Thursday, January 21, 2016

ထင်တလုံး


အညာဒေသ ဟန်ပန် အပြင်အဆင်နဲ့ သစ်ပင်အောက် ကွပ်ပစ်တည်
ကတ္တီပါအခင်းနဲ့ မှီအုံးနဲ့ ထိုင်စရာ အကျအနပြင်ဆင်ထားတဲ့ လေဟာပြင်စားတော်ဆက်မှာ
စားသောက်ဖွယ်များကို တခုတ်တရနဲ့ ရက်အတော်များများ ကြိုတင်အော်ဒါပေးမှာကြားထားရသောဆိုင်
အလယ်စားပွဲဝိုင်းပေါ်က ပန်းကန်ပြားထဲ စားချင့်စဖွယ် လှလှပပ ပြင်ဆင်တည်ခင်းထားတဲ့
တောကြက်မဒန်းကင် သမင်ပေါက်ဝမ်းပြင်းသား ချိုးကြော် စာကလေးကြော်များကို
အရိုးပါမချန် အားပါးတရ မြိန်ရေယှက်ရေ တကြွပ်ကြွပ် ဝါးစားနေရင်း
အကောင်းစားလဘက်ခြောက်နဲ့ နှပ်ထားတဲ့ လဘက်ရေ ခါးခါးအရသာကို တစိမ့်စိမ့်ခံစားရင်း
အော်ဒါရှိမှရနိုင်တဲ့ အညာထန်းရေစစ်စစ်ရဲ့ ချိုမြရှတသော အရသာကို လျှာရည်စိမ့်အောင်ကျိုက်ချရင်း
မလှမ်းမကမ်းက မြေပြင်မှာ အားကျစွာ မျှော်လင့်စွာ ငံ့လင့်ခြင်းမျက်ဝန်းများနဲ့ တအုပ်တမ
ဝိုင်းဖွဲ့ ငေးမောကြည့်နေရှာကြတဲ့ သူဖုန်းစားကလေးတွေကို မျက်လုံးတချက်လှန်ကြည့်ရင်း
လူသားတွေကြားက မတူညီကြသော ကံအကြောင်းတရားတွေအကြောင်းစဉ်းစားနေရင်း
တော်တန်ရုံဆိုင်မှာ မှာကြားစားသောက်လို့ ရနိုင်ခဲလှသော ဟင်းအမယ်များကို အရသာခံရင်း
သူ့မျက်နှာပေါ်မှာ အရာရာကို ဂရုမထားတဲ့ ဥပက္ခာတရားကိုဆင် အားလုံးကို ကြားစေ့ချင်ဟန်
ချောင်းတချက်ဟန့်ရင်း အသံကို အတန်ငယ်မြှင့်လို့ မျက်လုံးများက ဘေးဘီဝန်းကျင်ကို အကဲခတ်လို့
တည်ငြိမ်တဲ့ အသွင်ယူလို့ ဣနြေ္ဒ့ရှင်ဟန်နဲ့ ဝိုင်းထဲက သူ့မိတ်ဆွေများကို စကားစရဲ့
လူသားတွေမှာရှိအပ်သောကျင့်ဝတ်နဲ့ ပြုလုပ်အပ်သောဝတ္တရားများအကြောင်း
စောင့်ထိန်းအပ်သော သီလနဲ့ ကျင့်သုံးအပ်သော ကိုယ်ကျင့်တရားများအကြောင်း
လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနနဲ့ မေတ္တာတရား စာနာမှုတရားတွေအကြောင်း
သည်းညည်းခံခြင်းနဲ့ တင်းတိမ်ရောင့်ရဲခြင်းတို့ရဲ့ မြင့်မြတ်ခြင်းအကြောင်းတရားတွေကို
အစားတလုပ် တရားတပုဒ် လျှာအမြှုပ်ထွက်မတတ် အားပါးတရ ပြောကြားနေရင်းက
မလှမ်းမကမ်းမှာ ပါးစပ်အဟောင်းသား စူးစိုက်အားကျသော အကြည့်များနဲ့ ငေးမောနေကြရှာသော
ဤမျှနိမ့်ပါး ဆင်းရဲနုံချာလှသော ပညာဝေးသည့် သူဖုန်းစားငယ်ကလေးများကို
သူတို့တသက်တာမှာ ကြားခွင့်နာခွင့်ရခဲလှသော ဤကဲ့သို့ ထူးမြတ်လှသည့် အသိတရားများကို
သွယ်ဝိုက်သော နည်းလမ်းအားဖြင့် သူတို့လေးတွေ မကြားကြားအောင် ရှင်းလင်းပြောပြ သင်ကြားခွင့်ရရှိခြင်းအတွက်
မိမိကိုယ်ကို မြင့်မြတ်လှသောသူတစ်ယောက်အဖြစ် ကျေနပ် ဂုဏ်ယူစိတ်များ တဖွားဖွားပေါ်ပေါက်ရင်း…။

» » » » » ◘◘◘ « « « « «


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
 
Related Posts Plugin for WordPress, Blogger...