ငါ့ရဲ့
စိတ်ခြေလှမ်းတွေ အလည်အပတ်ထွက်မိတိုင်း မရည်ရွယ်ပဲ ခဏခဏလျှောက်မိတတ်တဲ့ ဒီလမ်းကို အလွမ်းရောင်လမ်းလို့ ငါကခေါ်တယ်။
ငါလျှောက်တတ်တဲ့ အလွမ်းရောင်လမ်းဟာ
အမြဲတမ်းတော့ ခရမ်းရောင်ဖျော့ဖျော့သန်းမနေခဲ့ဘူး။
ဘယ်သူမှမသိတဲ့ အလွမ်းရောင်လမ်းဟာ
ငါ့တကိုယ်ရေစာပဲ စည်ကားတယ်။
အလွမ်းရောင်လမ်းမှာ
တခါတလေ ဝေဒနာတွေခင်းထားတတ်သလို တခါတလေတော့လည်း ကြည်ပြာရောင်ပန်းတွေ
ပွင့်တတ်ပြန်တယ်။
အလွမ်းရောင်လမ်းမထက် တခါတရံကော်ဇောဝါဝါတွေ
ခင်းထားတတ်သေးသလို မြူမှုန်ပါးပါးတွေလဲ ဆင်ထားတတ် ပြန်ရဲ့။
လမ်းတလျှောက်မှာ
တကိုယ်စာဖေါက်ထားတဲ့ နံရံတွေရှိတဲ့အခါ ငါနှစ်သက်ရာတံခါးပေါက်က
ထွက်ခွာသွားနိုင်တယ်။
လမ်းနံဘေးက ကြည်တဝက်
နောက်တဝက် ရေကန်တွေထဲကို မျက်ရည်တွေလည်း အလိုရှိသမျှ သွန်ထည့်သွားနိုင်သေးတယ်။
အဖြူရောင်သက်သက်လမ်းမှာ
လျှောက်နေရင်းက လက်ဖျစ်တတွက်အတွင်း မှော်အတတ်နဲ့ ပြုစားလိုက်သလို အနက်ရောင်ထင်းထင်းလည်း
ပြောင်းသွားတတ်သေးတယ်။
ဟိုမှာသည်မှာ တွဲလဲချိတ်ဆွဲထားတဲ့
နာကျင်မှုတွေ၊ ကြယ်တွေလို တလက်လက်တောက်နေတဲ့ အနာဂါတ် စိတ်ကူးတွေ၊ စက်လှေကားတစင်းလို
တဖြည်းဖြည်းရွေ့နေတဲ့ မျှော်လင့်ချက်တွေ၊ နောက်ပါးက တရှပ်ရှပ်မြည်နေတဲ့ အတိတ်ခြေရာတွေ၊
ကိုယ့်ရှေ့မှာ မီးခိုးငွေ့တွေလို မျောလွင့်နေသော်ငြား ဘယ်တော့မှ ဖမ်းဆုပ်လို့မမိနိုင်တော့တဲ့
ကြည်နူးခြင်း အမှတ်တရတွေဟာ အလွမ်းရောင်လမ်းမှာ installation art တွေလို
ခင်းကျင်းထားခဲ့ပေမယ့် ဒါတွေဟာ တကယ်တော့ အနုပညာ ပြကွက်မဟုတ်ဘူး။
ငါ့စိတ်တွေ
နာကျင်လာတဲ့အခါတိုင်း အလွမ်းရောင်လမ်းထက် ကြေကြေကွဲကွဲ ငါလျှောက်တယ်။
ငါ့အတွေးတွေ
ဆာလောင်လာတဲ့အခါတိုင်း အလွမ်းရောင်လမ်းဟာ လိုလိုလားလား လက်ကမ်းတယ်။
ငါ့နှလုံးသားတွေ
ကြေကွဲလာတဲ့အခါတိုင်း အလွမ်းရောင်လမ်းက ကြင်ကြင်နာနာ ဖြေသိမ့်ပေးတယ်။
ငါ့စိတ်ကူးတွေ
ထူပိန်းပိန်းဖြစ်လာတဲ့အခါတိုင်း အလွမ်းရောင်လမ်းမှာ ခံစားချက်အသစ်တွေရှာမိတယ်။
ငါ့အရှိတရားတွေဟာ
ကျေနပ်စရာမရှိလှတဲ့အခါတိုင်း အလွမ်းရောင်လမ်းက ဖြည့်ဆည်းပေးတယ်။
ငါ့လိုဘတွေ မဖြည့်စွမ်းသာတဲ့အခါတိုင်း
အလွမ်းရောင်လမ်းဆီက အကူအညီယူရတယ်။
ငါ့မာနတွေကို
ဖယ်ရှားပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းပေါ် ငါရောက်တတ်တယ်။
ငါ့ဒေါသတွေကို
ခြေမွပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းက အသင့်စောင့်ဆိုင်းနေတတ်တယ်။
ငါ့မောဟတွေကို
ပယ်ချပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းမပေါ် ငါ့ကိုယ်ငါ ကြဲချပစ်လိုက်မိတယ်။
ငါ့ဝမ်းနည်းမှုတွေကို
ခြွေချပစ်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းမကို နင့်နင့်နဲနဲ တမ်းတမိတယ်။
ငါ့ပျော်ရွှင်ခြင်းတွေထဲမှာ
နစ်ဝင်လိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းဆီ အပြေးလေးရောက်မိတယ်။
ငါ့ကြည်နူးခြင်းတွေကို
သိမ်းဆည်းထားလိုတဲ့အခါတိုင်း အလွမ်းရောင်လမ်းမှာ ပြတိုက်တွေကို တခမ်းတနား ခင်းကျင်းထားမိတယ်။
သိပ်သိပ်သည်းသည်းရှိလွန်းလှတဲ့
ခံစားချက်တွေနဲ့အတူ အလွမ်းရောင်လမ်းပေါ်ကို တကိုယ်ရေ လှမ်းမိလိုက်တိုင်းမှာ အလွမ်းရောင်လမ်းဟာ
ငါနဲ့အတူအမြဲတသားတည်းဖြစ်လို့… အလွမ်းရောင်လမ်းနဲ့ ငါနဲ့ အပြန်အလှန် သဟဇာတဖြစ်လို့... အလွမ်းရောင်လမ်းဟာ ငါ့ကိုယ်ခန္ဓာထဲ ပျော်ဝင်သွားခဲ့သလို ငါကိုယ်တိုင်လဲ အလွမ်းရောင်လမ်းထဲကို နစ်ဝင်သွားခဲ့...။
◘○○◘ ◘○○◘ ◘○○◘ ◘○○◘
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။