Saturday, June 28, 2014

မိအေး နာရခြင်း အကြောင်း


အဖြစ်သနစ်ကြောင့်လား၊ ခေတ်စံနစ်ကြောင့်လား
အမှားတွေက အမှန်ဖြစ်သယောင်နဲ့
အညစ်အမှောင်တွေကသာ ထင်ပေါ်လွန်းနေခဲ့မှတော့
ဖြူစင်ခြင်းတစ်စကို ဘယ်နေရာမှာမှ ရှာမရခဲ့တာ
မိအေးကိုသာ အပြစ်တင်လိုက်ကြပေါ့။

မိအေးခမျာမတော့ ထမ်းပိုးကဖိ ၀န်ကပိနဲ့
တရိရိနဲ့ လုံးပါးပါး၊ တစ်တိတစ်တိနဲ့ ဆုံးပါးလျားရင်း
ခါးတွေချည့်နေခဲ့ရတာ ဆယ်ဘ၀စာတောင် ကပါ့မလား
အလေးမထားခြင်းတွေထဲမှာမှ လူဖြစ်လာရတဲ့ဘဝ
သူများတွေအမြင်မတော့ နှစ်ခါနာရုံကလေးပါပဲလေ။

မိအေးမှာသာ ရုန်းရင်း ကန်ရင်းနဲ့
လောကဓံတွင်းထဲ အခါခါလဲကျ
အကြိမ်တစ်ရာမက နာနေခဲ့ရလည်း
လက်ညှိုးထိုးပြစရာ အကြောင်းတရားတွေရှိလျက်
ကောက်ချက်ချစရာ အဖြေတစ်ခုတောင် ရှာမရတဲ့အဖြစ်
မိအေးဟာ ကံကြမ္မာနွံထဲ နစ်ပြီးရင်းနစ်လို့။

ဟောသည်လောကမှာ မိအေးလူဖြစ်လာရ
မွေးရာပါ လူ့တန်ဖိုးဆိုတာ ဘာမှန်းတောင်မသိခဲ့ရမှတော့
နေရာတကာ တန်ဖိုးအထားမခံခဲ့ရတဲ့ဘဝဟာ
မိအေးကိုယ်တိုင်ကြောင့်မဟုတ်ရပါဘဲ
ထပ်ဖန်တလဲနဲ့ နာပြီးရင်းသာ နာနေရဆဲ။

မိအေးရဲ့ပြဿ     နာဟာ ဖြေရှင်းရမဲ့ပုစ္ဆာတစ်ပုဒ်ဆိုရင်
ပေးထားချက်တွေကိုကြည့် အဖြေညှိကြဖို့အရေးမှာ
မြင်သာလွန်းလှတဲ့ အကြောင်းတရားတွေကိုမျက်ကွယ်ပြု
သတ္တဝါတစ်ခု ကံတစ်ခုရယ်လို့ ဆိုကာ ရှောင်လွဲခဲ့ကြ
ဖြေရှင်းရမဲ့အရေး မသိသလိုအသာဘေးဖယ်နေခဲ့ကြတာ
ဒီပုစ္ဆာအတွက် အဖြေ မရှိလို့လား ...
ဒီပုစ္ဆာရဲ့ အဖြေကို မသိလို့လား ...
အဖြေကို ရှာမရလို့လား ...
အဖြေကို မရှာကြလို့လား ...
အဖြေ မထုတ်တတ်ကြတာလား ...
အဖြေ မထုတ်ဝံ့ကြတာလား ...။

 ♣ ♣ ♣  ◙ ◙ ◙ ◙ ◙ ◙ ◙ ◙  ♣ ♣ ♣

► ဒီကဗျာက မနှစ်က စိတ်ကူးရရာ လက်တမ်း လျှောက်ပြီးရေးထားမိခဲ့တဲ့ ကဗျာလေးကို ပြန်လည် မွမ်းမံ ပြင်ဆင် ဖြည့်စွက်ထားတာပါ။ ပထမ ရေးထားတာလေးက ဒီ့ထက်တိုပါတယ်။ ဘလော့ဂ်မှာလဲ မတင်ဖြစ်ခဲ့ပါဘူး။ Facebook မှာ Note အနေနဲ့ပဲ ကဗျာ အတိုလေးတွေ သုံးလေးပုဒ်စုပြီး တင်မိခဲ့တဲ့အထဲမှာ တစ်ပုဒ်အပါအဝင်ပေါ့။ ဒီနေ့တော့ ဘာရယ်မဟုတ်ဘဲ ကွန်ပျူ တာထဲက ဖိုင်အဟောင်းလေးတွေ ပြန်ဖွင့်ဖတ်မိရင်း ဒီကဗျာကို တွေ့မိတာနဲ့ ပြန်ပြင်ရေးချင်တဲ့စိတ်ကူးလေးရလို့ ပြန်ရေးပြီး ဘလော့ဂ်မှာ တင်ဖြစ်သွားတယ်ဆိုပါစို့ ... :) အရင်ရေးထားတဲ့ Version အဟောင်းလေးဖတ်ချင်ရင်တော့ မအိမ်သူရဲ့ Facebook Note မှာ သွားရှာဖတ်ကြည့်လို့ရပါတယ်။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

3 comments:

စံပယ်ချို said...

အညစ်အမှောင်တွေကသာ ထင်ပေါ်လွန်းနေခဲ့မှတော့
ဖြူစင်ခြင်းတစ်စကို ဘယ်နေရာမှာမှ ရှာမရခဲ့တာ
မိအေးကိုသာ အပြစ်တင်လိုက်ကြပေါ့။
အတွေးလေးတွေကျန်ခဲ့နေပြီ မိအေးအတွက်

Cameron said...


ပျောက်နေတာကြာပီဖြစ်တဲ့အစ်မ..ပေါ်လာတော့ ကဗျာကောင်းတစ်ပုဒ်နဲ့ အရင်လိုစာမရေးနိုင်တော့ပေမယ့် ပုံလေးတွေတင်ပါဦး..။

မောင်သီဟ said...

မိအေးအခါခါနာရတဲ့ အဖြစ်တွေချည်းပါပဲအစ်မရယ်
ကဗျာလေးဖတ်လို့ကောင်းပါတယ်

Related Posts Plugin for WordPress, Blogger...