တလွင့်လွင့်မျောပါ မီးခိုးတန်း…
မှုန်ဝါးဝါး မပီမသ
ပုံရိပ်တွေ…
ရေတံခွန်ထိပ်က လျှောကျသွားသော ရေပန်းဖွားများ…
ကောင်းကင်ထက်က တိမ်တိုက်များ…
လေမတိုက်ပဲ လွင့်ဝဲနေတဲ့
ရွက်ဝါကြွေတွေ…
တိတ်ဆိတ်ငြိမ်သက်သောအမှောင်…
အတွေးထဲက ဆူညံသံများ…
အကောင်အထည်မဲ့ အသက်ရှုသံများ…
ဖမ်းဆုပ်မမိနိုင်တဲ့ လက်များစွာ…
စိတ်ကူးထဲက လွင့်ပါးနေသော
အတိတ်များ…
အလွမ်းဟာ ဟိုး အနက်ရှိုင်းဆုံး
အတွင်းကလာတယ်။
မသိစိတ်က ဆွဲဆောင်နေသော တိုးတိတ်လှတဲ့ အသံတစ်ခု…
ဘယ်မှာလဲ… ဘယ်မှာလဲ…
ခေါ်သံတွေ ဆူညံလာသလား
ငါ့နားတွေ တင်းတင်းပိတ်ထားပစ်လိုက်မယ်။
ဒလကြမ်း တွန်းထိုး
ဆွဲခေါ်သွားမယ့် လက်တွေ…
ဟင့်အင်း.. ငါမလိုက်ဘူး…
မလိုက်ချင်ဘူး…
အကျယ်ကြီး အသံကုန်
အော်ဟစ်ပစ်လိုက်ချိန်မှာ…
ရင်ဘတ်ထဲက ကြားလိုက်ရတဲ့ အသံမဲ့ တိုးတိတ် အငြင်းစကား…
အရာအားလုံးဟာ အရိပ်တွေ… ပုံရိပ်ယောင်တွေ…
ဦးနှောက်ထဲကို တိုးဝင်လာတဲ့
ဟားတိုက်ရီမောသံ သဲ့သဲ့…
လွင့်မျောမှုတစ်ခုထဲမှာ အဆုံးသတ်စရာရှာမတွေ့ခဲ့…
အတွေးမဲ့ ခံစားချက်မဲ့
ဗလာနယ်… ဒါဟာဘာလဲ…
စကြာဝဠာအပက လွင့်မျောခြင်းနယ်ပယ်တစ်ခု…
ငါ့စိတ်က ငါ့ကိုယ်ကခွာ
ဝမ်းမြောက်ဝမ်းသာ လွင့်ထွက်သွားမလို့ ကြံတုန်း…
ငါ့ရဲ့ရုပ်ခန္ဓာကအထိတ်တလန့်နဲ့ ငါ့ရဲ့စိတ်ကို ပြန်ခေါ်…
ရုန်းရင်းဆံခတ် ဝရုန်းသုန်းကားတွေနဲ့ ရှုပ်ယှက်ခပ်သွားစဉ်...
နက်နက်ရှိုင်းရှိုင်း အမှောင်ကြားမှာ ဝိညာဉ်ဟာ အေးခဲသွားသလား...
အဖြစ်အပျက်များစွာရဲ့ အဆုံးသတ်ကို သွေးအေးစွာနဲ့ ထိုင်ကြည့်နေခဲ့တဲ့ငါ…။
အဖြစ်အပျက်များစွာရဲ့ အဆုံးသတ်ကို သွေးအေးစွာနဲ့ ထိုင်ကြည့်နေခဲ့တဲ့ငါ…။
◄ ◄◄ ◄ ◄ ♦♦♦ ► ► ► ► ►
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
1 comment:
ခံစားမှုတွေကတိုင်ဆိုင်လိုက်တာနော် မဖတ်ရတာလဲကြာခဲ့လို့ ရင်ဘတ်နဲ့ဖတ်ခဲ့ပါတယ်
Post a Comment