Thursday, October 10, 2013

ဘက်လိုက်တတ်တဲ့စိတ်




သမီးတို့ကျောင်းတွေ ပြန်ဖွင့်ခါစရက်တွေတုံးက တစ်ရက်ပေါ့။ နဲနဲကြာနေပြီဆိုတော့ ဘယ်ရက်ရယ်တော့လဲ မမှတ်မိတော့ပါဘူး။ မနက်ဖက် စောစော သမီးကို ကျောင်းလိုက်ပို့ဖို့ ကားမောင်းထွက်လာရင်းနဲ့ လမ်းသွယ်ထိပ်ကနေ လမ်းမတန်းပေါ်ကို ကွေ့ထွက်လိုက်တဲ့အချိန် ရှေ့ခပ်လှမ်းလှမ်း လမ်းမအလယ်ကောင်မှာ မြင်လိုက်ရတာတစ်ခုကြောင့် ပါးစပ်က “ဟယ်” ကနဲ အော်မိရက်သားဖြစ်သွားတယ်။ ခြောက်လသား သာသာလောက်လေးရှိမယ့် အဖြူနဲ့အဝါကြား လေလွင့် ကြောင်လေးတစ်ကောင် ညဖက် အပြင်ထွက်ရင်း ကားကြိတ်မိတယ်ထင်ပါ့။ လမ်းလယ်ကောင်မှာ သေနေပြီးတော့ တစ်ညလုံး ဖြတ်သွားတဲ့ ဆိုင်ကယ်တွေ ကားတွေက အထပ်ထပ်ကြိတ်သွားကြပုံပေါ်တယ်။ ကတ္တရာလမ်းပေါ်မှာ ပုံပျက်ပန်းပျက် ပြားကပ်နေပြီ။ ကားမောင်းနေရင်း ကိုယ်သွားမဲ့လမ်း ရှေ့တည့်တည့်မှာ ရုတ်တရက်ကြီး တွေ့လိုက်ရတာပေမဲ့ လမ်းခပ်ကျဉ်းကျဉ်းမှာ အဲဒီကြောင်သေလေးပေါ်ကနေ ကိုယ့်ကားနဲ့ နင်းဖြတ်ပြီး မောင်းမသွားရက်လို့  တက်မကြိတ်မိအောင် လမ်းဘေးကို မရအရ ရှောင်ပြီးတော့မောင်းမိတယ်။ ကိုယ့်အိမ်မှာမွေးထားတဲ့ကြောင်လဲမဟုတ် အိမ်အနီးအနား ပတ်ဝန်းကျင်မှာ မျက်မှန်းတန်းမိနေတာမျိုးလဲမဟုတ် ဘယ်ကကြောင်မှန်းလဲမသိပဲနဲ့ အဲဒီကြောင်သေလေးကိုမြင်လိုက်ရတာ ရင်ထဲမှာ ကျဉ်ကနဲပဲ ဘယ်လိုကြီးဖြစ်သွားမှန်းကိုမသိဘူး။ သမီးကို ကျောင်းမှာပို့ခဲ့ပြီး ပြန်လာတော့လဲ အဲဒီနေရာနားမရောက်ခင် ခပ်လှမ်းလှမ်းကတည်းက သတိထားပြီးတော့ ကြောင်သေပြားချပ်ကလေးကို ရှောင်ကွင်းပြီးမောင်းလာခဲ့မိတယ်။ မနက်စောစောမှာကတည်းက လမ်းမပေါ် ပြားကပ်နေပြီးသား ကြောင်သေလေးက ညနေကျောင်းကြိုချိန်ကျတော့ တစ်နေကုန် ကားတွေ ဆိုင်ကယ်တွေ အများကြီး အဲဒီပေါ် အထပ်ထပ် ကြိတ်သွားကြပြီဆိုတော့ အဲဒီနေရာမှာ လမ်းမပေါ် တစ်ခုခု စွန်းနေပေနေတဲ့ အကွက်တစ်ကွက်ပုံစံ အနေလောက်ပဲ ကျန်တော့တယ်။ အဲဒါကိုတောင် ကားကို အဲဒီနေရာကနေ ရှောင်ပြီးမောင်းလိုက်မိသေးတယ်။ တနေကုန် အဲဒီကြောင်သေလေးပဲ မြင်ယောင်ပြီး သနားနေတာ။ နောက်ထပ် ရက်တော်တော်ကြာတဲ့အထိလဲ အဲဒီကြောင်လေးသေနေတဲ့ပုံကို မျက်စေ့ထဲကမထွက်ဘူး။ သတိရတိုင်း စိတ်မကောင်းတွေကိုဖြစ်လို့။ ဒီကမ္ဘောဒီးယားကို စရောက်ခါစတုံးက ညဖက်တွေ လမ်းထွက်ရင် သတိထားမိတာ လမ်းပေါ်မှာ ခွေးလေခွေးလွင့်ဆိုလို့ တစ်ကောင်တစ်မြီးမှကို မတွေ့ရဘူး။ လမ်းတကာမှာ ညမိုးချုပ်ပြီဆို အလျှိုလျှိုထွက်လာပြီး ကျက်စားတတ်ကြတာက ကြောင်လေကြောင်လွင့်တွေပဲရှိတယ်။ ဘယ်လောက်တောင်ပေါလဲဆို ဟိုနားဒီနား လှုပ်လှုပ်မြင်လို့ကြည့်လိုက်ရင် ကြောင်၊ အိမ်ရှေ့အမှိုက်ပုံးတွေကို မွှေပြီး တချွတ်ချွတ်နဲ့ အစာရှာနေတာလဲ ကြောင်၊ လမ်းပေါ် မှောင်ရိပ်ခိုပြီး လျှောက်သွားနေတာလဲ ကြောင်၊ လှစ်ကနဲ လမ်းဖြတ်ကူးပြေးရင်လဲ ကြောင် ဆိုတော့ ကိုယ့်အတွက်တော့ အတော်ထူးဆန်းနေခဲ့တာ။ နောက်ပိုင်းမှ သိလာတာက ခမာလူမျိုးတွေ အိမ်ပေါက်စေ့လောက်နီးပါးပါပဲ တစ်အိမ်ကို အနည်းဆုံးတော့ ခွေးတွေ သုံးလေးကောင်လောက်မက တစ်အုပ်တစ်မကြီး မွေးထားတတ်ကြတယ်။ ကြောင်ကိုကျတော့ တချို့တလေလောက်ကလွဲလို့ အိမ်တွေမှာ သိပ်ပြီးမွေးလေ့မရှိတတ်ကြဘူး။ အဲဒီတော့ လမ်းမတွေပေါ်မှာ ခွေးလေခွေးလွင့်တွေ ရှားသလောက် လေလွင့်ကြောင်တွေကတော့ ပေါမှပေါပဲ။ အဲလိုမျိုးဆိုတော့ လမ်းမပေါ် ညဖက် ကြောင်တစ်ကောင် ကားတိုက်ခံရတာလောက်က ဆန်းတယ်လို့တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်မျက်စေ့ရှေ့မှာ ရုပ်ပျက်ဆင်းပျက် သေနေတာတွေ့တော့လဲ ရင်ထဲမကောင်းဘူးပေါ့။ အဲဒီကြောင်လေးကိုပဲ သတိရတိုင်း တွေးတွေးပြီး သနားနေတော့တာ။ အဲဒီလိုနဲ့နေရင်း ရက်နဲနဲကြာလာတော့လဲ မေ့မေ့ပျောက်ပျောက်ပေါ့လေ။ အတော်လေးကြာသွားပြီးတော့ တစ်ရက်မှာ အဲဒီတစ်ခေါက်တုံးကလိုပဲ မနက်ဖက်သမီးကို ကျောင်းပို့တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် အဲဒီကြောင်လေးသေခဲ့ဖူးတဲ့ နေရာနားလေးမှာ ကြောင်တစ်ကောင်နီးပါး အရွယ်လောက်ရှိမဲ့မြေကြွက် အကြီးကြီးတစ်ကောင် ကားကြိတ်ပြီးသေနေတာ အဲဒီကြောင်ကလေးသေနေတုံးက ပုံစံအတိုင်းပဲ လမ်းပေါ်ပြားကပ်နေပြီ။ ကိုယ်လဲ ကားမောင်းရင်းနဲ့ လှမ်းတွေ့လိုက်တော့ စိတ်ထဲကနေ ဟင့်.. မြေကြွက်ကြီး ဆိုတာလောက် မှတ်ချက်ပြုလိုက်မိရုံကလွဲလို့ စိတ်ထဲမှာ ဘာမှထူးထူးခြားခြား ဖြစ်မသွားခဲ့ဘူး။ ချက်ချင်းပဲ မေ့မေ့ပျောက်ပျောက်နဲ့ ကားကိုလဲ ဒီအတိုင်းပဲ ဆက်မောင်းသွားဖြစ်တယ်။ သမီးကို ကျောင်းမှာချခဲ့ပြီး ပြန်လာတဲ့အချိန်မှာ ကြွက်သေကို လုံးဝ သတိတောင်မရတော့ဘူး။ အဲဒီကြွက်သေကို စတွေ့တဲ့အချိန်မှာလဲ စိတ်ထဲမှာ ဟိုတစ်ခေါက်က ကြောင်သေကလေးကို လုံးဝမေ့နေပြီ။ ဒီအတိုင်း အမှတ်တမဲ့နဲ့ပဲ ဖြတ်မောင်းလာခဲ့ပြီး အိမ်ပြန်ရောက်လို့ မီးဖိုထဲ ချက်ပြုတ်လုပ်ကိုင်နေရင်းနဲ့ကျမှ ဖြတ်ကနဲ ခေါင်းထဲမှာ မေ့သလောက်ဖြစ်နေတဲ့ ကြောင်သေလေးကို ဘယ်လိုကဘယ်လို သတိရမိသွားလဲမသိဘူး။ အဲဒီတော့မှ မနက်ကတွေ့ခဲ့မိတဲ့ တိုက်တိုက်ဆိုင်ဆိုင် တစ်နေရာတည်းလောက်မှာ ကားကြိတ်ခံထားရတဲ့ ကြွက်သေကိုပါ တလက်စတည်း ပြန်သတိရလိုက်မိတဲ့အချိန်ကျမှပဲ တအံ့တသြနဲ့ ကိုယ့်စိတ်ကိုကိုယ် သတိထားမိလိုက်တာ… ကြည့်စမ်း.. ငါ တော်တော်ကို ဘက်လိုက်တတ်တာပဲ လို့ ကိုယ့်ဟာကိုယ် အံ့သြတကြီး အပြစ်တင်မိတော့တာပဲ။ ကိုယ့်ကိုယ်ကိုလဲ တော်တော်လေးကို မကျေမနပ်ဖြစ်သွားမိတာ။ တကယ်ဆို အဲဒီသေသွားတဲ့ ကြောင်ရော ကြွက်ရောဟာ ကိုယ်နဲ့ ဘာမှကို မပတ်သက်တဲ့ သတ္တဝါနှစ်ကောင်လေ။ သေတဲ့ပုံကလဲ တပုံစံတည်း… ကိုယ်မြင်ရတဲ့ အခြေအနေ နှစ်ခုလုံးကလဲ ထပ်တူထပ်မျှ… အဲဒီလောက် ထပ်တူကျနေပါရဲ့နဲ့တောင် ကိုယ့်စိတ်ထဲက ဖြစ်သွားတဲ့ ခံစားချက်ကျတော့ ဘာဖြစ်လို့များ အဲလောက် ကွာသွားရတာလဲ ဆိုတာ ကိုယ့်ဟာကိုယ်တောင် နားမလည်နိုင်ဘူး။ အမှန်တော့ ပြောရရင် ကိုယ်က မိန်းကလေးပေမဲ့ ပင်ကိုယ်သဘာဝကိုက သူများနဲ့ သိပ်မတူလှဘူး… ငယ်ငယ်ကတည်းက မြွေတို့ ဖားတို့ ကြွက်တို့ တီကောင်တို့လို အကောင်ပလောင်တွေ ဘာတွေကို ကြောက်တတ်တဲ့သူမျိုး မဟုတ်ဘူး။ မြင်မြင်သမျှ တိရစ္ဆာန်လေးတွေကိုလဲ ဘာကောင်ပဲဖြစ်ဖြစ် ချစ်လိုက်တာပဲ။ လူတကာ ချစ်ဖို့ နှစ်သက်ဖို့ ခဲယဉ်းတဲ့ တိရစ္ဆာန်အမျိုးအစားတွေကိုတောင် ကိုယ်က စိတ်ဝင်တစားနဲ့ အော်.. ဒီလိုအကောင်လေးတွေမှာလဲ သူ့သဘာဝနဲ့သူတော့ ချစ်စရာ သဘောကျစရာကောင်းတာလေးတွေ ရှိသားပဲနော် ဆိုတာမျိုး ရှာရှာဖွေဖွေ စူးစမ်းလေ့လာကြည့်တတ်တဲ့ အလေ့အထလဲရှိသေးတာ။ အိမ်မွေး တိရစ္ဆာန်တွေတင်မကဘူး တောရိုင်းတိရစ္ဆာန်လို အကောင်ကြီးတွေကိုတောင် ချစ်စရာအကောင်ကြီးတွေ.. လူကိုသာရန်မပြုတတ်ဖူးဆိုရင် ကြောင်ကလေး ခွေးကလေးတွေလို အိမ်မှာမွေးထားချင်လိုက်တာနော်.. ဆိုပြီး အမြဲလို စိတ်ကူးနေတတ်တဲ့လူစားက အခု ကြောင်ကလေးနဲ့ မြေကြွက်ကျမှပဲ သေတာချင်းအတူတူကိုတောင် ဘက်လိုက်ပြီးတော့ သနားနေမိပါရောလား။ ကိုယ့်ကိုယ်ကို အံ့သြမဆုံးဘူး။ ကြောင်သေကလေးတုံးကများဆို သုံးလေးရက်လောက် မျက်စေ့ထဲကတောင် မထွက်နိုင်လောက်အောင် မြင်ယောင်နေပြီးတော့ တွေးမိတိုင်း သနားနေတာ။ မြေကြွက်ကျတော့ အရေးတောင်မလုပ်မိတာများ သနားဖို့ဆိုတာတော့ ဝေးရော့… ကဲ ကြည့်ပါအုံး.. ကိုယ်နဲ့ ဘာမှမဆိုင်တဲ့ တိရစ္ဆာန်နှစ်ကောင် သူ့ဟာသူ လမ်းမပေါ် ကားကြိတ်လို့သေနေတဲ့ ကိစ္စကို ကိုယ်က နေရင်းထိုင်ရင်းနဲ့ သတ္တဝါချင်းအတူတူ သနားတာကိုတောင် တဖက်သတ်ကြီး ဘက်လိုက်ပြီးတော့မှ သနားနေမိတဲ့အဖြစ်…။ အဲသလို ကိုယ့်ဟာကိုယ် သတိထားမိသွားတဲ့အချိန်မှာမှ ဘာဖြစ်လို့များ အဲလိုမျိုး ကိုယ့်ခံစားချက်တွေက သတ္တဝါနှစ်ကောင်အပေါ် တုံ့ပြန်ပုံချင်း အဲသလောက်ကြီး ကွာခြားသွားရပါလိမ့်လို့ ကိုယ့်စိတ်အခြေအနေကိုကိုယ် ပြန်ပြီးဆန်းစစ်ကြည့်မိရတော့တယ်။ ထင်ရတာကတော့… လူ့စိတ်သဘာဝအရ ဖြစ်နိုင်တယ်လို့ ထင်ရတာကို ဆက်စပ်တွေးတောမိရသလောက်ပေါ့လေ.. ကြောင်တို့ ခွေးတို့ဆိုတာက လူနဲ့ရင်းနှီးပြီးသား လက်ပွန်းတတီးရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်လို့ သိစိတ်ထဲမှာပဲဖြစ်ဖြစ် မသိစိတ်ထဲမှာပဲဖြစ်ဖြစ် ဟုတ်ဟုတ် မဟုတ်ဟုတ် အကောင်းမြင်ပြီးသား.. ချစ်ခင် နှစ်သက် လိုလားတဲ့စိတ်က အလိုလိုရှိနေပြီးသား.. အဲ..မြေကြွက်ဆိုတာကျတော့ နာမည်ကြားကတည်းကကို လူအတော်များများက အော့နှလုံးနာပြီးသား.. နောက်ကြွက်ဆိုတာ ညစ်ပတ်တယ် ရောဂါတွေကူးစက်တတ်တယ် လူကိုအန္တရာယ်ပေးတတ်တယ် ဆိုတာမျိုးတွေကစလို့ မကောင်းကြောင်း ပေါင်းစုံတွေကို ငယ်ငယ်ကတည်းက သိဖူးကြားဖူးထားတာမို့ ကြွက်ဆိုတာ မကောင်းဘူးဆိုတာမျိုး စိတ်ထဲကနေ လက်ခံထားမိပြီးသားလိုဖြစ်နေတာကြောင့် အလိုလိုနေရင်း မသိစိတ်ထဲက မလိုလားတဲ့စိတ်အခံက အရင်ဦးဆုံး ရှေ့ဆောင်မိသွားတယ်လို့ ယူဆမိတာပါပဲ။ ဒါပေမဲ့လဲ ကိုယ့်ဟာကိုယ် ဘဝင်မကျမိတာက အဲဒီလို ဘက်လိုက်ပြီးခံစားမိတဲ့ စိတ်မျိုး အမှတ်တမဲ့ပေါ်လာတာကို ချက်ချင်းသတိမမူမိတဲ့အဖြစ်… သေပြီးသွားပါပြီဆိုမှတော့လဲ ချစ်စရာကောင်းတဲ့သတ္တဝါပဲဖြစ်ဖြစ် မုန်းစရာကောင်းတဲ့သတ္တဝါပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ပဲသေသေ သတ္တဝါချင်းကတော့ အတူတူပဲမဟုတ်လား။ သေသွားပြီးတဲ့နောက်မှာ လိုလားတာတွေ မလိုလားတာတွေ နှစ်သက်တာ မနှစ်သက်တာတွေဟာ ဘာများအရေးကြီးသေးလို့လဲ။ စဉ်းစားဆင်ခြင်တတ်တဲ့ အသိဉာဏ်နဲ့ လူသားတစ်ယောက်ဖြစ်ပါရဲ့နဲ့ သူ့ဟာသူ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သေသွားပြီးတဲ့ သတ္တဝါနှစ်ကောင်အပေါ်မှာ သနားတဲ့စိတ်ကလေးကိုတောင် ဘာဖြစ်လို့များ တန်းတူရည်တူ မျှမျှတတလေး မထားနိုင်ခဲ့ရတာလဲလို့ တွေးတွေးပြီး ကိုယ့်ကိုယ်ကိုပဲ တနုံ့နုံ့နဲ့ အပြစ်တင်နေမိတော့တာပဲ။ သေချာတာက ဒီအဖြစ်ကို ကိုယ်ဘယ်လိုမှကို မေ့နိုင်တော့မှာမဟုတ်ဘူး။ နောက်ကို ဘယ်အရာမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို ဒီ့ထက်ပိုပြီး သတိထား ဆင်ခြင်နိုင်ဖို့ကိုပဲ ကိုယ့်ဟာကိုယ် သတိပေး ဆုံးမ တရားချနေမိရတော့တယ်။

 * * * * * * * * * *
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

3 comments:

ဟန်ကြည် said...

အစ်မအိမ်သူရဲ့ ပို့စ်ကလေးဖတ်ပြီး တော်တော်လေးလေးနက်နက် တွေးဖြစ်သွားတယ်...ဟုတ်တယ်ဗျာ...ကျွန်တော်တို့ကလည်း အတော်ဆိုးကြတာကိုး...သေသွားတဲ့ သတ္တ၀ါနှစ်ကောင်...အသက်ရှင်သန်ချိန်မှာ ဘာတွေပဲ ကွဲပြားမှုတွေရှိခဲ့ပါစေ...သေသွားတဲ့အချိန်မှာတော့ အားလုံးအတူတူပဲ...

ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကရုဏာတရားကျတော့ တန်းတူမဟုတ်ပြန်ဘူး...ဘာကို ကြည့်ပြီး သနားကြတာလဲဆိုတာ စဉ်းစားစရာပဲဗျာ...ပို့စ်ကောင်းတစ်ပုဒ်ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မအိမ်သူရေ...

San Htun said...

ညီမဆိုလည်း ဒီလိုပဲ တွေးမှာ သေချာတယ်...ဒါပေမဲ့ ဘက်လိုက်တယ်လို့  တခါမှ မတွေးမိဘူးရယ်...အစ်မ ပို့ စ်ကို ဖတ်ပြီး အတွေးစလေးတွေ ဝင်လာတယ်...

နွေတေးရှင် (မင်းဧရာ) said...

'' စိတ် '' တွေးစရာလေးတွေ ပေါ့ အစ်မကြီးရာ
ဘာမှ မဟုတ်သေးတဲ့ အရာလေးတွေ အပေါ်မှာတောင် ကျနော်တို့ စိတ်တွေက
မျှတမှု့ မရှိသေးတာ ။

အကယ်၍များ '' ငါ '' ဆိုတာကြီး သာ
ပါလာခဲ့မယ် ဆိုရင် ....................။

တော်တော်ကို ပြုပြင်ဖို့ လိုနေပါသေးလား ။

Related Posts Plugin for WordPress, Blogger...