Friday, September 6, 2013

* * “3108” Day Nostalgia * *



 အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ဘလော့ဂ်လောကကြီးနဲ့ ကင်းကွာနေခဲ့တာ၊ ကိုယ့်ဘလော့ဂ်လေးကိုလဲ လှည့်မကြည့်စတမ်း ပစ်ထားမိခဲ့တာ နှစ်ပတ်တောင်လည်နေပြီ ထင်ပါရဲ့လေ။ ဘလော်ဂါ အကောင့်ထဲဝင်ဖို့ လျှို့ဝှက်ကုဒ်ကလေးတောင် အတော်လေး ပြန်စဉ်းစားလိုက်ရတယ်။ ဒါပေမဲ့ ကိုယ်နေ့တိုင်းလို လွမ်းနေခဲ့ပါတယ်။ ကိုယ်လှည့်မကြည့်ဖြစ်အားတဲ့ ဘလော့ဂ်လေးကိုကော ကိုယ်ခင်မင်မိခဲ့တဲ့ ဘလော့ဂ်မိတ်ဆွေများကိုကော အချိန်တိုင်း သတိရနေမိတာ။ ဒီနှစ် 31 August, Blog Day နေ့တုံးကတော့ ဘာကြောင့်ရယ်မသိ ဟိုးအရင် ကိုယ်တိုင်ဘလော့ဂ်စပြီးမရေးဖြစ်သေးခင် အချိန်က  Silent Reader တစ်ယောက်အဖြစ် တိတ်တိတ်ကလေး နှစ်နဲ့ချီပြီး ဘလော့ဂ်တကာ လည်ဖတ်ခဲ့ဖူးတဲ့ အချိန်တွေကို ထူးထူးခြားခြား အရမ်းကိုပဲ သတိရ လွမ်းဆွတ်မိနေခဲ့တယ်။ အဲဒီတုံးကများ တစ်နေ့တစ်နေ့ အားလပ်တဲ့ အချိန်လေးတွေတိုင်း ၀င်ဝင်ပြီးဖတ်မိတဲ့ ဘလော့ဂ်ပေါင်းမြောက်များစွာထဲမှာ နေ့စဉ်ပုံမှန်ဖတ်ဖြစ်တဲ့ ဘလော့ဂ်တွေကကို မရှိဘူးဆို တစ်ရက်ကို နှစ်ဆယ် အစိတ်မကပေါ့။ ဒီ့ထက်များချင်သာများလိမ့်မယ်။ ဒီထက်မနည်းတာကတော့ အသေအချာပဲ။ အဲဒီဘလော့ဂ်တွေကနေ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်းစုံက ဘလော်ဂါပေါင်းစုံတို့ရဲ့ အတွေးပေါင်းစုံ အကြောင်းအရာပေါင်းစုံ အတွေ့အကြုံပေါင်းစုံတွေပါဝင်တဲ့ စာအမျိုးအစားပေါင်းစုံကို တစ်နေ့တစ်မျိုး မရိုးရအောင် တစ်ဝကြီး အားပါးတရ ဖတ်ခွင့်ရခဲ့ဖူးတယ်။ မှတ်မှတ်ရရ ပြောရရင် အဲဒီအချိန်တုံးက ဘလော်ဂါတွေကလဲ ဘယ်လောက်ပဲ အလုပ်ရှုပ်နေနေ မရ ရတဲ့ အချိန်လေးတွေကနေ နေ့တိုင်း ပို့စ်အသစ်တွေကိုရအောင် တင်နိုင်ခဲ့ကြတာကို မှတ်မှတ်သားသားရှိခဲ့ရပြီး တကယ်လေးစား အသိအမှတ်ပြုမိခဲ့ရတာ။ ကိုယ်တိုင် ဘလော့ဂ်ပေါ်မှာ တိုတိုထွာထွာလေးတွေ ဟိုတစ်စ သည်တစ်စ ရေးဖြစ်လာမိတဲ့အခါ စာတစ်ပုဒ် ကဗျာတစ်ပုဒ် ဖြစ်လာဖို့အတွက် ရင်းနှီး စိုက်ထုတ်ရတဲ့ အချိန်တွေ အင်အားတွေကို ပိုပိုပြီးနားလည်လာတဲ့အချိန် ဟိုးအရင် ဘလော့ဂ်ရှေးဦးစကတည်းက အခက်အခဲတွေ အမျိုးမျိုးကြားကနေ ကြိုးစားပမ်းစား ရေးနိုင်သားနိုင် မျှဝေနိုင်ခဲ့ကြတဲ့ ဆရာ့ဆရာ ဘလော်ဂါကြီးများကို ပိုပြီး လေးစား ဦးညွှတ်မိတာ အမှန်ပဲ။ သူတို့တွေ အဲဒီလို စတင်ခဲ့ကြလို့လဲ မြန်မာဘလော့ဂ်တွေ အခုလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာခဲ့ရတာပါ။ ကိုယ်ဖတ်မိခဲ့သမျှ ဘလော့ဂ်တွေမှာ နိုင်ငံတကာက ဘလော်ဂါတွေရဲ့ ကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ ဘ၀တွေက အထွေထွေ အပြားပြားဆိုတော့ ဘလော့ဂ်ပို့စ်တွေကလဲ ဆေးရောင်စုံ ပန်းချီကားတစ်ချပ်လိုပေါ့။ မတူကွဲပြားတဲ့ ရောင်စဉ်တွေက ဆန်းကျယ်ခြားနားတဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်သလိုပါပဲ။ သူတို့ရေးသမျှမှာ အလေးအနက်စာတွေပါသလို ပေါ့ပေါ့ပါးပါးလေးတွေလဲပါရဲ့။ အတွေးအမြင်တွေပါသလို တီထွင်ဆန်းသစ်မှုတွေကိုလဲ တွေ့နိုင်တယ်။ ကိုယ်တိုင်ဆိုတဲ့ သီချင်း၊ ကိုယ်တိုင်ဆွဲတဲ့ ပန်းချီကား၊ ကိုယ်တိုင်ချက်တဲ့ဟင်း၊ ကိုယ်တိုင်လုပ်တဲ့မုန့်၊ ကိုယ်တိုင်ရိုက်ခဲ့တဲ့ ဓါတ်ပုံ ဆိုတာမျိုးတွေကိုလဲ ဝေမျှခံစားနိုင်ရဲ့။ ရေခြားမြေခြားက အတွေ့အကြုံသစ်တွေ၊ လူနေမှုစံနစ်တွေ၊ ယဉ်ကျေးမှုအသစ်တွေကို မြည်းစမ်းခွင့်တွေနဲ့ နိုင်ငံတကာက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးလို ဟာမျိုးတွေလဲ မကျန်ရအောင် တစေ့တစောင်း စူးစမ်း လေ့လာခွင့်တွေရခဲ့တယ်။ ရသဖက်ဆိုလဲ ကဗျာဖတ်မလား၊ ဝတ္ထုဖတ်မလား၊ အက်ဆေးဖတ်မလား စုံလို့ရယ်လေ။ လျှို့ဝှက်သဲဖို သစ္ဆေ သရဲ စုန်း ကဝေ ဒဏ္ဍာရီတွေလဲ မလွတ်ရပါဘူး။ ကိုယ်ကလဲ စာဖတ်ရင် စိတ်ရော ကိုယ်ရောနှစ်ပြီး ဖတ်တတ်တယ်။ အလေးအနက်ရေးထားတဲ့စာတွေ၊ ရသ ခံစားမှုတွေကိုဖွဲ့ဆိုထားတဲ့ စာမျိုးတွေဆို စာထဲကအကြောင်းအရာကို ရင်နဲ့ရင်းပြီး လိုက်ပါစီးမျောတတ်တယ်။ ကိုယ်ဖတ်လိုက်တဲ့ စာတစ်ပုဒ်ရဲ့ နောက်ကွယ်က အကြောင်းခြင်းရာကို စေ့ငုတတ်တယ်။ စာရေးသူရဲ့ ရင်ဘတ်ထဲကိုဝင်ကြည့်ပြီး ကိုယ်တိုင်ဝင်ခံစားတတ်တယ်။ အဲဒီတော့ ကိုယ်က ကွန်မန့်မပေး ဘာမပေး Silent Reader လုပ်နေလို့ ကိုယ့်ကိုဘယ်သူကမှ မသိကြပေမဲ့ ကိုယ်ဖက်ကတော့ နှစ်နဲ့ချီပြီး ပင်တိုင်သွားဖတ်နေကျ ဘလော့ဂ်တွေရဲ့ပိုင်ရှင် ဘလော်ဂါများကို မမြင်ဖူးမတွေ့ဖူးတာတောင်မှ သူတို့ရဲ့ပို့စ်တွေကနေတစ်ဆင့် သူတို့တွေကို ကိုယ့်စိတ်ထဲမှာ တရင်းတနှီးသိနေ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ခင်မင်ရင်းနှီးနေခဲ့မိတယ်။ သူတို့စာတွေကို ဖတ်ရင်း သူတို့တွေရဲ့ရင်ဘတ်ထဲထိ ကိုယ်ကြည့်မြင်ခွင့်ရနိုင်ခဲ့တယ်။ ဘလော်ဂါတို့ရဲ့ စိတ်ခံစားမှုတွေကို သူတို့ရဲ့ပို့စ်တွေထဲကတစ်ဆင့် သူတို့နဲ့ထပ်တူ ကိုယ့်ရင်ထဲကနေ လိုက်ပါခံစားမိတတ်ခဲ့တယ်။ ကိုယ့်ရင်ထဲက ရင်းနှီးနေမိတဲ့ ဘလော်ဂါတွေရဲ့ Personality တွေကို သူတို့ရေးတဲ့စာတွေထဲကတဆင့် ပြိုးကနဲပြက်ကနဲ မြင်ခွင့်ရခဲ့သလို  ရင့်ကျက် ပြည့်ဝတဲ့ စိတ်နေသဘောထားလေးတွေကိုလဲ သူတို့စာတွေထဲမှာ ဖြိုးကနဲဖြတ်ကနဲ သတိထားမိခဲ့ရတယ်။ နောက်ပိုင်း ကိုယ်တိုင် ဘလော့ဂ်လေးတစ်ခုဖန်တီးပြီး ဟိုမကျ ဒီမကျ အတိုအစ စာလေးတွေကို လျှောက်ရေးဖြစ်တဲ့အချိန်မှာတော့ ကိုယ့်စိတ်ထဲကနေ အရင်ကတည်းက တဖက်သတ် ရင်းနှီးထားခဲ့ပြီးသား ဘလော်ဂါတွေနဲ့ အမှန်တကယ်ကို ခင်မင်ရင်းနှီးခွင့်ရခဲ့ပါတယ်။ အဲဒီအတွက် တကယ်ကို ၀မ်းသာမိတယ်။ အဲဒီထဲကမှ တစ်ချို့ဘလော်ဂါတွေကို အပြင်မှာ လူချင်းပါခင်မင်ခွင့် စကားပြောခွင့်တွေ ရခဲ့တာကိုတော့ ၀မ်းအသာမိဆုံးပါပဲ။ နောက်ထပ်လဲ အခွင့်အရေးရလို့များ ဆုံတွေ့ဖြစ်ကြအုံးမယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာနဲ့ပဲ ထပ်မံတွေ့ချင် ဆုံချင်ပါသေးတယ်။ ကိုယ့်အမြင်ပြောရရင်တော့ ဘလော်ဂါတွေဆိုတာ ခင်မင်စရာကောင်းတဲ့ နယ်စည်းမခြား ငြိမ်းချမ်းရေးသမားတွေပါဆိုရင် ဘယ်သူကများ ငြင်းချင်ပါ့မလဲလေ။
ဒီနှစ် Blog Day မှာ ၂၀၁၁ ဘလော့ဂ်ဒေးအတွက် အမှတ်တရ Tag post လေးတွေကို ဘလော်ဂါတွေ အားလုံး တက်တက်ကြွကြွနဲ့ အားကြိုးမာန်တက် ရေးဖြစ်ခဲ့ကြတာကို ပြန်လည်တမ်းတ အမှတ်ရနေမိလို့ရယ် ဟိုအရင် နှစ်နဲ့ချီဘလော့ဂ်တွေလည်ပြီး ဖတ်ဖြစ်ခဲ့တဲ့ အချိန်တွေနဲ့ ဘလော့ဂ်ရေးဖြစ်ခဲ့တဲ့ တိုတိုတောင်းတောင်း အချိန်လေးတွေကို သတိတရနဲ့ လွမ်းနေမိတာရယ်ကြောင့် ဒီနှစ် ဘလော့ဂ်ဒေးအတွက် အချိန်တွေလွန်လို့ အတော်ကြီးကို နောက်ကျနေပြီမှန်းသိပေမဲ့လဲ ချောင်ထဲမှာ ဖုံတက်နေတဲ့ ဘလော့ဂ်လေးပေါ် ဒီပို့စ်လေးကို မရောက် ရောက်အောင် တင်ဖြစ်သွားခဲ့ရတယ်။ အခုနောက်ပိုင်း မျိုးဆက်သစ် ဘလော်ဂါတွေရဲ့ အသစ်အသစ်သော ဘလော့ဂ်ပေါင်းများစွာကို အရင်လို လုံးစေ့ပတ်စေ့လိုက်ဖတ်ဖြစ်ဖို့ ဘယ်လိုမှ လက်လှမ်းမမှီနိုင်တော့ဘူး။ အရင်ကိုယ် နေ့စဉ် သွားဖတ်နေကျ အရမ်းနှစ်သက်ခဲ့တဲ့ ဘလော့ဂ်တွေဆီကိုတောင် ခြေဦးမလှည့်နိုင်ဖြစ်နေခဲ့တာကနေ... ကိုယ့်ဘလော့ဂ်ကိုယ်တောင် ပစ်ထားမိရတဲ့အထိ…။ ဒါပေမဲ့ စိတ်ကူးထဲမှာတော့ ဟိုးအရင်ဘလော့ဂ်တွေ လှည့်လည်ဖတ်ခွင့်ရခဲ့တဲ့ အချိန်တွေ ကိုယ်တိုင်ဘလော့ဂ်ရေးဖြစ်ခဲ့တဲ့ အချိန်လေးတွေကို ပြန်လိုချင်နေမိဆဲ …။ ရေစက်တွေ မကုန်သေးရင် လမ်းတွေလဲကြုံနေသေးရင် တစ်နေ့နေ့မှာပေါ့လေ အဲဒီလိုအချိန်မျိုးတွေ ပြန်ရနိုင်ပါသေးတယ်လို့လဲ မျှော်လင့်နေတုံးပဲ…။          (((“မျှော်လင့်နေတုံးပဲ… ဘိုမရေ…” လို့ ခိုင်ထူးသီချင်းလေးများ ဆက်ဆိုမိသွားကြသေးလားဟင် :D))) ။

အားလုံးပဲ Happy belated blog day! ပါရှင်။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

15 comments:

San Htun said...

အစ်မ ပျောက်ချက်သား ကောင်းနေတာ ဘလော့ဒေးမှပဲ ပြန်ပေါ်လာတော့တယ်...
ကမ္ဘောဒီးယားအကြောင်းလေးတွေ မျှော်နေတယ် အစ်မရေ...
ညီမလည်း အတူတူပဲ ဟတ်ပီး ဘီလိတ်တက် ဘလော့ဒေး...

ဟန်ကြည် said...

ဟား အစ်မအိမ်သူ...

ပျောက်ချက်သား ကောင်းလိုက်တာဗျာ...နှစ်နဲ့တောင် ချီပြီး ပျောက်တာကိုး...ဘာပဲဖြစ်ဖြစ် ဘလော့လေးတော့ တစ်ခါတစ်ခါ ပြန်လှည့်ကြည့်ဖို့ တိုက်တွန်းပါရစေဗျာ...ဘလော့မဖတ်ချင်လည်းနေပါ...တစ်လတစ်ပုဒ်လောက်ကတော့ တင်ပါဦး...ခမာပြည်က အကြောင်းတွေ...ကျန်တာတွေလည်း ရေးစရာတွေ အများကြီးရှိသားနဲ့...

ဒီနှစ်ဘလော့ဒေးကတော့ တကယ့်မင်္ဂလာနေ့ပဲ အစ်မအိမ်သူရေ...ငုပ်ကောင်လေးတွေ ပြန်ထွက်လာလို့...း)

ဟန်ကြည် said...

ခုနက တင်လိုက်တဲ့ ကွန်မန့်လေး ဘယ်ပျောက်သွားပါလိမ့်...

စံပယ်ချို said...

သတိတရရှိနေဆဲပါပဲ ဖတ်လိုက်ရတော့ဝမ်းသာမိပါတယ်.... Happy belated blog dayပါနော်

မိုးငွေ့........ said...

အားလပ်ချိန်ရှိရင် ပြန်လာခဲ့ပါအစ်မ... အစ်မစာတွေပြန်ဖတ်ချင်သေးတယ်..

သိ င်္ဂါ ရ said...

Blog Day က စ လို့ .. ပြန် အသက်ဝင်လာတဲ့ Blogger ကြီးတွေ ရဲ့ update Post တွေ ကို ဒီရက်ထဲ ... ဆက်တိုက်လို ဖတ်နေရတာ တကယ်ပဲ ၀မ်းသာမိပါတယ် ခင်ဗျာ ...
ကလောင်စွမ်း ဆိုတာတော့ မဝေဖန်တတ်ပါဘူး ခင်ဗျာ ... ။ မြန်မာ Blogger တွေ ရဲ့ အရေးအသားတွေမှာ ... ကျွန်တော် တွေ့ရအများဆုံး နဲ့ ပေါ်လွင်တာ က တော့ ... စေတနာ နဲ့ ရိုးသားမှု ပါပဲ ခင်ဗျာ ... ။
အဲဒီ အတွက် ... စာပြန်ရေးကြမယ် ဆိုရင် ရေးဖြစ်ကြစေဖို့ ... တိုက်တွန်းချင်ပါတယ် ခင်ဗျာ ...

ညိမ်းနိုင် said...

ဟော....အစ်မ....ပြန်ပေါ်လာပါရောလား...။
ဝမ်းသာတယ်ဗျာ....၊တစ်မိသားစုလုံးကို သတိတရ
ရှိနေမြဲပါလို့...၊နောက်ထပ်လည်း စာတွေရေးပါဦးလို့

ခင်မင်စွာဖြင့်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အစ်မလေးဗျာ
ဘလော့ဒေးကို ကျေးဇူးအများကြီးတင်လိုက်တော့မယ်း)

Yan said...

အရင်လို စာတွေ ပြန်ရေးနိုင်ပါစေ Sis ရေ.. FB မှာ အဆင်ပြေမယ်ဆိုရင်လည်း ကျွန်တော့်ကို အက်ပေးပါ. Sis ရဲ့ ဒီပို့စ်လေးကိုလည်း ဘလော့ဂ်ဒေးတက်ဂ်ပို့စ်လေး အဖြစ် Myanmar Blogs Digest page လေးမှာ တင်ဖို့ ယူသွားလိုက်ပါမယ်.

ခင်မင်စွာဖြင့်

Yan.

Yan said...

https://www.facebook.com/yan.aung.12

ဒါလေးရိုက်ထည့်ဖို့ မေ့သွားလို့. :)

Yan.

ရွှေအိမ်စည် said...

ကိုညီ ရဲ့ ဘလော့ဂ်ကနေ တဆင့်ရောက်လာပါတယ် အစ်မ
ဘလော့ဂ်ဒေးပို့စ်လေးကို လွမ်းမောစွာဖတ်သွားခဲ့ပါတယ်..
စကားမစပ်..ဖေ့ဘုတ်မှာ ရှိရင် ညီမကိုလည်း အပ်ပေးပါရှင်

https://www.facebook.com/shweainsi ပါ

ခင်မင်သော
သူသူ

မအိမ်သူ said...

ညီမစန်းထွန်း၊ ဆရာဟန်၊ ညီမစံပယ်ချို၊ ညီမမိုးငွေ့၊ ကိုသိင်္ဂါရ၊ ကိုညိမ်းနိုင်၊ ကိုဘကြိုင်၊ ကိုရန်အောင်နဲ့ ညီမရွှေအိမ်စည် >>> ကွန်မန့်လေးတွေအတွက်ကော သတိရနေကြသေးတဲ့အတွက်ကော ကျေးဇူးကမ္ဘာနော်။ ဘလော့ကတော့ ကိုယ်တိုင်ကလဲ သံယောဇဉ် အမျှင်တန်းနေသေးတဲ့အတွက် တတ်နိုင်သလောက်တော့ ကြိုကြား ကြိုကြားလေးရေးနိုင်အောင် ကြိုးစားကြည့်ပါအုံးမယ်။

seesein said...

ဘလော့ပေါ်မှာ စာလေးတွေပြန်ဖတ်ခွင့်ရလို့ အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာပါကြောင်း....

ခင်မင်တဲ့
seesein

Yan said...

မအိမ်သူရေ...

Sis က Charging ပြည့်မပြည့်တော့မသိဘူး. ကျွန်တော်ကတော့ ဒီပို့စ်လေးကို Myanmar Blogs Digest Page လေးအတွက် မသွားပြီဗျာ. :)

စာတွေ ပြန်ရေးနိုင်ပါစေ Sis.

ခင်မင်စွာဖြင့်
Yan.

နွေတေးရှင် (မင်းဧရာ) said...

ပျော်ရွှင်စရာ ကောင်းသော ဘလောဒ့်ဒေး လေးပါ အစ်မရေ...

အခုလို ပြန်ပြီး စုစုစည်းစည်းလေး ဘလောဒ့်ဂါတွေ ပြန်မြင်ရတာ သိပ်ပျော်ဖို့ကောင်းတယ်
ဆက်လက်ပြီး ရေးသား မျှဝေ နိုင်ပါစေ ဗျာ ....။

Related Posts Plugin for WordPress, Blogger...