Sunday, October 20, 2013

ငါးကင်တစ်ခု အကြောင်းပြု


ဘလော့ဂ်ပေါ်မှာ တတ်နိုင်သလောက် ပို့စ်အသစ်လေးတွေ ပြန်ရေးနိုင်ဖို့် ကြိုးစားနေပါတယ်။ ဒီနေ့တော့ အားမွေးဖို့အတွက် အစားအသောက်ကလေးတွေဖက်ကို တစ်ချက်လောက်လှည့်လိုက်ပါအုံးမယ်..း) ထူးထူးထွေထွေရယ်တော့လဲ မဟုတ်ပါဘူး။ အိမ်မှာ ကြုံသလို နေ့စဉ် ချက်ပြုတ်စားဖြစ်တာလေးတွေပါပဲ။ အမှန်ကတော့ စားမကုန်နိုင်လို့ အမျိုးစုံချက်ဖြစ်သွားတဲ့ ငါးကင်တစ်ကောင်အကြောင်းကို ဇာတ်စုံခင်းပြချင်တာ… ဟိုတစ်လောလေးက မိသားစု အပြင်ထွက်ပြီး ညစာ သွားစားဖြစ်ကြတာကနေ စတဲ့ဇာတ်လမ်းပေါ့။ ဒီခမာပြည်မှာ ဘယ်သွားသွား ငါးကင်ကတော့ ပုံစံမျိုးစုံနဲ့ ရတတ်ပါတယ်။ ပင်လယ်ငါး အကောင်ကြီးလိုမျိုးတွေကစလို့ ငါးခူ၊ ငါးရံ့၊ ငါးကြင်း၊ ငါးပြေမ၊ ငါးမြွေထိုး၊ ငါးနုသန်း၊ ငါးစင်ရိုင်းတို့လို ငါးမျိုးတွေအထိ ငါးအမျိုးအစားပေါ်မူတည်ပြီးတော့ သီတံနဲ့တစ်မျိုး တံစို့ထိုးလို့တစ်ဖုံ ဆားနဲ့အုံလို့တစ်သွယ် ငှက်ပျောဖက်နဲ့ ထုပ်ထားတာကတစ်နည်း ပုံစံအမျိုးမျိုးနဲ့ကို ကင်တတ်ကြပါပေတယ်။ စားသောက်ဆိုင်တွေမှာတော့ အများအားဖြင့် ငါးခူ၊ ငါးရံ့ အကောင်ကြီးတွေနဲ့ ပင်လယ်ငါး အမျိုးမျိုး အကောင်ကြီးတွေ ကင်တာမျိုးကို မှာလို့ ရတတ်ပါတယ်။ အဲဒီနေ့ကတော့ စားသောက်ဆိုင်မှာ ရေခဲရိုက်ပြထားတဲ့ တီလားပီးယားလိုလို ငါးကြင်းလိုလို ပုံစံမျိုး ဘာငါးမှန်းတော့မသိ အကြေးခွံနဲ့ ပင်လယ်ငါးတစ်ကောင်ကို လက်ညှိုးထိုး ရွေးချယ်ပြီးတော့ ဆားနဲ့အုံပြီးကင်တဲ့ဟာကို မှာဖြစ်ပါတယ်။ ငါးက အသေးဆုံးအကောင်ကို ရွေးတာတောင် တစ်ကီလိုနီးပါးရှိတယ်။ အဲဒီငါးကို အကြေးမထိုးပဲနဲ့ ပါးဟက်နားကနေ ဗိုက်ထဲက အညစ်အကြေးထုတ် ရေဆေးပြီးတော့ အကောင်မပျက် ငါးတစ်ကောင်လုံးကို ဆားတွေအများကြီးနဲ့ ဖုံးပြီး ကျစ်နေအောင် ရွှံ့မံသလိုမံလိုက်ပြီးတော့မှ မီးသွေးဖိုမှာကင်ထားတာပါ။ အဲလိုဆားမံထားတာကို ကြည့်ရင် အထဲမှာ ငါးရှိမှန်းတောင် မထင်ရပါဘူး။ ကျောက်ဖြူတုံးကြီးလိုလို ဖြူဖြူ အလုံးကြီးပဲ မြင်ရတယ်။ ငါးကင်ကျက်တော့မှ အပြင်မှာ ကျစ်ပြီး ခြောက်နေတဲ့ ဆားတွေကို ထုပြီးခွာလိုက်ရင် အထဲမှာ ငါးက လုံးဝ အကောင်မပျက် ပုံစံမပျက် ကင်ပြီးသား ထွက်လာပါတယ်။ အဲဒီငါးကင် ပလိန်းသက်သက်ကိုမှ အသားနွှင်ပြီး အချဉ်ရည်နဲ့တို့စားရတာပါ။ အဲဒီနေ့က ငါးကင်အပြင် ဂဏန်းကို ငရုတ်ကောင်းအစိမ်းနဲ့ကြော်တာရယ် တုံယမ်ဟင်းရည်နဲ့ အစိမ်းကြော်တို့ရယ်ပါ မှာဖြစ်တော့ အစားနည်းကြတဲ့ မအိမ်သူတို့ မိသားစု သားအမိ သားအဖ သုံးယောက်သား နောက်ဆုံးမှ လာချတဲ့ အဲဒီငါးကင်ကို ဘယ်လိုမှ မကုန်နိုင်ကြတော့ပါဘူး။ တစ်ဖဲ့ နှစ်ဖဲ့သာ စားဖြစ်ပြီးတော့ ငါးကင် တစ်ကောင်လုံးနီးပါး ကျန်နေပါလေရော။ အဲဒါနဲ့ အဲဒီ ကျန်နေတဲ့ ငါးကင်ကို ထုပ်ခိုင်းပြီး အိမ်ကိုပဲ Take away ယူလာခဲ့ရတော့တာပေါ့။

အဲဒီမှာ နောက်နေ့မနက် ဟင်းချက်ဖို့ ဟင်းအမယ် စဉ်းစားတဲ့အချိန်မှာ ညကငါးကင်ကိုပါ ကိစ္စဖြတ်ဖို့ဇာတ်လမ်းက စလာပါတော့တယ်။ ငါးကင် ဒီအတိုင်းကိုတော့ မနေ့ညက အချဉ်နဲ့ တို့စားခဲ့ပြီးပြီ။ အိမ်မှာ အဲလိုမျိုးထပ်မစားချင်တော့ဘူး။ ငါးကင် ပလိန်းအတိုင်းကြီးဆိုတော့ ဟင်းလဲမဖြစ်ဘူး။ အဲဒါနဲ့ အပြောင်းအလဲလေး အနေနဲ့ ငါးကင်ကို အကြမ်းသုပ် ချဉ်စပ်လေး ပြန်သုပ်စားဖြစ်လိုက်ပါတယ်။ ငါးကင်သုပ်ဖို့ ငါးကိုအသားထွင်၊ ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်ဖြူလေး တစ်မွှာလောက် နုပ်နုပ်စင်း၊ ငရုပ်သီးစိမ်း ပါးပါးလှီး၊ နံနံပင် ပါးပါးလှီး၊ (ကြိုက်တတ်ရင် စပါးလင်နုနုလေးတွေကိုပါ ပါးပါးလှီး၊ ပူစီနံရွက်၊ ပင်စိမ်းရွက်တို့တွေပါ ထည့်သုပ်လို့ရတယ်။ အိမ်မှာတော့ အဆင်သင့်မရှိလို့ မထည့်ဖြစ်တော့ဘူး။) ဆား ဟင်းခတ်မှုံ့ အသင့်အတင့်ထည့်၊ ငရုတ်ကောင်းလေးနဲနဲဖြူး၊ အချဉ်လိုသလောက်ကို သံပုရာရည်လေးညှစ်ထည့်ပြီး ချဉ်ချဉ်စပ်စပ်လေး သုပ်စားလို့ကောင်းပါတယ်။

ငါးကင်အကြမ်းသုပ် ချဉ်ချဉ်စပ်စပ်ကလေးပါ။
အဲဒီနေ့ သုပ်စားပြီးတော့လဲ ကိစ္စဖြတ်ချင်တဲ့ ငါးကင် ဇာတ်လမ်းက မပြီးသေးပါဘူး။ ငါးကပဲ အကောင်ကြီးတာလား မအိမ်သူတို့ကပဲ အစားနည်းလွန်းတာလားတော့ မသိ။ ငါးကင် တစ်ခြမ်းလုံးကြီး ကျန်နေပါသေးတယ်။ ပင်လယ်ငါးဆိုတော့ ငါးအသားက မာလဲမာ ဆိမ့်လဲဆိမ့်တယ်။ ငါးကြင်းလို အသားထဲမှာလဲ အရိုး မွစိ မွစိတွေ မပါဘူး။ အလယ်ရိုး တစ်ခုကလွဲလို့ ငါးက အသားချည်းပါပဲ။ ကျန်တဲ့ငါးကင်ကို အရင်နွှေး၊ ခဏအအေးခံပြီး အေးတော့မှ ရေခဲသေတ္တာထဲ ပြန်ထည့်သိမ်းထားရပြန်ရော။

အဲဒီငါးကင်ပေါ့၊ ကြည့်အုံး တစ်ခြမ်းကြီးကျန်နေသေးတယ်။
အဲဒါနဲ့ နောက်တစ်ရက်ကျ ဒီငါးကင်ကို နောက်တစ်မျိုး ပုံစံပြောင်းဖို့ နဲနဲခေါင်းစားပြီးတဲ့သကာလမှာ ငါးကင်အသားနဲ့ ခရမ်းချဉ်သီး ငပိချက် ချက်ဖြစ်သွားပါတယ်။ ငါးကင် ခရမ်းချဉ်သီး ငပိချက် ချက်ဖို့ အရင်ဆုံး ဒယ်အိုးထဲဆီနည်းနည်းထည့် ငါးအသားနွှင်ထားတာကို ပြန်ကြော်သလိုမျိုး နဲနဲနီလာတဲ့အထိ ဆီပူအရင်ထိုးလိုက်ပါတယ်။ ငါးအသားအနီရောင်သန်းပြီး ခပ်တောင့်တောင့်လေးဖြစ်လာရင် ဆီထဲကဆယ်ပြီး ခဏဖယ်ထားလိုက်တယ်။ ဒယ်အိုးထဲကျန်တဲ့ဆီထဲကို ငရုတ်သီးခြောက်အပွရယ် ကြက်သွန်အဖြူနဲ့အနီရောထောင်းထားတာကို ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန် ငရုတ်သီး ဆီသတ်တာ မွှေးလာရင် ခရမ်းချဉ်သီး သုံးလေးလုံးလောက် လှီးထားတာကိုထည့်၊ ငါးပိစိမ်းစား (မျှင်ငါးပိလို့လဲခေါ်ပါတယ်) စားပွဲတစ်ဇွန်းစာလောက်ကို ရေနွေးလေးနဲ့ အဆင်သင့်ဖျော်ထားတဲ့ ငါးပိဖျော်ကိုထည့်၊ ဆား(ငါးပိထည့်ထားတော့ အပေါ့အငန် လိုမယ်ထင်သလောက်ကိုပဲ ချိန်ဆထည့်) ဟင်းခတ်မှုံ့ထည့်ပြီး ဆီပြန်တဲ့အထိလုံးပါတယ်။ ဆီပြန်ခါနီးမှာ ခုနကကြော်ထားတဲ့ ငါးအသားပါ ရောထည့်လုံးလိုက်ပါတယ်။ ဆီပြန်ပြီးမွှေးလာရင် ငါးပိချက်အနှစ် ကိုယ်လိုသလောက်အနေရအောင် ရေနည်းနည်းပြန်ထည့်ပြီးမှ အဖုံးခနအုပ်ထားပြီးတည်ပါတယ်။ ငါးပိချက် ကောင်းကောင်းဆူပြီး အိုးချခါနီးမှာ နံနံပင်လှီးထားတာရယ် ငရုတ်သီးစိမ်း ထက်ခြမ်းခွဲထားတာလေးတွေရယ် အုပ်လိုက်ရုံပါပဲ။

ငါးကင်အသား ခရမ်းချဉ်သီးငါးပိချက် မွှေးမွှေးလေး (တမာချဉ်၊ ချဉ်ဖတ်စုံ၊ ဟင်းရွက်ပြုတ်လို တို့စရာတွေနဲ့ဆို အရမ်းလိုက်ဖက်တဲ့ဟင်းပေါ့။)
အဲဒါပြီးပြန်တော့လဲ ငါးကင်က မကုန်သေးပါဘူး။ အသားတော်တော်များများကြီးကို ကျန်နေပြန်ရော။ အင်း.. ဒီတစ်ခါတော့ အပြီးကိစ္စဖြတ်သင့်နေပြီဆိုတော့ အဲဒီကျန်တဲ့အသားတွေကို ရခိုင်မုန့်တီချက်လိုက်ရင်ကောင်းမလား၊ မုန့်ဟင်းခါးလေးပဲ ချက်စားရင်ကောင်းမလား စဉ်းစားရင်းနဲ့ ချက်မစားဖြစ်တာ တော်တော်ကြာနေတဲ့ ကြာဆံချက်ပဲ ချက်လိုက်တော့မယ်လို့ စိတ်ကူးရလိုက်တယ်။ အဲဒါနဲ့ အိမ်မှာရှိတဲ့ မှိုခြောက်ပန်းခြောက် ပဲလိပ်ခြောက်နဲ့ ကြာဆံတွေကို ရေစိမ်ထားလိုက်တယ်။ နဲနဲများ ထူးဆန်းသွားကြလားမသိ။ ကြာဆံချက်ကို ကြက်သားနဲ့ပဲ ချက်နေကျလိုဖြစ်နေတော့ ငါးနဲ့ချက်ဖူးကြမယ်မထင်ဘူး။ ရိုးရိုးကြက်သားနဲ့ချက်တဲ့ ကြာဆံချက်လိုပါပဲ။ ကြက်သားအစား ငါးအသားနွှင်ထားတာနဲ့ ချက်တာပါ။ ငါးကင်မဟုတ်လဲ ငါးကိုပြုတ်ပြီးတော့ဖြစ်ဖြစ် ဒါမှမဟုတ် ငါးကြော်ကို အသားထွင်ပြီးတော့ပဲဖြစ်ဖြစ် ချက်လို့ရပါတယ်။ အိမ်မှာတော့ ငါးရံ့ ဒါမှမဟုတ် ငါးခူလို ငါးမျိုးတွေနဲ့ တခါတလေချက်ပါတယ်။ အရင်ဆုံး ငါးကင်အသားကို မကြေအောင်နွှင်ထားပြီး ငရုပ်ကောင်းမှုန့်ဖြူး ငန်ပြာရည်နဲနဲဆမ်းထားလိုက်ပါတယ်။

ငါးကင်အသားနွှင်ထားတာကို ငရုတ်ကောင်းမှုန့်ဖြူးထားတာ။
အိုးထဲ ဆီလိုသလောက်ထည့်ပြီး ဂျင်း ကြက်သွန်ဖြူထောင်းထားတာကို ဆီသတ်လို့ နဲနဲမွှေးလာရင် ကြက်သွန်နီလှီးထားတာထည့်ပြီး ကြက်သွန် နီရောင်သန်းလာတဲ့အထိကြော်ပါတယ်။

ကြက်သွန်နီလာတဲ့အထိကြော်။
ကြက်သွန်ကျက်ခါနီးမှာ ဆနွင်းနဲနဲ ငရုတ်သီးအရောင်တင်မှုန့်နဲနဲထည့် ငါးအသားနွှင်ထားတာထည့်ပြီး လုံးပါတယ်။

ငါးအသားမာပြီးတောင့်လာတဲ့အထိ လုံးပါ။
ငါးအသားခြောက်ပြီး လုံးလာပြီဆိုမှ အဆင်သင့်လှီးဖြတ်ထားတဲ့ မှိုခြောက် ပန်းခြောက် ပဲလိပ်ခြောက်တွေနဲ့ ကြာဆံကိုပါရောထည့်လုံးပြီးမှ ရေထည့်ပြီး ကောင်းကောင်းဆူအောင်တည်ပါတယ်။
 
မှိုခြောက် ပန်းခြောက် ပဲလိပ်ခြောက် ကြာဆံ အကုန်ရောထည့်လုံး။
ရေထည့်ခါနီးမှာ ဟင်းလုံးထားတဲ့အထဲကို ဆား ဒါမှမဟုတ် ငန်ပြာရည်လိုသလောက်ထည့် ဟင်းခတ်မှုန့်ထည့် ကြက်သွန်နီဥအလုံးလိုက်တွေပါ အားလုံးရောထည့်လိုက်ပါတယ်။ ငါးဖယ်ကြော် ငုံးဥပြုတ်တွေထည့်ချင်လဲ တခါတည်းထည့်လို့ရပါတယ်။

ရေထည့်ပြီး ကောင်းကောင်းဆူအောင်တည်ပြီ။
ဟင်းရည်ပွက်ပွက်ဆူလာရင် မီးလျှော့လိုက်ပြီး မီးအေးအေးမှာ နဲနဲဆက်ဆူအောင်ထားပြီးတော့မှ ဟင်းအိုးထဲ ငရုတ်ကောင်းမှုန့်လေး လိုသလောက်ဖြူးထည့်ပြီး မီးဖိုပေါ်ကချလို့ရပါပြီ။

ဟင်းရည်ဆူပြီ။ ငရုတ်ကောင်းလေးခတ်...
ကြာဆံချက်ပူပူလေး စားလို့ရပါပြီ။ ငုံးဥမရှိလို့ ဟင်းရည်ထဲ ကြက်ဥပြုတ် လှီးထည့်ထားတယ်။
 ကဲ... ငါးကင်တစ်ကောင်လဲ မအိမ်သူလက်မှာ ပုံစံအမျိုးမျိုးပြောင်းပြီးတော့မှပဲ နိတ္ထိတံတော့တယ်။ နောက်တစ်ခါ စားသောက်ဆိုင်သွားရင် ငါးကင်အကောင်ကြီးကြီး မမှာမိအောင် သတိထားအုံးမှ....

☺ ☺ ☺ ☺  ♥ ♥ ♥  ☺ ☺ ☺ ☺

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

4 comments:

ဟန်ကြည် said...

အစ်မအိမ်သူလို နည်းပေါင်းစုံ မကြံစည်တတ်တဲ့ သူသာဆိုရင်တော့ အနှီငါးကင်ခမျာ အမှိုက်ပုံးထဲရောက်ရှာရော့မယ်...အခုများကျတော့လည်း အသွင်ပြောင်းပုံများချက်ကတော့ ငါးကင်ခမျာ သူ့ကိုယ်သူ ဘာကောင်မှန်းတောင် အတော်စဉ်းစားယူရလိမ့်မယ် ထင်ပါရဲ့...း)

ငါးကို အနှီလို ဆားနဲ့ကင်တာကြီးကို သိပ်မကြိုက်ဘူးဗျာ...ဒီဘက်က ယိုးဒယားတွေလည်း အနှီလိုကြီးကင်တာ ခံတွင်းမလိုက်ဘူး...တရုတ်တွေကင်သလို မီးဖိုပေါ်မှာ ကင်တာပဲ ခံတွင်းလိုက်တယ်...ကင်ဆာတော့လည်း ကြောက်သဗျ...

San San Htun said...

မအိမ်သူတို့ များ တော်ပါပေတယ်...ငါးကင်တခုကို အကြောင်းပြု၍ သုံးမျိုးတောင် ရအောင် ချက်နိုင်တယ်...အမရာလည်း အဲဒီလိုမျိုး ချက်နိုင်တယ်လို့  ကြားဖူးသလိုပဲ...း)

စံပယ်ချို said...

မအိမ်သူရေ
ကျေးဇူးပါနော် ဟင်းချက်နည်းတွေအများကြီးရလိုက်တယ်
ပုံတွေကြည့်ပြီးသရေတော့လဲကျခဲ့တယ် ....

မောင်သီဟ said...

သွားရည်တမြမြနဲ့ ပို့စ်ဖတ်သွားပါတယ် အစ်မရေ စားသောက်ဖွယ်ရာတွေ အမြင်နဲ့ တင် ဗိုက်ဆာတယ်ဗျို့း)

Related Posts Plugin for WordPress, Blogger...