နေ့တွေ ရက်တွေ အချိန်နာရီတွေဟာ သိပ်ကို အကုန်မြန်လွန်းနေတယ်လို့ ထင်မိတယ်။ တစ်နှစ်ဆိုတာတောင် ဘာမှမကြာလိုက်သလိုပဲ။ နယူးရီးယားလုပ်ခဲ့တာ မနေ့တနေ့ကလို့ ထင်နေတုန်းမှာ နှစ်တနှစ်ဟာ မကြာခင် အချိန်တိုလေး အတွင်းမှာပဲ ကုန်သွားတော့မယ်တဲ့လား။ ၂၀၁၂ နီးလာလို့များ ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်းတွေ ပိုပြီး မြန်ဆန်လာနေခဲ့သလားလို့ တွေးနေမိသေး… ဘ၀ဆိုတာကြီးကို အချိန်တွေက အလောတကြီး ၀ါးမျို စားသောက်သွားခဲ့သလိုပါပဲ။ အချိန်နဲ့ ဘ၀ ကတောက်ကဆ ပဋိပက္ခတွေ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာနေပြီလဲ။ တခါတလေ Timeless Zone တစ်ခုထဲမှာ ခဏလောက်လေးပဲဖြစ်ဖြစ် နေခွင့်ရချင်တယ်။
ကိုယ်မပိုင်ဆိုင်နိုင်တဲ့ တစ်နေ့တာပေါင်း များစွာတို့ကို ကသုတ်ကရက် ကျော်နင်းဖြတ်သန်းရင်း အသက်မှာ ကိန်းဂဏန်းတွေ တိုးတိုးလာတာနဲ့အမျှ အချိန်နဲ့ ဘ၀ အားပြိုင်မှုတွေက တစ်နေ့တခြား တိုးပွားလာနေခဲ့တယ်။ တစ်နေ့တစ်နေ့ မိုးလင်းလို့ မျက်စေ့နှစ်လုံးပွင့်တာနဲ့ လုပ်ချင်တာတွေရယ်၊ လုပ်သင့်တာတွေရယ်၊ အမှန်တကယ် မဖြစ်မနေ လုပ်ကို လုပ်ရမယ့်ဟာတွေရယ် လွန်ဆွဲပွဲကျင်းပတော့တာပဲ။ ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး… အစီအစဉ်တွေ ဘယ်လိုပဲ ဆွဲဆွဲ အဲဒီအချိန်ဇယားထဲမှာ စိတ်ကူးထဲက တစ်နေ့တာကတော့ ပျောက်ဆုံးနေတုန်း။ ၂၄ နာရီဟာ သိပ်ကိုများ နည်းလွန်းနေသလား.. စိတ်ဆန္ဒတွေ၊ ၀ါသနာတွေ၊ လေ့လာသင်ယူချင်တာတွေထက် တကယ့်လက်တွေ့မှာ အရေးတကြီး ဦးစားပေးရမယ့်အရာတွေက မပြီးနိုင်လောက်အောင် များလွန်းနေသလားလို့ တွေးမိပါရဲ့။ အဲဒီလိုအရာတွေကြားထဲမှာ ပိုင်ဆိုင်ချင်တဲ့ တစ်နေ့တာတွေ ပျောက်ဆုံးရပေါင်း များနေခဲ့ပြီလေ။
ငယ်ငယ်ကတော့ တစ်နေ့တာဆိုတာကို ရှည်လျားလှတဲ့အရာလို့ ထင်ခဲ့မိသေးတယ်။ ပျင်းရိငြီးငွေ့ဘွယ် တစ်နေ့တာတွေကို ပိုင်ဆိုင်ခဲ့ရစဉ်က တစ်နေ့တာဟာ ကုန်ခဲလွန်းလှချည်ရဲ့။ အဲဒီလိုအချိန်တွေတုန်းက တချိန်ချိန်မှာ အဲဒီတစ်နေ့တာဟာ ဒီလိုမျိုး ဘ၀ကို လျှင်လျှင်မြန်မြန် တိုက်စား ၀ါးမျိုသွားခဲ့လိမ့်မယ်လို့ ယောင်လို့တောင် မတွေးမိခဲ့ဘူး။ အခုတော့ တစ်နေ့တာ အစီအစဉ်တွေနဲ့ တစ်နေ့တာ လုပ်ကိုင်ဆောင်ရွက်မှုတွေကြားထဲမှာ အချိန်တွေက တရွေ့ရွေ့တိုက်စားလို့… ဘ၀ကမ်းပါး တစတစ ပြိုလာခဲ့တာကို သတိမထားလိုက်မိခင်မှာပဲ ရှေ့မှာကမ်းစောက်က အသူတရာနက်နေခဲ့ပြီ။ မနက်နဲ့ည အလှည့်ကျပြောင်းရင်း ဘ၀က ညနေဆည်းဆာနားမှာ တဲတဲလေးမေးတင်လို့… နေမ၀င်ခင် ခဏလေးမှာ တစ်နေ့တာရဲ့ နောက်ဆုံးအလှကို ခံစားခွင့်လေးတော့ ရှိချင်ပါသေးတယ်။
(ကလေးကျောင်းပြန်ဖွင့်ပြီဆိုတော့ အပြေးအလွှား တစ်နေ့တာတွေနဲ့ ပုံမှန်ပြန်ပြီးလုံးပမ်းနေရပါပြီ။ စာရေးချင် စာဖတ်ချင်ပေမယ့် အချိန်လုနေရတာတွေများနေတယ်။ ဘလော့ကိုလာလည်သွားကြတဲ့ မိတ်ဆွေများဆီလဲ ပုံမှန်မရောက်နိုင် စာသွားဖတ်နေကျဆိုက်တွေကိုလည်း မသွားနိုင် ကိုယ့်ဟာနဲ့ကိုယ် ဘာတွေအလုပ်ရှုပ်မှန်းမသိ ဖြစ်နေလို့ ဘလော့ဂ်ကို နဲနဲ ပစ်ထားရသလို ဖြစ်နေတယ်။ ရေးချင်တာလေးတွေလဲ စိတ်ကူးထဲပေါ်လာလိုက် အချိန်မရတော့ ချက်ချင်းချမရေးနိုင်တာနဲ့ တကယ်ရေးဖို့ ပြန်စဉ်းစားတဲ့အခါ ပျောက်သွားလိုက်နဲ့ ဘယ်လိုပြန်အစဖေါ်ရမှန်းတောင် မသိဖြစ်နေပါတယ်။ အိမ်အလည်လာတာတွေနောက်ကျရင် ပို့စ်အသစ်တင်တာတွေ နဲနဲကျဲရင် ခွင့်လွှတ်ကြပါလို့…)
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
17 comments:
ဘ၀ကမ်းပါး တစတစ ပြိုလာခဲ့တာကို သတိမထားလိုက်မိခင်မှာပဲ ရှေ့မှာကမ်းစောက်က အသူတရာနက်နေခဲ့ပြီ။ မနက်နဲ့ည အလှည့်ကျပြောင်းရင်း ဘ၀က ညနေဆည်းဆာနားမှာ တဲတဲလေးမေးတင်လို့… နေမ၀င်ခင် ခဏလေးမှာ တစ်နေ့တာရဲ့ နောက်ဆုံးအလှကို ခံစားခွင့်လေးတော့ ရှိချင်ပါသေးတယ်။
မအိမ်သူရေ...ရေးတတ်လိုက်တာ jas လဲ
အဲလိုရေးတတ်ချင်ပါတယ်...ကဗျာထဲကကို
ရုန်းမထွက်နိုင်ဘူး...မအိမ်သူမအားရင်လဲ
jas လာမှာပေါ့နော်...အားရင်တော့
အသုတ်လေးလုပ်ကျွေးပေါ့။
ချမ်းမြေ့စွာနဲ့
တစ်နေ့တာရဲ့ နောက်ဆုံးအလှကို ခံစားခွင့်
ရှိပါစေရှင်။ ။
ဟုတ်ပါ့... အစ်မအိမ်သူရယ်... အချိန်တွေ ကုန်တာ သိပ်မြန်တယ်။ ရေးထားတာလေးက ကဗျာဆန်လိုက်တား)
အချိန်တွေကုန်မြန်တဲ့အကြောင်းမပြောနဲ့လေ
မမရယ်
အသက်တွေကြီးကုန်လို့ပေါ့
မွေးနေ့ဆိုမေ့တောင်ထားတယ်
မေ့နေပါရစေဦး ။။မေ့နေပါရစေဦး မမရေ..း)
ညီမ
မဒိုးကန်
အချိန်နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို ကိုယ်မပိုင်သည့်တိုင် ကိုယ့်ကိုဖက်တွယ်ပြီး လိုက်နိုင်မည့် ဒါန သီလ ဘာဝနာ အစရှိတဲ့ ကုသိုလ်အစုစုတို့ကို သံသရာဝဋ်ဆင်းရဲမှာ ကျင်လည်နေတဲ့ လောကလူသားအားလုံး ကြိုတင်ထုပ်ပိုးသိမ်းထားသင့်တယ် မအိမ်သူရေ။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
း).. မအိမ်သူ အိမ်မှာ အလုပ်ရှုပ်နေမယ့်ပုံကို မြင်ယောင်မိပါရဲ့..း))
ခင်မင်လျက်
နေ၀သန်
မအားတဲ့ ကြားက ၀ါသနာကိုမသတ်နိုင်တော့လဲ...။ ဘာပဲဖြစ်ဖြစ် အမရယ် တစ်နေ့တာအတွက် အမောပြေပေါ့ ဘလော့လေးက...။
ခင်တဲ့
မိုးငွေ့
ဒီတခါ ကမ်ဘောဒီးယားရောက်ရင် လာတွေ့မယ် :)
ဒီနှစ် သင်္ကြန်ကျတော့ မနှစ်က သင်္ကြန် အရှိန်တောင် မကုန်သေးသလို ခံစားရတယ်။ အချိန်တွေမြန်သွားတာများလားပဲ။
ပိုစ့်တွေ အားတဲ့ခါကျမှတင်ပေါ့ဗျာ... ဒီလိုပါပဲ... အလုပ်တစ်ဖက်၊ စာတစ်ဖက်၊ ဘလော့တစ်ဖက်။ အင်း...
အို....ခွင့်လွှတ်ပါတယ်လေ :) ရှိစေတော့ရှိစေတော့ :) တစ်နေ့တာတွေထဲမှာ ပျောက်ဆုံးနေတဲ့ အစ်မ မအိမ်သူကို လာရှာသွားပါတယ် :)
ခင်တဲ့(ဖိုးကြယ်)
ဟုတ်တယ်နော် အသက်ကြီးလာလေ အချိန်ကုန်မြန်လာလေပါဘဲ
ငယ်တုန်းက အချိန်တွေ ပြန်လိုချင်စိတ်တွေ ပေါ်လာမိတယ်.
မအိမ်သူတို့ မိသားစု အစစ အဆင်ပြေပါစေရှင်
ဟုတ်တယ်ဗျာ၊ လုပ်ချင်တာတွေ၊ လုပ်သင့်တာတွေ၊ လုပ်နိုင်တာတွေ ကြားထဲမှာ ကျနော်တို့အားလုံး အမြဲပဲ လွန်ဆွဲနေရမယ် ထင်ပါရဲ့..၊ အချိန်တွေ အကုန်မြန်တာ တော့ တကယ်ပါပဲ၊ ကြည့်နေရင်းနဲ့ကို တတိတိနဲ့...။
သတိရနေပါတယ် ညီမရယ်
အချိန်တွေ က တိုလိုက်တာနော် ညီမ
အချိန်ဆိုတာ ဘယ်လောက်ပဲ စီမံခန့်ခွဲနေနေ တစ်ကယ် မလုံလောက်သူကတော့ တစ်ကယ်ကြီးကို မလောက်ငှပါဗျာ.. စာရေးစာဖတ်ကျဲတာကို ခွင့်လွှတ်ပါတယ်ဗျာ.. အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ ကိစ္စများမြောင်ကို နားလည် မိပါရဲ့။
ဒီလိုပါပဲ မအိမ်သူရေ...
လုပ်ချင်တာတွေ၊ လုပ်သင့်တာတွေ၊ လုပ်နိုင်တာတွေကို စီမံခန့်ခွဲရင်းနဲ့ တစ်နေ့တစ်နေ့ကုန်ကြရတာပါပဲ...ဒါကိုပဲ လူဖြစ်ခြင်းရဲ့ အာဝေနိကတရားတွေလို့ ခေါ်ရမယ် ထင်ပါရဲ့လေ...ဘာပဲဖြစ်ဖြစ် ဒါတွေဟာ ကျွန်တော်တို့ ရေးနေတဲ့၊ ရေးနေရဦးမယ့် ကိုယ်ပိုင်သမိုင်းပဲ မဟုတ်ပါလား...
ဒီလိုပါပဲ အစ်မရေ့ ကျနော်တို့လို လူလွတ်တောင် တစ်ခါခါ တွေးရင်း ငါဘာတွေများ ဒီလောက်တောင် ရှုပ်နေလိမ့်ပေါ့ ဘာကိုမှန်းမသိပဲ လူမှုရေးလေးတွေကလည်းပါလား ကိုယ်လုပ်ချင်တာလေးတွေကော ဘာဆို ဘာမှန်းမသိတော့အောင် ရှုပ်နေတော့တာပဲ ။
အစ်မလညး အဆင်ပြေပါစေ အရှုပ်တွေထဲ ရှင်းပါစေဗျာ ။။
ဟုတ်ပါ့ဗျာ။ တနေ့တနေ့နဲ့ ဘယ်လို အချိန်တွေ ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ မအားတော့ ဘယ်ဘလော့ဂ်မှလည်း မရောက်ဖြစ်နဲ့။ သူများတွေ တင်ထားသမျှ ပြန်ကြည့်မှ စာကြွေးတွေ မနည်းပါလား ဆိုပြီး လိုက်ဖတ်နေရတော့တယ်။
အိမ်ကို ဖုန်းဆက်ဖြစ်တိုင်း မေမေက ပြောရှာတယ်။ မဆက်တာ ကြာပြီနော်တဲ့။ ကိုယ့်မှာတော့ တပါတ်တပါတ် ဘယ်လိုကုန်သွားမှန်း မသိတာနဲ့ မဆက်ဖြစ်တာ အမြဲရှင်းပြနေရတယ်။
ဟုတ်တယ် အစ်မအိမ်သူရယ်... အသက်ကြီးလာလေ အချိန်တွေ ကုန်တာ မြန်လာလေပါပဲ။ ဒီတဖြတ်ဖြတ်ကုန်နေတဲ့ အချိန်တွေထဲက အဖိုးတန် အခိုက်အတန့်လေးတွေကို အားစိုက်ပြီး ဆွဲထုတ်ယူနေရတာပါပဲနော်...
Post a Comment