Thursday, July 28, 2011

ဝမ်းတထွာအတွက် စားစရာ

တစ်နေ့တစ်နေ့ မနက်မိုးလင်းလို့ မျက်စေ့နှစ်လုံးပွင့်တာနဲ့ အရင်ဆုံးစဉ်းစားရတဲ့အလုပ်က မနက်စာအတွက် ဘာစီစဉ်ရပါ့… နေ့လည်စာကို ဘာဟင်းလေးများ ချက်ရရင်ကောင်းမလဲနဲ့ ခေါင်းစားရတာက စပါတယ်။ လူကြီးတွေပြောသလို ၀မ်းတစ်ထွာဘဲရှိလို့သာ တော်တော့တယ် ဆိုတာမျိုး… တစ်နေကုန် စားတဲ့သောက်တဲ့ဟာ စာရင်းချကြည့်လိုက်ရင် နဲတာမဟုတ်… တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြုတ် စားသောက်နေရတာကိုက ဘ၀ပေးတာဝန်ဖြစ်နေတာ။ ဒါကလူတိုင်း မသေမချင်းလုပ်ရမယ့်အလုပ်လေ.. မစားရင် သေမှာကိုး… အဖွားရှိတုံးက ခဏခဏ ပြောပါတယ် “လူတွေမှာလည်း တစ်နေ့တစ်နေ့ မစင်တုံးကို တန်ဆာဆင်ရတဲ့အလုပ်က မလွယ်ဘူး” တဲ့ ..း D

ကဲ.. ဘရိတ်ဖတ်စ်လေးက စလိုက်ကြရအောင်… ဒီနေ့တော့ ဆီထမင်းလေးစားတာပေါ့။ ဆီထမင်းလေးထိုး နှမ်းထောင်းကလေးဖြူးပြီး ပဲပြုတ်ကလေးနဲ့ ငါးနီတူခြောက်ကြော်လေးနဲ့ မနက်စာ ကိစ္စကိုရှင်းလိုက်ပါတယ်။ ကော်ဖီလေးတစ်ခွက်လည်းပါသေးတာပေါ့နော်။ ကော်ဖီကိုတော့ မှတ်တမ်းမတင်လိုက်မိတော့ဘူး။ သောက်ပြီးမှ သတိရလို့…း P


မနက်စာအတွက် ဘာချက်ရပါ့မလဲ… တစ်ခါလာဒီဟင်း.. တစ်ခါလာဒီဟင်းဆိုတာမျိုးတွေလည်း ရိုးနေပြီ။ လွယ်လွယ်ကူကူချက် စားပြီးဗိုက်ထဲရောက်ရင် မစင်ဖြစ်မှာဆိုပေမယ့်လည်း နေ့တိုင်းဒါ .. ဒါ ဆိုတာမျိုးကြီးကျတော့ မစားချင်ပြန်… အပြောင်းအလွဲလေး စားချင်တတ်ကြတာလည်း လူတွေရဲ့သဘာဝကိုး…

ရေခဲသေတ္တာထဲ တီလားပီးယား ငါးတစ်ကောင်ရှိသေးတယ်။ ငါးဖယ်ကြော်ကလေးကလည်း ဗူးထဲမှာ လေးငါးခုကျန်သေးတယ်။ ဟင်းသီးဟင်းရွက်က ခ၀ဲသီးလေး နှစ်လုံးနဲ့ ဖရုံညွန့်ကလေးတစ်စည်းရှိတယ်။ အစိမ်းကြော်ကြော်စရာ အသီးအရွက်ကလေးတွေလည်း နဲနဲကျန်တယ်။ ဆက်ထားရင်ကောင်းတော့မှာမဟုတ်ဘူး။ သရက်သီးစိမ်းလေးကလည်း တစ်လုံးရှိတယ်။ ငန်ပြာရည်ဖျော်မစားရတာ ကြာပြီဆိုတော့ ဟင်းအရံကို ငန်ပြာရည်ဖျော်နဲ့ တို့စရာအစုံလေးလုပ်လိုက်မယ်။


ဟင်းရေသောက်ကို ခ၀ဲသီးနဲ့ ဖရုံညွန့် ရောပြီးကြော်ချက်ကလေး အရည်များများလေးနဲ့ချက်လိုက်ရင် ကောင်းမယ်။ ဟင်းချိုလေးပေါ့။


ငါးကို ဘာလုပ်ရပါ့။ ငါးကြော်နဲ့ ဟင်းချိုဟင်းနဲ့တော့ လိုက်ပါတယ်။ ဒါပေမယ့် အခြောက်တိုက်ကြီးဖြစ်နေပြန်ရော။ ငါးဟင်းကလည်း ဟိုနေ့ကစားပြီးပြီ။ ဟိုအစိမ်းကြော် အသီးအရွက်တွေကိုလည်း သုံးလိုက်ချင်တယ် ဆိုတော့ ငါးကြော်နှပ်ကို ကော်ရည်လေးနဲ့ ချိုချဉ်လုပ်လိုက်ရင် အဲဒီထဲကို အသီးအရွက်တွေ ထည့်လိုက်လို့ရတယ်။ အပြောင်းအလဲလေးလည်း ဖြစ်သွားရော…

ငါးကိုင် ဆားဆနွင်းနဲနဲနဲ့နယ် ဆီအိုးတည် ပြီးတော့ ငါးကို အကောင်လိုက် ကြွပ်နေအောင်ကြော်ပြီး ပန်းကန်ထဲ အဆင်သင့် ဆယ်ထားလိုက်တယ်။ အသီးအရွက်တွေ ရေဆေးပြီး ဇကာနဲ့စစ်ထားတုန်းမှာ ကော်မှုန့်လေး စားပွဲဇွန်းမောက်မောက် တစ်ဇွန်းလောက်ကို ရေအေးနဲ့ဖျော်တဲ့အထဲ ဆား သကြားလေး နဲနဲစီထည့် ပဲငံပြာရည်အပျစ် (ကြာညို့)ကို လဘက်ရည်ဇွန်း တစ်ဝက်လောက်ထည့် ချိုချဉ် အရသာအတွက် ချီလီဆော့စ်နဲ့ ခရမ်းချဉ်သီးဆော့စ်ကို စားပွဲဇွန်း တစ်ဇွန်းလောက်စီထည့်ပြီး ချိုချဉ်ကော်ရည်ဖျော် အဆင်သင့် ပြင်ထားလိုက်ပါတယ်။ ရှာလကာထည့်လည်းရပေမယ့် ဆော့စ်နဲ့က ဟင်းအရောင်ပိုလှပြီး အရသာကလည်း အချဉ်သိပ်မစူးတော့ဘူးပေါ့။ ကြက်သွန်နီလေးစိတ်ကွဲနဲ့ ကြက်သွန်ဖြူ ဒါးပြားရိုက်ကို ဆီသတ် အသီးအရွက်တွေထည့်ကြော်ပြီး အသီးအရွက်တွေ သိပ်မနွမ်းခင် ခပ်စိမ်းစိမ်းလေးမှာ ဖျော်ထားတဲ့ ကော်ရည်လောင်းထည့်လိုက်လို့ ဆူလာတာနဲ့ အချိုအချဉ် အပေါ့အငန်လိုသလိုမြည်းပြီး အနေတော်ဖြစ်ပြီဆိုရင် ခုနက ငါးကြော်ပေါ်ကို လောင်းချလိုက်တော့ ငါးကြော်ချိုချဉ်ပေါင်း ဖြစ်သွားရောပေါ့။



မနက်စာကိစ္စ ပြီးပြန်တော့ လာပြန်ပါပြီ နေ့လယ်နေ့ခင်း အဆာပြေ လဘက်ရည်သောက်ချိန်… ရေနွေးတည် တီးမစ်လေးတစ်ထုပ်ဖျော် လိပ်ပြာကူကီးစ်လေးနဲ့ ..


ခရင်မ်နဲ့ ကိတ်မုန့်ခွက်ကလေးလဲ တစ်ခွက်ရှိတယ်။ ရေခဲမုန့်ခွက်ကလေးလိုဘဲ။ ဒီက ကိတ်မုန့်ဆိုင်တွေက စိတ်ဝင်စားစရာ လှလှပပလေးတွေ အတော်လုပ်တတ်တယ်။ မြင်တာနဲ့တင် စားချင်စရာ .. မွေးနေ့ကိတ်တွေဆိုလည်း လှမှလှ…


ကဲ.. တစ်နေ့တာက မကုန်သေးပါဘူး။ ညစာအတွက် စီစဉ်ရအုံးမယ်လေ။ မနက်က ဟင်းချိုရှိသေးတယ်။ ငါးလည်း နဲနဲကျန်သေးတယ်။ ငန်ပြာရည် တို့စရာတွေ ရှိသေးတယ်။ ဒီငါးဖယ်ကြော်လေး လေးငါးခုကို သုပ်လိုက်ရင် ဟင်းတစ်ခွက် ရတာပေါ့။ ရေခဲသေတ္တာဖွင့် လိုတာထုတ်ရင်း ရှောက်သီးလေးတစ်စိတ် ကျန်နေတာကိုပါတွေ့လို့ ငါးဖယ်နဲ့ ရှောက်သီးသုပ်ဖို့ အကြံရသွားရော။ အဲဒါနဲ့ ငါးပိလေး လက်တစ်ဆစ်လောက် ဖုတ်လိုက်ပြီးတော့ ငါးဖယ် ကြက်သွန်နီ ဂေါ်ဖီ ငရုတ်သီးစိမ်းတွေ ပါးပါးလှီး ရှောက်သီးလေးမွှာပြီးထည့် ငါးပိဖုတ်ကလေးထည့် ရှောက်ရွက်ကလေးပါ ပါးပါးလှီးထည့်လိုက်တယ်။ မုန်လာဥနီကလေးလည်း တစ်ဖြောက်နှစ်ဖြောက်ခြစ်ထည့်လိုက်သေးတယ်။ အသုပ်ထဲမှာ ဂျိုးဂျိုး ဂျွတ်ဂျွတ်လေး ၀ါးရတာကြိုက်လို့… အားလုံးအဆင်သင့် လှီးချွတ်ပြီးတော့ ငန်ပြာရည်လေးနဲ့ ဟင်းခတ်မှုန့်လေးထည့် ပြီးအကုန်ရောနယ်သုပ်လိုက်ရင် ရှောက်ရွက်နံ့မွှေးမွှေးလေးနဲ့ ငါးဖယ်ရှောက်သီးသုပ်လေးတစ်ခွက်ရပါပြီ။ တခါတလေ အဲဒီလို ပဲမှုန့်တွေ ဆီချက်တွေမပါဘဲနဲ့ အကြမ်းသုပ်လေးစားရတာလည်း ကောင်းတာဘဲ။


ခလေးအတွက်တော့ ကြက်ဥလေးကြော်ပေးရရင် ကောင်းမယ်ထင်ပါရဲ့။ အင်း.. ဒါလည်း ရိုးရိုးမကြော်ဘဲနဲ့ ဟို ဂျပန်ကြက်ဥလိပ်ဆိုတာမျိုး လက်တည့် စမ်းကြည့်လိုက်အုံးမယ်။ ပလိန်းမလုပ်ဘဲ အစာပလာလေးနဲ့ လိပ်ကြော်ကြည့်ဖို့ စိတ်ကူးရတာနဲ့ ကြက်အူချောင်းလေးနဲ့ ငါးတိုဖူးလေးတစ်တုံး ပါးပါးလှီး မုန်ညင်းဖြူထုပ်ကလေး တစ်ရွက်နှစ်ရွက်နဲ့ ကြက်သွန်နီလေး ပါးပါးလှီးထည့်ပြီး ငရုတ်ကောင်းမှုန့် များများလေးဖြူး ဆားရယ် ပဲငံပြာရည်အကြည်ရယ် အားလုံးထည့်ပြီး ကြက်ဥသုံးလုံးနဲ့ ရောခေါက်လိုက်တယ်။ Non-stick pan ကို ဆီသုတ်ပြီး ကောင်းကောင်းပူလာမှ မီးအေးအေးလေးနဲ့ တစ်လွှာချင်း လိပ်လိပ်ပြီးကြော်သွားတာ ငါးလွှာလောက်ထပ်ရတယ်။


အမယ် အဲဒီဟာကြော်ရတာ အတော်စိတ်ရှည်ရှည်နဲ့ အကြာကြီးကြော်လိုက်ရတယ်။ အဲဒီကြက်ဥလိပ် တစ်လိပ်ရဖို့ နာရီဝက်လောက်တောင် ကြာတယ်ထင်ပါရဲ့။ အသစ်အဆန်းဆို လက်တည့်စမ်းပြီး လုပ်ကြည့်ချင်တာ… ခလေးကတော့ အထူးအဆန်းစားရလို့ သဘောတွေကျနေလေရဲ့… ဒီအတိုင်း သွားရေစာလိုမဟုတ်ဘဲ ထမင်းနဲ့စားတော့လည်း စားလို့ကောင်းတယ်။ နောက်ကို ဟင်းတစ်မျိုးရပြန်ပြီပေါ့…



တစ်နေ့တာ ၀မ်းတစ်ထွာအတွက်တော့ ပြီးသွားပြန်ပါပြီ… အဲဒီလိုနဲ့ဘဲ တစ်နေ့တစ်နေ့ တစ်ရက်တစ်ရက်နဲ့ လူတွေလည်း ၀မ်းတစ်ထွာအရေး ရှာရဖွေရ ချက်ရပြုတ်ရ အလုပ်တွေရှုပ်ရနဲ့ အချိန်တွေကုန် အသက်တွေလည်း တဖြည်းဖြည်းကြီးလာကြ… ၀မ်းတစ်ထွာ အမှုကိစ္စကတော့ ဘယ်တော့မှ မငြိမ်းနိုင်တဲ့အရေး… မွေးလာကတည်းက ဖြည့်လာခဲ့ရတဲ့ ၀မ်းတစ်ထွာက ဘယ်တော့မှလည်း ဖြည့်လို့ဆုံးမှာ မဟုတ်သေးဘူး။ ဒါက မသေမချင်းလုပ်ရမယ့် ဘ၀ပေးတာဝန်လေ…

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(ပုံတွေကို ကလစ်နှိပ်ကြည့်လို့ရပါတယ်။)

Wednesday, July 27, 2011

အမြည်းပို့စ်...

မင်္ဂလာပါရှင်..
အခုတစ်လော ပျောက်ချက်ကောင်းနေတာ ကြာသွားတယ်။ ကိုယ့်ဘလော့ဂ်ကော သူများဘလော့ဂ်ကော ဘယ်ဖက်မှ ခြေဦးမလှည့်နိုင်.. ဖေ့စ်ဘွတ်တွေ မေးလ်တွေလဲ အဝေးမှာ... ကွန်ပျူတာကို လှည့်မကြည့်ဖြစ်ဘဲ အတော်လေး မအားမလပ်ဖြစ်သွားတယ်။ တစ်နေကုန် အပြင်ထွက် အလည်လွန် လမ်းများနေတာလဲ ပါတာပေါ့လေ။ အခုမှ ဘလော့ဂ်ကို ပြန်ပြီး သွေးပူလေ့ကျင့်ခန်း လုပ်ရတယ်။ :))

ရေးစရာအကြောင်းတွေတောင် စုထားတာ ဦးနှောက်ကို ပြန်နွှေးရဦးမယ်။ အခုလောလောဆယ်တော့ ဘာပို့စ်မှ ထွက်မလာသေးခင် သွားရင်းလာရင်း ရိုက်ထားတဲ့ ပုံလေးတစ်ချို့ တင်လိုက်ပါတယ်။ အပျင်းပြေ ကြည့်ရအောင်ပေါ့။ ပုံတွေက တွေ့ရာရိုက်ထားတာဆိုတော့ အစီအစဉ်တကျရှိမှာတော့ မဟုတ်ဘူး။ နောက်မှ ခရီးသွားရင်း တွေ့ခဲ့တာလေးတွေ သပ်သပ်တင်ပါမယ်။ အခုကတော့ အမြည်းသဘောဘဲ ဆိုပါတော့...

လမ်းဘေးက မိုင်တိုင်

ကွင်းထဲက လျှစ်စစ်ဓါတ်အားပေးတိုင်

ဒါက ဟိုင်းဝေးကားလမ်းနံဘေးက လမ်းဘေးဈေးဆိုင်လေးတွေ။ မြန်မာပြည်လိုဘဲ။

ဒါကတော့ လမ်းဘေးတောင်ကုန်းလေးပေါ်က ဆက်သွယ်ရေးတိုင်တွေ

ဒါကတော့ ဟိုတယ်ကြီးတစ်ခုရဲ့ရှေ့က တခမ်းတနားပြင်ထားတဲ့ နတ်စင်

ဖနွမ်းပင်က ကလေးကစားကွင်းပန်းခြံထဲက ခြင်္သေ့

ဒါက ပန်းခြံထဲနေတဲ့မျောက် ..

ဒါကတော့ ခမာဘုရင့်နန်းတော်ထဲက ဘုရင့်ညီလာခံ အဆောက်အဦးခေါင်မိုးပါ။ ကိန္နရီ ကိန္နရာရုပ်တွေနဲ့ ဂဠုန်ရုပ်တွေ ထမ်းထားတဲ့ အမိုး (နန်းတော်တွင်းက ဓါတ်ပုံများကို နောက်မှတင်ပေးပါမယ်။ ဒါကတော့ အမြည်းပေါ့... :D )

ဒါကတော့ ခေါင်းပေါ်ကပျံသွားတဲ့လေယာဉ်ပျံကို လှမ်းရိုက်ထားတာပါ။

ဒါကတော့ စားသောက်ဆိုင် ခေါင်မိုးပေါ်က အလှဆင်ထားတဲ့ လေယာဉ်ပျံ...

ဒါကတော့ နန်းတော်ဝင်းအတွင်းက အန်ကောဝပ်ကျောင်းတော်ရဲ့ ပုံစံငယ်ပါ။

နန်းတော်ဝင်းထဲက ငှက်ပျောပင်နဲ့ ငှက်ပျောဖူး။ အဲဒီငှက်ပျောဖူးက တဖြည်းဖြည်းနဲ့ မြေကြီးနဲ့ထိတဲ့အထိ ငှက်ပျောခိုင်တွေကရှည်တယ် ။ ဒီတစ်ခေါက်သွားတာ အဲဒီလောက်ရှည်တဲ့အဖူး မရှိလို့ ဒါဘဲရိုက်ခဲ့ရတာ။ အရင်ခေါက်တွေသွားတုံးက ပုံတွေပြန်ရှာလို့တွေ့ရင် အဲဒီလို မြေကြီးနဲ့ထိနေတဲ့ ငှက်ပျောဖူးပုံတင်ပေးပါအုံးမယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Saturday, July 16, 2011

ခေတ်သစ်ဝေါဟာရတွေကြားထဲမှာ..


အခုခေတ်ကြီးက နည်းပညာခေတ်တဲ့… ဒုံးပျံခေတ် ဂြိုလ်တုခေတ် အရှိန်အဟုန်နဲ့ ပြေးနေတဲ့ခေတ်… အရာအားလုံးဟာ ခုန်ပျံကျော်လွှား တွန်းထိုးသွားနေရတဲ့ခေတ်…
အဲဒီခေတ်ကြီးထဲမှာ ကြားနေရတဲ့ ဝေါဟာရတွေကလည်း အများသား… မကြားချင်မှအဆုံး..
သိတာမသိတာ အပထားလိုက်အုံး.. သူများရွတ်လို့မှ ကိုယ်လိုက်မရွတ်တတ်ရင် တခေတ်နောက်ကျသွားမလား ဆိုတာတောင် စဉ်းစားဖို့မလိုလောက်အောင် နားယဉ်နေခဲ့ရတဲ့အဖြစ်… စိတ်မ၀င်စားသလို နေလို့မဖြစ်နိုင်တော့ ဝေါဟာရတွေကြားမှာ လူလည်းချာချာလည်လို့…
Global Village တဲ့ ကမ္ဘာကြီးက ရွာတစ်ရွာအဖြစ်တောင် ရောက်သွားပြီလား… ရွာကြီးထဲကလူသားတွေ အဖြစ်ကကော ရှေ့လျှောက် ဘယ်လိုတွေများ ရှိနေကြမလဲ စဉ်းစားနေမိတာ..
Globalization ဆိုတာကြီးက လူသားတွေအပေါ် အတော်လွှမ်းမိုး နိုင်တယ်လို့ ထင်မိသလိုလို … စိတ်ထဲမှာတော့ အရာအားလုံးဟာ တကယ်တန်း Globalize ဖြစ်နိုင်ပါရဲ့လား ဆိုတာ သံသယရှိနေဆဲ…
International..  International နဲ့ ပြောနေတဲ့ကြားကနေ Intra-national တွေအများကြီး ကြားမှာ ညှိနှိုင်းဆက်စပ်လို့မရတဲ့ Conflict တွေက တစတစကြီးထွား လာနေကြသလားလို့ တွေးနေမိတာ…
Intercultural တွေကို ဖေါ်ဆောင်ဖို့ကြိုးစားနေခဲ့ကြတာ နှစ်တွေမနည်းတော့..
Intra-cultural တွေနဲ့ တသားတည်းဖြစ်ဖို့ ဘယ်လိုတွေများ ညှိနှိုင်းကြမလဲ ဆိုတာ စိတ်ဝင်စားမိနေတုန်း..
Internet တွေ Intranet တွေထဲမှာ လူသားတွေ ပိုက်ကွန်မှာငြိသလို ပိတ်မိနေကြတာ World Wide Web ဖြစ်သွားကတည်းကစတာ..
Global Economics တို့ Global Market Place တို့ Global Banking တို့ Global Services တို့နဲ့ ကမ္ဘာတ၀ှမ်း ခြေလှမ်းကြဲနေကြတာ… ဒါပေမယ့် အဲဒီ Global တွေထဲမှာ ကိုယ်မပါတာကတော့ ကမ္ဘာအပြင်ဖက် ရောက်နေခဲ့လို့တော့ မဟုတ်တန်ရာဘူး…
ဒါ ကိုယ့်ရဲ့ Global Knowledge နည်းနေမှုနဲ့ သက်ဆိုင်မလား… Global Learning ကိုတော့ ကိုယ်မျှော်လင့်မိတာ တချိန်ချိန်မှာ သင်ခွင့်ရကောင်းပါရဲ့…
အဲ.. Global Warming ရဲ့ခြိမ်းခြောက်မှုထဲမှာ ကိုယ်ပါနေတာတော့ သိပ်သဘောမတွေ့မိခဲ့တာ ၀န်ခံပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Monday, July 11, 2011

ကောင်းကင်ကြီးထဲ တောင်စဉ်ရေမရ


ကိုယ့်မှာ စိတ်ညစ်စရာတွေ ရှိလာတဲ့အခါ.. ကိုယ့်စိတ်တွေ သိပ်ရှုပ်လာတဲ့ အခါမျိုးတွေမှာ.. ဒါမှမဟုတ် စိတ်ဓါတ်တွေ သိပ်ကျနေတဲ့ အချိန်တိုင်းမှာ ကောင်းကင်ကြီးကို မော့ကြည့်ရတာ ကိုယ်အနှစ်သက်ဆုံး အလုပ်ဘဲ။ တပြန့်တပြော ကျယ်ဝန်းတဲ့ ကောင်းကင်ကြီးပေါ်က တိမ်တွေကို တမေ့တမော ငေးမောလိုက်မိရင် စိတ်တွေက ပေါ့ပါးသွားတယ်။ အဲဒါကိုယ့်အတွက် အကောင်းဆုံး စိတ်ညစ်ဖြေဆေးဘဲ။ ကောင်းကင်ကြီးက ကိုယ့်ရဲ့ စိတ်တွေ ဘာတွေဘဲဖြစ်နေနေ အထိရောက်ဆုံး ကုစားပေးနိုင်တယ်။


အတွေးတွေကို ဟိုးအဝေးဆုံး ကောင်းကင်ကျယ်ကြီးဆီ လွှတ်ပစ်လိုက် … တိမ်တွေနဲ့အတူ လွင့်ချင်သလိုလွင့် မျောချင်ရာကိုမျော … ကိုယ့်စိတ်ပေါ့ပါးဖို့သာ အဓိကလေ။ အဲဒီအချိန်မှာ တွေးချင်ရာတွေကို တွေးပစ်လိုက်… အဲဒီအတွေးတွေကို ကောင်းကင်ကြီးထဲ ပစ်ပေါက်လိုက်… ကောင်းကင် တစ်ပြင်လုံး အတွေးတွေနဲ့ ပြည့်ကျပ်သွားတဲ့အထိ.. စိတ်ရှိလက်ရှိသာ တွေးစမ်း.. အတွေးပူဖေါင်းလေးတွေ ကောင်းကင်ထဲမှာ ဆပ်ပြာပူဖေါင်းလေးတွေလို လွင့်နေတုန်း တစ်လုံးပြီးတစ်လုံး စိတ်ကူးနဲ့ လိုက်ဖေါက်တမ်း ကစားရတာ… ကဲ .. ဘယ်လောက် ပျော်စရာကောင်းသလဲ.. ဆပ်ပြာပူဖေါင်းလေးတွေ လုဖေါက်ကြတဲ့ ငယ်ဘ၀လေးကိုတောင် သတိရလို့.. ကိုယ့်စိတ်တွေ ကြည်နူး ပျော်ရွှင်သွားလိုက်တာများ… 

ကိုယ့်လို ကောင်းကင်ကြီးကို စိတ်လိုလက်ရ မော့ကြည့်ရတာကိုနှစ်သက်သူ ဘယ်နှစ်ယောက်များရှိနိုင်သလဲ။ တစ်ယောက်နှစ်ယောက်တော့ မကနိုင်ပါဘူးထင်ရဲ့။ တစ်ထောင်လား တစ်သောင်းလား .. ကမ္ဘာ့လူဦးရေရဲ့ ရာခိုင်နှုန်း ဘယ်လောက်က နှစ်သက်ကြသလဲ .. တခါတလေတော့လည်း အဲဒီလိုမျိုးတွေ အဓိပ္ပါယ်မရှိ တွေးတော စစ်တမ်းကောက်မိတာမျိုးလဲ ရှိသေးတယ်။ ဘာဖြစ်လဲ အဲဒီလိုတွေးတော့.. ဘာမှ မဖြစ်ပါဘူး ဒီလိုဘဲ ဟိုတွေးဒီတွေး ကိုယ်တွေးချင်ရာ တွေးတာဘဲဟာ။ ဘယ်သူကများ တားဆီးနိုင်မှာလဲ။ တောင်စဉ်ရေမရ အတွေးတွေ ဆိုတာ လူတိုင်းမှာ ရှိနေကြတာဘဲ မဟုတ်လား။

ကိုယ့်အတွက် အတွေးတစ်ခုချင်းစီဟာ အဓိပ္ပါယ်ရှိနေဖို့ မလိုအပ်ပါဘူး။ ဟိုတစ်စ ဒီတစ်စ အတွေးလေးတွေဟာ တခါတရံမှာ ကိုယ့်အဖို့တော့ Jigsaw Puzzle လေးတွေလိုဘဲ။ တစ်ခုချင်းစီမှာ အဓိပ္ပါယ် အပြည့်အစုံ ရှိချင်မှရှိမယ်။ အဲဒီ အတွေးစလေးတွေကို တစ်ခုစီ တစ်စစီ ဆက်စပ်ကြည့်လိုက်မှ ပြည့်ဝတဲ့ ရုပ်လုံးပေါ်လာတာမျိုး… ကောင်းကင်ကြီးထဲက တိမ်စကလေးတွေကို ပေါင်းစပ်ပြီး ပုံရိပ်ပေါ်အောင် လုပ်နေရသလိုမျိုး… ဘာပုံပေါ်မလဲ ကိုယ်မသိနိုင်ပေမယ့် စိတ်လှုပ်ရှားမှုက အမြင့်ဆုံးမှာ… တိမ်တွေကို စိတ်ကူးနဲ့ ပုံဖေါ်ကြည့်နေရတဲ့ အရသာ.. အဲဒီလိုကနေမှ ကိုယ့်အတွက် အတွေးသစ်တွေ စိတ်ကူးသစ်တွေ ရလာတာမျိုးလည်း မကြာခဏ…

ကိုယ်စိတ်ညစ်နေတဲ့ အချိန်တွေမှာ ကောင်းကင်ကြီးကို မော့ကြည့် မျက်စေ့တစ်ဆုံး.. ကိုယ်ကြည့်နိုင်သလောက် အဝေးဆုံး ဘယ်လောက်အထိ ကြည့်နိုင်မလဲ ကြည့်ပစ်လိုက်စမ်း.. စိတ်တွေကိုလည်း အကြည့်တွေနဲ့အတူ လွှတ်ပေးလိုက် .. ဟိုး… အဝေးဆုံးကို ရောက်ချင်သလောက်သာ ရောက်လိုက်စမ်း ..
ကောင်းကင်ကြီး ပြာနေသလား မဲနေသလား မှောင်နေသလား တိမ်ဖုံးနေသလား မိုးတွေရွာနေသလား ကြယ်တွေမရှိဘူးလား အကြောင်းမဟုတ်ဘူး ဘာဖြစ်နေနေ အဲဒီအချိန်မှာ ကိုယ်စိတ်မ၀င်စားဘူး.. ကိုယ့်အတွက်တော့ ဘာကြီးဘဲဖြစ်နေနေ ကောင်းကင်ဟာ ကောင်းကင်ဘဲ.. အဆုံးအစမရှိ ကျယ်ပြောခြင်းကိုသာ ကိုယ်ကခံစားလိုတာလေ...

အဲဒီ ကြီးမားကျယ်ပြောတဲ့ ကောင်းကင်ထဲ ကိုယ့်ကိုယ်ကို စီးမျောရတဲ့အရသာ ခံစားဖူးတဲ့သူများ ရှိကြသလား.. ရှိချင်လဲရှိမယ်။ မရှိချင်လဲ မရှိဘူးပေါ့။ လူတိုင်းဟာ ကိုယ်ကြိုက်နှစ်သက်ရာကို ကိုယ်တိုင်ခံစားခွင့် ရှိကြတာဘဲလေ။ ရူးတယ်လို့များ ဆိုချင်ကြလား.. ပုထုဇဉ်နော ဥမ္မတကော လို့ဆိုမှတော့
လူတိုင်းဟာ တစ်မျိုးစီတော့ ရူးတတ်ကြတာဘဲ မဟုတ်လား။ ကိုယ့်ရူးသွပ်မှုက ကောင်းကင်ကြီးထဲမှာ.. 

တခါတလေ ကောင်းကင်ပေါ်က ငှက်ကလေးတွေနဲ့အတူ ကိုယ့်စိတ်ကူးတွေကို လိုက်ပါ ပျံသန်းခွင့်ပေးလိုက်တဲ့ အခါတွေမှာ ပေါ့ပါးလွတ်လပ်မှုတွေကို ကိုယ်ခံစားရတယ်။ ကိုယ့်စိတ်ထဲက မကောင်းတဲ့ ခံစားမှုတွေကို ကောင်းကင်ထဲမှာ ပျံဝဲရင်းနဲ့ တစ်စစီ တစ်ဖဲ့စီ လွှတ်ချပစ်ခဲ့.. လှပတဲ့စိတ်ကူးတွေကို တိမ်ညွန့်တွေပေါ်က ခူးဆွတ်ခဲ့.. ကောင်းကင်ကြီးထဲက အတွေးသစ်တွေကို ကြယ်ကလေးတွေလို တစ်စစီ ကောက်ခဲ့…

ကိုယ့်အတွေးတွေ အာကာသထဲအထိ အဆုံးအစမရှိ ပျံသန်းသွားချင်လဲ ကိုယ်ကြည်ဖြူစွာ လွှတ်ပေးလိုက်မှာ.. သွားပါစေ စကြာဝဠာအဆုံးထိ.. အတွေးတစ်ခုသွားရင် နောက်အတွေးသစ်တွေက ပြန်လာအုံးမှာဘဲ။ လွင့်သွားတဲ့ အတွေးတွေကို အတင်းလိုက် ဖမ်းဆုပ်ဖို့ ကိုယ်မကြိုးစားပါဘူး။ လွင့်ချင်သလောက်သာ လွင့်သွားစမ်းပါစေ… တိမ်တွေနဲ့အတူ.. ဦးတည်ရာမဲ့ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ နောက်ဆုံး ပါးလျားပျောက်ကွယ် သွားတဲ့အထိ .. အဲဒီအချိန်ရောက်ရင် ကိုယ့်စိတ်တွေက ပေါ့ပါး သွက်လက်လို့.. သန့်ရှင်း လတ်ဆတ်လို့ … ကြည်လင်တဲ့ စိတ်တွေနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်သွားခဲ့ပြီ။

ကောင်းကင်ကြီးကနေ ကိုယ့်အကြည့်တွေကို ခွာလိုက်တဲ့အချိန်မှာ ကိုယ့်မှာ စိတ်ညစ်စရာတွေ မရှိခဲ့တော့ဘူး… လောကကြီးမှာ ပုံမှန်လည်ပတ်ဖို့ စိတ်အင်အားတွေ ပြည့်ဝလို့ … တောင်စဉ်ရေမရ အတွေးတွေနဲ့ စိတ်ညစ်စရာတွေကို ကောင်းကင်ကြီးထဲ လွှင့်ထုတ် ဖေါက်ခွဲပစ်လိုက်ပြီးတဲ့ အချိန်မှာ ကိုယ့်စိတ်တွေက ပေါ့ပါး လွတ်လပ်စွာနဲ့ အသစ်တဖန် ဖြစ်နေခဲ့ပြီ… ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, July 8, 2011

ပန်းပျိုးမိသူအဖြစ်


လူတစ်ချို့လေ…
ပန်းတစ်ပင် ကိုယ်တိုင်ပျိုးဖို့အတွက်
ပလီစိချောက်ချက် စကားတွေနဲ့
ဆင်ခြေတွေပွားလို့ …

လူတစ်ချို့စကားက…
အပင်ကလေးများကို
စိတ်တော့ဝင်စားပါရဲ့ သို့ပေမယ့်
လူကမအားတဲ့ အကြောင်းတွေရယ်…

လူတစ်ချို့များကတော့…
အပင်ဆိုတာထားလို့
အယားတောင်မဖျောက်အား
အချိန်ကရှားတဲ့ အကြောင်းတွေရယ်…

အမျိုးမျိုး အထွေထွေ
အကြောင်းပြချက်တွေ ဝေေ၀ဆာဆာနဲ့
လူတစ်ချို့တွေကတော့ဆိုရဲ့
အပိုတွေမလုပ်နဲ့တဲ့…

အဲဒါနဲ့ဘဲ… …
အရိပ်တကြည့်ကြည့်နဲ့ တယုတယ
ကိုယ်ပျိုးထားခဲ့ရတဲ့ပန်း လန်းဆန်းဝေဆာ
ခက်လက်ဖြာလို့ ဖူးငုံကာ ပွင့်လာမှ…
ပန်းပျိုးဖို့ရာ ဆင်ခြေရှာကြသူများ
အလုအယက်ရောက်လာ ရက်စက်စွာနဲ့
အညှာကချိုးမယ်ကြံကြ
လုပ်ရက်ပ မစာနာ
ပျိုးသူမှာ ရင်ကွဲရချည့်
ကိုယ်ကသာ အလှကြည့်လို့
မထိရက် မကိုင်ရက်
နေ့စဉ်ရက်ဆက်
မက်မောစွာ ပျိုးခဲ့ရတဲ့ပန်း
ပွင့်လန်းလာတဲ့ တစ်ခဏမှာဘဲ
မွမွကြဲကာ ကြွေခဲ့ရ
ခြွေရက်ကြပါပေရဲ့
ပျိုးခဲ့မိသူအသည်း
ကြေကွဲခြင်းတွေအပြည့်
မချိတဲ့နှလုံး ယူကြုံးမရ
နှမြောတသစွာ… …။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 
(photos credit to Google)

Thursday, July 7, 2011

Woman ရဲ့ အစ


ဘုရားသခင်က သူ့ဖန်ဆင်းမှုကို လက်စသတ်လိုက်တယ်။ ပြီးစီးသွားတဲ့ လူသားပုံစံကို ကျေနပ်စွာကြည့်ပြီး အဲဒီ ပုံသဏ္ဍာန်ကို လူယောက်ျား (Man) လို့ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတဲ့နောက် လူယောက်ျားရဲ့ ကိုယ်ထဲကို အသက်ဝိဉာဉ်မှုတ်သွင်းပေးလိုက်ပြီး အသက်ရှင်လာတဲ့ လူယောက်ျားရဲ့ နာမည်ကို အာဒမ်လို့ ခေါ်တွင်စေခဲ့တယ်။ ပြီးတော့ အာဒမ်ကို ကောင်းကင်ဘုံမှာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကိုလည်း ပေးသနားလိုက်တယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ ဘုရားသခင်က အာဒမ်ကိုကြည့်ရင်းနဲ့ တစ်စုံတစ်ခုကို သတိထားမိသွားတယ်။

အာဒမ်ဟာ ပျော်ရွှင်ဘွယ်ရာအတိနဲ့ အရာရာ ပြီးပြည့်စုံလွန်းတဲ့ ကောင်းကင်ဘုံမှာ နေနေရသော်ငြား အဖေါ်မရှိ တစ်ကိုယ်တည်း ပျင်းရိငြီးငွေ့ဘွယ် ဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် ဘုရားသခင်က နောက်ထပ် လူသားတစ်ဦးကို ထပ်မံဖန်ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အာဒမ်ကို အံ့သြ၀မ်းမြောက်စေလိုတဲ့အတွက် အာဒမ် အိပ်ပျော်နေစဉ်မှာ ဘုရားသခင်က အာဒမ်ရဲ့ အဖေါ်လူသားကိုဖန်ဆင်းလိုက်တယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်နှစ်သက်ကြစေလိုတဲ့အတွက် ဒုတိယလူသားကို အာဒမ်ရဲ့ကိုယ်ပွားအဖြစ် ဖန်ဆင်းခဲ့တယ်။ တစ်ဦးနဲ့ တစ်ဦး အမှီသဟဲပြုနိုင်အောင်လည်း လူသားနှစ်ဦးကို ဆန့်ကျင်ဖက် အရည်အသွေးတွေရှိအောင် ဖန်ဆင်းလိုက်တယ်။ အာဒမ်ကို ဖန်ဆင်းစဉ်က ကျားကျားလျားလျား အားကောင်းမောင်းသန် သန်မာကြံ့ခိုင်တဲ့ ခွန်အားဗလနဲ့ ပြည့်စုံအောင်ပြုလုပ်ခဲ့လို့ ဒုတိယ ဖန်ဆင်းတဲ့ လူသားကိုတော့ ဘုရားသခင်က နုနုညံ့ညံ့ နွဲ့နွဲ့နှောင်းနှောင်း အရာရာမှာ ပျော့ပျောင်းတဲ့ အသွင်သဏ္ဍာန် ဖြစ်အောင် ပြုလုပ်လိုက်တယ်။

လူသားနှစ်ဦးဟာ ပုံစံတူ မူကွဲ မတူကွဲပြားတဲ့ အရည်အချင်းများနဲ့ အတူတကွ ရှင်သန်နိုင်အောင် ဘုရားသခင်က ဂရုတစိုက် ဖန်ဆင်းခဲ့တယ်။ ဒုတိယလူသားကို ဖန်ဆင်းပြီးစီးသွားတဲ့ အချိန်မှာ ဘုရားသခင် စဉ်းစားရတော့တယ်။ လူယောက်ျားရဲ့ ကိုယ်ပွား ဒီဒုတိယမြောက်လူသားကို လူယောက်ျားနဲ့ ဆင်တူတဲ့ ဘယ်လို အမည်နာမမျိုးကို ခေါ်ဆိုသတ်မှတ်ရမလဲ ဆိုတာကို ဘုရားသခင် ရုတ်တရက် စဉ်းစားလို့မရခဲ့ဘူး။ အဲဒါနဲ့ ဘုရားသခင်လည်း ဒုတိယလူသားကို အသက်အရင်သွင်းလိုက်ပြီးတဲ့နောက် ဧ၀လို့ အမည်ပေးလိုက်ပြီး အာဒမ်ရဲ့ ဘေးနားမှာ လဲလျောင်းနေစေခဲ့တယ်။ အာဒမ် နိုးထလာတဲ့အချိန်မှာ သူ့ဘေးနားမှာ ပြုံးရွှင်ချိုသာတဲ့ အသွင် နုညံ့ပျော့ပျောင်းတဲ့ အသားအရေနဲ့ သူနဲ့အလွန်တူသော်လည်း သူနဲ့ လုံးဝမတူတဲ့ ချစ်စရာ ကောင်းလှတဲ့ လူသားအဖေါ်တစ်ယောက်ကို တွေ့လိုက်ရတဲ့အချိန်မှာ အာဒမ်ခမျာ အလွန်ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ဘုရားသခင်ကို ကျေးဇူးတွေ အထပ်ထပ်တင်နေတော့တာပေါ့။

အဲဒီအချိန်ကစလို့ အာဒမ်နဲ့ ဧ၀ဟာ သွားအတူ လာအတူ စားအတူ အိပ်အတူနဲ့ တတွဲတွဲ မခွဲမခွာ အကောင်းဆုံး အဖေါ်မွန်တွေအဖြစ် ကောင်းကင်ဘုံမှာ အတူ သွားလာ နေထိုင်ကြတာပေါ့။ ဒါပေမယ့် ဘုရားသခင်ကတော့ ဒုတိယလူသားကို အကောင်းဆုံးအမည်နဲ့ ခေါ်တွင်နိုင်ဖို့ အတွက် တတွဲတွဲ ကြည်နူးစွာ သွားလာပျော်ရွှင်နေတဲ့ အာဒမ်နဲ့ ဧ၀ကို စောင့်ကြည့်ပြီး စဉ်းစားနေခဲ့တယ်။ ကြမ်းကြမ်း တမ်းတမ်း သန်သန်မာမာ အင်မတန် စွမ်းအားကြီးလှတဲ့ အာဒမ်ဟာ နုညံ့ပျော့ပျောင်းတဲ့ ဧ၀ရဲ့ ချိုသာ ချွဲနွဲ့တဲ့ တောင်းဆို ပူဆာမှုတွေကို မလွန်ဆန်နိုင်တာကို ဘုရားသခင်က သတိပြုမိတယ်။  ဧ၀ရဲ့ မျက်ရည်ကို အင်မတန် ကြံ့ခိုင်တဲ့ လူသား အာဒမ်ရဲ့ မာကျောတဲ့နှလုံးသားက အရည်ပျော်အရှုံးပေးရတာကို ဘုရားသခင် တွေ့ရှိသွားတဲ့အချိန်မှာတော့ 
ဘုရားသခင်နှုတ်ကနေ ရေရွတ်မိသွားတယ်။ 

လူယောက်ျား (Man) ဆိုတော့ သူ (He) - သူက လူယောက်ျား (He Man)
ဒုတိယ လူသားက သူ့ရဲ့ ကိုယ်ပွားဆိုတော့ သူမ (She) … He နဲ့ She ... He man -- She ကဘာလဲ..
သူမက သူ့နှလုံးသားကို အနိုင်ရတယ် (She won man’s heart)…

အဲဒီလိုဆိုတော့ He man – She won man … She Won Man!!! ဟုတ်ပြီ။
ဒုတိယ လူသားအတွက် အကောင်းဆုံးအမည်ကို ဘုရားသခင် တွေ့သွားပြီ။
She Won Man!!!  She Won Man!!!
ဘုရားသခင် ဆုံးဖြတ်လိုက်တယ်။ ဒုတိယလူသားဟာ She Won Man ဖြစ်တဲ့ အတွက်ကြောင့် Won Man - လူမိန်းမ (Woman) လို့ ခေါ်တွင်စေဖို့ ဘုရားသခင် သတ်မှတ်လိုက်တော့တယ်။
သူ့ဖန်ဆင်းမှု ပြီးပြည့်စုံသွားတဲ့အတွက် ဘုရားသခင် အလွန်တရာ ကျေနပ်သွားတယ်။
ဘုရားသခင် နှုတ်က ကျေနပ်စွာ ရေရွတ်နေခဲ့တယ် … “He – Man,  She – Woman …”

* * *  #  * * *

(ဒီပုံပြင်လေးကို ငယ်ငယ်တုံးက ကျောင်းမှာ အင်္ဂလိပ်စာသင်တဲ့ ဆရာက ဝေါဟာရတွေကို ခွဲခြားမှတ်မိအောင် ပြောပြပြီး သင်ခဲ့တဲ့ ပုံပြင်ကလေးပါ။ ဆရာဘယ်လောက် အပြောကောင်း အသင်ကောင်းလဲဆိုတာ အခုထိ အဲဒီပုံပြင်ကို မမေ့သေးပါဘူး။ Man နဲ့ Woman စာလုံးတွေကို တွေ့တိုင်း အဲဒီပုံပြင်လေးကိုဘဲ သွားသွား သတိရနေခဲ့တာ အခုအချိန်ထိပါဘဲ။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Tuesday, July 5, 2011

သုပ်လိုက်ကြစို့ သူငယ်ချင်း

မအိမ်သူက အင်မတန်အသုပ်ကြိုက်ပါတယ်။ အသုပ်မရှိတဲ့ အရပ်မှာ မအိမ်သူနေလို့မရပါဘူး။ အသုပ်ဆိုရင် ဘယ်လိုပုံစံဘဲဖြစ်ဖြစ် အကုန်လုံးကိုကြိုက်တာပါ။ Mayonnaise နဲ့သုပ်တဲ့ အနောက်တိုင်းစတိုင်လ် ချိုချဉ်စပ် ယိုးဒယားစတိုင်လ် ချဉ်ငံစပ် ဗမာစတိုင်လ် မဆလာနဲ့ ငရုပ်သီးစပ်စပ် အိန္ဒိယစတိုင်လ် ဘယ်လိုနည်းနဲ့ဘဲ သုပ်သုပ် အသုပ်ဆို လာထားဆိုတဲ့ အစားထဲက.. ဘယ်လောက်အထိ ကြိုက်လဲဆို ကိုယ်လုံးဝမကြိုက်တဲ့ အစားအသောက် ကိုတောင် သုပ်လိုက်ရင် ကြိုက်နှစ်သက်စွာ စားလို့ရပါတယ်။ ရန်ကုန်မှာတုံးကဆိုလည်း လမ်းသွားရင်း အသုပ်သည်မြင်ရင် မနေနိုင်ပါဘူး။ တစ်ပွဲလောက်တော့ စားလိုက်ရမှ ကျေနပ်တာ… ထမင်းစားရင်လည်း အသုပ်တစ်ခုခုပါရင် မအိမ်သူအတွက် တခြားဟင်းမလိုပါဘူး။ ထမင်းဖြူနဲ့ အသုပ်နဲ့တင် တစ်ဝကြိတ်ပစ်လိုက်တာဘဲ။ တခါတလေလည်း မန်ကျည်းသီးစိမ်းထောင်းတို့ မရမ်းသီးထောင်းတို့ သရက်သီးစိမ်းထောင်းတို့ ထောင်းစားပြီးလို့ နဲနဲကျန်နေရင် ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းထားလိုက် ပါတယ်။ ပြီးတော့မှ နောက်နေ့မှာ အဲဒီထဲကို ကြက်သွန်နီ ပါးပါးလှီးထည့် နံနံပင် လှီးထည့်ပြီး ရောနယ်သုပ်စားတာ မျိုးလည်း လုပ်ပါတယ်။ ချဉ်စပ်သုပ် ကလေးတွေပေါ့။  ထမင်းနဲ့တွဲဖက်လို့ ဟင်းအဖြစ်သုပ်စားဖြစ်တဲ့ အသုပ်လေးတစ်ချို့ကို ဓါတ်ပုံရိုက်ထားတာ ရှိသလောက်ကလေး ဝေမျှပေးလိုက်ပါတယ်။ ကျန်သော အသုပ်မျိုး  ပေါင်းစုံကိုတော့ နောက်များမှ ထပ်ဆက်ကြတာပေါ့နော်။ ဓါတ်ပုံရိုက်ထားတာ အဆင်သင့် မရှိသေးလို့ပါ။
ငါးဖယ်ကြော်နဲ့ ခရမ်းချဉ်သီးနဲ့ သုပ်ထားတာပါ။
ပထမနေ့မှာ ငါးဖယ်ကြော်စားပြီး သုံးလေးခုကျန်နေလို့ နောက်နေ့မှာ ဟင်းတစ်ခွက်ဖြစ်အောင် စီမံထားတာပါ။ ငါးဖယ်ပါးပါးလှီး ခရမ်းချဉ်သီး ကြက်သွန်နီ ဂေါ်ဖီ မုန်လာဥနီ ငရုပ်သီးစိမ်း အားလုံးပါးပါးလှီး ဆား သို့မဟုတ် ငံပြာရည် ဟင်းခတ်မှုန့် (အချိုမှုန့်စားရင် အချိုမှုန့်)ထည့် သံပုရာရေညှစ်ပြီး ချဉ်စပ်လေး အကြမ်းသုပ် သုပ်ထားတာပါ။ ပဲမှုန့်တို့ ဆီချက်တို့ မပါပါဘူး။

ခရမ်းသီး မီးဖုတ်သုပ်
ခရမ်းသီးကို မီးအေးအေးနဲ့ ပျော့သွားအောင်ဖုတ်ပြီး အခွံခွာ ကပ်ကြေးနဲ့ ခပ်သေးသေး အတုံးလေးတွေ ဖြစ်အောင်ညှပ်ပါတယ်။ ကြက်သွန်နီ ငရုတ်သီးစိမ်း နံနံပင် ပါးပါးလှီးပြီး ဆား ဟင်းခတ်မှုန့် နှမ်းလှော်ထည့် မြေပဲလှော် လုံးခြမ်းကွဲကလေး ထုထားတာ ကြိုက်တတ်ရင် ထည့်ပြီး ဆီစိမ်းကလေးဆမ်း အားလုံးရောနယ် သုပ်လိုက်ရင် ခရမ်းသီး မီးဖုတ်သုပ် မွှေးမွှေးလေးရပါပြီ။ (အဆိမ့်သုပ်ပါ။ အချဉ်လေးနဲ့စားချင်ရင်တော့ သံပုရာရည်လေး နည်းနည်းညှစ်ပြီး သုပ်လို့ရပါတယ်။ ဒါပေမယ့် သိပ်ချဉ်ရင် စားလို့မကောင်းပါဘူး။ ခရမ်းသီးက အချိုဆိုတော့ အဆိမ့်သုပ်ကလေးက ပိုကောင်းပါတယ်။)

ရခိုင်ငါးနီတူသုပ်
ဒါကတော့ ရခိုင်သုပ်ပါ။ ချဉ်ချဉ် စပ်စပ် ရှူးရှူး ရှဲရှဲ ကြိုက်တတ်ရင် ခံတွင်းတွေ့မယ့် အသုပ်ပါ။ ငါးနီတူခြောက် ကလေးတွေကို ဒယ်အိုးတစ်ခုထဲမှာ မီးအေးအေးလေးနဲ့ မွှေးရွလာတဲ့အထိ စိတ်ရှည်လက်ရှည် လှော်ထားပါ။ ပြီးရင် အအေးခံပြီး လေလုံတဲ့ ဗူးတစ်ခုခုထဲ ထည့်ထားပါ။ ငရုပ်သီးစိမ်းလေးတွေကို အညှာခြွေ ရေဆေးပြီး ဒယ်အိုးမှာ မီးအေးအေးနဲ့ လှော်ပါ။ အစပ်ကြိုက်သလောက် (စားနိုင်သလောက်) များများထည့်လို့ရပါတယ်။ ကြက်သွန်နီ နံနံပင် ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ အခွံခွာထားပါ။ သရက်သီးစိမ်း ကိုအခွံခွာပြီး သုံးလေးစိတ်လောက်ကို အတုံးလေးတွေ လှီးထားပါ။ (မရမ်းသီးစိမ်းနဲ့လည်း ရပါတယ်။ သရက်သီး မရမ်းသီး ဘာမှမရရင် သံပုရာရည် ညှစ်ပြီး သုပ်လို့ရပါတယ်။) ငရုပ်ဆုံထဲ လှော်ထားတဲ့ ငရုပ်သီးထည့် ဆားနဲ့ ဟင်းခတ်မှုန့်ထည့် သရက်သီးထည့် ကြက်သွန်ဖြူနှစ်မွှာ သုံးမွှာလောက်ထည့် အားလုံးရောထောင်းပါ။ သိပ်အရမ်းကြီးတော့ မညက်ပါစေနဲ့။ အားလုံးရောပြီး လုံးခြမ်းကွဲဖြစ်သွားရင် ရပါပြီ။ နောက်ဆုံးမှ ကြက်သွန်နီလှီးထားတာနဲ့ နံနံပင်နဲ့ကို ငရုပ်ဆုံထဲထည့်ပြီး ငရုပ်သီးထောင်းထားတာနဲ့ ရောသွားအောင် ကျည်ပွေ့နဲ့ အသာလေးမွှေပေးပါ။ ထောင်းဖို့မဟုတ်ပါဘူး။ ကြက်သွန်နီ ပျော့ပြီးနွမ်းရုံကလေးပါ။ (တကယ်လို့ သရက်သီး မရမ်းသီး မရှိရင် ကျန်တာတွေဘဲ ထောင်းပြီး သုပ်တဲ့အချိန်မှာ သံပုရာရည် ချဉ်ချဉ်လေး ညှစ်ပါ။) ငါးနီတူ လှော်ထားတာ လေးတွေကို ရေတစ်ချက်လောက် ဆေးလိုက်ပြီး ငရုပ်ဆုံထဲက ထောင်းထားတဲ့ အစာတွေနဲ့ ရောနယ်လိုက်ရင် ငါးနီတူ ရခိုင်သုပ် ချဉ်စပ်ကလေးရပါပြီ။ (နယ်ရင် လက်အိတ်နဲ့နယ်ပါ။ ငရုပ်သီးများတော့ လက်အရမ်းပူပါတယ်။) ငါးနီတူက စားခါနီးမှ သုပ်တာကောင်းပါတယ်။ သုပ်ပြီးရင်လည်း ချက်ချင်းစားပါ။ ကြာရင်ပျော့သွားတော့ စားမကောင်းတော့ပါဘူး။

ပြည်ကြီးငါးနဲ့ ပုဇွန် ချဉ်စပ်သုပ်
ပြည်ကြီးငါးနဲ့ ပုဇွန်ကိုပြုတ်ပြီး လိုသလောက် လှီးထားပါတယ်။ ကြက်သွန်ဖြူ တစ်မွှာလောက်ကို နုတ်နုတ်စင်း ကြက်သွန်နီ နံနံပင် ငရုပ်သီးစိမ်း ပါးပါးလှီးပြီး ဆား ဟင်းခတ်မှုန့်ထည့် သံပုရာရည် ချဉ်ချဉ်လေး ညှစ်ပြီး အားလုံးရောနယ် သုပ်လိုက်တာပါဘဲ။

ဒါကတော့ ထမင်းနဲ့စားတာမဟုတ်ပါဘူး။ သွားရေစာအနေနဲ့ သုပ်စားတဲ့ ပြောင်းဖူးပြုတ်သုပ်ပါ။
ပြောင်းဖူးပြုတ်ကို အစေ့ခြွေ ဒါမှမဟုတ် ဓါးနဲ့ပါးပါးလျှပ်ပြီး လှီးလဲရပါတယ်။ (ဓါးနဲ့လှီးသုပ်တာ ပိုစားကောင်းတယ်။) ကြက်သွန်နီပါးပါးလှီး နံနံပင် ငရုပ်သီးစိမ်း ပါးပါးလှီး နှမ်းလေးထည့် မဆလာလေးဖြူး ဆား ဟင်းခတ်မှုန့်လေးထည့် ဆီစိမ်းမွှေးမွှေးလေးဆမ်းပြီး အားလုံး ရောနယ်သုပ်စားပါတယ်။ ရေနွေးကြမ်းလေးနဲ့ မြည်းလို့ ကောင်းမှကောင်း ...

ဓါတ်ပုံတွေကြည့်ပြီး မြင်သာမြင် မကြင်ရ ဒုက္ခပေးတယ်လို့များ ထင်ကြမလားမသိ… :) 
သုပ်နည်းလေးတွေပါ ဝေမျှပေးထားပါတယ်။
မအိမ်သူလက်ရာ အသုပ်ကလေးများ စားချင်ရင်တော့ ကမ္ဘောဒီးယား လာလည်ကြပေါ့နော် … :D

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Saturday, July 2, 2011

သူငယ်ချင်း မိတ်ဆွေများအတွက်…

(Scripture & Poetry to Encourage Us)

It brings comfort to have friends in whatever happens.
                              (St. John Chrysostom)

ဘယ်လို အဖြစ်တွေနဲ့ဘဲ ကြုံကြုံ မိတ်ဆွေကောင်းများကို ပိုင်ဆိုင်ထားခြင်းအားဖြင့် စိုးရိမ် ကြောင့်ကြ ပူပန်ရခြင်းတို့မှ သက်သာရာရစေပါတယ်။

# # # # #

You, my friend,
are the rainbow of my life:
the pastel, the bright;
the pot of gold;
the promise after the storm;
the reminder that God loves me.
                              (Conover)

သူငယ်ချင်း မင်းဟာ…
ငါ့ဘ၀ရဲ့ သက်တန့်တစ်စင်း
အလင်းတစ်စ တောက်ပတဲ့ရောင်စဉ်
ရွှေစင်တစ်အိုးလိုပ
မုန်တိုင်းရဲ့နောက်ကလေပြေ
ဘုရားသခင်ရဲ့ မေတ္တာတော်တွေကို သတိရနေစေခဲ့သူ … …။

  # # # # #

I’m thankful for your cheerful words;
Appreciate your smile;
I’m pleased you are considerate ̶
No one would you revile.
I’m grateful for your humor,
And your humility;
But most of all I’m thankful that
You’ve been a friend to me.
                       (Sarah Michaels)

ရွှင်လန်းတက်ကြွစေရာ စကားချိုသာများအတွက် ကျေးဇူးတင်မိတာ..
မင်းရဲ့အပြုံးဟာ နှစ်သက်ဖွယ်ရာ...
မင်းရဲ့တွေးဆဆင်ခြင်တတ်မှုအတွက် ငါကျေနပ်အားရရှိမိတာ..
မင်းဟာ သူတစ်ကာတို့အလယ်မှာ အပြစ်ဆိုဖွယ်ရာမရှိခဲ့..
မင်းရဲ့ ဟာသဉာဉ်ဟာ စိတ်ပျော်ရွှင်ကြည်နူးဖွယ်ရာ..
မင်းဟာ ယဉ်ကျေးစွာ နှိမ့်ချတတ်တာ ချစ်ခင်နှစ်သက်စရာ…
သို့ပေမယ့်ငြား အရာအားလုံးထက် ကျေးဇူးတင်ချင်တာ
မင်းဟာငါ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်နေခဲ့လို့ပါ … ။
 # # # # #
(သူငယ်ချင်း မိတ်ဆွေတို့နဲ့ ပတ်သက်ပြီး ရေးသားချက်များမှ ကြိုက်နှစ်သက်မိတဲ့ စာ ကဗျာလေးတွေကို ဘာသာပြန်ကြည့်ထားတာပါ။ အမှားအယွင်း ချို့ယွင်းချက်များ ပါခဲ့ရင် မအိမ်သူရဲ့ ဘာသာပြန် အမှားသာဖြစ်ပါတယ်။ မူရင်း ရသကို တိတိကျကျ ခံစားနိုင်စေဖို့ Original ရေးသားချက် များနဲ့အတူ တွဲဖက်ဖေါ်ပြပေးထား ပါတယ်ရှင်။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...