှာ ထိတ်လန့်မှု ကြောက်ရွံ့မှု အစရှိတဲ့ စိတ်ခံစားမှုတွေ အမြင့်ဆုံးအနေအထားမှာ ရှိနေမှုကြောင့် စွမ်းအင်ကလည်း အမြင့်မားဆုံးဖြစ်တဲ့အတွက် အဲဒီလိုလူတွေရဲ့ ပုံရိပ်များဟာ ထင်ထင်ရှားရှားနဲ့ အချိန်ပိုမိုကြာမြင့်စွာ စွဲထင်နေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ (မှတ်ချက် - အစိမ်းသေလိုမျိုးဆို သရဲပိုခြောက်တယ် ဆိုတာမျိုး ဆိုလိုချင်တယ် ထင်ပါတယ်။)

အဲဒီတော့ သရဲတစ္ဆေ ခြောက်လှန့်မှုများနဲ့ ပတ်သက်တဲ့ အမျိုးမျိုး အဖုံဖုံသော အယူအဆ ထင်မြင်ချက် သုံးသပ်ချက်များဟာ ကမ္ဘာတစ်ဝှမ်းမှာ အမျိုးမျိုး ကွဲပြားနေခဲ့ပါတယ်။ သရဲတစ္ဆေနဲ့ ပတ်သက်ပြီး လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ထင်မြင် ယူဆချက်များဟာလည်း ဘယ်လိုမှ တူနိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဒီနေ့ဒီအချိန်အထိလည်း နာနာဘာဝ မကောင်းဆိုးဝါး ကြတ် သရဲ တစ္ဆေ ဘီလူး သဘက် ဖုတ် ပြိတ္တာ မိစ္ဆာ နတ်ဆိုး အမည်ပေါင်းများစွာနဲ့ ခြောက်လှန့်မှုများဟာလည်း နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ပုံစံမျိုးစုံ အသွင် သဏ္ဍာန်မျိုးစုံနဲ့ ကမ္ဘာအနှံ့မှာ ရှိနေဆဲပါ။ ဒါပေမယ့် သရဲဆိုတာ တကယ်ရှိမရှိ၊ ခြောက်လှန့်မှုများဟာလည်း အမှန်တကယ် ဟုတ်မဟုတ်ဆိုတာကတော့ ကမ္ဘာပေါ်မှာ အခုအချိန်ထိ သက်သေပြနိုင်ခြင်း မရှိသေးသလို အဖြေရှာလို့မရနိုင်သေးတဲ့ ပုစ္ဆာတွေအဖြစ် ရပ်တည်နေဆဲပါပဲ။
* * * * * * * * * * * * * * *
(ဆက်ရန် - ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ ခြောက်လှန့်မှု မှတ်တမ်းများအကြောင်းကို နောက်နေ့တွေကျမှ ဆက်ရေးပါမယ်။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(Tony Allan ရဲ့ Tales of real haunting နဲ့ ယခင်က ဖတ်မှတ်ခဲ့ဖူးသော သရဲတစ္ဆေ မှတ်တမ်းများအကြောင်း၊ အင်တာနက်မှ သရဲအကြောင်းနှင့် ပတ်သက်သမျှ ဖတ်ရှုထားခဲ့သော အချက်အလက်များကို မှီငြမ်း ကိုးကားပြီး ဘာသာပြန် ရေးသားထားခြင်း ဖြစ်ပါတယ်။)

18 comments:

rose said...

အစ်မအိမ်သူ ပျောက်နေတာ အကြာကြီးပဲနော်။ သတိရနေတယ်။ သရဲ အကြောင်းကတော့ စိတ်ဝင်စားတယ်။ တစ်ခါမှတော့ မတွေ့ဖူးဘူး။ မတွေ့ဖူးတာပဲ ကောင်းပါတယ် ဟီးးဟိး))

Angelhlaing(May everybody be happy and healthy! said...

ယုံကြည်တယ်ဆိုပေမယ့် တစ်ခါမှတော့ ကိုယ်တိုင်အခြောက်မခံရသေးဘူးမမ...ဒါပေမယ့် သရဲ ဆိုတာနဲ့ ညီမလေးတော့ လှုပ်တောင်မရဲအောင်ပဲ သတ္တိ တစ်ကယ်ရှိတာပါ ...:):)

ညီလင်းသစ် said...

ဖြေရှင်းချက်တွေထဲက ရူပဗေဒ ရှုထောင့်က ဖြေရှင်းမှုက အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်၊ Halloween က အခုလေးတင် ပြီးသွားပေမယ့် မအိမ်သူ ဆီမှာတော့ မော်နီတာနဲ့ မျက်နှာမခွာတမ်း ဖတ်ရမယ့် အခန်းဆက် ပို့စ်တစ်ခုတော့ တက်လာပြီ၊ ဆက်ရန်ကို စောင့်နေပါ့မယ်..။

mstint said...

ကြောက်တတ်သူကို ပိုခြောက်လှန့်တယ်ဆိုတာ စိတ်နဲ့လည်းဆိုင်မယ်ထင်ပါတယ်။ လူ့စိတ်ဆိုတာလည်း ဆန်းကျယ်သား။ သရဲခြောက်တယ်ဆိုတဲ့ အသိက သက်သေတွေဖြစ်လာဘို့ စိတ်ကိုပိုမိုတိုက်တွန်းပြီး ဖန်တီးလာတတ်တယ်လို့ ယူဆမိတယ် မအိမ်သူရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

အောင်မလေး ကိုယ့်အမရယ် .
ပိုစ့်အသစ်တက်တာတွေ့လို့ ချောင်းနေတဲ့သူမို့ လာလိုက်တာ
ဒီရောက်တော့ တရဲတဲ့ဗျာ ..
မဖတ်ရဲဖတ်ရဲဖတ်ရင်း မမန့်ရဲမန့်ရဲမန့်သွားတယ် မမရယ် ..း(

(သူများက ၃ ထပ်ရုံးမှာ တစ်ယောက်ထဲနေရတာနော် .များတစ်ယောက်ထဲရယ်း(

ဟန်ကြည် said...

spiritual form ဆိုတာ ရှိကို ရှိပါလိမ့်မယ်... လူရဲ့ အမြင်အာရုံနဲ့ အကြားအာရုံမှာ ကန့်သတ်ချက်တွေရှိနေလို့သာ မမြင်ရ၊ မကြားရခြင်းပါ...အားနည်းနေတဲ့အခါမျိုးမှာဖြစ်စေ စိတ်ပိုင်းဆိုင်ရာ အားငယ်စိတ်ဝင်နေတဲ့အခါမျိုးမှာဖြစ်စေ ကန့်သတ်ချက်ကို ကျော်လွန်ပြီး သရဲ၊ တစ္ဆေတွေကို မြင်ရတာလို့ ယူဆမိပါတယ်...ခပ်ငယ်ငယ် သုံးတန်းကျောင်းသားအရွယ်က တစ္ဆေခြောက်တာ တစ်ခါခံရပြီးကတည်းက မယုံလို့မဖြစ်တော့တာကြောင့် ယုံပါတယ်...

နောက်ဆက်တွဲပို့စ်တွေကို စောင့်မျှော်လျှက်ပါ အစ်မရေ...ရေကြောင့် ပျက်စီးတာတွေကို ပြန်ပြီးပြင်ရ နေရာချရဦးမှာကို စဉ်းစားမိတာကြောင့် နောက်ထပ်ပို့စ်ကို အချိန်ရမှပဲ အေးအေးဆေးဆေးတင်ဖို့ အကြံပေးပါရစေ...

မြသွေးနီ said...

တထိတ်ထိတ်နဲ့ ဖတ်သွားပါတယ် မအိမ်သူရေ...။ ဆက်ရန်အတွက် လာခဲ့ပါဦးမယ်။

...အလင်းစက်များ said...

ပြောရခက်တယ်ကွယ်။ ဒါပေမယ့် ရှိတယ်။ ကြုံလည်း ကြုံဖူးနေတော့ နည်းနည်း ပြောရခက်နေတယ်။ :P

စံပယ်ချို said...

သရဲ၊ တစ္ဆေတွေကို အရမ်းစိတ်ဝင်စားတယ်
ဘာသာတစ်ခုအနေနဲ့ကိုလေ့လာချင်တာ
စာဖတ်ရင်လဲ အဲဒီလိုစာမျိုးကိုရွှေးဖတ်တယ်
ဒါပေမဲ့ခုထိ သရဲ၊ တစ္ဆေတွေကိုမမြင်ဖူးသေးဘူး
ပုံတွေကြည့်ရတာစိတ်လှုပ်ရှားဖို့ကောင်းတယ်

ကိုဇော် said...

မယုံကြည်ဘူး လို့ ဟိုးအရင်က ပြောဖူးတယ်။ နောက်တော့လည်း သူတို့ ရှိနေတာကို လက်ခံပါတယ်။ လက်တွေ့ ကိုယ်တွေ့တွေလည်း ကြုံခဲ့ရတာကိုး။ ကြောက်တာကတော့ မကြောက်တတ်တော့ ဘာမှ မဖြစ်ပါဘူး။ ပျော်စရာတောင်မှ ကောင်းသေး။

နေ၀သန် said...

တွေ့တော့တွေ့လိုက်တယ်.. ဟောလိုးဝင်းအမှတ်တရာ တရဲအကြောင်းေးနေတယ်ဆိုလား... :D.. ခုမှရောက်ဖြစ်ရော...

ခင်မင်လျက်
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

သရဲတစ္ဆေကို တစ်ခါမှမမြင်ဖူးဘူး
ဒါပေမဲ့လည်း ကြောက်တာဘဲ..
ငယ်ငယ်ကတည်းက သရဲဇာတ်လမ်းတွေနားထောင်ပြီး အသည်းတုန်အောင် ကြောက်ခဲ့ဖူးတာ
ခုကြီးလာတော့မှ နည်းနည်းတော်သွားတယ်
ဒါတောင် ကြောက်တုန်း..း)
သရဲအကြောင်း အကိုးအကားလေးတွေနဲ့ ရေးထားတာ စိတ်ဝင်စားဖွယ်ပါ မအိမ်သူရေ..

ညိမ်းနိုင် said...

ငယ်ကယုံတယ်...ကြီးလာတော့မယုံတော့ဘူး...၊ဒါပေမယ့်
စိတ်လည်းဝင်စားတာအမှန်....၊ဆက်ရန်မျှော်နေမယ်ဗျိုးးးး

မောင်ဘကြိုင် said...

ကျွန်တော်သရဲကြောက်တတ်သလိုပဲ
း)
ဘယ်ပျောက်နေတုန်းဗျာ့

မောင်ဘကြိုင်

မုတ်သုံမိုးဦး said...

သရဲသာကြောက်တတ်တာ သရဲအကြောင်းတော့ စိတ်ဝင်စားတယ်။ ခြောက်လှန်မှုတွေဆက်ရေးပေးဦးမယ်ဆိုတော့လည်း ဆက်ဖတ်ဖို့ပြင်ထားရဦးမှာပဲ။
..

နွေတေးရှင်(မင်းဧရာ) said...

အမကြီး...
ပျောက်နေတာကြာပြီနော်။

သရဲကြောက်တာကို မကြုံဘူးပေမယ့်
စိတ်ဝင်စားတယ် အမကြီးရ
နောက်ထပ်တင်မယ့်ပိုစ့်ကို
မျှော်နေပါ့မယ်ဗျာ။

မေသိမ့်သိမ့် ကျော် said...

သရဲအကြောင်းစိတ်ဝင်စားတယ်။ ဒါပေမယ့် ကြောက်တယ်။ ဘာလို့မှန်းမသိဘူးနော်။ အလကားနေရင်း ကြောက်နေတာ။

ခင်တဲ့
မေသိမ့်

snake said...

သရဲလား ဘာလားတော့ မတိဝူး...မြင်ဖူးတယ် ခင်ဗျ ...လှုပ်ရှားမှုက သိပ်ကိုမြန်လွန်းပေမယ် သေချာကြီးတွေ့လိုက်ပါတယ်..

Related Posts Plugin for WordPress, Blogger...