Monday, August 8, 2011

စာမျက်နှာသစ်


ဘ၀ဆိုတာကို စာအုပ်တစ်အုပ် အနေနဲ့ တင်စား သုံးနှုန်း တတ်ကြသလို ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေကိုလည်း စာမျက်နှာများနဲ့ တင်စားတတ်ကြတယ်။ အဲဒီလိုမျိုး တင်စားရမယ် ဆိုရင်တော့ ဒီနေ့ဟာ ကိုယ့်ရဲ့ဘ၀မှတ်တမ်း စာအုပ်မှာ စာမျက်နှာ အသစ်တစ်ခု တိုးလာခဲ့ပြန်ပြီလို့ ပြောရမှာပေါ့။

ဖြတ်သန်းခဲ့တဲ့ နှစ်တွေဟာ ဘာမှမကြာလိုက်သလို .. ဘ၀ဆိုတာ တိုတောင်းမှန်းကို သိနေပေမယ့်လည်း ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ကုန်လွန်သွားခဲ့လိမ့်မယ်လို့တော့ မထင်မိခဲ့တာအမှန်… ငယ်ဘ၀တွေဟာ မနေ့တနေ့ကလို စိတ်မှာထင်နေတုန်း… အချိန်ကာလတွေကို ပြန်ပြီး မတွက်စစ်နိုင်သေးခင်မှာဘဲ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကို ကုန်လွန်သွားခဲ့ပြီးပြီ။

ဟိုးလွန်ခဲ့သော နှစ်လေးဆယ်အချိန် ဒီရက် ဒီလဖြစ်တဲ့ သိဟ်ရာသီ ၀ါခေါင်လမှာရွာတဲ့ မိုးတွေနဲ့အတူ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ယောက်ဟာ ဒီနေ့ ဒီရက်မှာတော့ ကိုယ်ပိုင် မှတ်တမ်းစာအုပ်ထဲက စာမျက်နှာအသစ်တစ်ခုမှာ လေးဆယ်ဆိုတဲ့ စာမျက်နှာနံပါတ်ကို ရေးထိုးလိုက်ခဲ့ပြီပေါ့… စာမျက်နှာမှာ နံပါတ်တပ်ပြီးပြီဆိုရင်တော့ အဲဒီစာမျက်နှာကို ဆက်လက်ရေးသားဖို့ တာဝန်ရှိလာခဲ့ပြီလေ။ ကဲ… ဘာတွေဆက်ရေးရမှာလဲ။ ဘယ်လိုတွေများ ရေးချင်ပါသလဲ။ ဘယ်အရာတွေကို ရေးသင့်ပါသလဲ။

အဲဒီစာအုပ်ဟာ အင်မတန် အရေးကြီးတဲ့စာအုပ်… စာမျက်နှာတိုင်းဟာ တစ်ကြိမ်တစ်ခါသာ ရေးသားပိုင်ခွင့်ရှိတယ်။ မှားရင်မှားတဲ့အတိုင်း မှန်ရင်မှန်တဲ့အတိုင်း ကိုယ်ဖြတ်သန်းခဲ့သမျှ မှတ်တမ်းတင်ပြီးရင် အဲဒီစာမျက်နှာကို ကိုယ်ထားခဲ့ရပြီ။ ကိုယ့်ရဲ့စာအုပ်မှာ ကိုယ်ရေးချင်သလိုလည်း ဘာကိုမှ ကြိုတင်ရေးသားပိုင်ခွင့် မရှိသလို ရှေ့မှာလည်း စာမျက်နှာအသစ်များက ဆက်ပြီးရှိနိုင် မရှိနိုင်ဆိုတာကို ကိုယ်ဘယ်လိုမှမသိနိုင်ခဲ့ဘူး။ ကိုယ့်စာအုပ်ဟာ စာမျက်နှာဘယ်လောက်မှာ အဆုံးသတ်သွားမယ် ဆိုတာကိုလည်း ကြိုပြီးမသိနိုင်သလို ပြီးသွားခဲ့ပြီဖြစ်တဲ့ စာမျက်နှာတွေကလည်း ဘာတစ်ခုမှ ပြန်ဖျက် ပြန်ပြင်လို့မရနိုင်အောင် ချိတ်ပိတ် တံဆိပ်နှိပ်ပြီးသား… ကိုယ်တိုင်ရေးသားခဲ့ပြီးတဲ့ စာမျက်နှာတွေကို ကိုယ်တိုင်စိတ်တိုင်းကျ ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေး ဘယ်တော့မှမရှိဘူး။ လက်ရှိ ကိုယ်ပိုင်ဆိုင်နေတဲ့ စာမျက်နှာမှာပဲ ရေးပိုင်ခွင့်ရှိတဲ့အဖြစ်… ကိုယ်ဘာရေးရမလဲ စဉ်းစားလို့မရသေး… ကိုယ့်စာမျက်နှာအသစ်လေးမှာ ကိုယ်အကောင်းဆုံးရေးနိုင်အောင်လို့တော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားရမှာမလွဲ…

ကိုယ်မရှိတော့တဲ့ တချိန်မှာ ကိုယ့်စာအုပ်လေးကို ဖတ်ရှုကြမယ့်သူတွေ ဘယ်လောက်များရှိနိုင်မှာလဲ… ကိုယ့်ရဲ့စာအုပ်ကလေးကနေ ကိုယ့်ရဲ့ သားသမီးမြေးမြစ် အစဉ်အဆက်ကို ကောင်းမြတ်တဲ့အရာ တစ်စုံတစ်ခုလောက်ကိုတော့ လက်ဆင့်ကမ်း အမွေပေးနိုင်အောင်လို့ အတတ်နိုင်ဆုံး ကြိုးစားချင်ပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
(Image from Google)

22 comments:

ညိမ်းနိုင် said...

ခုမှဘဝစပြီပေါ့လေ..ဟုတ်လားအစ်မ...:)
လေးဆယ်ပြည့်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ ဘဝ
စာမျက်နှာများမှာ ပျော်ရွင်ချမ်းမြေ့ခြင်း၊စိတ်ချမ်းသာခြင်း၊
ကိုယ်ကျမ်းမာခြင်းများကို မိသားစုအတူရေးသာနိုင်ပါစေ
ကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗျာ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

နှစ်၄၀ပြည့် စာမျက်နှာသစ်မှသည်.. အသစ်အသစ်သော စာမျက်နှာပေါင်းများစွာကို အောင်မြင်ပျော်ရွှင်စွာ ရေးထိုးသွားနိုင်ပါစေ.. ဆန္ဒအားလုံး ပြည့်ဝပါစေရှင်..

မေဓာဝီ said...

ငြိမ်းချမ်းလှပပြီး ကျက်သရေရှိသော စာမျက်နှာအသစ်ပေါင်းများစွာကို သိက္ခာရှိစွာ ကမ္ဗည်းတင်နိုင်ပါစေ ... မအိမ်သူရေ ... ။

မင်္ဂလာမွေးနေ့ ရက်မြတ် ဖြစ်ပါစေ ...

ကိုဇော် said...

ပျော်ရွှင်ဖွယ် ကောင်းသော မွေးနေ့ နှစ်ပတ်လည်နေ့လေး ဖြစ်ပါစေဗျာ။

Anonymous said...

Happy Birthday Ma Ma!
Mon Petit Avatar

Crystal said...

တိုက်ဆိုင်မှုတွေအတွက် ပိုစ့်ဖတ်ရောက်လာပါတယ်ရှင်။
ညီမလည်း ဝါခေါင်ဖွားပါပဲ :)

mstint said...

ဘဝအတွက် စာမျက်နှာပေါင်းများစွာဖြင့် ပျောင်ရွှင်စွာ ရပ်တည်နိုင်ပါစေ မအိမ်သူရေ။
အမြဲအားပေးလျက်ပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်ကြည်အေး said...

စာမျက်နှာ လေးဆယ် ရောက်သွားပြီတဲ့လား...၊ ပို၍ ပို၍ မင်္ဂလာရှိသော နေ့သစ်များစွာနဲ့အတူ စာမျက်နှာအသစ်အသစ်များစွာ ဆက်လက်ရေးထိုးနိုင်ပါစေ.... :))
Happy Birthday sis :))

Cameron said...

အမရဲ့ ဘ၀စာမျက်နှာတိုင်းမှာ လွတ်လပ်စွာရေးခွင့်ရှိပါစေ...အောင်မြင်မှုရှိပါစေလို့ ဆုတောင်းပါတယ်...။

ခင်တဲ့
မိုးငွေ့

စံပယ်ချို said...

Happy Birthday sis
ထာဝရ ပျော်ရွှင်စွာနဲ့စာတွေများများရေးနိုင်ပါစေရှင်။

rose said...

Happy Belated Birthday, အစ်မအိမ်သူ။ ပျော်ရွှင် စိတ်ချမ်းသာဖွယ် နေ့ရက်များစွာကို ဆက်လက် ပိုင်ဆိုင် ရရှိပါစေရှင်။

မောင်သီဟ said...

အခုမှစာမျက်နှာအသစ်ရေးတာပဲဗျာ့
း) ပျော်ရွှင်ပါစေဗျာာာ


မောင်ဘကြိုင်

နှင်းနဲ့မာယာ said...

ဘဝတစ်ခုကို လှလှပပ အစပျိုးနိုင်ပါစေ....
၄၀ ဆိုတာ ဘဝရဲ့ အစလို့ ကြားဘူးတယ်....
ရင့်ကျက်တည်ငြိမ်စွာ
ပျော်ရွှင်အောင်မြင်စွာ
ငြိမ်းချမ်းစွာ
ဆက်လက်လျှောက်လှမ်းနိုင်ပါစေနော်.....

နှင်းနဲ့မာယာ

မင်းဧရာ said...

ပျော်ရွှင်စရာ ကောင်းတဲ့မွေးနေ့လေးပါ အမကြီးရေ.....
တစ်နေ၀င်တိုင်း သမိုင်းတွေထပ်
စာမျက်နှာတွေ အတိုင်းထက် တက်ပါစေ
ရည်ရွယ်တဲ့ မျိုးဆက်တွေအတွက်
မကျိုးပျက်မယ့် သွေးစက်တွေ
ကလောင်မှနေ ထုဆစ်
နှောင်းလူတို့ သိရစ်စေ။

Maung Myo said...

็Happy Birthday အစ်မရေ့ စာမျက်နှာတွေ ရှေ့ဆက် လှပါစေဗျာာာ ။

ဟန်ကြည် said...

မှန်လိုက်တာ မအိမ်သူရေ...ဘ၀စာမျက်နှာဆိုတာ ခဲဖျက်နဲ့ ပြန်ဖျက်လို့ရတာမျိုးမှ မဟုတ်ပေကပဲဗျာ...ကိုယ့်သမိုင်းကို သူများမဖတ်ကြရင်တောင် ကိုယ့်ဖာသာပြန်ဖတ်ရင်တော့ ကျေကျေနပ်နပ်ကြီး ဖတ်နိုင်အောင်တော့ ရေးရမယ်လို့ မအိမ်သူလိုပဲ ခံယူထားပါတယ်...ချွေး၊ သွေး၊ သစ္စာ၊ သိက္ခာတရားတို့နဲ့ ထုံမွှမ်းထားမယ်လို့ ယုံကြည်ရတဲ့ မအိမ်သူရဲ့ ဘ၀စာမျက်နှာသစ်တိုင်းကို အကောင်းဆုံးနဲ့ အပြည့်ဝဆုံးဖြစ်အောင် စီကုံးရေးသားနိုင်ပါစေလို့ နှစ်လေးဆယ်ပြည့် မွေးနေ့ဆုတောင်း တောင်းပေးပါရစေ...

“နှစ်လေးဆယ်ကြာ၊ ရေးခဲ့ပါသည့်
ဘ၀စာအုပ်၊ စာရင်းချုပ်လျှင်
လှုပ်ရှားတက်ကြွ၊ မာနကင်းကွာ
ဖြူစင်စွာဖြင့်၊ လူ့ရွာသမိုင်း
ရှုတိုင်းတင့်စေ၊ ကောင်းမှုဝေအောင်
ကြိုးပမ်းဆောင်သော၊ မနောဖြူဖြူ
မအိမ်သူသာ ဖြစ်စေသော်ဝ်...”

မအိမ်သူအတွက် မွေးနေ့လက်ဆောင် ကဗျာပါ...အလုပ်များနေတာကြောင့် နောက်ကျမှ ရောက်ဖြစ်တာ တောင်းပန်ပါတယ်...

မအိမ်သူ said...

ကိုညိမ်းနိုင်၊ ညီမချော၊ မမေ၊ ကိုဇော်၊ မွန်၊ ခရစ္စတယ်လ်၊ အန်တီတင့်၊ အမချစ်၊ ညီမမိုးငွေ့၊ မစပါယ်၊ ရို့စ်၊ ကိုဘကြိုင်၊ ညီမနှင်းနဲ့မာယာ၊ မောင်ငယ်မင်းဧရာ၊ မောင်မျိုးလေး နဲ့ ဆရာဦးဟန်ကြည်တို့ အားလုံးကပေးတဲ့ နွေးထွေးတဲ့ မွေးနေ့ဆုတောင်းများအတွက် ကျေးဇူးအထူးပါရှင်...း))

နေ၀သန် said...

ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ.. မအိမ်သူရေ.... ဆက်လက်ပြီးလည်း စာအုပ်လေးမှာ စာမျက်နှာကောင်းမြောက်မြားစွာကို ရေးသားနိုင်ပါစေ

ခင်မင်လျက်
နေ၀သန်

လသာည said...

အစ်မ မအိမ်သူ
စာမျက်နှာ ၄၀ ရေးပြီးခဲ့ပြီလား။ တင်စားထားတာလေးကို သဘောကျမိတယ်။ ဘ၀ရဲ့ စာမျက်နှာလေးတွေ တရွက်ချင်းတရွက်ချင်း ရေးသားရင်း ဘ၀ရဲ့ အတွေ့အကြုံတွေကြား စိတ်ချမ်းမြေ့ပျော်ရွှင်စရာများ များများရေးသားနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်နော်။

မဒမ်ကိုး said...

မမရေ
ခုမှဘ၀စတာတော့သိလား
...................
ပျော်ရွှင်ဖွယ်နေ့ရက်များကို
ပိုင်ဆိုင်နိုင်ပါစေ..........
အေးချမ်းသာယာသောဘ၀မှာ
ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ပါစေလို့
ဆုတောင်းလိုက်ပါတယ်

ညီမငယ်
မဒိုးကန်

မေသိမ့်သိမ့်ကျော် said...

ပျော်ရွှင်ပါစေ။ အစစအရာရာ အဆင်ပြေပါစေ။ ဆုမတောင်းမိသော ဆန္ဒများလည်း ပြည့်စုံပါစေ။


ခင်မင်တဲ့
မေသိမ့်

မအိမ်သူ said...

နေ၀သန်၊ လသာည၊ မဒမ်ကိုးနဲ့ မေသိမ့်တို့ရဲ့ ဆုတောင်းလေးများအတွက် ကျေးဇူးပါနော်။
အားလုံးကပေးတဲ့ဆုများနဲ့ ပြည့်ဝရပါစေရှင်...

Related Posts Plugin for WordPress, Blogger...