၂၄-၅-၂၀၁၁ မှာစခဲ့တဲ့ ဝါခေါင်မိုးဘလော့ဂ်လေး ဒီနေ့ ၂၄-၅-၂၀၁၅ မှာ လေးနှစ်တင်းတင်းပြည့်ခဲ့ပြီ။
ဒီလမ်းကလေးမှာ ကိုယ့်စိတ် ကိုယ့်သဘောနဲ့ တောက်တီးတောက်တက် လျှောက်ခဲ့ရတာကို ကိုယ့်ဟာကိုယ်တော့ ကျေနပ်နေတာပါပဲ။ တသက်စာ ခြေရာထင် ကျန်ရစ်စရာတော့ လိုမယ်မထင်လှပါဘူးလေ။ ကိုယ်လျှောက်ချင်လို့ကို လျှောက်ခဲ့တဲ့လမ်းမှာ ခြေရာက အဓိကမှမဟုတ်ပေပဲ။
ဒါဟာ ကိုယ့်ဥခွံ ကျဉ်းကျဉ်းကလေးထဲကနေ ပထမဦးဆုံး ဖွင့်လှစ်မိတဲ့ တံခါးတချပ်... ကိုယ်ဘယ်တော့မှ ပြန်ပိတ်လိမ့်မယ်မဟုတ်ဘူး။ ဒီဖွင့်ထားတဲ့ တံခါးကနေ ကိုယ့်စိတ်ကူးတွေ အလည်အပတ်ထွက်ချင်တဲ့အခါလဲ ထွက်လိမ့်မယ်။ ကိုယ်ပျင်းတဲ့အခါ ဒီတံခါးဝမှာ မျှော်ငေးလို့ တွေးချင်ရာတွေလဲ တွေးလို့ပေါ့။ ကိုယ်မအားလပ်တဲ့ အခါမတော့ ဒီတံခါးဝကနေ ခပ်ဝေးဝေးမှာ ရှိချင်လဲရှိနေမှာပဲ။
ဒါပေမဲ့ ဘယ်အခါမှာပဲဖြစ်ဖြစ် ကိုယ်စိတ်လိုလက်ရရှိတိုင်း ကိုယ်တိုင်ဖွင့်ခဲ့တဲ့တံခါးကနေထွက်လို့ ကိုယ်လျှောက်ချင်တဲ့လမ်းတခုကို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် လျှောက်ခွင့်ရတဲ့ကုသိုလ်လောက် ငြိမ်းချမ်းတာ လောကမှာရှိပါ့မလား။ ဒါဟာ ကြီးမားတဲ့ဆုလာဘ်ပေါ့။ ကိုယ့်အတွက်တော့ ကျေနပ်စရာပါလေ။
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Sunday, May 24, 2015
Sunday, January 11, 2015
ဥတု ကဗျာ ဖွဲ့သီရာ (ဟိုက္ကူကဗျာများ)
သဘာဝလောကကြီးဟာ အမြဲတမ်းပြောင်းလဲနေတယ်။ စက္ကန့်တွေ
မိနစ်တွေ နာရီတွေ ဘယ်အရာမှ ရပ်တန့်မနေခဲ့ဘူး။ အချိန်တွေက အမြဲတမ်း တရွေ့ရွေ့နဲ့…
အချိန်တွေပြောင်းသလို နေ့နဲ့ညတွေလဲပြောင်း… လတွေနှစ်တွေလဲပြောင်း… ဥတုရာသီတွေလဲ
အမြဲလည်ပတ်ပြောင်းလဲနေဆဲ။ အဲဒီလိုပဲ ဟောဒီ သဘာဝ လောကကြီးထဲမှာ ရှိသမျှ အရာရာဟာ
ပြောင်းလဲခြင်းထဲမှာ.. ဒီတော့ ဒီသဘာဝလောကကြီးထဲ မွေးဖွားကျင်လည် နေထိုင်နေရတဲ့ လူတွေဟာလဲ
အမြဲတမ်း ပြောင်းလဲခြင်း သံသရာထဲမှာ နေနေကြရတာပဲ။ ကလေးကနေ လူငယ်၊ လူငယ်ကနေ လူရွယ်၊
လူရွယ်ကနေ လူကြီး နောက်ဆုံး သင်္ချိုင်းထဲရောက်သည်ထိတောင် ပြောင်းလဲခြင်းဆိုတာတွေဟာ
ရပ်တန့်မသွားခဲ့ဘူး။ လူတွေရဲ့ အသွင်သဏ္ဍာန်တွေ ပြောင်းလဲသလို စိတ်ခံစားမှုတွေဟာလဲ
အချိန်နဲ့အမျှ စက္ကန့်နဲ့အမျှ ပြောင်းလဲနေကြတာ အမှန်ပဲ။ ဥတုရာသီ တောကိုမှီတဲ့။
လူတွေရဲ့ ခံစားမှုရာသီ စိတ်အတွေးပန်းချီတွေကတော့ ပတ်ဝန်းကျင်မှာ ရှိရှိသမျှသော
အရာတွေပေါ်မှာ တည်မှီနေတော့တာပါပဲ။ ဒါပေမယ့်လို့ အခုပြောချင်တာကတော့ ရာသီဥတု
ပြောင်းလဲတဲ့အပေါ်မှာခံစားရတဲ့ စိတ်ခံစားမှုလေးတွေကို အထူးပြုပြီး ပြောချင်တာပါ။
ဟိုက္ကူကဗျာလေးတွေနဲ့ပေါ့။ ကဗျာလေးတွေထဲက အခြေအနေလေးတွေကို စိတ်ထဲကနေ မြင်ယောင်ပြီး
ကိုယ့်ခံစားရတာနဲ့ ထပ်တူကျတာလေးတွေများ ရှိမလားလို့ ဆန်းစစ်ကြည့်ရအောင်ပေါ့နော်။
နွေဦး
ပုရစ်ဖူးဝေဝေ
ရွှေဥသြကတေးဆိုနေ
လွမ်းစရာ့အခြေ။
နွေ
တောင်ပြန်လေပွေရူး
ရွက်အိုဟောင်းကြွေ မြေမှာလူး
တံလျှပ်ရိပ်ရိပ်မြူး။
မိုးဦး
မုတ်သုံလေဆော်သွေး
ဖြိုးဖြိုးဖြောက်ဖြောက်မိုးပြေးလေး
မြေသင်းရနံ့မွှေး။
မိုး
ဂျိုးဂျိမ့်ညံ ထစ်ချုန်း
ဒေါင်းဖလ်ဝါ တိမ်မဲပြာဖုံး
မိုးမည်း တအုန်းအုန်း။
ဆောင်းဦး
မြောက်ပြန်လေအေးအေး
တောင်ယာနံဘေး မြူလွှာဖွေး
ကောက်သစ်ရနံ့မွှေး။
ဆောင်း
နှင်းဖွေးဖွေးညခါ
လရောင်ဝါ မလင်းသာဘု
ချမ်းခိုက်တုန်စိမ့်အေး။
○◘○ ○◘○ ○◘○ ○◘○ ○◘○ ○◘○ ○◘○
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Thursday, January 1, 2015
The last moment
So long December,
Wishing I could hang on
this last moment a little longer.
Yet I don’t want to say
Good bye now,
But I don’t know how,
to make you stay long.
This year, you brought the sorrowful matters
And you made our
tears scatter.
Farewell December,
Till we meet again next
year.
Come back soon after
September, October, November end
I’ll count on you by
every piece of sand.
When you’re coming, will
you bring the splendid dreams?
Ones that may help our
future gleam.
♥♥♥♥♥♥ ♣ ♥♥♥♥♥♥
Happy New Year to you all!
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Saturday, June 28, 2014
မိအေး နာရခြင်း အကြောင်း
အဖြစ်သနစ်ကြောင့်လား၊ ခေတ်စံနစ်ကြောင့်လား
အမှားတွေက အမှန်ဖြစ်သယောင်နဲ့
အညစ်အမှောင်တွေကသာ ထင်ပေါ်လွန်းနေခဲ့မှတော့
ဖြူစင်ခြင်းတစ်စကို ဘယ်နေရာမှာမှ ရှာမရခဲ့တာ
မိအေးကိုသာ အပြစ်တင်လိုက်ကြပေါ့။
မိအေးခမျာမတော့ ထမ်းပိုးကဖိ ၀န်ကပိနဲ့
တရိရိနဲ့ လုံးပါးပါး၊ တစ်တိတစ်တိနဲ့ ဆုံးပါးလျားရင်း
ခါးတွေချည့်နေခဲ့ရတာ ဆယ်ဘ၀စာတောင် ကပါ့မလား
အလေးမထားခြင်းတွေထဲမှာမှ လူဖြစ်လာရတဲ့ဘဝ
သူများတွေအမြင်မတော့ နှစ်ခါနာရုံကလေးပါပဲလေ။
မိအေးမှာသာ ရုန်းရင်း ကန်ရင်းနဲ့
လောကဓံတွင်းထဲ အခါခါလဲကျ
အကြိမ်တစ်ရာမက နာနေခဲ့ရလည်း
လက်ညှိုးထိုးပြစရာ အကြောင်းတရားတွေရှိလျက်
ကောက်ချက်ချစရာ အဖြေတစ်ခုတောင် ရှာမရတဲ့အဖြစ်
မိအေးဟာ ကံကြမ္မာနွံထဲ နစ်ပြီးရင်းနစ်လို့။
ဟောသည်လောကမှာ မိအေးလူဖြစ်လာရ
မွေးရာပါ လူ့တန်ဖိုးဆိုတာ ဘာမှန်းတောင်မသိခဲ့ရမှတော့
နေရာတကာ တန်ဖိုးအထားမခံခဲ့ရတဲ့ဘဝဟာ
မိအေးကိုယ်တိုင်ကြောင့်မဟုတ်ရပါဘဲ
ထပ်ဖန်တလဲနဲ့ နာပြီးရင်းသာ နာနေရဆဲ။
မိအေးရဲ့ပြဿ နာဟာ ဖြေရှင်းရမဲ့ပုစ္ဆာတစ်ပုဒ်ဆိုရင်
ပေးထားချက်တွေကိုကြည့် အဖြေညှိကြဖို့အရေးမှာ
မြင်သာလွန်းလှတဲ့ အကြောင်းတရားတွေကိုမျက်ကွယ်ပြု
သတ္တဝါတစ်ခု ကံတစ်ခုရယ်လို့ ဆိုကာ ရှောင်လွဲခဲ့ကြ
ဖြေရှင်းရမဲ့အရေး မသိသလိုအသာဘေးဖယ်နေခဲ့ကြတာ
ဒီပုစ္ဆာအတွက် အဖြေ မရှိလို့လား ...
ဒီပုစ္ဆာရဲ့ အဖြေကို မသိလို့လား ...
အဖြေကို ရှာမရလို့လား ...
အဖြေကို မရှာကြလို့လား ...
အဖြေ မထုတ်တတ်ကြတာလား ...
အဖြေ မထုတ်ဝံ့ကြတာလား ...။
♣ ♣ ♣ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ♣ ♣ ♣
► ဒီကဗျာက မနှစ်က စိတ်ကူးရရာ လက်တမ်း လျှောက်ပြီးရေးထားမိခဲ့တဲ့ ကဗျာလေးကို ပြန်လည် မွမ်းမံ ပြင်ဆင် ဖြည့်စွက်ထားတာပါ။ ပထမ ရေးထားတာလေးက ဒီ့ထက်တိုပါတယ်။ ဘလော့ဂ်မှာလဲ မတင်ဖြစ်ခဲ့ပါဘူး။ Facebook မှာ Note အနေနဲ့ပဲ ကဗျာ အတိုလေးတွေ သုံးလေးပုဒ်စုပြီး တင်မိခဲ့တဲ့အထဲမှာ တစ်ပုဒ်အပါအဝင်ပေါ့။ ဒီနေ့တော့ ဘာရယ်မဟုတ်ဘဲ ကွန်ပျူ တာထဲက ဖိုင်အဟောင်းလေးတွေ ပြန်ဖွင့်ဖတ်မိရင်း ဒီကဗျာကို တွေ့မိတာနဲ့ ပြန်ပြင်ရေးချင်တဲ့စိတ်ကူးလေးရလို့ ပြန်ရေးပြီး ဘလော့ဂ်မှာ တင်ဖြစ်သွားတယ်ဆိုပါစို့ ... :) အရင်ရေးထားတဲ့ Version အဟောင်းလေးဖတ်ချင်ရင်တော့ မအိမ်သူရဲ့ Facebook Note မှာ သွားရှာဖတ်ကြည့်လို့ရပါတယ်။
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Sunday, October 20, 2013
ငါးကင်တစ်ခု အကြောင်းပြု
ဘလော့ဂ်ပေါ်မှာ တတ်နိုင်သလောက် ပို့စ်အသစ်လေးတွေ
ပြန်ရေးနိုင်ဖို့် ကြိုးစားနေပါတယ်။ ဒီနေ့တော့ အားမွေးဖို့အတွက် အစားအသောက်ကလေးတွေဖက်ကို
တစ်ချက်လောက်လှည့်လိုက်ပါအုံးမယ်..း) ထူးထူးထွေထွေရယ်တော့လဲ
မဟုတ်ပါဘူး။ အိမ်မှာ ကြုံသလို နေ့စဉ် ချက်ပြုတ်စားဖြစ်တာလေးတွေပါပဲ။ အမှန်ကတော့
စားမကုန်နိုင်လို့ အမျိုးစုံချက်ဖြစ်သွားတဲ့ ငါးကင်တစ်ကောင်အကြောင်းကို
ဇာတ်စုံခင်းပြချင်တာ… ဟိုတစ်လောလေးက မိသားစု အပြင်ထွက်ပြီး ညစာ သွားစားဖြစ်ကြတာကနေ
စတဲ့ဇာတ်လမ်းပေါ့။ ဒီခမာပြည်မှာ ဘယ်သွားသွား ငါးကင်ကတော့ ပုံစံမျိုးစုံနဲ့
ရတတ်ပါတယ်။ ပင်လယ်ငါး အကောင်ကြီးလိုမျိုးတွေကစလို့ ငါးခူ၊ ငါးရံ့၊ ငါးကြင်း၊
ငါးပြေမ၊ ငါးမြွေထိုး၊ ငါးနုသန်း၊ ငါးစင်ရိုင်းတို့လို ငါးမျိုးတွေအထိ
ငါးအမျိုးအစားပေါ်မူတည်ပြီးတော့ သီတံနဲ့တစ်မျိုး တံစို့ထိုးလို့တစ်ဖုံ
ဆားနဲ့အုံလို့တစ်သွယ် ငှက်ပျောဖက်နဲ့ ထုပ်ထားတာကတစ်နည်း ပုံစံအမျိုးမျိုးနဲ့ကို
ကင်တတ်ကြပါပေတယ်။ စားသောက်ဆိုင်တွေမှာတော့ အများအားဖြင့် ငါးခူ၊ ငါးရံ့
အကောင်ကြီးတွေနဲ့ ပင်လယ်ငါး အမျိုးမျိုး အကောင်ကြီးတွေ ကင်တာမျိုးကို မှာလို့
ရတတ်ပါတယ်။ အဲဒီနေ့ကတော့ စားသောက်ဆိုင်မှာ ရေခဲရိုက်ပြထားတဲ့ တီလားပီးယားလိုလို
ငါးကြင်းလိုလို ပုံစံမျိုး ဘာငါးမှန်းတော့မသိ အကြေးခွံနဲ့ ပင်လယ်ငါးတစ်ကောင်ကို
လက်ညှိုးထိုး ရွေးချယ်ပြီးတော့ ဆားနဲ့အုံပြီးကင်တဲ့ဟာကို မှာဖြစ်ပါတယ်။ ငါးက
အသေးဆုံးအကောင်ကို ရွေးတာတောင် တစ်ကီလိုနီးပါးရှိတယ်။ အဲဒီငါးကို အကြေးမထိုးပဲနဲ့
ပါးဟက်နားကနေ ဗိုက်ထဲက အညစ်အကြေးထုတ် ရေဆေးပြီးတော့ အကောင်မပျက်
ငါးတစ်ကောင်လုံးကို ဆားတွေအများကြီးနဲ့ ဖုံးပြီး ကျစ်နေအောင် ရွှံ့မံသလိုမံလိုက်ပြီးတော့မှ
မီးသွေးဖိုမှာကင်ထားတာပါ။ အဲလိုဆားမံထားတာကို ကြည့်ရင် အထဲမှာ ငါးရှိမှန်းတောင်
မထင်ရပါဘူး။ ကျောက်ဖြူတုံးကြီးလိုလို ဖြူဖြူ အလုံးကြီးပဲ မြင်ရတယ်။
ငါးကင်ကျက်တော့မှ အပြင်မှာ ကျစ်ပြီး ခြောက်နေတဲ့ ဆားတွေကို ထုပြီးခွာလိုက်ရင်
အထဲမှာ ငါးက လုံးဝ အကောင်မပျက် ပုံစံမပျက် ကင်ပြီးသား ထွက်လာပါတယ်။ အဲဒီငါးကင်
ပလိန်းသက်သက်ကိုမှ အသားနွှင်ပြီး အချဉ်ရည်နဲ့တို့စားရတာပါ။ အဲဒီနေ့က ငါးကင်အပြင်
ဂဏန်းကို ငရုတ်ကောင်းအစိမ်းနဲ့ကြော်တာရယ် တုံယမ်ဟင်းရည်နဲ့ အစိမ်းကြော်တို့ရယ်ပါ
မှာဖြစ်တော့ အစားနည်းကြတဲ့ မအိမ်သူတို့ မိသားစု သားအမိ သားအဖ သုံးယောက်သား နောက်ဆုံးမှ
လာချတဲ့ အဲဒီငါးကင်ကို ဘယ်လိုမှ မကုန်နိုင်ကြတော့ပါဘူး။ တစ်ဖဲ့ နှစ်ဖဲ့သာ
စားဖြစ်ပြီးတော့ ငါးကင် တစ်ကောင်လုံးနီးပါး ကျန်နေပါလေရော။ အဲဒါနဲ့ အဲဒီ ကျန်နေတဲ့
ငါးကင်ကို ထုပ်ခိုင်းပြီး အိမ်ကိုပဲ Take away ယူလာခဲ့ရတော့တာပေါ့။
အဲဒီမှာ နောက်နေ့မနက် ဟင်းချက်ဖို့ ဟင်းအမယ်
စဉ်းစားတဲ့အချိန်မှာ ညကငါးကင်ကိုပါ ကိစ္စဖြတ်ဖို့ဇာတ်လမ်းက စလာပါတော့တယ်။ ငါးကင် ဒီအတိုင်းကိုတော့
မနေ့ညက အချဉ်နဲ့ တို့စားခဲ့ပြီးပြီ။ အိမ်မှာ အဲလိုမျိုးထပ်မစားချင်တော့ဘူး။ ငါးကင်
ပလိန်းအတိုင်းကြီးဆိုတော့ ဟင်းလဲမဖြစ်ဘူး။ အဲဒါနဲ့ အပြောင်းအလဲလေး အနေနဲ့ ငါးကင်ကို
အကြမ်းသုပ် ချဉ်စပ်လေး ပြန်သုပ်စားဖြစ်လိုက်ပါတယ်။ ငါးကင်သုပ်ဖို့ ငါးကိုအသားထွင်၊
ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်ဖြူလေး တစ်မွှာလောက် နုပ်နုပ်စင်း၊ ငရုပ်သီးစိမ်း
ပါးပါးလှီး၊ နံနံပင် ပါးပါးလှီး၊ (ကြိုက်တတ်ရင် စပါးလင်နုနုလေးတွေကိုပါ
ပါးပါးလှီး၊ ပူစီနံရွက်၊ ပင်စိမ်းရွက်တို့တွေပါ ထည့်သုပ်လို့ရတယ်။ အိမ်မှာတော့
အဆင်သင့်မရှိလို့ မထည့်ဖြစ်တော့ဘူး။) ဆား ဟင်းခတ်မှုံ့ အသင့်အတင့်ထည့်၊
ငရုတ်ကောင်းလေးနဲနဲဖြူး၊ အချဉ်လိုသလောက်ကို သံပုရာရည်လေးညှစ်ထည့်ပြီး ချဉ်ချဉ်စပ်စပ်လေး
သုပ်စားလို့ကောင်းပါတယ်။
![]() |
| ငါးကင်အကြမ်းသုပ် ချဉ်ချဉ်စပ်စပ်ကလေးပါ။ |
အဲဒီနေ့ သုပ်စားပြီးတော့လဲ ကိစ္စဖြတ်ချင်တဲ့ ငါးကင်
ဇာတ်လမ်းက မပြီးသေးပါဘူး။ ငါးကပဲ အကောင်ကြီးတာလား မအိမ်သူတို့ကပဲ အစားနည်းလွန်းတာလားတော့
မသိ။ ငါးကင် တစ်ခြမ်းလုံးကြီး ကျန်နေပါသေးတယ်။ ပင်လယ်ငါးဆိုတော့ ငါးအသားက မာလဲမာ
ဆိမ့်လဲဆိမ့်တယ်။ ငါးကြင်းလို အသားထဲမှာလဲ အရိုး မွစိ မွစိတွေ မပါဘူး။ အလယ်ရိုး
တစ်ခုကလွဲလို့ ငါးက အသားချည်းပါပဲ။ ကျန်တဲ့ငါးကင်ကို အရင်နွှေး၊ ခဏအအေးခံပြီး
အေးတော့မှ ရေခဲသေတ္တာထဲ ပြန်ထည့်သိမ်းထားရပြန်ရော။
![]() |
| အဲဒီငါးကင်ပေါ့၊ ကြည့်အုံး တစ်ခြမ်းကြီးကျန်နေသေးတယ်။ |
အဲဒါနဲ့ နောက်တစ်ရက်ကျ ဒီငါးကင်ကို နောက်တစ်မျိုး
ပုံစံပြောင်းဖို့ နဲနဲခေါင်းစားပြီးတဲ့သကာလမှာ ငါးကင်အသားနဲ့ ခရမ်းချဉ်သီး ငပိချက်
ချက်ဖြစ်သွားပါတယ်။ ငါးကင် ခရမ်းချဉ်သီး ငပိချက် ချက်ဖို့ အရင်ဆုံး ဒယ်အိုးထဲဆီနည်းနည်းထည့်
ငါးအသားနွှင်ထားတာကို ပြန်ကြော်သလိုမျိုး နဲနဲနီလာတဲ့အထိ ဆီပူအရင်ထိုးလိုက်ပါတယ်။ ငါးအသားအနီရောင်သန်းပြီး
ခပ်တောင့်တောင့်လေးဖြစ်လာရင် ဆီထဲကဆယ်ပြီး ခဏဖယ်ထားလိုက်တယ်။
ဒယ်အိုးထဲကျန်တဲ့ဆီထဲကို ငရုတ်သီးခြောက်အပွရယ် ကြက်သွန်အဖြူနဲ့အနီရောထောင်းထားတာကို ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန် ငရုတ်သီး ဆီသတ်တာ မွှေးလာရင်
ခရမ်းချဉ်သီး သုံးလေးလုံးလောက် လှီးထားတာကိုထည့်၊ ငါးပိစိမ်းစား
(မျှင်ငါးပိလို့လဲခေါ်ပါတယ်) စားပွဲတစ်ဇွန်းစာလောက်ကို ရေနွေးလေးနဲ့
အဆင်သင့်ဖျော်ထားတဲ့ ငါးပိဖျော်ကိုထည့်၊ ဆား(ငါးပိထည့်ထားတော့ အပေါ့အငန်
လိုမယ်ထင်သလောက်ကိုပဲ ချိန်ဆထည့်) ဟင်းခတ်မှုံ့ထည့်ပြီး ဆီပြန်တဲ့အထိလုံးပါတယ်။
ဆီပြန်ခါနီးမှာ ခုနကကြော်ထားတဲ့ ငါးအသားပါ ရောထည့်လုံးလိုက်ပါတယ်။ ဆီပြန်ပြီးမွှေးလာရင်
ငါးပိချက်အနှစ် ကိုယ်လိုသလောက်အနေရအောင် ရေနည်းနည်းပြန်ထည့်ပြီးမှ
အဖုံးခနအုပ်ထားပြီးတည်ပါတယ်။ ငါးပိချက် ကောင်းကောင်းဆူပြီး အိုးချခါနီးမှာ
နံနံပင်လှီးထားတာရယ် ငရုတ်သီးစိမ်း ထက်ခြမ်းခွဲထားတာလေးတွေရယ် အုပ်လိုက်ရုံပါပဲ။
![]() |
| ငါးကင်အသား ခရမ်းချဉ်သီးငါးပိချက် မွှေးမွှေးလေး (တမာချဉ်၊ ချဉ်ဖတ်စုံ၊ ဟင်းရွက်ပြုတ်လို တို့စရာတွေနဲ့ဆို အရမ်းလိုက်ဖက်တဲ့ဟင်းပေါ့။) |
အဲဒါပြီးပြန်တော့လဲ ငါးကင်က မကုန်သေးပါဘူး။
အသားတော်တော်များများကြီးကို ကျန်နေပြန်ရော။ အင်း.. ဒီတစ်ခါတော့
အပြီးကိစ္စဖြတ်သင့်နေပြီဆိုတော့ အဲဒီကျန်တဲ့အသားတွေကို ရခိုင်မုန့်တီချက်လိုက်ရင်ကောင်းမလား၊
မုန့်ဟင်းခါးလေးပဲ ချက်စားရင်ကောင်းမလား စဉ်းစားရင်းနဲ့ ချက်မစားဖြစ်တာ တော်တော်ကြာနေတဲ့ ကြာဆံချက်ပဲ
ချက်လိုက်တော့မယ်လို့ စိတ်ကူးရလိုက်တယ်။ အဲဒါနဲ့ အိမ်မှာရှိတဲ့
မှိုခြောက်ပန်းခြောက် ပဲလိပ်ခြောက်နဲ့ ကြာဆံတွေကို ရေစိမ်ထားလိုက်တယ်။ နဲနဲများ
ထူးဆန်းသွားကြလားမသိ။ ကြာဆံချက်ကို ကြက်သားနဲ့ပဲ ချက်နေကျလိုဖြစ်နေတော့ ငါးနဲ့ချက်ဖူးကြမယ်မထင်ဘူး။
ရိုးရိုးကြက်သားနဲ့ချက်တဲ့ ကြာဆံချက်လိုပါပဲ။ ကြက်သားအစား ငါးအသားနွှင်ထားတာနဲ့
ချက်တာပါ။ ငါးကင်မဟုတ်လဲ ငါးကိုပြုတ်ပြီးတော့ဖြစ်ဖြစ် ဒါမှမဟုတ် ငါးကြော်ကို
အသားထွင်ပြီးတော့ပဲဖြစ်ဖြစ် ချက်လို့ရပါတယ်။ အိမ်မှာတော့ ငါးရံ့ ဒါမှမဟုတ်
ငါးခူလို ငါးမျိုးတွေနဲ့ တခါတလေချက်ပါတယ်။ အရင်ဆုံး ငါးကင်အသားကို
မကြေအောင်နွှင်ထားပြီး ငရုပ်ကောင်းမှုန့်ဖြူး ငန်ပြာရည်နဲနဲဆမ်းထားလိုက်ပါတယ်။
![]() |
| ငါးကင်အသားနွှင်ထားတာကို ငရုတ်ကောင်းမှုန့်ဖြူးထားတာ။ |
အိုးထဲ ဆီလိုသလောက်ထည့်ပြီး ဂျင်း ကြက်သွန်ဖြူထောင်းထားတာကို ဆီသတ်လို့
နဲနဲမွှေးလာရင် ကြက်သွန်နီလှီးထားတာထည့်ပြီး ကြက်သွန်
နီရောင်သန်းလာတဲ့အထိကြော်ပါတယ်။
![]() |
| ကြက်သွန်နီလာတဲ့အထိကြော်။ |
ကြက်သွန်ကျက်ခါနီးမှာ ဆနွင်းနဲနဲ
ငရုတ်သီးအရောင်တင်မှုန့်နဲနဲထည့် ငါးအသားနွှင်ထားတာထည့်ပြီး လုံးပါတယ်။
![]() |
| ငါးအသားမာပြီးတောင့်လာတဲ့အထိ လုံးပါ။ |
ငါးအသားခြောက်ပြီး လုံးလာပြီဆိုမှ အဆင်သင့်လှီးဖြတ်ထားတဲ့ မှိုခြောက် ပန်းခြောက်
ပဲလိပ်ခြောက်တွေနဲ့ ကြာဆံကိုပါရောထည့်လုံးပြီးမှ ရေထည့်ပြီး
ကောင်းကောင်းဆူအောင်တည်ပါတယ်။
ရေထည့်ခါနီးမှာ ဟင်းလုံးထားတဲ့အထဲကို ဆား ဒါမှမဟုတ်
ငန်ပြာရည်လိုသလောက်ထည့် ဟင်းခတ်မှုန့်ထည့် ကြက်သွန်နီဥအလုံးလိုက်တွေပါ
အားလုံးရောထည့်လိုက်ပါတယ်။ ငါးဖယ်ကြော် ငုံးဥပြုတ်တွေထည့်ချင်လဲ
တခါတည်းထည့်လို့ရပါတယ်။
![]() |
| ရေထည့်ပြီး ကောင်းကောင်းဆူအောင်တည်ပြီ။ |
ဟင်းရည်ပွက်ပွက်ဆူလာရင် မီးလျှော့လိုက်ပြီး မီးအေးအေးမှာ
နဲနဲဆက်ဆူအောင်ထားပြီးတော့မှ ဟင်းအိုးထဲ ငရုတ်ကောင်းမှုန့်လေး
လိုသလောက်ဖြူးထည့်ပြီး မီးဖိုပေါ်ကချလို့ရပါပြီ။
![]() | |
| ဟင်းရည်ဆူပြီ။ ငရုတ်ကောင်းလေးခတ်... |
![]() |
| ကြာဆံချက်ပူပူလေး စားလို့ရပါပြီ။ ငုံးဥမရှိလို့ ဟင်းရည်ထဲ ကြက်ဥပြုတ် လှီးထည့်ထားတယ်။ |
ကဲ... ငါးကင်တစ်ကောင်လဲ မအိမ်သူလက်မှာ ပုံစံအမျိုးမျိုးပြောင်းပြီးတော့မှပဲ နိတ္ထိတံတော့တယ်။ နောက်တစ်ခါ စားသောက်ဆိုင်သွားရင် ငါးကင်အကောင်ကြီးကြီး မမှာမိအောင် သတိထားအုံးမှ.... ☺
☺ ☺ ☺ ☺ ♥ ♥ ♥ ☺ ☺ ☺ ☺
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Thursday, October 10, 2013
ဘက်လိုက်တတ်တဲ့စိတ်
သမီးတို့ကျောင်းတွေ ပြန်ဖွင့်ခါစရက်တွေတုံးက တစ်ရက်ပေါ့။
နဲနဲကြာနေပြီဆိုတော့ ဘယ်ရက်ရယ်တော့လဲ မမှတ်မိတော့ပါဘူး။ မနက်ဖက် စောစော သမီးကို
ကျောင်းလိုက်ပို့ဖို့ ကားမောင်းထွက်လာရင်းနဲ့ လမ်းသွယ်ထိပ်ကနေ လမ်းမတန်းပေါ်ကို ကွေ့ထွက်လိုက်တဲ့အချိန်
ရှေ့ခပ်လှမ်းလှမ်း လမ်းမအလယ်ကောင်မှာ မြင်လိုက်ရတာတစ်ခုကြောင့် ပါးစပ်က “ဟယ်” ကနဲ
အော်မိရက်သားဖြစ်သွားတယ်။ ခြောက်လသား သာသာလောက်လေးရှိမယ့် အဖြူနဲ့အဝါကြား လေလွင့် ကြောင်လေးတစ်ကောင်
ညဖက် အပြင်ထွက်ရင်း ကားကြိတ်မိတယ်ထင်ပါ့။ လမ်းလယ်ကောင်မှာ သေနေပြီးတော့ တစ်ညလုံး
ဖြတ်သွားတဲ့ ဆိုင်ကယ်တွေ ကားတွေက အထပ်ထပ်ကြိတ်သွားကြပုံပေါ်တယ်။ ကတ္တရာလမ်းပေါ်မှာ ပုံပျက်ပန်းပျက်
ပြားကပ်နေပြီ။ ကားမောင်းနေရင်း ကိုယ်သွားမဲ့လမ်း ရှေ့တည့်တည့်မှာ ရုတ်တရက်ကြီး တွေ့လိုက်ရတာပေမဲ့
လမ်းခပ်ကျဉ်းကျဉ်းမှာ အဲဒီကြောင်သေလေးပေါ်ကနေ ကိုယ့်ကားနဲ့ နင်းဖြတ်ပြီး မောင်းမသွားရက်လို့ တက်မကြိတ်မိအောင် လမ်းဘေးကို မရအရ ရှောင်ပြီးတော့မောင်းမိတယ်။
ကိုယ့်အိမ်မှာမွေးထားတဲ့ကြောင်လဲမဟုတ် အိမ်အနီးအနား ပတ်ဝန်းကျင်မှာ
မျက်မှန်းတန်းမိနေတာမျိုးလဲမဟုတ် ဘယ်ကကြောင်မှန်းလဲမသိပဲနဲ့
အဲဒီကြောင်သေလေးကိုမြင်လိုက်ရတာ ရင်ထဲမှာ ကျဉ်ကနဲပဲ ဘယ်လိုကြီးဖြစ်သွားမှန်းကိုမသိဘူး။
သမီးကို ကျောင်းမှာပို့ခဲ့ပြီး ပြန်လာတော့လဲ အဲဒီနေရာနားမရောက်ခင် ခပ်လှမ်းလှမ်းကတည်းက
သတိထားပြီးတော့ ကြောင်သေပြားချပ်ကလေးကို ရှောင်ကွင်းပြီးမောင်းလာခဲ့မိတယ်။ မနက်စောစောမှာကတည်းက
လမ်းမပေါ် ပြားကပ်နေပြီးသား ကြောင်သေလေးက ညနေကျောင်းကြိုချိန်ကျတော့ တစ်နေကုန် ကားတွေ
ဆိုင်ကယ်တွေ အများကြီး အဲဒီပေါ် အထပ်ထပ် ကြိတ်သွားကြပြီဆိုတော့ အဲဒီနေရာမှာ လမ်းမပေါ်
တစ်ခုခု စွန်းနေပေနေတဲ့ အကွက်တစ်ကွက်ပုံစံ အနေလောက်ပဲ ကျန်တော့တယ်။ အဲဒါကိုတောင်
ကားကို အဲဒီနေရာကနေ ရှောင်ပြီးမောင်းလိုက်မိသေးတယ်။ တနေကုန် အဲဒီကြောင်သေလေးပဲ
မြင်ယောင်ပြီး သနားနေတာ။ နောက်ထပ် ရက်တော်တော်ကြာတဲ့အထိလဲ
အဲဒီကြောင်လေးသေနေတဲ့ပုံကို မျက်စေ့ထဲကမထွက်ဘူး။ သတိရတိုင်း
စိတ်မကောင်းတွေကိုဖြစ်လို့။ ဒီကမ္ဘောဒီးယားကို စရောက်ခါစတုံးက ညဖက်တွေ လမ်းထွက်ရင် သတိထားမိတာ
လမ်းပေါ်မှာ ခွေးလေခွေးလွင့်ဆိုလို့ တစ်ကောင်တစ်မြီးမှကို မတွေ့ရဘူး။ လမ်းတကာမှာ
ညမိုးချုပ်ပြီဆို အလျှိုလျှိုထွက်လာပြီး ကျက်စားတတ်ကြတာက
ကြောင်လေကြောင်လွင့်တွေပဲရှိတယ်။ ဘယ်လောက်တောင်ပေါလဲဆို ဟိုနားဒီနား လှုပ်လှုပ်မြင်လို့ကြည့်လိုက်ရင်
ကြောင်၊ အိမ်ရှေ့အမှိုက်ပုံးတွေကို မွှေပြီး တချွတ်ချွတ်နဲ့ အစာရှာနေတာလဲ ကြောင်၊
လမ်းပေါ် မှောင်ရိပ်ခိုပြီး လျှောက်သွားနေတာလဲ ကြောင်၊ လှစ်ကနဲ
လမ်းဖြတ်ကူးပြေးရင်လဲ ကြောင် ဆိုတော့ ကိုယ့်အတွက်တော့ အတော်ထူးဆန်းနေခဲ့တာ။ နောက်ပိုင်းမှ
သိလာတာက ခမာလူမျိုးတွေ အိမ်ပေါက်စေ့လောက်နီးပါးပါပဲ တစ်အိမ်ကို အနည်းဆုံးတော့ ခွေးတွေ
သုံးလေးကောင်လောက်မက တစ်အုပ်တစ်မကြီး မွေးထားတတ်ကြတယ်။ ကြောင်ကိုကျတော့
တချို့တလေလောက်ကလွဲလို့ အိမ်တွေမှာ သိပ်ပြီးမွေးလေ့မရှိတတ်ကြဘူး။ အဲဒီတော့ လမ်းမတွေပေါ်မှာ
ခွေးလေခွေးလွင့်တွေ ရှားသလောက် လေလွင့်ကြောင်တွေကတော့ ပေါမှပေါပဲ။ အဲလိုမျိုးဆိုတော့
လမ်းမပေါ် ညဖက် ကြောင်တစ်ကောင် ကားတိုက်ခံရတာလောက်က ဆန်းတယ်လို့တော့ မပြောနိုင်ဘူး။
ဒါပေမဲ့ ကိုယ့်မျက်စေ့ရှေ့မှာ ရုပ်ပျက်ဆင်းပျက် သေနေတာတွေ့တော့လဲ ရင်ထဲမကောင်းဘူးပေါ့။
အဲဒီကြောင်လေးကိုပဲ သတိရတိုင်း တွေးတွေးပြီး သနားနေတော့တာ။ အဲဒီလိုနဲ့နေရင်း
ရက်နဲနဲကြာလာတော့လဲ မေ့မေ့ပျောက်ပျောက်ပေါ့လေ။ အတော်လေးကြာသွားပြီးတော့ တစ်ရက်မှာ
အဲဒီတစ်ခေါက်တုံးကလိုပဲ မနက်ဖက်သမီးကို ကျောင်းပို့တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်
အဲဒီကြောင်လေးသေခဲ့ဖူးတဲ့ နေရာနားလေးမှာ ကြောင်တစ်ကောင်နီးပါး အရွယ်လောက်ရှိမဲ့မြေကြွက်
အကြီးကြီးတစ်ကောင် ကားကြိတ်ပြီးသေနေတာ အဲဒီကြောင်ကလေးသေနေတုံးက ပုံစံအတိုင်းပဲ လမ်းပေါ်ပြားကပ်နေပြီ။
ကိုယ်လဲ ကားမောင်းရင်းနဲ့ လှမ်းတွေ့လိုက်တော့ စိတ်ထဲကနေ ဟင့်.. မြေကြွက်ကြီး
ဆိုတာလောက် မှတ်ချက်ပြုလိုက်မိရုံကလွဲလို့ စိတ်ထဲမှာ ဘာမှထူးထူးခြားခြား
ဖြစ်မသွားခဲ့ဘူး။ ချက်ချင်းပဲ မေ့မေ့ပျောက်ပျောက်နဲ့ ကားကိုလဲ ဒီအတိုင်းပဲ
ဆက်မောင်းသွားဖြစ်တယ်။ သမီးကို ကျောင်းမှာချခဲ့ပြီး ပြန်လာတဲ့အချိန်မှာ ကြွက်သေကို
လုံးဝ သတိတောင်မရတော့ဘူး။ အဲဒီကြွက်သေကို စတွေ့တဲ့အချိန်မှာလဲ စိတ်ထဲမှာ
ဟိုတစ်ခေါက်က ကြောင်သေကလေးကို လုံးဝမေ့နေပြီ။ ဒီအတိုင်း အမှတ်တမဲ့နဲ့ပဲ
ဖြတ်မောင်းလာခဲ့ပြီး အိမ်ပြန်ရောက်လို့ မီးဖိုထဲ ချက်ပြုတ်လုပ်ကိုင်နေရင်းနဲ့ကျမှ
ဖြတ်ကနဲ ခေါင်းထဲမှာ မေ့သလောက်ဖြစ်နေတဲ့ ကြောင်သေလေးကို ဘယ်လိုကဘယ်လို
သတိရမိသွားလဲမသိဘူး။ အဲဒီတော့မှ မနက်ကတွေ့ခဲ့မိတဲ့ တိုက်တိုက်ဆိုင်ဆိုင်
တစ်နေရာတည်းလောက်မှာ ကားကြိတ်ခံထားရတဲ့ ကြွက်သေကိုပါ တလက်စတည်း
ပြန်သတိရလိုက်မိတဲ့အချိန်ကျမှပဲ တအံ့တသြနဲ့ ကိုယ့်စိတ်ကိုကိုယ် သတိထားမိလိုက်တာ… ကြည့်စမ်း..
ငါ တော်တော်ကို ဘက်လိုက်တတ်တာပဲ လို့ ကိုယ့်ဟာကိုယ် အံ့သြတကြီး
အပြစ်တင်မိတော့တာပဲ။ ကိုယ့်ကိုယ်ကိုလဲ တော်တော်လေးကို မကျေမနပ်ဖြစ်သွားမိတာ။ တကယ်ဆို
အဲဒီသေသွားတဲ့ ကြောင်ရော ကြွက်ရောဟာ ကိုယ်နဲ့ ဘာမှကို မပတ်သက်တဲ့ သတ္တဝါနှစ်ကောင်လေ။
သေတဲ့ပုံကလဲ တပုံစံတည်း… ကိုယ်မြင်ရတဲ့ အခြေအနေ နှစ်ခုလုံးကလဲ ထပ်တူထပ်မျှ…
အဲဒီလောက် ထပ်တူကျနေပါရဲ့နဲ့တောင် ကိုယ့်စိတ်ထဲက ဖြစ်သွားတဲ့ ခံစားချက်ကျတော့
ဘာဖြစ်လို့များ အဲလောက် ကွာသွားရတာလဲ ဆိုတာ ကိုယ့်ဟာကိုယ်တောင် နားမလည်နိုင်ဘူး။ အမှန်တော့
ပြောရရင် ကိုယ်က မိန်းကလေးပေမဲ့ ပင်ကိုယ်သဘာဝကိုက သူများနဲ့ သိပ်မတူလှဘူး… ငယ်ငယ်ကတည်းက
မြွေတို့ ဖားတို့ ကြွက်တို့ တီကောင်တို့လို အကောင်ပလောင်တွေ ဘာတွေကို
ကြောက်တတ်တဲ့သူမျိုး မဟုတ်ဘူး။ မြင်မြင်သမျှ တိရစ္ဆာန်လေးတွေကိုလဲ ဘာကောင်ပဲဖြစ်ဖြစ်
ချစ်လိုက်တာပဲ။ လူတကာ ချစ်ဖို့ နှစ်သက်ဖို့ ခဲယဉ်းတဲ့ တိရစ္ဆာန်အမျိုးအစားတွေကိုတောင်
ကိုယ်က စိတ်ဝင်တစားနဲ့ အော်.. ဒီလိုအကောင်လေးတွေမှာလဲ သူ့သဘာဝနဲ့သူတော့ ချစ်စရာ သဘောကျစရာကောင်းတာလေးတွေ
ရှိသားပဲနော် ဆိုတာမျိုး ရှာရှာဖွေဖွေ စူးစမ်းလေ့လာကြည့်တတ်တဲ့ အလေ့အထလဲရှိသေးတာ။
အိမ်မွေး တိရစ္ဆာန်တွေတင်မကဘူး တောရိုင်းတိရစ္ဆာန်လို အကောင်ကြီးတွေကိုတောင် ချစ်စရာအကောင်ကြီးတွေ..
လူကိုသာရန်မပြုတတ်ဖူးဆိုရင် ကြောင်ကလေး ခွေးကလေးတွေလို အိမ်မှာမွေးထားချင်လိုက်တာနော်..
ဆိုပြီး အမြဲလို စိတ်ကူးနေတတ်တဲ့လူစားက အခု ကြောင်ကလေးနဲ့ မြေကြွက်ကျမှပဲ
သေတာချင်းအတူတူကိုတောင် ဘက်လိုက်ပြီးတော့ သနားနေမိပါရောလား။ ကိုယ့်ကိုယ်ကို
အံ့သြမဆုံးဘူး။ ကြောင်သေကလေးတုံးကများဆို သုံးလေးရက်လောက် မျက်စေ့ထဲကတောင်
မထွက်နိုင်လောက်အောင် မြင်ယောင်နေပြီးတော့ တွေးမိတိုင်း သနားနေတာ။ မြေကြွက်ကျတော့
အရေးတောင်မလုပ်မိတာများ သနားဖို့ဆိုတာတော့ ဝေးရော့… ကဲ ကြည့်ပါအုံး.. ကိုယ်နဲ့
ဘာမှမဆိုင်တဲ့ တိရစ္ဆာန်နှစ်ကောင် သူ့ဟာသူ လမ်းမပေါ် ကားကြိတ်လို့သေနေတဲ့ ကိစ္စကို ကိုယ်က
နေရင်းထိုင်ရင်းနဲ့ သတ္တဝါချင်းအတူတူ သနားတာကိုတောင် တဖက်သတ်ကြီး ဘက်လိုက်ပြီးတော့မှ
သနားနေမိတဲ့အဖြစ်…။ အဲသလို ကိုယ့်ဟာကိုယ် သတိထားမိသွားတဲ့အချိန်မှာမှ ဘာဖြစ်လို့များ
အဲလိုမျိုး ကိုယ့်ခံစားချက်တွေက သတ္တဝါနှစ်ကောင်အပေါ် တုံ့ပြန်ပုံချင်း အဲသလောက်ကြီး
ကွာခြားသွားရပါလိမ့်လို့ ကိုယ့်စိတ်အခြေအနေကိုကိုယ် ပြန်ပြီးဆန်းစစ်ကြည့်မိရတော့တယ်။
ထင်ရတာကတော့… လူ့စိတ်သဘာဝအရ ဖြစ်နိုင်တယ်လို့ ထင်ရတာကို
ဆက်စပ်တွေးတောမိရသလောက်ပေါ့လေ.. ကြောင်တို့ ခွေးတို့ဆိုတာက လူနဲ့ရင်းနှီးပြီးသား
လက်ပွန်းတတီးရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်လို့ သိစိတ်ထဲမှာပဲဖြစ်ဖြစ်
မသိစိတ်ထဲမှာပဲဖြစ်ဖြစ် ဟုတ်ဟုတ် မဟုတ်ဟုတ် အကောင်းမြင်ပြီးသား.. ချစ်ခင် နှစ်သက်
လိုလားတဲ့စိတ်က အလိုလိုရှိနေပြီးသား.. အဲ..မြေကြွက်ဆိုတာကျတော့ နာမည်ကြားကတည်းကကို
လူအတော်များများက အော့နှလုံးနာပြီးသား.. နောက်ကြွက်ဆိုတာ ညစ်ပတ်တယ် ရောဂါတွေကူးစက်တတ်တယ်
လူကိုအန္တရာယ်ပေးတတ်တယ် ဆိုတာမျိုးတွေကစလို့ မကောင်းကြောင်း ပေါင်းစုံတွေကို
ငယ်ငယ်ကတည်းက သိဖူးကြားဖူးထားတာမို့ ကြွက်ဆိုတာ မကောင်းဘူးဆိုတာမျိုး စိတ်ထဲကနေ
လက်ခံထားမိပြီးသားလိုဖြစ်နေတာကြောင့် အလိုလိုနေရင်း မသိစိတ်ထဲက မလိုလားတဲ့စိတ်အခံက
အရင်ဦးဆုံး ရှေ့ဆောင်မိသွားတယ်လို့ ယူဆမိတာပါပဲ။ ဒါပေမဲ့လဲ ကိုယ့်ဟာကိုယ်
ဘဝင်မကျမိတာက အဲဒီလို ဘက်လိုက်ပြီးခံစားမိတဲ့ စိတ်မျိုး အမှတ်တမဲ့ပေါ်လာတာကို
ချက်ချင်းသတိမမူမိတဲ့အဖြစ်… သေပြီးသွားပါပြီဆိုမှတော့လဲ ချစ်စရာကောင်းတဲ့သတ္တဝါပဲဖြစ်ဖြစ်
မုန်းစရာကောင်းတဲ့သတ္တဝါပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ပဲသေသေ သတ္တဝါချင်းကတော့
အတူတူပဲမဟုတ်လား။ သေသွားပြီးတဲ့နောက်မှာ လိုလားတာတွေ မလိုလားတာတွေ နှစ်သက်တာ
မနှစ်သက်တာတွေဟာ ဘာများအရေးကြီးသေးလို့လဲ။ စဉ်းစားဆင်ခြင်တတ်တဲ့ အသိဉာဏ်နဲ့
လူသားတစ်ယောက်ဖြစ်ပါရဲ့နဲ့ သူ့ဟာသူ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သေသွားပြီးတဲ့
သတ္တဝါနှစ်ကောင်အပေါ်မှာ သနားတဲ့စိတ်ကလေးကိုတောင် ဘာဖြစ်လို့များ တန်းတူရည်တူ
မျှမျှတတလေး မထားနိုင်ခဲ့ရတာလဲလို့ တွေးတွေးပြီး ကိုယ့်ကိုယ်ကိုပဲ တနုံ့နုံ့နဲ့
အပြစ်တင်နေမိတော့တာပဲ။ သေချာတာက ဒီအဖြစ်ကို ကိုယ်ဘယ်လိုမှကို မေ့နိုင်တော့မှာမဟုတ်ဘူး။
နောက်ကို ဘယ်အရာမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို ဒီ့ထက်ပိုပြီး သတိထား ဆင်ခြင်နိုင်ဖို့ကိုပဲ
ကိုယ့်ဟာကိုယ် သတိပေး ဆုံးမ တရားချနေမိရတော့တယ်။
* * * * * * * * * *
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Thursday, September 12, 2013
တရားမှန်
ဒီနေ့ဟာ အရောင်အလက်ဆုံး..
မနက်ဖြန်ဆိုတာ ကျကွဲတတ်တယ်။
မနေ့က ရှုရှိုက်ခဲ့တဲ့လေ
အခုဘယ်ဆီမှာလဲ…။
အတိတ်ဟာ
ဘယ်သောအခါမှ
နှစ်ခါပြန်လျှောက်မရတဲ့လမ်း။
စကြဝဠာအဆုံးထိသွား
မိုးကိုဖေါက် မြေလှန်ရှာလဲ
တည်မြဲခြင်းဆိုတဲ့အရာ
ဒီလောကမှာ ဘယ်အခါမှ
ဖွေရှာမရနိုင်တာ အမှန်တရား…။
ဒါပေမဲ့…
အတိတ်မှာ ထားခဲ့လို့မရတာတွေ
ဟောသည်လောကမှာ ရှိနေသေးတယ်။
ကိုယ်ကျင့်ခဲ့တဲ့တရား
ကိုယ့်စိတ်ထားနဲ့
ကိုယ်ပြုထားသောကံအများဟာ
ချန်ထားလွတ်မြောက်
ထွက်ပေါက်မရှိသောအရာ
ဘဝတစ်ပါး ကူပြောင်းသွားတောင်
သံသရာတလျှောက်
အရိပ်တွေလို တကောက်ကောက်…
ကိုယ်သွားလေရာနောက်ကို
စကြ၀ဠာ အဆုံးထိအောင် လိုက်လိမ့်မယ်…။
~ ~ ~ ~ ~ ~ ~ ~ ~
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Subscribe to:
Posts (Atom)











