Friday, February 23, 2018

ရူးသွပ်ခြင်းဝိညာဉ်

တလွင့်လွင့်မျောပါ မီးခိုးတန်း
မှုန်ဝါးဝါး မပီမသ ပုံရိပ်တွေ
ရေတံခွန်ထိပ်က လျှောကျသွားသော ရေပန်းဖွားများ
ကောင်းကင်ထက်က တိမ်တိုက်များ
လေမတိုက်ပဲ လွင့်ဝဲနေတဲ့ ရွက်ဝါကြွေတွေ
တိတ်ဆိတ်ငြိမ်သက်သောအမှောင်
အတွေးထဲက ဆူညံသံများ
အကောင်အထည်မဲ့ အသက်ရှုသံများ
ဖမ်းဆုပ်မမိနိုင်တဲ့ လက်များစွာ
စိတ်ကူးထဲက လွင့်ပါးနေသော အတိတ်များ
အလွမ်းဟာ ဟိုး အနက်ရှိုင်းဆုံး အတွင်းကလာတယ်။
မသိစိတ်က ဆွဲဆောင်နေသော တိုးတိတ်လှတဲ့ အသံတစ်ခု
ဘယ်မှာလဲ ဘယ်မှာလဲ
ခေါ်သံတွေ ဆူညံလာသလား
ငါ့နားတွေ တင်းတင်းပိတ်ထားပစ်လိုက်မယ်။
ဒလကြမ်း တွန်းထိုး ဆွဲခေါ်သွားမယ့် လက်တွေ
ဟင့်အင်း.. ငါမလိုက်ဘူးမလိုက်ချင်ဘူး
အကျယ်ကြီး အသံကုန် အော်ဟစ်ပစ်လိုက်ချိန်မှာ
ရင်ဘတ်ထဲက ကြားလိုက်ရတဲ့ အသံမဲ့ တိုးတိတ် အငြင်းစကား
အရာအားလုံးဟာ အရိပ်တွေ ပုံရိပ်ယောင်တွေ
ဦးနှောက်ထဲကို တိုးဝင်လာတဲ့ ဟားတိုက်ရီမောသံ သဲ့သဲ့
လွင့်မျောမှုတစ်ခုထဲမှာ အဆုံးသတ်စရာရှာမတွေ့ခဲ့
အတွေးမဲ့ ခံစားချက်မဲ့ ဗလာနယ်ဒါဟာဘာလဲ
စကြာဝဠာအပက လွင့်မျောခြင်းနယ်ပယ်တစ်ခု
ငါ့စိတ်က ငါ့ကိုယ်ကခွာ ဝမ်းမြောက်ဝမ်းသာ လွင့်ထွက်သွားမလို့ ကြံတုန်း
ငါ့ရဲ့ရုပ်ခန္ဓာကအထိတ်တလန့်နဲ့ ငါ့ရဲ့စိတ်ကို ပြန်ခေါ်
ရုန်းရင်းဆံခတ် ဝရုန်းသုန်းကားတွေနဲ့ ရှုပ်ယှက်ခပ်သွားစဉ်...
နက်နက်ရှိုင်းရှိုင်း အမှောင်ကြားမှာ ဝိညာဉ်ဟာ အေးခဲသွားသလား...
အဖြစ်အပျက်များစွာရဲ့ အဆုံးသတ်ကို သွေးအေးစွာနဲ့ ထိုင်ကြည့်နေခဲ့တဲ့ငါ

◄ ◄◄ ◄ ◄ ♦♦♦ ► ► ► ► ►

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Monday, February 1, 2016

ဇီဝလောင်ကျွမ်းမှု



ပူလောင်ခြင်းအပြည့်နဲ့ နေ့တွေဟာ
ကျောက်ခေတ်လူသားတစ်ယောက်ရဲ့ဂူအဝမှာ
အမြဲပျိုးထားရတဲ့ မီးတစလို တငွေ့ငွေ့နဲ့ တမြည့်မြည့်လောင်နေခဲ့ရ…
ဒီမီးတစကို ငြိမ်းချင်သတ်ချင်နေပါလျက်နဲ့ မီးသေသွားမှာကိုလဲ စိုးရွံ့ထိတ်နေရဆဲ...
အကြောက်ထဲက ဘဝတွေအတွက်တော့ စိုးရိမ်သောကဟာ လောင်စာပေါ့...
လောဘတကြီးနဲ့ ဖို့လိုက်သမျှတွေဟာ လောင်ကျွမ်းသွားခဲ့ရတယ်။
မီးတစဟာ မသေဆေးမဟုတ်ပေငြား သုံးတတ်သမျှတော့ အစွမ်းထက်တယ်။
အရှိန်မသတ်နိုင်ခဲ့ရင်တော့ ဘဝအဆက်ဆက်လောင်ကျွမ်း ပြာကျ
ရန်သူဟာ နှလုံးသားမှာ ခိုဝင်ပုန်းလျှိုးသွားခဲ့တာ မမြင်လိုက်ရဘူး။
ဘယ်အရာတွေဟာ အသုံးကျမှန်းမသိရင်
တွေ့သမျှ အကုန်ကောက်ချင်လို့တော့ ရလိမ့်မယ်မထင်နဲ့ပေါ့။
သိမ်းဆည်းထားသမျှဟာ တချိန်မှာ အသုံးကျလေလိမ့်မလား မျှော်လင့်ရင်း...
တလက်လက်တောက်နေတဲ့ မီးစာတွေဟာ တငွေ့ငွေ့နဲ့ လုံးပါး ပါးလိုက်လာ...
အမှောင်နက်နက်ထဲက ဆီမီးဟာ မှိန်သထက်မှိန်လာ...
အဆုံးသတ်ဟာ ဆီမီးခမ်းချိန်လား မီးစာကျွမ်းချိန်လား ...
အားလုံးဟာတော့ တစ်ချိန်ချိန်မှာ အငွေ့ပျံသွားရလိမ့်မယ်။


◙ ◘ ◙ ◘ ◙ ◘ ◙ ◘ ◙ ◘ ◙ ◘ ◙ ◘ ◙


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

Thursday, January 21, 2016

ထင်တလုံး


ဒီစားသောက်ဆိုင်ဟာ ခမ်းနားလှတာမဟုတ်...
အထူးအဆန်း သဘောကျလှသော လူအများကို
အဆန်းတပြား ခံစားချက်ကိုသာ အဓိကထားပေးမယ့်ဆိုင်...
အညာဓလေ့ရယ်လို့ ဒေသ ဟန်ပန် အပြင်အဆင်နဲ့
လမ်းမတန်း သစ်ပင်အောက် ကွပ်ပြစ်တည် 
ကွပ်ပြစ်အလယ် စားပွဲဝိုင်းချ  ကွပ်ပြစ်ပေါ် ဝိုင်းထိုင်ကြဖို့
ကတ္တီပါအခင်းနဲ့ မှီအုံးနဲ့ ထိုင်စရာ နေစရာ အကျအန
ပြင်ဆင်ချထားတဲ့ လေဟာပြင်စားတော်ဆက်တစ်ခုသာ...
ဂုဏ်ဆာတဲ့ လူသူကြွယ်များ သူတို့ အသိုင်းအဝိုင်းကြားမှာ
ပေါ်ပြူလာဖြစ်စေကြောင်းနဲ့ စေတနာ သဒ္ဒ္ဓါတရား ထက်သန်လှပါကြောင်း
သုံးနိုင် စားနိုင် ကျွေးနိုင် မွေးနိုင် ပျော်ပါး မော်ကြွားနိုင်ပါကြောင်း သက်သေပြစရာ
ကိန်းကြီး ခန်းကြီးနိုင်လှစွာသော လူဂုဏ်တန်များရဲ့
မြင်ရခဲလှသော ဟန်ဆောင် ပန်ဆောင် ရိုးသားပြမှုများကို
တစေ့တစောင်း မြင်တွေ့ခွင့်ရနိုင်သော စားသောက်ဆိုင်...
တောစာ တောင်စာ အညာစာများဟု ကင်ပွန်းတပ်သော်ငြား
အင်မတန် ဈေးကြီးလှသော စားဖွယ်သောက်ဖွယ်များကို
တခုတ်တရနဲ့ ရက်အတော်များများ ကတည်းက
ဘယ်နှစ်ယောက်စာ ဘယ်နှစ်ဝိုင်းစာကို ငွေလမ်းခင်း 
ကြိုတင်အော်ဒါပေး မှာကြားထားမှသာ ရနိုင်သောဆိုင်...
ဆိုင်ရဲ့အဓိကဖေါက်သည်များဟာ လူဂုဏ်တန် အသိုင်းအဝိုင်းကြားက 
ဂုဏ်ရှိ သရေရှိ အဆင့်ရှိ အတန်းရှိလို့ ခံယူချက်ရှိထားကြတဲ့ လူသားများ...

အလယ်စားပွဲဝိုင်းပေါ်က ပန်းကန်ပြားထဲ စားချင့်စဖွယ် လှလှပပ ပြင်ဆင်တည်ခင်းထားတဲ့
တောကြီးမြွေဟောက် ဟင်းလျာရှိမယ်...
မျောက်ချေးခါးနဲ့ ဆတ်ပေါက်သားချက်
တောကြက်မဒန်းကင် သမင်ပေါက်ဝမ်းပြင်းသား 
ချိုးကြော် စနိုက်ကြော် စာကလေးကြော်များကို 
လျှာရင်းတမြက်မြက်နဲ့ စည်းစိမ်ခံ
အရိုးပါမချန် အားပါးတရ မြိန်ရေယှက်ရေ တကြွပ်ကြွပ် ဝါးနေကြရင်း...
အကောင်းစားလဘက်ခြောက်နဲ့ နှပ်ထားတဲ့ 
လဘက်ရေ ခါးခါးအရသာကို တစိမ့်စိမ့်ခံစားရင်း...
အော်ဒါရှိမှရနိုင်တဲ့ အညာထန်းရေစစ်စစ်ရဲ့ 
ချိုမြရှတသော အရသာကို လျှာရည်စိမ့်အောင်ကျိုက်ချရင်း...
စားသောက်ဝိုင်းထဲက လူဂုဏ်တန် တစ်ယောက်ဟာ
အစားအသောက်များ သိပ်အရသာရှိလှကြောင်း ချီးကျူးစကားနဲ့ 
အပြုံးခပ်ပါးပါးတင်ထားတဲ့ မျက်နှာနဲ့ မာန်ပါပါနဲ့ ဟန်ရေးပြနေရင်း...

မလှမ်းမကမ်းက မြေပြင်မှာ အားကျစွာ မျှော်လင့်စွာ 
ငံ့လင့်ခြင်းမျက်ဝန်းများနဲ့ တအုပ်တမ ဝိုင်းဖွဲ့လို့
 ငေးမောကြည့်နေရှာကြတဲ့ သူဖုန်းစားကလေးတွေကို မျက်လုံးတချက်လှန်ကြည့်ရင်း...

လူသားတွေကြားက မတူညီကြသော ကံအကြောင်းတရားတွေအကြောင်းစဉ်းစားနေရင်း...

တော်တန်ရုံဆိုင်မှာ မှာကြားစားသောက်လို့ ရနိုင်ခဲလှသော ဟင်းအမယ်များကို အရသာခံစားရင်း...

မျက်နှာပေါ်မှာ အရာရာကို ဂရုမထားတဲ့ ဥပက္ခာတရားကိုဆင်
အားလုံးကို ကြားစေ့ချင်ဟန်နဲ့ ချောင်းတချက် မာန်ပါပါဟန့်ရင်း... 
စကားသံကို အတန်ငယ်မြှင့်တင်ရင်း...
မျက်လုံးများက ဘေးဘီဝန်းကျင်ကို အကဲခတ်ရင်း...

တည်ငြိမ်တဲ့ အသွင်ယူလို့ ဣနြေ္ဒ့ရှင်ဟန်နဲ့ ဆရာသမားက
ဝိုင်းထဲက မိတ်ဆွေများကို စကားစသလို တရားပြသလို...

လူသားတွေမှာရှိအပ်သောကျင့်ဝတ်နဲ့ ပြုလုပ်အပ်သောဝတ္တရားများအကြောင်း...

စောင့်ထိန်းအပ်သော သီလနဲ့ ကျင့်သုံးအပ်သော ကိုယ်ကျင့်တရားများအကြောင်း...

လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနနဲ့ မေတ္တာတရား စာနာမှုတရားတွေအကြောင်း...

သည်းညည်းခံခြင်းနဲ့ တင်းတိမ်ရောင့်ရဲခြင်းတို့ရဲ့ မြင့်မြတ်ခြင်းအကြောင်းတရားတွေအကြောင်း...

အစားတလုပ် တရားတပုဒ် လျှာအမြှုပ်ထွက်မတတ် အားပါးတရ ပြောကြားနေရင်း... 
မြင့်မြတ်လှသော လူဂုဏ်တန်ဟု မိမိကိုယ်ကို ခံယူချက်ရှိထားသောသူက
မလှမ်းမကမ်းမှာ ပါးစပ်အဟောင်းသား စူးစိုက်အားကျသော အကြည့်များနဲ့ ငေးမောနေကြရှာသော
ဤမျှနိမ့်ပါး ဆင်းရဲနုံချာလှသော ပညာဝေးသည့် သူဖုန်းစားငယ် ကလေးများကို
၎င်းတို့တသက်တာမှာ ကြားခွင့်နာခွင့်ရခဲလှသော ဤကဲ့သို့ ထူးမြတ်လှသည့် အသိတရားများကို

သွယ်ဝိုက်သော နည်းလမ်းအားဖြင့် သူတို့လေးတွေ မကြားကြားအောင် 
မိမိက မသိမသာ ရှင်းလင်းပြောပြ သင်ကြားခွင့်ရရှိခြင်းအတွက်

မိမိကိုယ်ကို ပညာကြီးမား မြင့်မြတ်လှသောသူတစ်ယောက်အဖြစ်
ဝမ်းမြောက်ပီတိဖြစ်စွာ ကျေနပ် ဂုဏ်ယူစိတ်များ တဖွားဖွားပေါ်ပေါက်ရင်း…။


» » » » » ◘◘◘ « « « « «

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Thursday, December 31, 2015

ဒီဇင်ဘာတံတား


ထွက်ခွာသွားသူရယ်…
ရောက်ရှိလာသူရယ်…
ပေါင်းကူးတံတားတစ်ခုရယ်…

ဒီတစ်သက် ပြန်ဆုံစရာမရှိတော့
နှုတ်ဆက်ခြင်းမှာ နာကျင်ကြေကွဲ
ကြိုဆိုရမယ့်သူဟာ တံတားတဖက်မှာ
အသင့်စောင့်ဆိုင်းနေခဲ့သလား
ဝမ်းမြောက်ခြင်းများနဲ့ ကမ်းတဲ့လက်
ပျော်ရွှင်ရက်တွေ ဆက်ပါရစေ
ပေါင်းကူးတံတားရဲ့ အဆုံးမှာ…

အတိတ်ဟာ တိတ်တဆိတ်ထွက်ခွာစဉ်
အနာဂတ်ဟာ လက်ကမ်းလို့လာခဲ့
ပေါင်းကူးတံတားဟာ ပစ္စုပ္ပန်လား…

ချန်ထားခဲ့ရတော့မယ်။
နောက်ထပ်ရင်ဆိုင်ရဦးမယ့်
တံတားတစ်စင်း
ဟိုးအဝေးမှာ စောင့်နေဆဲ
နှင်းမှုံမှုံထဲမှာ…

ကြုံလာဦးမယ့် အနာဂတ်
ပေါင်းကူးတံတားတွေ ဖြတ်သန်းရင်း
အတိတ်တွေဟာ လွမ်းဆွတ်ခြင်းထဲမှာ…။

 # # # #  ♥ ♥ ♥  # # # #

(အားလုံးအတွက်  ပျော်ရွင်ခြင်း အနန္တနဲ့ ငြိမ်းချမ်းခြင်းတွေကို ယူဆောင်လာမယ့်နှစ်သစ်ဖြစ်ပါစေရယ်လို့ ဆုတောင်းချင်... 
အားလုံးပဲ Happy New Year 2016 ပါရှင့်။ )


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Saturday, November 28, 2015

ကြောင်ပီသတဲ့ကြောင်




စိတ်အလျဉ်နဲ့အတူရွေ့လျားနေတဲ့ကြောင်တကောင်ဆီမှာ

လုံးစုံဝန်းကျင်ကို စွင့်ထားတဲ့နားတစုံ

အမှောင်ကို ထိုးထွင်းဖေါက်နိုင်တဲ့ အကြည့်

ဝမ်းစာနဲ့ အန္တရာယ်ခွဲခြားဖို့စူးစမ်းတဲ့ နှာခေါင်းက အနံ့ခံစွမ်းရည်

လိုအပ်တဲ့အခါ ထုတ်သုံးနိုင်ဖို့ အသင့်အနေအထားနဲ့ဖွက်ထားတဲ့ လက်သည်းများ

လှုပ်ရှားမှုတွေအားလုံး သိုသိပ်သွက်လက်စေဖို့

နုညံ့စွာလှုပ်ရှားရင်း ဟန်ချက်ကိုထိမ်းထားတဲ့ အမြီးဖျား

ပေါ့ပါးတဲ့ခန္ဓာနဲ့ မလွတ်တမ်း မြဲမြံစွာခဲထားနိုင်တဲ့ အစွယ်များ…

အားလုံးဟာ အသင့်အနေအထားမှာ…

ငါဟာ ကြောင်ပျင်းတကောင်မဟုတ်…

ကြောင်ဖျင်းတကောင်မဟုတ်…

ကြောင်ပီသတဲ့ကြောင်…။

◙ ◙ ◙ ◙ ◙ ◙ ◙

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Tuesday, October 13, 2015

ဆင်ခြင်ပါ

တောက်တဲ့ဟာ အမြဲဟုတ်ကဲ့လို့ပဲပြောတတ်တယ်။
သူဟာ ဟင့်အင်းလို့ မပြောတတ်တဲ့ အကောင်ဖြစ်တာ မမေ့နဲ့ပေါ့။

ပုတ်သင်ညို ခေါင်းညိတ်တိုင်းလဲ လိုက်မညိတ်မိစေနဲ့။
အဲဒီအကောင်မှာ ခေါင်းခါတတ်တဲ့ function မပါတာတော့ သိထားပါ။

သာလိကာ စကားတတ်သလို ဆက်ရက်ကို သင်ချင်လို့မရဘူး။
အသွေးအရောင်တူပေမယ့် အရည်အချင်းကတော့ ကွာလိမ့်မယ်။

မည်းတာချင်းတူရင်တောင် ဥသြနဲ့ ကျီးကြားမှာ အသံကသာ အခရာ…။
ရွှေကျီးဘယ်လောက်သာသာ ဥသြအော်တာလောက်တော့ လူကြိုက်မများဘူး။

ကျားတကောင် အမြီးပုတ်တာနဲ့ ခွေးတကောင် အမြီးလှုပ်တာကို
အရာရာ ထပ်တူကျတဲ့အမြင်နဲ့ ကြည့်မိရင်တော့ မင်းဟာကျားစာပဲပေါ့။

••• ○○○ ◙ ◙ ◙ ◙ ◙ ○○○ •••

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, October 9, 2015

အလွမ်းရောင်လမ်း


ငါ့ရဲ့ စိတ်ခြေလှမ်းတွေ အလည်အပတ်ထွက်မိတိုင်း မရည်ရွယ်ပဲ ခဏခဏလျှောက်မိတတ်တဲ့ ဒီလမ်းကို အလွမ်းရောင်လမ်းလို့ ငါကခေါ်တယ်။
ငါလျှောက်တတ်တဲ့ အလွမ်းရောင်လမ်းဟာ အမြဲတမ်းတော့ ခရမ်းရောင်ဖျော့ဖျော့သန်းမနေခဲ့ဘူး။
ဘယ်သူမှမသိတဲ့ အလွမ်းရောင်လမ်းဟာ ငါ့တကိုယ်ရေစာပဲ စည်ကားတယ်။
အလွမ်းရောင်လမ်းမှာ တခါတလေ ဝေဒနာတွေခင်းထားတတ်သလို တခါတလေတော့လည်း ကြည်ပြာရောင်ပန်းတွေ ပွင့်တတ်ပြန်တယ်။
အလွမ်းရောင်လမ်းမထက် တခါတရံကော်ဇောဝါဝါတွေ ခင်းထားတတ်သေးသလို မြူမှုန်ပါးပါးတွေလဲ ဆင်ထားတတ် ပြန်ရဲ့။
လမ်းတလျှောက်မှာ တကိုယ်စာဖေါက်ထားတဲ့ နံရံတွေရှိတဲ့အခါ ငါနှစ်သက်ရာတံခါးပေါက်က ထွက်ခွာသွားနိုင်တယ်။
လမ်းနံဘေးက ကြည်တဝက် နောက်တဝက် ရေကန်တွေထဲကို မျက်ရည်တွေလည်း အလိုရှိသမျှ သွန်ထည့်သွားနိုင်သေးတယ်။
အဖြူရောင်သက်သက်လမ်းမှာ လျှောက်နေရင်းက လက်ဖျစ်တတွက်အတွင်း မှော်အတတ်နဲ့ ပြုစားလိုက်သလို အနက်ရောင်ထင်းထင်းလည်း ပြောင်းသွားတတ်သေးတယ်။

ဟိုမှာသည်မှာ တွဲလဲချိတ်ဆွဲထားတဲ့ နာကျင်မှုတွေ၊ ကြယ်တွေလို တလက်လက်တောက်နေတဲ့ အနာဂါတ် စိတ်ကူးတွေ၊ စက်လှေကားတစင်းလို တဖြည်းဖြည်းရွေ့နေတဲ့ မျှော်လင့်ချက်တွေ၊ နောက်ပါးက တရှပ်ရှပ်မြည်နေတဲ့ အတိတ်ခြေရာတွေ၊ ကိုယ့်ရှေ့မှာ မီးခိုးငွေ့တွေလို မျောလွင့်နေသော်ငြား ဘယ်တော့မှ ဖမ်းဆုပ်လို့မမိနိုင်တော့တဲ့ ကြည်နူးခြင်း အမှတ်တရတွေဟာ အလွမ်းရောင်လမ်းမှာ installation art တွေလို ခင်းကျင်းထားခဲ့ပေမယ့် ဒါတွေဟာ တကယ်တော့ အနုပညာ ပြကွက်မဟုတ်ဘူး။

ငါ့စိတ်တွေ နာကျင်လာတဲ့အခါတိုင်း အလွမ်းရောင်လမ်းထက် ကြေကြေကွဲကွဲ ငါလျှောက်တယ်။
ငါ့အတွေးတွေ ဆာလောင်လာတဲ့အခါတိုင်း အလွမ်းရောင်လမ်းဟာ လိုလိုလားလား လက်ကမ်းတယ်။
ငါ့နှလုံးသားတွေ ကြေကွဲလာတဲ့အခါတိုင်း အလွမ်းရောင်လမ်းက ကြင်ကြင်နာနာ ဖြေသိမ့်ပေးတယ်။
ငါ့စိတ်ကူးတွေ ထူပိန်းပိန်းဖြစ်လာတဲ့အခါတိုင်း အလွမ်းရောင်လမ်းမှာ ခံစားချက်အသစ်တွေရှာမိတယ်။
ငါ့အရှိတရားတွေဟာ ကျေနပ်စရာမရှိလှတဲ့အခါတိုင်း အလွမ်းရောင်လမ်းက ဖြည့်ဆည်းပေးတယ်။
ငါ့လိုဘတွေ မဖြည့်စွမ်းသာတဲ့အခါတိုင်း အလွမ်းရောင်လမ်းဆီက အကူအညီယူရတယ်။
ငါ့မာနတွေကို ဖယ်ရှားပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းပေါ် ငါရောက်တတ်တယ်။
ငါ့ဒေါသတွေကို ခြေမွပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းက အသင့်စောင့်ဆိုင်းနေတတ်တယ်။
ငါ့မောဟတွေကို ပယ်ချပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းမပေါ် ငါ့ကိုယ်ငါ ကြဲချပစ်လိုက်မိတယ်။
ငါ့ဝမ်းနည်းမှုတွေကို ခြွေချပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းမကို နင့်နင့်နဲနဲ တမ်းတမိတယ်။
ငါ့ပျော်ရွှင်ခြင်းတွေထဲမှာ နစ်ဝင်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းဆီ အပြေးလေးရောက်မိတယ်။
ငါ့ကြည်နူးခြင်းတွေကို သိမ်းဆည်းထားလိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းမှာ ပြတိုက်တွေကို တခမ်းတနား ခင်းကျင်းထားမိတယ်။

သိပ်သိပ်သည်းသည်းရှိလွန်းလှတဲ့ ခံစားချက်တွေနဲ့အတူ အလွမ်းရောင်လမ်းပေါ်ကို တကိုယ်ရေ လှမ်းမိလိုက်တိုင်းမှာ အလွမ်းရောင်လမ်းဟာ ငါနဲ့အတူအမြဲတသားတည်းဖြစ်လို့… အလွမ်းရောင်လမ်းနဲ့ ငါနဲ့ အပြန်အလှန် သဟဇာတဖြစ်လို့... အလွမ်းရောင်လမ်းဟာ ငါ့ကိုယ်ခန္ဓာထဲ ပျော်ဝင်သွားခဲ့သလို ငါကိုယ်တိုင်လဲ အလွမ်းရောင်လမ်းထဲကို နစ်ဝင်သွားခဲ့...။

◘○○◘ ◘○○◘ ◘○○◘ ◘○○◘

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

Related Posts Plugin for WordPress, Blogger...