Monday, February 1, 2016

ဇီဝလောင်ကျွမ်းမှု



ပူလောင်ခြင်းအပြည့်နဲ့ နေ့တွေဟာ
ကျောက်ခေတ်လူသားတစ်ယောက်ရဲ့ဂူအဝမှာ
အမြဲပျိုးထားရတဲ့ မီးတစလို တငွေ့ငွေ့နဲ့ တမြည့်မြည့်လောင်နေခဲ့ရ…
ဒီမီးတစကို ငြိမ်းချင်သတ်ချင်နေပါလျက်နဲ့ မီးသေသွားမှာကိုလဲ စိုးရွံ့ထိတ်နေရဆဲ
အကြောက်ထဲက ဘဝတွေအတွက်တော့ စိုးရိမ်သောကဟာ လောင်စာပေါ့
လောဘတကြီးနဲ့ ဖို့လိုက်သမျှတွေဟာ လောင်ကျွမ်းသွားခဲ့ရတယ်။
မီးတစဟာ မသေဆေးမဟုတ်ပေငြား သုံးတတ်သမျှတော့ အစွမ်းထက်တယ်။
အရှိန်မသတ်နိုင်ခဲ့ရင်တော့ ဘဝအဆက်ဆက်လောင်ကျွမ်း ပြာကျ
ရန်သူဟာ နှလုံးသားမှာ ခိုဝင်ပုန်းလျှိုးသွားခဲ့တာ မမြင်လိုက်ရဘူး။
ဘယ်အရာတွေဟာ အသုံးကျမှန်းမသိရင်
တွေ့သမျှ အကုန်ကောက်ချင်လို့တော့ ရလိမ့်မယ်မထင်နဲ့ပေါ့။
သိမ်းဆည်းထားသမျှဟာ တချိန်မှာ အသုံးကျလေလိမ့်မလား မျှော်လင့်ရင်း
တလက်လက်တောက်နေတဲ့ မီးစာတွေဟာ တငွေ့ငွေ့နဲ့ လုံးပါး ပါးလိုက်လာ
အမှောင်နက်နက်ထဲက ဆီမီးဟာ မှိန်သထက်မှိန်လာ
အဆုံးသတ်ဟာ ဆီမီးခမ်းချိန်လား မီးစာကျွမ်းချိန်လား 
အားလုံးဟာတော့ တချိန်ချိန်မှာ အငွေ့ပျံသွားရလိမ့်မယ်။


◙ ◘ ◙ ◘ ◙ ◘ ◙ ◘ ◙ ◘ ◙ ◘ ◙ ◘ ◙


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

Related Posts Plugin for WordPress, Blogger...