Thursday, April 19, 2012

ခမာ တို့ရဲ့ နှစ်သစ်ကူးပွဲတော် (အပိုင်း နှစ်)

 ခမာနှစ်သစ်ကူးပွဲတော် အပိုင်း တစ် ကို ဖတ်ချင်ရင် ဒီမှာ နှိပ်ပါ။

(နှစ်သစ်ကူး သုံးရက်လုံးမှာ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ရုံး၊ ကျောင်း၊ နန်းတော်၊ အစိုးရဌာန အဆောက်အဦးတွေ၊ ဟော်တယ်တွေ အားလုံးမှာ မီးပုံးတွေ ချိတ်ဆွဲထွန်းညှိကြပါတယ်။)

ဘုန်းကြီးကျောင်း အ၀င်ဝမုခ်ဦး





ဆက်ပြီးတော့ ခမာနှစ်သစ်ကူးပွဲကို ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေအရ ဘယ်လိုဆင်နွဲကျင်းပလေ့ရှိကြတယ် ဆိုတာလေးတွေကိုပြောပြချင်ပါတယ်။ ပထမဆုံး ခမာနှစ်သစ်ကူးကို ဘာသာရေးအရ ကျင်းပပုံလေးတွေကို အရင်ဆုံးပြောပြမယ်နော်။ ခမာနှစ်သစ်ကူးပွဲတော် သုံးရက်မှာမှ တစ်ရက်ချင်းစီမှာ ဘာသာရေးနဲ့ရိုးရာဓလေ့အရ သူ့နေ့နဲ့သူလုပ်ရတဲ့ ထုံးတမ်းစဉ်လာ လုပ်ဆောင်ချက်တွေ ရှိပါတယ်။
 
နှစ်သစ်ကူးပွဲတော်ရဲ့ ပထမဦးဆုံးနေ့ကို မဟာ ဆောင်ကရန် (Maha Songkran)၊ ဒုတိယနေ့ကို ၀ီရ ၀ါဏဘ (Virak Wanabat) နဲ့ တတိယနေ့ကို ထငိုင်း လေယန် ဆာကာ (Tngay Leang Saka) လို့ ခမာလို ခေါ်ပါတယ်။ 

မဟာ ဆောင်ကရန်လို့ခေါ်တဲ့ နှစ်သစ်ကူးပွဲတော် ပထမနေ့ဟာ နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့ဖြစ်သလို တပြိုင်နက်ထဲမှာပဲ နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့လဲဖြစ်တာကြောင့် အဲဒီနေ့နှစ်သစ်ကူးပြောင်းတဲ့ အချိန်မှာ နှစ်သစ်နတ်သမီးဟာ လူ့ပြည်ကို ဆင်းသက်ရောက်ရှိလာမှာဖြစ်တဲ့အတွက် ခမာလူမျိုးတွေအတွက်တော့ မဟာဆောင်ကရန်နေ့ဟာ ရှေ့လာမယ့် နှစ်သစ်အတွက် အရေးကြီးတဲ့နေ့လို့ ဆိုရင် မမှားပါဘူး။

မဟာ ဆောင်ကရန်နေ့မှာ ခမာလူမျိုးတွေရဲ့ အိမ်တိုင်းမှာ နတ်သမီး ဆင်းသက်လာတာကို ကြိုဆိုဖို့အတွက် အိမ်ရှေ့မှာ စားပွဲခင်းပြီး ကန်တော့ပွဲပြင်ရပါတယ်။ အဲဒီကန်တော့ပွဲမှာ အဓိက အနေနဲ့ မိမိတို့ နှစ်သက်ရာပန်းများနဲ့ ထိုးထားတဲ့ နှစ်သစ်ကူးပွဲတော်ပန်းအိုး၊ ငှက်ပျောဖီး၊ အအေးဗူး ဒါမှမဟုတ် အချိုရည်ပုလင်းများ၊ ခမာလို ဘေဆေး (Baysey) လို့ခေါ်တဲ့ နှစ်သစ်ကူး ကန်တော့ပွဲ အတွက် ငှက်ပျောအူနဲ့ပြုလုပ်ထားတဲ့ ကန်တော့ပွဲ အဆင်တန်ဆာ တစ်စုံနဲ့ အုန်းလက်တံလေးတွေထိပ်မှာ ချိတ်ဆွဲတပ်ဆင်ရတဲ့ စက္ကူအရောင်စုံကို ပုံဖေါ်ညှပ်လုပ်ထားတဲ့ တံခွန်ကုက္ကားတွေဟာ နှစ်သစ်ကူး ကန်တော့ပွဲရဲ့ မပါမဖြစ် အရေးကြီးတဲ့ ပစ္စည်းတွေပေါ့။

ငှက်ပျောအူ ဘေဆေးလေးတွေပါ။
လမ်းဘေးမှာ ကန်တော့ပွဲအတွက် ဘေဆေးလုပ်ရောင်းနေတဲ့ မိသားစု
စက္ကူရောင်စုံ တံခွန်ကုက္ကားလေးတွေပါ။
ဒီလိုချိတ်ထားပြီးသားလေးတွေလဲ ၀ယ်လို့ရပါတယ်။

အိမ်တစ်အိမ်ရှေ့က ရိုးရိုးရှင်းရှင်း ကန်တော့ပွဲ

ဒါကတော့ စားသောက်ဆိုင်တစ်ခုရဲ့ ဆိုင်ရှေ့ အ၀င်ဝမှာ ပြင်ထားတဲ့ ကန်တော့ပွဲ။

ကန်တော့ပွဲအတွက် ဘေဆေးကိုပြင်ဆင်ရာမှာ လိုအပ်တဲ့ အဓိကပစ္စည်းတွေကတော့ ငှက်ပျောအူ၊ ကွမ်းရွက် ငါးရွက်၊ ကွမ်းသီးနုနုတစ်လုံး၊ ဖယောင်းတိုင် တစ်တိုင်နဲ့ အမွှေးတိုင် သုံးတိုင် တို့ကမပါမဖြစ်ပေါ့။ အဲဒါတွေအပြင် ဘေဆေးကို အလှဆင်ချင်တယ်ဆိုရင်တော့ အရံပစ္စည်းတွေ အနေနဲ့ ငှက်ပျောရွက်၊ ကွမ်းရွက်များ၊ ကြိုက်နှစ်သက်ရာ ပန်းပွင့်ပန်းဖူးလေးများကို အသုံးပြုပြီး ငှက်ပျောဖူး ဘုံဆင့်လေးတွေပုံစံပြင်ဆင်နိုင်ပါတယ်။

ဘေဆေးလုပ်ဖို့ ငှက်ပျောအူများ

ငှက်ပျောရွက်ကလေး ဖက်ကတော့ထိုးလို့...
ဒီလိုလေး အလှဆင်

အလှဆင်ပြီးရောင်းဖို့ အသင့်
စိတ်ရှည်လက်ရှည်
ဝယ်ကြအုံးမလား

ဘေဆေးလေးတွေရယ်၊ တံခွန်ကုက္ကား ရောင်စုံလေးတွေရယ်
 အဲဒီ ဘေဆေးကို ဘုံတစ်ဆင့်၊ ဘုံသုံးဆင့်၊ ဘုံငါးဆင့်၊ ဘုံခုနစ်ဆင့်နဲ့ ဘုံကိုးဆင့်အထိ ပုံစံ အမျိုးမျိုးနဲ့ပြုလုပ်ရောင်းချလေ့ ရှိကြပါတယ်။ ကန်တော့ပွဲမှာ ကြိုက်နှစ်သက်ရာ ဘေဆေးတစ်စုံတော့ အနည်းဆုံးပါဝင်ရပြီး အချို့ကတော့ ဘုံဆင့်ကလေးတွေကို တစ်မျိုး တစ်စုံစီနဲ့ နှစ်စုံ သုံးစုံ ထည့်ကြတဲ့သူတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ ဘေဆေးကို အုန်းစိမ်းနုနုနဲ့လဲ ပြုလုပ်ကြပါတယ်။ တစ်ချို့ တတ်နိုင်သူများကတော့ ငှက်ပျောအူနဲ့မဟုတ်ပဲ ရွှေစက္ကူ ငွေစက္ကူတွေနဲ့ လှလှပပ လုပ်ထားတဲ့ Ready Made ဘေဆေးတွေကို သုံးကြတာမျိုးလဲရှိပါတယ်။ အဲဒါမျိုးတွေကတော့ ဒီနှစ်ပြီးရင် ပြန်သိမ်းထားပြီး မပျက်စီးမချင်း နောက်နှစ်တွေမှာလဲ ဆက်ပြီးသုံးလို့ရပါတယ်။ ကန်တော့ပွဲပြင်ရမဲ့နေ့မှာဆိုရင် ဘေဆေးတွေ၊ ပန်းတွေ၊ တံခွန်ကုက္ကားတွေကို လမ်းဘေး သွားလေရာမှာ ယာယီဈေးတန်းကလေးတွေခင်းပြီး ချရောင်းနေကြတာတွေ တွေ့နိုင်ပါတယ်။

ကြိုက်တာယူပါ။
ဒါကတော့ အုန်းသီးနဲ့

အုန်းစိမ်းဘေဆေး တစ်စုံ

အဖွားဆီက ၀ယ်ပါအုံးကွယ်။
သမီးတို့ဆီကလဲ ၀ယ်အုံးနော်။

ဘေဆေး နှစ်စုံကို တစ်ထုပ်ရောင်းတယ်။
ဒုံးပျံမဟုတ်ဘူးနော်။ ဘေဆေးဘုံဆင့်တွေ... ၁ဆင့် ၃ဆင့် ၅ဆင့်
ဝယ်ပါအုံး။
ကန်တော့ပွဲအတွက် လိုအပ်တာတွေဝယ်ဖို့ စည်ကားနေတဲ့ ယာယီဈေးတန်းလေး
ပန်းသည်
ဒါကတော့ Ready made ဘေဆေးနဲ့ ကန်တော့ပွဲ

နှစ်သစ် ကန်တော့ပွဲမှာ အဲဒါတွေအပြင် အထူးအနေနဲ့ကတော့ အဲဒီနှစ်မှာ ဆင်းသက်လာမယ့် အလှည့်ကျ နတ်သမီး နှစ်သက်တတ်တဲ့ ပစ္စည်းတွေကို သင်္ကြန်စာထဲမှာ တွက်ချက် လမ်းညွှန်ထားတဲ့ အတိုင်း ပြင်ဆင်ပြီး ထည့်ပေးရပါတယ်။ ချမ်းသာတဲ့သူ ငွေကြေး တတ်နိုင်သူတွေကတော့ ကန်တော့ပွဲမှာ အဲဒီပစ္စည်းတွေအပြင် တခြား ကိုယ်နှစ်သက်ရာ ရိုးရာမုန့်ပဲသွားရေစာတွေ၊ ကိတ်တွေ၊ မုန့်ပုံးတွေ၊ နို့ဆီဗူးတွေ၊ စည်သွတ်ဗူးတွေအပြင် သစ်သီးဝလံတွေကို အမျိုးစုံတကာ့စုံအောင် ထပ်ထည့်တတ်ကြပြီး ကန်တော့ပွဲကို မိမိတို့ တတ်နိုင်သလောက် အခမ်းနားဆုံးဖြစ်အောင် ပြင်ဆင်ကြပါတယ်။ ကန်တော့ပွဲ ပြင်ပြီးနောက်မှာတော့ တအိမ်သားလုံးလည်း ရေမိုးချိုး အ၀တ်အစား သစ်သစ်လွင်လွင် ၀တ်စားထားကြပြီး နှစ်သစ် နတ်သမီးကို ကြိုဆိုဖို့ အဆင်သင့်ပြင်ဆင်ထားကြပါတယ်။ 

ဈေးထဲမှာ ကန်တော့ပွဲပြင်ဖို့အတွက် ရောင်းနေတဲ့ ပစ္စည်းတွေ



ကန်တော့ပွဲများ







သင်္ကြန်စာထဲမှာ တွက်ချက်ဖေါ်ပြထားတဲ့ နတ်သမီး လူ့ပြည်ကို ဆင်းသက်လာမယ့် အချိန်နာရီ ရောက်ရင် ရေဒီယို၊ ရုပ်မြင်သံကြားတွေကနေ Count Down လုပ်ပြီး နတ်သမီး လူ့ပြည်ကို ဆင်းသက်လာပြီဖြစ်ကြောင်း ကြေငြာပေးသလို ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းတွေကလည်း နတ်သမီးဆင်းသက်လာတာကို ကြိုဆိုဖို့ သတိပေးတဲ့ အနေနဲ့ ဆင်းလာမယ့် အချိန်အတိအကျမှာ တုံးမောင်းခေါက်တာ၊ မောင်းတီးတာ၊ စည်တီးတာမျိုးတွေ ပြုလုပ်ပေးကြပါတယ်။ အဲဒါဆိုရင် မိသားစုဝင်တွေ အားလုံး ကန်တော့ပွဲရှေ့မှာ စုရုံးကြပြီး အဆင်သင့်ပြင်ထားတဲ့ ဖယောင်းတိုင် အမွှေးတိုင်များကို မီးထွန်းညှိ ပူဇော်ကာ လာမယ့်နှစ်သစ်မှာ ဘေးအန္တရာယ်တွေ ကင်းဝေးစေဖို့၊ ကျန်းမာ အသက်ရှည်ဖို့၊ ကံကောင်းစေဖို့၊ အကျိုးစီးပွားလာဘ်လာဘများ တိုးတက်ဖြစ်ထွန်းစေဖို့ စတာတွေကို နှစ်သစ်နတ်သမီးထံ တောင်းဆုပြုကြပါတယ်။ နတ်သမီးကို ကြိုဆိုတဲ့အနေနဲ့ တအိမ်လုံးကိုလည်း အမွှေးနံ့သာရေတွေ ရေမွှေးတွေနဲ့ ဖျန်းပက်ကြပါတယ်။ မိမိတို့အိမ်က ဘုရားစင်၊ နတ်စင် နတ်ကွန်း၊ ရိုးရာစင်မှန်သမျှမှာလဲ ဖယောင်းတိုင် အမွှေးတိုင်တွေ တပြိုင်နက် ထွန်းညှိပူဇော်ကြပါတယ်။

ဘုန်းကြီးကျောင်းက စည်ကြီး။ (အဲဒီစည်ကို မြန်မာပြည်က တုံးမောင်းခေါက်တဲ့ စည်းချက်အတိုင်း တီးကြတယ်။ ခမာတွေက  ဘုန်းကြီးကျောင်းတွေမှာ တုံးမောင်းအစား စည် သို့မဟုတ် မောင်း အကြီးကြီးတွေကို သုံးတယ်။)
ဘုန်းကြီးကျောင်းက ပြင်ဆင်ထားတဲ့ နှစ်သစ်ကူး ကန်တော့ပွဲ
ခမာလူမျိုးတွေရဲ့ အိမ်တိုင်းမှာ မရှိမဖြစ် ရိုးရာနတ်စင်။ နှစ်သစ်ကူးအတွက် အထူးတလည် အအေးဗူးရယ် အသီးအနှံရယ် တင်ထားပုံ။
ခမာလူမျိုးတွေရဲ့ ယုံကြည်မှုအရ နှစ်သစ်ကူးမှာ အလှည့်ကျနတ်သမီး ကောင်းကင်ဘုံမှ ဆင်းသက်လာပုံလေးကို ပြောပြရရင် ခမာတို့ရဲ့ သင်္ကြန်စာအရ ၂၀၁၂ ခုနှစ်ဟာ ခမာခုနှစ်အနေနဲ့ ၂၅၅၆ ဗုဒ္ဓသာသနာ သက္ကရာဇ် နဂါးနှစ်ပါ။ မဟာ ဆောင်ကရန်နေ့က သောကြာနေ့မှာ ကျရောက်တဲ့အတွက် လူ့ပြည်ကို ဆင်းသက်ဖို့ တာဝန်ကျတဲ့ သမီးတော်ကတော့ ခေမရာဒေဝီ (Kemera Devi) လို့ ခေါ်တဲ့ သောကြာနေ့ကို ကိုယ်စားပြုတဲ့ နတ်သမီး (Friday Angel) ရဲ့အလှည့်ဖြစ်ပါတယ်။ မဟာ ဆောင်ကရန်နေ့ ၂၀၁၂ ဧပြီလ ၁၃ရက် သောကြာနေ့ ညနေ ၇ နာရီ ၁၁ မိနစ် တိတိဟာ နှစ်သစ်ကို ကူးပြောင်းချိန်ဖြစ်ပါတယ်။ ကျရောက်လာတဲ့ နှစ်သစ်ဟာ နဂါးနှစ်ဖြစ်လို့ နတ်သမီး လူ့ပြည်ကိုဆင်းရာမှာ ရှေ့တော်ပြေးအဖြစ် နှစ်သစ်ကို ကိုယ်စားပြုတဲ့ နတ်နဂါးတစ်ကောင်က ဦးဆောင်လာပြီး အဲဒီနောက်ကနေ သောကြာနတ်သမီးဟာ ညာလက်မှာ ဓါးတစ်လက်နဲ့ ဘယ်လက်မှာ ပင်း (Peng) လို့ခေါ်တဲ့ ခမာရိုးရာ တူရိယာ တစ်မျိုးကို ကိုင်စွဲကာ ကျွဲစီးပြီး လူ့ပြည်ကို ဆင်းသက်လာပါတယ်။ နတ်သမီးရဲ့ နောက်မှာ နောက်လိုက်နောက်ပါ အခြွေအရံ သင်းပင်းများက ဗြဟ္မာကြီးဦးခေါင်းကိုတင်ထားတဲ့ ရွှေကလပ်နဲ့အတူ လူ့ပြည်ကို လိုက်ပါ ဆင်းသက်လာကြပါတယ်။

ခမာလူမျိုးတွေရဲ့ မဟာဆောင်ကရန်စာအုပ် (သင်္ကြန်စာ) မျက်နှာဖုံးမှာ ပုံဖေါ်ထားတဲ့ နဂါးနှစ်အတွက် နတ်သမီးဆင်းလာပုံ သရုပ်ဖေါ်ပုံ။ (ဒီပုံကိုတော့ အင်တာနက်ကပဲ ရှာယူထားပါတယ်။)

သောကြာနတ်သမီးဟာ ဗြဟ္မာကြီးဦးခေါင်းကို သယ်ဆောင်ပြီး ထုံးတမ်းစဉ်လာအတိုင်း မေယုတောင်ကို မိနစ် ခြောက်ဆယ်ပြည့်အောင် ပတ်ပြီးတဲ့အခါမှာ လူ့ပြည်က တာဝန်အလှည့်ပြီးဆုံးလို့ မူလနေထိုင်ရာကောင်းကင်ဘုံကို ပြန်လည်ထွက်ခွာတော့မယ့် နှစ်ဟောင်းက နတ်သမီးထံ ဗြဟ္မာကြီးဦးခေါင်းကို လွှဲပြောင်းပေးအပ်ပါတယ်။ အဲဒီနောက် နှစ်ဟောင်းနတ်သမီးဆီက လူ့ပြည်မှာထမ်းဆောင်ရမယ့်တာဝန်တွေကို တနှစ်တာအတွက် လွှဲပြောင်းလက်ခံယူရပါတယ်။ အဲဒီနောက်မှာတော့ တနှစ်တာတာဝန်တွေ ထမ်းဆောင်ပြီးဆုံးပြီဖြစ်တဲ့ နှစ်ဟောင်းကနတ်သမီးဟာ နှစ်သစ်နတ်သမီးကို နှုတ်ဆက်ပြီး လက်လွှဲယူထားတဲ့ ဗြဟ္မာကြီးဦးခေါင်းကို သယ်ဆောင်ကာ နောက်လိုက်နောက်ပါများနဲ့အတူ မိမိရဲ့မူလနေရာ ကောင်းကင်ဘုံကို ပြန်လည်ထွက်ခွာသွားပါတယ်။ နဂါးနှစ်အတွက် တာဝန်ကျတဲ့ သောကြာနတ်သမီး ခေမရာဒေဝီကတော့ တနှစ်တာ တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် လူ့ပြည်မှာနေထိုင်ပြီး နောက်နှစ် နှစ်သစ်ကူးချိန် အလှည့်ကျတဲ့နတ်သမီး ဆင်းသက်လာချိန်တိုင်အောင် ရှိနေမှာဖြစ်ပါတယ်။

မဟာ ဆောင်ကရန်နေ့မှာ ခမာလူမျိုးများအားလုံး ရိုးရာယုံကြည်မှုဓလေ့အရ တနှစ်တာလုံး ပျော်ရွှင်ကံကောင်းစေဖို့ ရည်ရွယ်ပြီး မနက်စောစောမှာ ရေစင်(Holy water)နဲ့ မျက်နှာသစ်ခြင်း၊ နေ့လည်မှာ ကိုယ်ခန္ဓာကို ဆေးကြောရေလောင်းခြင်းနဲ့ ညအိပ်ရာမ၀င်ခင်မှာခြေဆေးခြင်း တို့ကိုလည်းပြုလုပ်ကြပါတယ်။ ဘုန်းကြီးကျောင်းတွေမှာတော့ ဘုန်းတော်ကြီးတွေက ဦးဆောင်ပြီး အားလုံးစုပေါင်းပါဝင်ကာ ကျောင်းဝင်းအတွင်း မျက်နှာစာ မြေကွက်လပ်မှာ နှစ်သစ်ကူး အစဉ်အလာ ထုံးတမ်းများအတိုင်း သဲများနဲ့ သဲပုံစေတီတွေ စုစုပေါင်း ငါးဆူတည်ရပါတယ်။ အလယ်မှာ စေတီတစ်ဆူရှိပြီး အခြားစေတီလေးဆူက ထောင့်လေးထောင့်ကနေ ၀န်းရံထားတဲ့ပုံစံမျိုး တည်ဆောက်ရပါတယ်။ အလယ်စေတီက ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုသလို တာဝတိံသာမှာရှိတဲ့ ဘုရားရှင်ရဲ့ ဓါတ်တော်များကို ဌာပနာထားသော စကြမုနိစေတီတော်ကို ကိုယ်စားပြုတယ်လို့လဲ ပြောကြပါတယ်။ အရံစေတီလေးဆူကတော့ ဘုရားရှင်ရဲ့ သာဝက ရဟန်းတော် လေးပါးဖြစ်တဲ့ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်အာနန္ဒာနဲ့ ရှင်မဟာကဿပကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ သဲပုံစေတီတွေအားလုံးကို ရာဇမတ်ကာ၊ သာသနာ့အလံစိုက်၊ ရွှေထီးများမိုးပြီး အလှဆင်ပန်းကုံးများ မီးရောင်စုံများနဲ့ အလှဆင်ပူဇော်ထားကြပါတယ်။ နှစ်သစ်ကူးသုံးရက်အတွင်းမှာ ဘုန်းကြီးကျောင်းကို လာရောက်လှူဒါန်းပူဇော် ကုသိုလ်ပြုကြသူများအားလုံး သဲပုံစေတီတွေကို အရောင်စုံ တံခွန်ကုက္ကားလေးများ ထိုးစိုက်ပြီး ဖယောင်းတိုင် အမွှေးတိုင်များ ထွန်းညှိပူဇော်လေ့ ရှိကြပါတယ်။

ဘုန်းကြီးကျောင်းဝင်းအတွင်းက တည်ပြီးစ သဲပုံစေတီများ
အဲဒီမုခ်ဦးအခုံးကလေးတွေက အုန်းလက်တွေကို ဖွတ်မြီးကျစ်သလိုကျစ်ပြီးလုပ်ထားတာ

သဲပုံစေတီ အနောက်ဖက်ခြမ်း
အလယ်ကစေတီနဲ့ အရံစေတီလေးဆူ
အလယ်စေတီရဲ့ မျက်နှာစာဖက်
သဲပုံစေတီ အရှေ့ဖက်ခြမ်း မျက်နှာစာ
ဒီပုံမှာတော့ ပူဇော် ကန်တော့ကြတဲ့သူတွေ ထိုးစိုက်သွားကြတဲ့ ရောင်စုံ တံခွန်လေးတွေ မြင်နိုင်ပါတယ်။
အလယ်စေတီ အရှေ့မျက်နှာစာ အနီးကပ်
အမွှေးတိုင်များ တံခွန်ကုက္ကားများနဲ့ ပူဇော်ထားကြတဲ့ သဲပုံစေတီများ

ဝီရ ဝါဏဘ လို့ခေါ်တဲ့ နှစ်သစ်ကူး ဒုတိယနေ့ကတော့ ပေးကမ်း စွန့်ကြဲ လှူဒါန်းရတဲ့နေ့ပါပဲ။ အဲဒီနေ့မှာ မရှိဆင်းရဲ နွမ်းပါးသူများ၊ သက်ကြီးရွယ်အိုများ၊ အိမ်မဲ့ယာမဲ့မိသားစုများ၊ မိမိတို့ လက်အောက်ငယ်သားများကို တတ်နိုင်သလောက် ပေးကမ်း စွန့်ကြဲ ကူညီထောက်ပံ့မှုများ ပြုလုပ်ကြတဲ့အပြင် ဘုရား ကျောင်းကန်များကို သွားရောက်လှူဒါန်းခြင်းများလဲ ပြုတတ်ကြပါတယ်။ ကွယ်လွန်ပြီးသော မိဘ ဘိုးဘွားများအတွက် ရည်စူးပြီးတော့ ဆွမ်းကပ်လှူခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးခြင်း၊ အလှူဒါနပေးခြင်း၊ ဘုရားကျောင်းကန် သင်္ချိုင်း အုတ်ဂူများမှာ သွားရောက်ပြီး ဆုတောင်း ပူဇော်ပေးခြင်း၊ မိမိတို့ပြုလုပ်သမျှသော ကောင်းမှုကုသိုလ်များကို ကွယ်လွန်ပြီးသူများအား ရည်စူး၍ အမျှအတန်း ပေးဝေခြင်းတွေကိုလဲ လုပ်ကြပါတယ်။ ငွေကြေးတတ်နိုင်သူများကတော့ ရပ်နီးရပ်ဝေးက ဘိုးဘွား မိဘ ဆွေမျိုးများ၊ ဆရာသမားများ၊ ခင်မင်ရင်းနှီးသော မိတ်ဆွေများ၊ အိမ်နီးနားချင်းများကို သစ်သီးခြင်းများ၊ လက်ဆောင်ခြင်းများ၊ အခြားနှစ်သက်ရာ နှစ်သစ်ကူးလက်ဆောင်များ ပေးတတ်ကြပါတယ်။

နှစ်သစ်ကူးလက်ဆောင်

ခမာသီလရှင်အဖွားများ နှစ်သစ်ကူးမှာ ဘုရားကျောင်းကန်သွားကြတာပါ။


ဒါတွေကတော့ ဘုန်းကြီးကျောင်းဝင်းအတွင်းက သင်္ချိုင်းအုတ်ဂူတွေပါ။ များသောအားဖြင့် ဆွေစဉ်မျိုးဆက် အရိုးပြာအိုးများကို မြုပ်နှံထားတတ်ကြပါတယ်။ အရောင်စုံ စက္ကူလေးတွေကပ်ထားတာကတော့ သင်္ချိုင်းဂူကို လာရောက်ပူဇော် ထားကြတာပါ။

နှစ်သစ်ကူး ဒုတိယနေ့မှာ လမ်းဘေးတစ်နေရာမှာ အလှူခံနေကြတဲ့ သက်ကြီးရွယ်အိုများ။

ဘုန်းကြီးကျောင်းဝင်းအတွင်းက နှစ်သစ်ကူးအတွက် ချပေးထားတဲ့ အလှူခံပုံးနဲ့ အမွှေးတိုင်ပူဇော်တဲ့နေရာ

အလှူလဲထည့် ချပေးထားတဲ့ အမွှေးတိုင် ဖယောင်းတိုင်များကိုလည်း ထွန်းညှိပူဇော်

အလှူခံပုံးနောက်က စင်ပေါ်မှာ ရေသပ္ပါယ်နိုင်ဖို့ ဆင်းတုတော်တစ်ဆူကို ရေပုံးရေခွက်များနဲ့ အဆင်သင့် ပြင်ဆင်ထားပေးပါတယ်။
တတိယနေ့ဖြစ်တဲ့ ထငိုင်းလေယန်ဆာကာနေ့ကတော့ ဗုဒ္ဓဆင်းတုတော်များ၊ ဘုရားစေတီများကို ရေသပ္ပါယ်ရတဲ့နေ့ဖြစ်ပါတယ်။ တတိယနေ့ဆိုရင် ဘုရားစေတီတွေ ဘုန်းတော်ကြီးကျောင်းတွေမှာ လူတွေကြိတ်ကြိတ်တိုးနေတတ်ကြပါတယ်။ အဲဒီနေ့မှာတော့ စေတီပုထိုး ဘုရားကျောင်းကန်များမှာရှိတဲ့ ဗုဒ္ဓဆင်းတုတော်များကို အမွှေးနံ့သာရေများနဲ့ဆေးကြော သန့်စင်ကြပြီး ရေသပ္ပါယ်ကြပါတယ်။ ကမ္ဘောဒီးယားက အချို့နယ်ဖက်တွေမှာဆိုရင် မီးသတ်ဌာနက ကားများနဲ့ မီးသတ်ပိုက်များကို ငှားရမ်း အသုံးပြုပြီး ဘုရား စေတီငယ်များကိုပါ ထီးတော်ကနေ ဖိနပ်တော်အထိအောင် ရေပက်ဖျန်းပြီး ဆေးကြောသန့်စင်လေ့ ရှိတတ်ကြကြောင်းကိုလဲ ကြားသိရဖူးပါတယ်။ ခမာလူမျိုးတွေအနေနဲ့ နှစ်သစ်ကူးချိန်မှာ ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပါယ်ရတဲ့ ရည်ရွယ်ချက်ကတော့ လောကမှာ ရှိရှိသမျှသော သက်ရှိသတ္တဝါများ၊ အပင်များအားလုံး အသက်ရှင်ဖို့အတွက် ရေဟာမရှိမဖြစ် အရေးပါတဲ့ လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း အထိမ်းအမှတ် သင်္ကေတကို ဖေါ်ပြတာပဲ ဖြစ်ပါတယ်တဲ့။ အဲဒီလို ရေသပ္ပါယ်ရတဲ့ ကုသိုလ် အကျိုးဆက် အနေနဲ့ကတော့ အသက်ရှည် အနာကင်းခြင်း၊ ကံကောင်းခြင်း၊ စိတ်သောကကင်းပြီး ပျော်ရွှင်ချမ်းမြေ့ခြင်း၊ ပြည့်စုံကြွယ်ဝသော ဘဝကို ပိုင်ဆိုင်ခွင့်ရခြင်း အစရှိတဲ့ ကောင်းကျိုးချမ်းသာတွေ ရရှိနိုင်တယ်လို့ ခမာလူမျိုးများက ယုံကြည်ကြပါတယ်။ နှစ်သစ်ကူးပွဲတော်ရဲ့ တတိယမြောက်နေ့မှာ ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပါယ်ခြင်းအပြင် ခမာတို့ရဲ့ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာအရ ခမာမိသားစုများဟာ အိမ်မှာ အဘိုး အဘွား မိဘများကို အမွှေးနံ့သာရေများနဲ့ ခြေထောက်ဆေးပေးခြင်း၊ ရေချိုးပေးခြင်းများ ပြုလုပ်ကြပြီး လူကြီးများအပေါ် မိမိတို့ ကံသုံးပါးဖြင့် မှားယွင်းခဲ့သည်များ ရှိပါက ခွင့်လွှတ်ရန် ဝန်ချတောင်းပန်ကြပါတယ်။ အဲဒီလို ဝန်ချတောင်းပန်ခြင်းအားဖြင့် ဘိုးဘွားမိဘများထံမှ ဆုမွန်ကောင်းများ ရရှိခြင်း၊ ဘဝအတွက် မှတ်သားထိုက်သော ဆိုဆုံးမစကားများကို လက်ခံနာယူခွင့်ရခြင်းတို့ကြောင့် မိမိတို့ ရှေ့ဆက်ရမယ့် ဘ၀အတွက် အဖိုးတန်သော ဆောင်ရန်ရှောင်ရန် အတွေ့အကြုံများ၊ အကြံဥာဏ်ကောင်းများကို မျိုးဆက်သစ်တွေက လူကြီးများထံမှ လက်ဆင့်ကမ်း ရရှိနိုင်ကြပါတယ်။ အဲဒီ ရိုးရာဓလေ့ရဲ့ကောင်းကျိုးများကြောင့် လူကြီးသူမများရဲ့ အတွေ့အကြုံ ဆိုဆုံးမစကားတွေကို ခမာလူမျိုးတွေဟာ ရှေးယခင်ကတည်းက မိမိတို့ရဲ့ နောင်လာနောက်သား လူငယ်မျိုးဆက်သစ်တွေဆီကို ယနေ့အချိန်ထိတိုင်အောင် တစ်ဆက်ပြီးတစ်ဆက် နှုတ်အားဖြင့် ဆက်လက်ပြီး လက်ဆင့်ကမ်းလာခဲ့ရင်းဖြင့်  ခမာလူမျိုးတို့ရဲ့ ရိုးရာအစဉ်အလာ ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ လိုက်နာ စောင့်ထိန်းအပ်သော ကျင့်ဝတ်များကို အနာဂါတ်မှာ မပျောက်မပျက်သွားရအောင် ဆက်လက်ပြီး ထိန်းသိမ်း လာနိုင်ခဲ့ကြတယ်လို့ ယုံကြည်ထားကြပါတယ်။

ကူးလင်းကျောက်တောင်ပေါ်က ကျောက်ဖျာချပ်ကြီးအောက်က ရုပ်ပွားတော်များနဲ့ ရင်ပြင်ပေါ်က နှစ်သစ်ကူး ကန်တော့ပွဲ
 


ကူးလင်းတောင်ပေါ်က ရုပ်ပွားတော်

ရွှေရောင် ငွေရောင် အချွန်အတက်များက Ready made ဘေဆေးတွေဖြစ်ပါတယ်။
အနီးကပ်ရိုက်ထားပါတယ်။

နှစ်သစ်ကူးပွဲတော်အတွက် အလှူခံပုံးနဲ့ ဆင်းတုတော် ရေသပ္ပါယ်ရာ ယာယီစံနန်းလေး
 



ဘီလူးစောင့်တဲ့ ဇရပ်
(ကြည့်ရတာ သေးနေရင် ပုံတွေကို ကလစ်နှိပ်ကြည့်လို့ရပါတယ်။)


(ဆက်ရန်)


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Saturday, April 14, 2012

ခမာ တို့ရဲ့ နှစ်သစ်ကူးပွဲတော် (အပိုင်း တစ်)

ဒီတခါတော့ ကမ္ဘောဒီးယားနိုင်ငံက ခမာလူမျိုးတွေရဲ့နှစ်သစ်ကူးပွဲတော် ဆင်နွဲကြပုံ အကြောင်းလေးတွေပြောပြမယ်နော်။ ကမ္ဘောဒီးယားနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ခမာလူမျိုးတွေရဲ့ ရိုးရာပြက္ခဒိန်မှာ ခုနှစ်သက္ကရာဇ်တွေကို ဗုဒ္ဓသာသနာနှစ်နဲ့ပဲရေတွက် အသုံးပြုကြပါတယ်။ ခမာရိုးရာပြက္ခဒိန် စနစ်ကတော့ ရှေးဟောင်း ဟိန္ဒူပြက္ခဒိန်နဲ့ တရုတ်ရိုးရာပြက္ခဒိန်နှစ်မျိုးကို အခြေခံ ပေါင်းစပ်ထားတဲ့ စနစ်ကို အသုံးပြုပါတယ်။ ခမာနှစ်တွေကို တရုတ်ပြက္ခဒိန် နှစ်တွေအတိုင်းပဲ သက်ဆိုင်ရာ တိရစ္ဆာန် အကောင် ဆယ့်နှစ်မျိုး သင်္ကေတ (Chinese Zodiac Signs) များနဲ့ နာမည်ပေး သတ်မှတ်ကြပေမယ့် လတွေကို ပိုင်းခြား သတ်မှတ်တာကတော့ မြန်မာလတွေလို လပြည့်လကွယ်နဲ့တွက်ချက်ပြီး ခမာလတွေကို နာမည်ပေးရာမှာတော့ ဗေဒင်ပညာမှာသုံးတဲ့ ရာသီခွင်တွေကို အခြေခံထားပါတယ်။ ဥပမာဆိုရရင် ခမာနှစ်သစ်ရဲ့ ပထမဦးဆုံးလကို ခမာဘာသာစကားနဲ့ “မေ(အ်)ဆာ” လို့ အသံထွက်ပါတယ်။ ဗမာသံနဲ့ ဖလှယ်ရင်တော့ မိဿ ဆိုတဲ့ အသံထွက်ပါလိမ့်မယ်။ ရာသီခွင် အနေနဲ့လည်း မိဿ ရာသီပါ။ (ခမာလို “သ” သံမရှိလို့ “ဆ” သံနဲ့သုံးပါတယ်။ “သာသနာ” ကို ခမာစကားနဲ့ “ဆာဆနာ” လို့ပဲခေါ်ပါတယ်ရှင်။) တခြား အာရှနိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာ၊ ထိုင်း၊ လာအိုနဲ့ အိန္ဒိယနိုင်ငံက တချို့နေရာဒေသတွေလို ခမာနှစ်သစ်ကူးချိန်ဟာ မြန်မာတို့ရဲ့ နှစ်သစ်ကူး အတာသင်္ကြန် အချိန်နဲ့ အတူတူပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံက နှစ်သစ်ပွဲတော် ကျင်းပကြပုံနဲ့ ကမ္ဘောဒီးယားက ခမာလူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲ ကျင်းပကြပုံမှာတော့ ဗုဒ္ဓဘာသာ ယုံကြည်မှုအရ ဆင်တူရိုးမှားလေးတွေရှိသလို ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေပေါ် မူတည်ပြီးတော့ ကွဲပြားခြားနားမှု တွေလဲ အများကြီး ရှိပါတယ်။

ပထမဆုံး အနေနဲ့ ခမာနှစ်သစ်ကူး ဘယ်ကစခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီလေး ကိုပြောပြမယ်နော်။ ခမာလူမျိုးတွေအားလုံး အစဉ်အဆက် ယုံကြည် လက်ခံလာကြတဲ့ ခမာ နှစ်သစ်ကူးပွဲတော်ရဲ့ အစဟာ မြန်မာတွေသိကြတဲ့ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကနေ စတာချင်း အတူတူပါပဲ။ ခမာ နှစ်သစ်ကူး ရာဇ၀င်အကြောင်း ဒဏ္ဍာရီ ပုံပြင်လေးက ဒီလိုပါ။ ဟိုးရှေးရှေးတုံးက ချမ်းသာကြွယ်ဝတဲ့ မိဘများကနေ မွေးဖွားလာတဲ့ ဓမ္မဗလ ပါလ ကုမာရ ဆိုတဲ့ လူငယ်လေးဟာ ငှက်တွေရဲ့ပြောစကား အပါအ၀င် ဘာသာစကား လေးမျိုးကို နှံ့စပ်တတ်ကျွမ်းပြီး ခုနစ်နှစ်သား အရွယ်မှာကတည်းက ရှေးဟောင်း စာပေအရေးအသားတွေနဲ့ ရဟန်းသံဃာတွေသာ သင်ကြားရတဲ့ အဆင့်မြင့် ကျမ်းဂန်စာပေများကိုပါ တတ်ကျွမ်းဖတ်ရွတ်နိုင်တဲ့အပြင် တွေးခေါ်မြော်မြင်တတ်တဲ့ ဥာဏ်ပညာအရာမှာပါ ထူးချွန်ထက်မြက်လွန်းလို့ ပြဿနာအပေါင်းကို အခက်အခဲမရှိ ဖြေရှင်းပေးနိုင်တဲ့ ပညာရှိလူငယ်လေးအဖြစ် လူ့ပြည်တခွင်မှာ အလွန်ကျော်ကြားလှပါသတဲ့။ အဲဒီလို ပညာရှိလူငယ်လေး ဓမ္မဗလ ရဲ့ သတင်းဟာ အတိုင်းတိုင်း အပြည်ပြည်မှာ ထင်ရှားကျော်ကြားရာကနေ နောက်ဆုံးနတ်ပြည်အထိတောင် သူ့ရဲ့ဂုဏ်သတင်းဟာ ပျံ့နှံ့ရောက်ရှိသွားပြီးနောက် နတ်တို့ရဲ့အကြီးအမှူးဖြစ်တဲ့ ကဘိလမဟာဗြဟ္မာမင်းကြီးရဲ့ နားတော်အထိပေါက်ကြားသွားပါတယ်။
ဗြဟ္မာမင်းကြီးဟာ ဓမ္မဗလရဲ့ ကျော်ကြားလှတဲ့ ပညာစွမ်းကို မနာလိုစိတ်ဖြစ်ပေါ်လာပြီး မခံချင်စိတ်နဲ့ စမ်းသပ်ချင်လှတဲ့အတွက် လူ့ပြည်ကို ဆင်းသက်လာပြီးနောက် ဓမ္မဗလကိုတွေ့ဆုံကာ ဥာဏ်ပညာချင်းယှဉ်ပြိုင်ဖို့ စိန်ခေါ်တဲ့အနေနဲ့ အလောင်းအစားတစ်ခုပြုလုပ်မှာဖြစ်ကြောင်းပြောပါတယ်။
လောင်းကြေးကတော့ ဗြဟ္မာမင်းကြီးက မေးမြန်းတဲ့မေးခွန်းသုံးခုကို ခုနစ်ရက်အတွင်း ဓမ္မဗလ က ဖြေဆိုနိုင်ခဲ့ရင် ဗြဟ္မာမင်းကြီးက သူ့ဦးခေါင်းကို သူကိုယ်တိုင်ဖြတ်ပြီး ဓမ္မဗလကိုပေးအပ်မယ်။ ခုနစ်ရက်ပြည့်တဲ့အထိ အဖြေမှန် မပေးနိုင်ခဲ့ရင်တော့ ဓမ္မဗလရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဗြဟ္မာမင်းကို ဆက်သရမယ်လို့ သဘောတူကြပြီး အလောင်းအစား ပြုလုပ်ကြပါတယ်။
ဗြဟ္မာမင်းကြီးက ဓမ္မဗလကို -
လူသားတွေအတွက် ပျော်ရွှင်မှုဟာ မနက်ခင်းအချိန်မှာ ဘယ်နေရာမှာ တည်ပါသလဲ။
နေ့လည်ခင်း အချိန်မှာ ဘယ်နေရာမှာ တည်ပါသလဲ။
ညအချိန်အခါမှာ ဘယ်နေရာမှာ တည်ပါသလဲ။
 - ဆိုတဲ့ မေးခွန်း သုံးခုကို မေးမြန်းပါတယ်။ အဲဒီနောက် ဗြဟ္မာမင်းကြီးက မေးခွန်းများကို ဖြေဖို့အတွက် ခုနစ်ရက် အချိန်ပေးခဲ့ပြီး နတ်ပြည်ကို ပြန်သွားပါသတဲ့။ ဓမ္မဗလလည်း မေးခွန်းတွေအားလုံးကို မှန်ကန်တဲ့ အဖြေ ပေးနိုင်ဖို့ နေ့နေ့ညည အမျိုးမျိုး စဉ်းစား ကြံဆ တွေးတောပါသော်လည်း အဖြေမှန်ကို စဉ်းစား မရတဲ့အပြင် သူဖတ်မှတ်ခဲ့ဖူးတဲ့ ရှေးဟောင်းစာပေ ကျမ်းဂန်တွေထဲအထိ နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားလေ့လာ ရှာဖွေတာတောင်မှ နီးစပ်တဲ့ အဖြေလောက်ကိုတောင် ဘယ်လိုမှ ရှာမရနိုင်ဖြစ်နေခဲ့သတဲ့။ အဲဒီလိုနဲ့ အဖြေမှန်ကို ဘယ်လိုမှ ရှာမတွေ့ဘဲ ခုနစ်ရက်စေ့ခါနီး ဖြစ်လာတဲ့အခါမှာတော့ ဓမ္မဗလဟာ စိတ်ဓါတ်ကျစွာနဲ့ မိမိကိုယ်ကို သတ်သေဖို့ရာ ကြံစည် စိတ်ကူးပြီး တောထဲကို တစ်ယောက်တည်း ထွက်လာခဲ့ပါရောတဲ့။ တောစပ်နားအရောက်မှာ ထန်းပင်တစ်ပင်အောက် ခဏ၀င်ထိုင်ပြီး အနားယူနေတုန်း ထန်းပင်ပေါ်က လင်းယုန်မောင်နှံနှစ်ကောင် လူ့လောကမှာရှိတဲ့ပျော်ရွှင်မှုတွေအကြောင်း ပြောဆိုဆွေးနွေးနေကြတဲ့ အသံကို အမှတ်တမဲ့ ကြားမိရာကနေ သူလိုချင်နေတဲ့ မေးခွန်းတွေရဲ့ အဖြေကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ အဲဒါနဲ့ ဓမ္မဗလလည်း ၀မ်းမြောက်ဝမ်းသာ အိမ်ကိုပြန်လာခဲ့ပြီး ခုနစ်ရက်စေ့မယ့် အချိန်ကိုစောင့်ဆိုင်းနေတော့တာပေါ့။ ခုနစ်ရက်ပြည့်မြောက်လို့ ဗြဟ္မာမင်းကြီး ရောက်ရှိလာတဲ့အချိန် ဓမ္မဗလက အဖြေများကို တစ်ခုချင်း အသေအချာ ဖြေကြားရာမှာ -

ပထမ မေးခွန်းကို ဖြေတာက -
          မနက်ခင်း အချိန်မှာ လူသားတွေရဲ့ ပျော်ရွှင်မှုဟာ မျက်နှာမှာ တည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်အိပ်ယာက နိုးထတဲ့အချိန်မှာ မျက်နှာကို ရေနဲ့ ဆေးကြောပြီး မျက်နှာသစ်ရတဲ့အတွက် ဖြစ်ပါတယ်။

ဒုတိယ မေးခွန်းကိုတော့ -
          နေ့လည်ခင်း အချိန်မှာ လူသားတွေရဲ့ ပျော်ရွှင်မှုဟာ ရင်ဘတ်မှာ တည်ပါတယ်။ နေ့လည်ခင်းအချိန်မှာ အပူဒါဏ်က ကင်းဝေးစေဖို့ ကိုယ်ခန္ဓာကို ရေသွန်းလောင်းပြီး ရေချိုးသန့်စင်ကြရလို့ ဖြစ်ပါတယ်။

တတိယ မေးခွန်းရဲ့ အဖြေက -
          ညအချိန်မှာတော့ လူသားတွေရဲ့ ပျော်ရွှင်မှုဟာ ခြေထောက်မှာ တည်ပါတယ်။ ညအိပ်ယာမ၀င်ခင်မှာ ခြေထောက်များကို သန့်ရှင်းအောင် ရေနဲ့ ဆေးကြောပြီးမှ အိပ်ကြရလို့ဖြစ်ပါတယ် လို့ ဖြေဆိုလိုက်ပါတယ်။

ဓမ္မဗလ ဖြေဆိုတဲ့ အဖြေတွေအားလုံးက အတိအကျ မှန်ကန်နေတာကြောင့် ကဘိလ မဟာ ဗြဟ္မာမင်းကြီးဟာ ကတိအတိုင်း သူ့ဦးခေါင်းကို သူကိုယ်တိုင် ဖြတ်ရတော့မှာ ဖြစ်တဲ့အတွက် နတ်ပြည်က သမီးတော် ခုနစ်ပါးကို ခေါ်ယူကာ အကြီးဆုံး သမီးတော်ကို မိမိရဲ့ ဦးခေါင်းတော်ကို ဖြတ်ပြီးတဲ့အခါ ရွှေကလပ်ပေါ်မှာတင်ကာ ကိုင်ဆောင်ပြီး မေယုတောင်ကို မိနစ် ခြောက်ဆယ် ပြည့်အောင် ပတ်ပြီးတဲ့နောက် ကောင်းကင်ဘုံက ခိမလိုင် ၀တ်ကျောင်းတော်ကို ယူဆောင်လာဖို့ မှာကြားစေခိုင်းပါတယ်။ အကြောင်းကတော့ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းပြတ်ကို မြေပြင်ကိုပစ်ရင် မြေပြင်က မီးဟုန်းဟုန်း တောက်လောင်မှာ ဖြစ်သလို ကောင်းကင်ကိုပစ်ရင်လည်း မိုးမရွာနိုင်တော့ပဲ မိုးခေါင်တဲ့ဒါဏ် ခံရမှာဖြစ်ပြီးတော့ သမုဒ္ဒရာမှာ ချရင်တော့ သမုဒ္ဒရာရေတွေ အားလုံး ခမ်းခြောက်သွားမှာဖြစ်တဲ့အတွက်ကြောင့် ဦးခေါင်းတော်ထည့်ထားတဲ့ ရွှေကလပ်ကို သီတင်းတစ်ပတ်ရဲ့ နေ့ခုနစ်နေ့ကို ကိုယ်စားပြုတဲ့ သမီးတော် ခုနစ်ပါးက အလှည့်ကျ ကိုင်ထားကြရမှာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကစလို့ ဗြဟ္မာမင်းကြီးဟာ နှစ်သစ်ကူးချိန်မှာ လူသားတွေကို ကောင်းချီးမင်္ဂလာ မပေးနိုင်တော့ပါဘူး။ အဲဒါကြောင့် နှစ်သစ်ကူးတိုင်းမှာ သမီးတော် ခုနစ်ပါးထဲက တစ်နှစ်တစ်ပါးစီ အလှည့်ကျ လူ့ပြည်ကို ဆင်းသက်စေပြီး ဗြဟ္မာမင်းကြီးရဲ့ကိုယ်စား လူသားတွေကို ကောင်းချီးမင်္ဂလာ ပေးစေတယ်လို့ ဆိုကြပါတယ်။ အဲဒီအတွက်ကြောင့် ခမာလူမျိုးများဟာ နှစ်သစ်မှာ နတ်ပြည်က ဆင်းသက်လာမယ့် နှစ်သစ်နတ်သမီး ထံက ရှေ့လာမယ့် တနှစ်တာလုံးအတွက် သက်ရှည်၊ ကျန်းမာ၊ ကံကောင်း၊ ဘေးရန်ကင်းရှင်းကာ စီးပွားလာဘ်လာဘများ တိုးစေဖို့၊ လောကီ လောကုတ္တရာ ကောင်းကျိုးများခံစားရစေဖို့အတွက် နတ်သမီးကပေးသော ကောင်းချီးမင်္ဂလာတွေကို တနှစ်တာပတ်လုံးခံယူနိုင်ဖို့ အလှည့်ကျတဲ့ နတ်သမီး ကောင်းကင်ဘုံကနေ နောက်လိုက်နောက်ပါ အခြွေအရံများနဲ့တကွ ဆင်းသက်လာချိန်မှာ ရိုးရာဓလေ့ ပူဇော်ပသမှုများနဲ့အတူ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး နှစ်သစ်ကူး ပွဲတော်ကို ကျင်းပကြတာ ဖြစ်ပါတယ်။

တနှစ်တာပတ်လုံးမှာ ဆင်နွှဲကြတဲ့ ရိုးရာပွဲတော်များအနက် ခမာနှစ်သစ်ကူးပွဲတော်ဟာ ခမာလူမျိုးတွေအတွက်တော့ ဘာသာရေးအရကော ယဉ်ကျေးမှုအရပါ အဓိကကျပြီး အရေးပါတဲ့ ပွဲတော်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ခမာ ဘာသာစကားနဲ့ နှစ်သစ်ကူးပွဲတော်ကို “ချိုလ် ချနာမ် ထမိုင်း(အ်)” (Chaul Chnam Thmey) လို့အသံထွက်ပါတယ်။ အဓိပ္ပါယ်ကတော့ နှစ်သစ်ကို ကူးပြောင်း ရောက်ရှိချိန်လို့ ဆိုရပါလိမ့်မယ်။ ခမာ နှစ်သစ်ကူးပွဲတော်ဟာ နှစ်စဉ်နှစ်တိုင်း ဧပြီလ ၁၃ ရက်နေ့ ကနေ ၁၅ ရက်နေ့အထိ သုံးရက်တိတိ ကျင်းပလေ့ရှိကြပါတယ်။ တခါတရံ တချို့ ရက်ထပ်နှစ်တွေမှာတော့ ၁၄ ရက် ကနေ ၁၆ ရက် ဖြစ်တတ်တာမျိုး ရှိပေမယ့် များသောအားဖြင့်ကတော့ ၁၃၊ ၁၄၊ ၁၅ ရက်တွေပဲ ဖြစ်တာ များပါတယ်။ ခမာလူမျိုးတွေမှာလည်း နှစ်သစ်ကူးပွဲတော်အတွက် နှစ်စဉ်နှစ်တိုင်း ပွဲတော် မတိုင်ခင်က ကြိုတင် ထုတ်ဝေထားတဲ့ သင်္ကြန်စာရှိပါတယ်။ အဲဒီ မဟာ သင်္ကြန် စာအုပ် (Maha Songkran Book) ထဲမှာ ဗေဒင် နက္ခတ္တပညာရှင် ပုဏ္ဏား ဟူးရားများက လာမယ့် နှစ်သစ်အတွက် လိုအပ်တာများကို ဗေဒင် နက္ခတ်များနဲ့ ကြိုတင် တွက်ချက်ပြီး ရေးသား လမ်းညွှန်ထားကြပါတယ်။ ခမာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ နှစ်သစ်ကူးရက် မတိုင်ခင် ရက်များမှာ မိမိတို့ အိမ်များကို သပ်ရပ် သန့်ရှင်းအောင် ရှင်းလင်း ဆေးကြော သုတ်သင်ပြီး ဆေးအသစ်များ ထပ်မံသုတ်ခြင်း၊ ၀င်းထရံများကို ထုံးသုတ်ခြင်း၊ နေအိမ်ရှိ ဘုရားစင် နတ်စင်များကို ရှင်းလင်း သန့်စင်ခြင်းများကို ကြိုတင် ပြုလုပ်ထားရသလို နှစ်သစ်မှာ မင်္ဂလာရှိဖို့အတွက် အ၀တ်သစ် အစားသစ်များကိုလည်း ၀ယ်ယူ ချုပ်လုပ် အသင့်ပြင်ဆင် ထားတတ်ကြပါတယ်။ ခမာဓလေ့မှာ သီတင်းကျွတ် တန်ဆောင်တိုင် ပွဲတော်တွေဆို အိမ်တွေမှာ မီးထွန်းလေ့မရှိကြဘဲ နှစ်သစ်ကူး ပွဲတော်သုံးရက်မှာသာ အိမ်ပေါက်စေ့ မီးပုံးတွေ မီးရောင်စုံတွေ လျှပ်စစ်မီးသီးအလှတွေ ထွန်းညှိတတ်ကြလို့ ခမာ နှစ်သစ်ကူးနားနီးလာရင် မီးပုံးတွေ မီးသီးတွေရောင်းတဲ့ ဆိုင်တွေ အများကြီးပါပဲ။
(အောက်က ဓါတ်ပုံတွေက နှစ်သစ်ကူးမှာ မီးထွန်းဖို့ မီးပုံးတွေနဲ့ အိမ်မှာ အလှဆင်ချိတ်ဆွဲဖို့ မီးသီး၊ စာတန်း၊ ရောင်စုံ အလှဆင် ပန်းကုံးများနဲ့ ဘက်ထရီနဲ့ မီးလင်းတဲ့ အလှပန်းအိုး စတာတွေကိုရောင်းချတဲ့ ဆိုင်တွေပါ။)










(ဆက်ရန်)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, March 9, 2012

ကမ္ဘောဒီးယားနဲ့ အခြား ကမ္ဘာ့နိုင်ငံများက နှုတ်ဆက်နည်းများ

နှုတ်ဆက်ခြင်းဆိုတာ လူသားအချင်းချင်း တွေ့ဆုံဆက်ဆံကြတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အသိအမှတ်ပြုခြင်းကို  ဖေါ်ပြတဲ့ အပြုအမူတစ်ရပ်ဖြစ်သလို လေးစားသမှု၊ ယဉ်ကျေးဖွယ်ရာမှု၊ ရင်းနှီးခင်မင်မှုတွေကို ပြသတဲ့ အပြောအဆို အမူအယာလို့လဲ ဆိုနိုင်ပါတယ်။ 

လူသားတွေတင်မက ခွေးကလေးတွေ ကြောင်ကလေးတွေလို တိရစ္ဆာန်တွေမှာတောင် အချင်းချင်း တွေ့ကြဆုံကြတဲ့အခါ နှုတ်ဆက်တဲ့ အပြုအမူအနေနဲ့ တစ်ကောင်နဲ့တစ်ကောင် အသိအမှတ်ပြုတဲ့ အသံတွေ အမူအယာမျိုးတွေ လုပ်တတ်ကြတာကို တိရစ္ဆာန်ကလေးတွေနဲ့ အနီးကပ် တရင်းတနှီး နေထိုင်ဖူးတဲ့သူများ သတိထားမိကောင်း ထားမိကြမှာပါ။ လူသားဆိုတာကတော့ သတ္တလောကမှာ အဆင့်အတန်းမြင့်တဲ့ သတ္တ၀ါတွေမို့ လူသားအချင်းချင်းကြား ဆက်သွယ်မှုတွေမှာ ပိုမိုလေးနက်ပြီး အဓိပ္ပါယ်ပါတဲ့ အပြုအမူ အပြောအဆိုနဲ့ ဟန်ပန်အမူအယာတွေ ပါဝင်နေမှာမလွဲပါဘူး။ နှုတ်ဆက်ခြင်းအမှုဟာ အထူးသဖြင့် လူသားတွေ အချင်းချင်း တွေ့ဆုံကြတဲ့အချိန်မှာ မိမိတို့ရဲ့ ဖြစ်တည်မှုတွေကို အသိအမှတ်ပြုခြင်း၊ အလေးထားမှုကို ဖေါ်ထုတ်ပြသခြင်းနဲ့ တစ်ဦးချင်းစီရဲ့ အနေအထား၊ ပတ်သက်ဆက်နွယ်မှု၊ ရာထူး ဂုဏ်ရှိန် အဆင့်အတန်း (type of relationship or social status) တွေအပေါ်မူတည်ပြီးတော့ တစ်ဦးနဲ့တစ်ဦးကြား အလေးဂရုထားကာ အပြန်အလှန် အသိအမှတ်ပြု ပြောဆို လှုပ်ရှား ပြုမူကြရတဲ့ အပြုအမူလုပ်ဆောင်ချက် တစ်ခုအနေနဲ့ လူသားချင်း ဆက်သွယ် ပေါင်းသင်းကြရာမှာ အရေးပါလှပါတယ်။

လူသားတွေရဲ့ နှုတ်ဆက်နည်းတွေမှာ အဓိက အမျိုးအစား သုံးမျိုးရှိတယ်လို့ မှတ်သားဖူးခဲ့ပါတယ်။ နှုတ်စကားသက်သက်ဖြင့် နှုတ်ဆက်နည်း၊ ခြေဟန် လက်ဟန် ကိုယ်ဟန် အမူအယာ အပြုအမူ လှုပ်ရှားမှုတစ်မျိုးမျိုးဖြင့် နှုတ်ဆက်နည်းနဲ့ နှုတ်ဆက်စကားကော ကိုယ်ဟန် အမူအယာကော နှစ်မျိုးလုံး ပါဝင် ပေါင်းစပ်ထားတဲ့ နှုတ်ဆက်နည်း ဆိုပြီး သုံးမျိုးသုံးစားရှိတယ်လို့ သိမှတ်ဖူးပါတယ်။ နှုတ်ဆက်ခြင်းဓလေ့ဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေပေါ်မှာ အဓိက အခြေခံတာမို့လို့ ကမ္ဘာပေါ်မှာ နေရာဒေသ လူမျိုးနဲ့ ဘာသာတွေ ကွဲပြားတာနဲ့အမျှ နှုတ်ဆက်တဲ့ ဓလေ့တွေကလည်း အမျိုးမျိုးအဖုံဖုံ ကွဲပြားခြားနားကြမှာ အမှန်ပါပဲ။ လူသားအချင်းချင်း နှုတ်ဆက်ခြင်းဆိုတဲ့ အပြုအမူမှာ နေရာဒေသ လူမျိုး ဘာသာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာများကို လိုက်ပြီး နှုတ်ခွန်းဆက် ပဋိသန္ဓာရစကားဆိုခြင်း၊ လက်ဝှေ့ယမ်းခြင်း၊ နဖူးပေါ်လက်တင်၍ အရိုအသေပြုခြင်း၊ ဦးညွှတ်ခြင်း၊ ဦးခေါင်းညိတ်ခြင်း၊ နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်း၊ လက်အုပ်ချီခြင်း၊ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ကြက်ခြေခတ်ပုံသဏ္ဍာန် ယှက်ခြင်း၊ ပါးချင်းအပ်ခြင်း အစရှိတဲ့ ပြောဆို လှုပ်ရှားမှု ပုံသဏ္ဍာန် အမျိုးမျိုးတွေ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ပါဝင်နိုင်ပါတယ်။

ကမ္ဘာအနှံ့အပြားက အချို့သော လူမျိုးတွေမှာဆိုရင် အင်မတန် ထူးခြားဆန်းပြားတဲ့ နှုတ်ဆက်နည်းမျိုးတွေ ရှိကြတဲ့ အကြောင်းတွေကိုလည်း လေ့လာ သိရှိခဲ့ဖူးပါတယ်။ ဥပမာဆိုရရင် နယူးဇီလန်က လူမျိုးစုတွေမှာ နဖူးချင်းထိ နှာခေါင်းထိပ်ချင်း အသာအယာ ပွတ်ပြီး နှုတ်ဆက်ကြတဲ့ ဓလေ့ရှိသလို တိဘက်ဒေသမှာဆိုရင်လဲ တစ်ဦးနဲ့ တစ်ဦးတွေ့တဲ့အခါ အပြန်အလှန် လျှာထုတ်ပြပြီး နှုတ်ဆက်လေ့ရှိကြပါတယ်။ (မသိရင် ပြောင်ပြနေကြတယ် ထင်မှာပဲနော်။ :P)

နယူးဇီလန်က နှုတ်ဆက်နည်းပါ။

ဒါကတော့ တိဘက်လူမျိုးတစ်ယောက်ရဲ့ နှုတ်ဆက်ပုံပါပဲ။
ပိုလီနီးရှန်း ကျွန်းစုတွေပေါ်က လူမျိုးတွေကတော့ တစ်ဦးနဲ့ တစ်ဦး မျက်နှာချင်းအပ်ပြီး ပါးကို တိရိစ္ဆာန်များ အနံ့ခံသလိုမျိုး တရှုံ့ရှုံ့နဲ့ အနံ့ခံပြီး နှုတ်ဆက်တတ်ကြပါတယ်တဲ့။ (အနံ့အသက် မကောင်းရင် ဒုက္ခ.. အနံ့ခံရတယ်ဆိုတော့ အသက်အောင့် ထားလို့လဲ ရမယ်မထင်.. ) အာဖရိကတိုက်မှာ နေထိုင်ကြတဲ့ အချို့သော လူမျိုးစုများရဲ့ ဓလေ့ကတော့ မျက်နှာကို တံတွေးနဲ့ ထွေးပြီး နှုတ်ဆက်ကြတယ်လို့ ဆိုပါတယ်။ ဒါမှမဟုတ်ရင်လည်း မိမိတို့ရဲ့ လက်ဖ၀ါးထဲကို တံတွေးအရင်ထွေးပြီးမှ အဲဒီတံတွေးဆွတ်ထားတဲ့ လက်များနဲ့ လက်ဆွဲ နှုတ်ဆက်ကြပါတယ်တဲ့။ (ဒီနှုတ်ဆက်နည်းကတော့ အော့.. အော့.. )

အာဖရိက က နောက်လူမျိုးစုတစ်ခုရဲ့ နှုတ်ဆက်နည်းကတော့ စည်းဝါးကိုက် လှုပ်ရှားရတဲ့ အကလိုပုံစံမျိုး ခြေဟန် လက်ဟန် အမူအယာတွေကို လုပ်ရပါတယ်။ အဲဒီလူမျိုးစုက လူနှစ်ယောက် ဆုံမိကြလို့ နှုတ်ဆက်ကြတဲ့အခါ သတ်မှတ်ထားတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို သတ်မှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း စည်းချက်ကျကျ နှစ်ယောက်လုံးက ညီညီညာညာ တပြိုင်နက်တည်း လုပ်ကြရပါတယ်။ (အဲဒီလို နှုတ်ဆက်နည်းမျိုးကို ဘေးကနေကြည့်ရရင် ယိမ်းအကကြည့်နေရသလိုမျိုး အတော်ကြည့်ကောင်းမယ်လို့ ထင်မိသား…) အဲ အာဖရိက က များပြားလှတဲ့ လူမျိုးစုတွေထဲက နောက်တစ်မျိုးမှာတော့ အချင်းချင်း တွေ့ကြတယ်ဆိုရင် နှုတ်ဆက်တဲ့ သင်္ကေတအနေနဲ့ လက်ခုပ် တစ်ချက်တိတိပဲ တီးရပါတယ်တဲ့။ (အင်း… မှားပြီးများ နှစ်ချက်တွေ သုံးချက်တွေ တီးမိနေရင် ဘာ အဓိပ္ပါယ်နဲ့ သင်္ကေတတွေများ ဖြစ်မလဲမသိ… )

အက်စကီးမိုးတွေရဲ့ နှုတ်ဆက်နည်းက နယူးဇီလန်နဲ့ နည်းနည်းဆင်ပါတယ်။ အချင်းချင်း နှာခေါင်းထိပ်ချင်းထိ နှုတ်ခမ်းချင်းထိပြီး အသာအယာ နမ်းတာပါ။ ကလေးငယ်လေးတွေကို တွေ့ရင် ပါးကိုဖွဖွနမ်းပုံနဲ့ ခပ်ဆင်ဆင်တူတယ်လို့ ဆိုပါတယ်။ ပါးအစား နှာခေါင်းချင်းထိပြီး နမ်းတယ်ဆိုပါတော့။

Inuit လို့ခေါ်တဲ့ အက်စကီးမိုး လူမျိုးတွေရဲ့ နှုတ်ဆက်ကြပုံ။
အနောက်နိုင်ငံတွေမှာကတော့ အများအားဖြင့် လက်ဆွဲနှုတ်ဆက်နည်းက နိုင်ငံအတော်များများမှာ တွင်ကျယ်ပါတယ်။ အချို့သောနိုင်ငံတွေမှာတော့ အပြန်အလှန် ပါးချင်းအပ်တဲ့ နှုတ်ဆက်နည်းမျိုးရှိသလို ပါးနှစ်ဖက်ကို ဖွဖွနမ်းရတဲ့ နှုတ်ဆက်နည်း ဓလေ့တွေလည်း ရှိကြပါတယ်။ အချင်းချင်း ရင်ချင်းအပ် ကျောကိုလက်နှစ်ဖက်နဲ့သိုင်းပြီး ပွေ့ဖက်နှုတ်ဆက် ကြတာမျိုးတွေလည်း အချို့ အနောက်နိုင်ငံ ဓလေ့တွေမှာ ရှိပါတယ်။

ပြင်သစ်နိုင်ငံက နှုတ်ဆက်နည်းက ပါးကို အနမ်းဖွဖွပေးရပါတယ်။ ယောက်ျား မိန်းမ ကလေး မခွဲပါဘူး။ (ခမာပြည်မှာ ပြင်သစ်လူမျိုးတွေ အများကြီး နေထိုင်ကြလို့ အဲဒီလို နှုတ်ဆက်နည်းမျိုးကို ဒီမှာ မကြာခဏ တွေ့ရပါတယ်။)

ပါးချင်းအပ်တဲ့ နှုတ်ဆက်နည်း

ဒါလဲ ပါးချင်းအပ်နည်း တစ်မျိုးပါပဲ။

ဒါကတော့ ပွေ့ဖက် နှုတ်ဆက်နည်းပါ။
နှုတ်ဆက်နည်း ဓလေ့တွေ အမျိုးမျိုးရှိကြတဲ့အထဲမှာ အာရှလို အရှေ့တိုင်း နိုင်ငံတွေက နှုတ်ဆက်နည်းတွေမှာတော့ လူအချင်းချင်း ထိတွေ့မှုထက် ရိုသေသမှု လေးစားသမှုတွေကို ပြတဲ့ ကိုယ်ဟန်အမူအယာ အပြောအဆိုတွေကို ပိုပြီး အလေးထား ဖေါ်ပြတတ်ကြတယ်လို့ ထင်မိပါတယ်။ ဂျပန်တို့ ကိုရီးယားတို့ ယဉ်ကျေးမှုမှာဆိုရင် ခါးလေးကိုင်း ခေါင်းလေးငုံ့ပြီး ဦးညွှတ်နှုတ်ဆက်တတ်ကြသလို အိန္ဒိယ၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှားက ဘာလီကျွန်း အစရှိတဲ့ နိုင်ငံတွေမှာတော့ လက်အုပ်ကလေးချီ ဦးခေါင်းလေးညွှတ်ပြီး နှုတ်ဆက်တဲ့ ဓလေ့တွေ ရှိကြပါတယ်။ ကမ္ဘာ အနှံ့အပြားက နှုတ်ဆက်နည်း ယဉ်ကျေးမှုတွေဟာ တကယ့်ကို စိတ်ဝင်စားဖွယ်ရာ ကောင်းလှတဲ့ အကြောင်းအရာ တစ်ခုပါပဲ။ လေ့လာမယ်ဆို ကုန်နိုင်ဖွယ်မရှိပါဘူး။ 

ကိုရီးယားနိုင်ငံက နှုတ်ဆက်နည်း

ဂျပန်လူမျိုးများရဲ့ နှုတ်ဆက်နည်း

ဘာလီကျွန်းသား တစ်ဦး နှုတ်ဆက်နေပုံပါ။
ဆက်ပြီးတော့ ကမ္ဘောဒီးယားကခမာလူမျိုးတွေရဲ့ နှုတ်ဆက်နည်း ကိုလည်း ပြောပြချင်ပါတယ်။ ခမာ လူမျိုးတွေ နှုတ်ဆက်တဲ့အခါမှာ နှုတ်က ပဋိသန္ဓာရ စကားကို ဆိုရင်း လက်နှစ်ဖက်ကို လက်အုပ်ချီကာ အနည်းငယ် ဦးညွှတ်ပြီး ရိုကျိုးတဲ့ ကိုယ်ဟန် အမူအယာကို ပြရပါတယ်။ အဲဒီအပြုအမူကို ခမာလိုတော့ ဆမ်ဖီးယား (Sampheah) လို့ခေါ်ပါတယ်။ လွယ်လွယ် ပြောရရင် ခမာလို နှုတ်ဆက်တဲ့အခါ ဆမ်ဖီးယား လုပ်ရပါတယ်။

Apsara ကချေသည်တစ်ဦး ပရိသတ်ကို ဆမ်ဖီးယားလုပ်ပြီး နှုတ်ဆက်နေပုံပါ။
ဆမ်ဖီးယား လုပ်တဲ့အခါမှာ လက်အနေအထားပိုမြင့်လေ၊ ဦးခေါင်းညွှတ်တာ ပိုနိမ့်လေ၊ ရိုသေ လေးစားမှု၊ ဂါရ၀ ထားရှိမှုအဆင့် ပိုမိုမြင့်မားကြောင်းကို ဖေါ်ပြလေဖြစ်ပါတယ်။ ခမာလူမျိုးတွေဟာ ဆမ်ဖီးယားကို တွေ့ဆုံချိန်မှာကော ခွဲခွာချိန်မှာပါ ပြုလုပ်ရပါတယ်။ တွေ့ဆုံတဲ့အချိန်မှာ နှုတ်ခွန်းဆက်စကားကို ခမာလို “ခြုံ(မ်)ရိ(ပ်)ဆော(၀်)” (Choum Reap Sour) လို့ပြောရပြီး ခွဲခွာချိန်မှာတော့ “ခြုံ(မ်)ရိ(ပ်)လေးယား” (Choum Reap Lear) လို့ပြောရပါတယ်။ အဲဒီ စကားနှစ်လုံးကို Hello နဲ့ Goodbye လို့ လွယ်လွယ် အဓိပ္ပါယ် ပြန်လို့ရမယ် ထင်ပါတယ်။ တယ်လီဖုန်း ပြောရင်လဲ ဖုန်းထူးတဲ့အခါမှာ ခမာလူမျိုးတွေက ခြုံ(မ်)ရိ(ပ်)ဆော(၀်) ဆိုတဲ့ စကားလုံးကိုပဲ သုံးကြပါတယ်။

Hello ဆိုတဲ့ စကားလုံးကို ခမာလို နောက်ထပ် အသုံးအနှုန်း တစ်မျိုးရှိပါသေးတယ်။ အဲဒါကတော့ ဆိုး(၀်)ဆဒေး (Soou Sdey) လို့ အသံထွက်ပါတယ်။ ဒါပေမယ့် အဲဒီစကားလုံးကို လူငယ်တွေကြားနဲ့ ရင်းနှီးသူ မိတ်ဆွေ သူငယ်ချင်းတွေကြား သိပ်ပြီး formal မဟုတ်တဲ့ နှုတ်ဆက်ခြင်းမျိုးတွေမှာသာ သုံးကြတာ တွေ့ဖူးပါတယ်။ အဲဒီလို နှုတ်ဆက်ရင်တော့ နှုတ်ဆက်စကားဆိုပြီး ဆမ်ဖီးယား လုပ်တဲ့အခါ လုပ်သလို မလုပ်တဲ့ အခါမျိုးလဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီလို ဆိုး(၀်)ဆဒေး ဆိုပြီး နှုတ်ဆက်တာမျိုးကိုတော့ formal နှုတ်ဆက်နည်း အနေနဲ့ သုံးကြတာမျိုး သိပ်မတွေ့ဖူးပါဘူး။ Formal အနေနဲ့ဆိုရင်တော့ ဆမ်ဖီးယား လုပ်ကြတဲ့အခါမှာ နှုတ်ဆက်စကား အနေနဲ့ ခြုံ(မ်)ရိ(ပ်)ဆော(၀်) ကိုသာ သုံးကြတာ တွေ့ရပါတယ်။

ခမာလူမျိုးတွေအတွက် ဆမ်ဖီးယား လုပ်ခြင်းဟာ အရေးကြီးတဲ့ အပြုအမူတစ်ရပ်ပါ။ ဆမ်ဖီးယားဟာ လူနှစ်ဦးကြားက နှုတ်ဆက်ခြင်း အသိအမှတ်ပြုခြင်း သက်သက်တင်မဟုတ်ပါဘူး။ နှုတ်ဆက်ကြတဲ့ လူနှစ်ယောက်ရဲ့ ပတ်သက်ဆက်နွယ်မှု ရာထူး အသက်အရွယ် အဆင့်အတန်းနဲ့ ရိုသေ လေးစားမှုတွေကိုပါ ပြဆိုတဲ့ အမူအယာတစ်ခု ဖြစ်ပါတယ်။ ခမာလူမျိုးတွေ အနေနဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကို ဆမ်ဖီးယား လုပ်တဲ့အခါမှာ ကိုယ်ကလည်း သင့်တော်တဲ့ နည်းလမ်းအတိုင်း တုံ့ပြန်ပြီး ဆမ်ဖီးယား ပြန်လုပ်ရပါတယ်။ အဲဒီလို ပြန်မလုပ်ခဲ့ရင် မယဉ်ကျေးဘူးလို့ သတ်မှတ် ယူဆကြပါတယ်။ “သင့်တော်တဲ့ နည်းလမ်း” လို့ ပြောရတာကတော့ ဆမ်ဖီးယား လုပ်တဲ့နေရာမှာ အသက်အရွယ် ရာထူး အဆင့်အတန်းတွေနဲ့ ပတ်သက်တဲ့ လိုက်နာရမယ့် သတ်မှတ်ချက်တွေ ရှိလို့ပါ။ ခမာဓလေ့ ဆမ်ဖီးယား လုပ်နည်း အဆင့် ငါးဆင့် ရှိပါတယ်။ အဲဒီ အဆင့်ငါးဆင့်ကို လက်အုပ်ချီထားတဲ့ လက်နဲ့ တပြေးညီ တန်းတူရှိရမယ့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများနဲ့ ခွဲခြား သတ်မှတ်ထားပါတယ်။ အဲဒီ ကိုယ်ခန္ဓာ အစိတ်အပိုင်း ငါးဆင့်က -
  •        ရင်ညွန့် သို့မဟုတ် မေးစေ့အောက် (Chest Level)
  •        ပါးစပ် (Mouth Level)
  •        နှာခေါင်း (Nose Level)
  •        မျက်ခုံး (Eyebrow Level) နဲ့
  •        နဖူး (Forehead Level) တို့ ဖြစ်ပါတယ်။
ပထမဆုံးအဆင့်ဖြစ်တဲ့ ရင်ညွန့် မေးစေ့အောက် အဆင့်မှာ လက်အုပ်ချီရတဲ့ နှုတ်ဆက်နည်းက ကိုယ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းများ၊ ကိုယ်နဲ့ သက်တူရွယ်တူများ၊ ကိုယ့်ထက် ငယ်ရွယ်သူများ၊ ကိုယ့်ဝန်ထမ်း သို့မဟုတ် လက်အောက်ငယ်သားများ၊ ဒါမှမဟုတ် ပါတီတို့ ပွဲလမ်းသဘင်တို့လို လူပရိသတ် အများရှိတဲ့အခါ အားလုံးကိုခြုံပြီး နှုတ်ဆက်ချင်တဲ့ အခါမျိုးတွေမှာ လုပ်ရပါတယ်။ 

ကိုယ့်ထက် ငယ်သူကို နှုတ်ဆက်ရင် ရင်ညွန့် သို့မဟုတ် မေးစေ့အောက်နားမှာ လက်အုပ်ချီရပါတယ်။
ကိုယ့်ထက် အသက်အရွယ်အားဖြင့် ကြီးတဲ့သူ၊ ၀ါအားဖြင့် ကြီးသောသူ၊ အလုပ်ခွင်က ကိုယ့်အထက် အရာရှိများ၊ အခြားသော ရာထူးကြီး လူပုဂ္ဂိုလ် များကို နှုတ်ဆက်မယ်ဆိုရင် လက်အုပ်ချီထားတဲ့ လက်ချောင်းလေးတွေကို ပါးစပ် နှုတ်ခမ်းများနဲ့ တစ်ညီတည်း ထားပြီး နှုတ်ဆက်ရပါတယ်။


ခမာ မင်္ဂလာဆောင်မှာ သတို့သမီးနဲ့ သတို့သားတို့ အပြန်အလှန် ဆမ်ဖီးယား လုပ်ပြီး နှုတ်ဆက်နေကြပုံပါ။ (လက်အုပ်ချီထားကြတဲ့ အနေအထား ကို လေ့လာကြည့်နိုင်ပါတယ်။ သတို့သားက အသက်၊ ၀ါ ကြီးတဲ့အတွက် သတို့သမီးက လက်အုပ်ချီတဲ့အခါ ပါးစပ်နဲ့ တန်းတူထားပေမယ့် သတို့သား အနေနဲ့က ရင်ညွန့် မေးစေ့အောက်နားမှာပဲ ထားပါတယ်။)
 ကိုယ့်ရဲ့ အဖိုးအဖွား မိဘများနဲ့ ဆရာသမားများကို နှုတ်ဆက်ရင်တော့ လက်ကို နှာခေါင်းထိပ် သို့မဟုတ် နှာတံပေါ်မှာ ထားရပါတယ်။

အဖိုး အဖွား မိဘ ဆရာများကို နှုတ်ဆက်ပုံ
ဘုရင်၊ သံဃာတော်များနဲ့ မြင့်မြတ်သော သူတော်စင်များ၊ ပုဂ္ဂိုလ်များကို နှုတ်ဆက်နည်းကတော့ လက်အုပ်ချီတာကို မျက်ခုံးနဲ့ အညီထားပြီး  နှုတ်ဆက်ရပါတယ်။

ဘုရင်၊ သံဃာ၊ မြင့်မြတ်သောသူများကို နှုတ်ဆက်ပုံ။
လက်အုပ်ချီတာကို နဖူး သို့မဟုတ် နဖူးအထက် ဦးခေါင်းအထိ မြှင့်တယ်ဆိုရင်တော့ အဲဒါဟာ ဘုရားရှိခိုးခြင်း၊ ဆုတောင်းခြင်း၊ နတ် ဒေ၀တာများကို ပူဇော်ခြင်းနဲ့ အခြား တန်ခိုးကြီးသော အရာများကို ရှိခိုး ပူဇော်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ခမာလူမျိုးတွေရဲ့ နှုတ်ဆက်နည်း အဆင့်ဆင့်ကို ပြထားတဲ့ပုံပါ။
အဲဒီလို ဆမ်ဖီးယား လုပ်ဖို့အတွက် လက်အုပ်ချီတဲ့ အချိန်မှာ ဘယ်အဆင့်ပဲ ဖြစ်ဖြစ် ဦးညွှတ်တာကိုတော့ ကိုယ်ရဲ့ ရိုသေ လေးစားမှု ဂါရ၀ ထားမှု (Respect) အတိုင်းအတာကို ပြချင်ရင် ပြချင်သလောက်ထိ ကိုယ့်ရဲ့ခါးနဲ့ ခေါင်းကို ကိုင်းညွှတ်နိုင်ပါတယ်။

ခမာလူမျိုး တစ်ယောက်အနေနဲ့ ကိုယ့်ကို တစ်စုံတစ်ယောက်က ဆမ်ဖီးယားလုပ်ပြီး နှုတ်ဆက်လာတယ်ဆိုရင် ကိုယ်က ပြန်ပြီး ဆမ်ဖီးယားလုပ်တဲ့အခါမှာ နှုတ်ဆက်သူက ကိုယ့်ထက် ငယ်ရွယ်သူ ဖြစ်ရင် ကိုယ့်ရဲ့ လက်အနေအထားက ရင်ညွန့် သို့မဟုတ် မေးစေ့အောက်မှာ ထားရမှာဖြစ်သလို ကိုယ့်ထက် အသက်ကြီးသူ ဆိုရင်တော့ လက်ကို ပါးစပ်နဲ့ တတန်းထဲမှာ ထားပြီး ပြန်လှန် နှုတ်ဆက်ရမှာဖြစ်ပါတယ်။ ခမာလူမျိုးမှန်ရင် ဆမ်ဖီးယားကို ငယ်စဉ်ကတည်းက အသေအချာ သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက်ကြောင့် ခမာလူမျိုးတိုင်းဟာ နှုတ်ဆက်ခြင်းဓလေ့ ဆမ်ဖီးယားကို ဟိုးငယ်စဉ် ကလေးဘ၀ ကတည်းကစပြီး လေ့ကျင့် သင်ကြားပေးခြင်း ခံရလေ့ရှိကြပါတယ်။ ခမာလူမျိုးတွေဟာ ရှေးယခင် ကာလတည်းက ယဉ်ကျေးမှု ကြွယ်ဝတဲ့ လူမျိုးများ ဖြစ်ကြတဲ့အတွက် ခမာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာ ရိုးရာ ယုံကြည်မှုများဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းသလို လေ့လာလို့လဲ မကုန်နိုင်လောက်အောင်ပါပဲရှင်…။

ဒါက အခုလက်ရှိ ကမ္ဘောဒီးယားဘုရင် သီဟာမုနိပါ။ သူ့ကို ဘုရင်အဖြစ် တင်မြှောက်ဖို့အတွက် ဘိသိတ်ခံပွဲကို တက်ရောက်လာစဉ်တုံးကပုံပါ။ အဲဒီအချိန်မှာ သူက ဘုရင်အဖြစ် ဘိသိတ်မခံရသေးတဲ့အတွက် မင်းပရိသတ်ကို နှုတ်ဆက်တဲ့ အခါ လက်အုပ်ချီပုံ အနေအထားက နှာခေါင်းနဲ့ အညီလောက်မှာ ရှိပါတယ်။
ဒါကတော့ ဘိသိတ်ခံပြီး ဘုရင်ဖြစ်ဖြစ်ချင်းအချိန်မှာ ဘုရင့်ပလ္လင်တော်မှာ ထိုင်ခွင့်ရအပြီး တိုင်းပြည် ဦးသျှောင် ဘုရင်အဖြစ်နဲ့ မင်းပရိသတ်ကို နှုတ်ဆက်တဲ့အခါ လက်အုပ်ချီပုံ အနေအထား ဖြစ်ပါတယ်။
Apsara ကချေသည်များရဲ့ နှုတ်ဆက်ပုံပါ။

ရိုးရာအကနဲ့ ဖျော်ဖြေအပြီးမှာ ပရိသတ်ကို နှုတ်ဆက်နေတဲ့ ကချေသည်များ။

(ကချေသည်ပုံများက ကိုယ့်ဟာကိုယ် ရိုက်ထားတာပါ။ အခြားပုံများကိုတော့ Google ကနေ ယူပါတယ်ရှင်။ Photos Credit to Google Image)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Monday, February 13, 2012

ဖေဖေါ်ဝါရီ ကြယ်စင်


Photo credit to Google
ဟောဒီလို ဖေဖေါ်ဝါရီမှာပေါ့…
နှင်းမကွဲသေးခင် မြူလွင်ပြင်ထဲ
အမှောင်ကိုခွင်း ရန်ကိုရှင်းမဲ့
ကြယ်စင်တစ်စင်း ထွန်းလင်းခဲ့တယ်။

ဖေဖေါ်ဝါရီမှာ လင်းတဲ့ကြယ်
တစ်ပြည်တစ်နယ်လုံး “ထိန်လင်း”
တောက်ကြွားတဲ့ ဂုဏ်သတင်းက
ရိုးသားခြင်းတွေနဲ့ ဖွဲ့တည်
ထက်မြက်ခြင်းဂုဏ်ရည်နဲ့
တည်ကြည်တဲ့စိတ်ထား
သူ့ တရားက သစ္စာ
သူ့ မေတ္တာက စွန့်စားခြင်း
တွေဝေမှုကင်းတဲ့ ရဲရင့်ခြင်းများနဲ့
တစ်မျိုးသားလုံးက အားထားတဲ့ကြယ်…။

ဖေဖေါ်ဝါရီရဲ့ ကြယ်တစ်ပွင့်
အချိန်မတိုင်ခင် ကြွေလွင့်ရပေမယ့်
ရွှန်းတင့်ခဲ့တဲ့ရောင်ဝါ
ဘယ်သောခါ မမှိန်ပြီဘု
နောင်ရာစုပေါင်းများစွာ
ကျော်လွန်ကာသွားစေအုံးတော့
မြန်ပြည်တလွှား အမျိုးကောင်းသားတို့ရင်မှာ
(ကမ္ဘာတည်သရွေ့ လင်းနေမယ့်ကြယ်…)
(ကမ္ဘာတည်သရွေ့ လင်းနေမယ့်ကြယ်…)
(ကမ္ဘာတည်သရွေ့ လင်းနေမယ့်ကြယ်…) ။   

(လွန်ခဲ့သော နှစ်ပေါင်း ၉၇ နှစ်အချိန် ၁၉၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့သော မြန်မာပြည်၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုရေးဖွဲ့ပါသည်။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Saturday, February 11, 2012

နှင်းဆီပန်တဲ့ပျို

Photo credit to Google Image.
အဆင်းရယ်ကနီနီ
ချိုမွှေးကြည် သင်းရနံ့ရယ်နဲ့
ဆူးခက်စီ ခြံရံထွေးတဲ့
နှင်းဆီကိုမှ ပျိုလိုချင်
ခူးဖို့ရန်ပြင် လှမ်းမိစဉ်ခဏ
ထိတ်လှချည့်ကွယ်
ရိုးတံမယ် ဆူးတွေပေါသနဲ့
ဘယ့်နှယ့်ခူးပါ့မယ်
ခက်ချေရဲ့စိတ်ကူး
ဆူးစူးမှာစိုးတဲ့ပျို
ချစ်သူကို လေချိုသွေး…
“ခူးပေးပါကွဲ့ မောင်ကြီးရယ်
လိုချင်တယ် ဟိုနှင်းဆီပွင့်
လှလွန်းတယ်ထင့်…
သို့ပေမင့် မောင်ကြီးရယ်
ပျိုဖြင့်ကြောက်တယ် ခူးရဲဖူးကွဲ့
ဆူးတွေများလှတယ်…”
ပျိုနှမငယ် မူဟန်ကကြွယ်
ချူပေးပါ့ကွယ် ပူဆာတတ်လေတော့
ဟိုအကို ကာလသားမှာဖြင့်
မဒီပျို စိတ်မညိုရအောင်ပ
သွေးသံယို ဆူးကိုမမှုလေထင့်
လှမ်းလင့်ကာ ဆွတ်ခြွေခူးလို့ရယ်
မယ့်ဆံနွယ်ကေသာဦးမှာလ
ကြည်နူးဖွယ် ယုယစွာနဲ့
ကိုယ်တိုင်သာ ဆင်ပါ့မယ်မောင့်ချစ်ဦးရယ်
ခေါင်းမော့ပါကွဲ့လေး…။   ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...