Sunday, September 30, 2012

ဒွာ ဒသမ ရတု



နှလုံးသားထဲမှာ ရေးထိုးခဲ့ကြတဲ့ လက်မှတ်ကလေးတွေရဲ့သက်တမ်းဟာ ရာသီစက်ဝန်းတွေကို ၁၂ကြိမ်တိုင် ဖြတ်သန်းလာခဲ့ပြီ။
ရေးထိုးစဉ်ကအတိုင်းပဲ မှင်အရောင် မပြောင်းသေးသလို နှလုံးသားတွေလဲ မဟောင်းသေးဘူး။
နှလုံးသား တစ်စုံဖြစ်ဖို့ ပေါင်းစပ်မှုမှာ သစ္စာတိုင်ရတုတွေ အခါခါ ဟစ်ကြွေးဖို့ မလိုခဲ့ဘူး။ 
အပြန်အလှန် နားလည်ခြင်းတွေနဲ့ တည်ဆောက်ထားတဲ့ဘ၀ဟာ သက်တမ်းတွေကြာလာတာနဲ့အမျှ သံယောဇဉ်ကြိုးတွေက တစ်ရစ်ထက်တစ်ရစ် ခိုင်ခိုင်မာမာ ရစ်ပတ်နှောင်ဖွဲ့လို့..။ 
၁၂နှစ်တိုင်အောင် လက်တွဲလျှောက်ခဲ့တဲ့လမ်းဟာ ပန်းခင်းလမ်းမဟုတ်ပေမဲ့လဲ မေတ္တာတရားတွေနဲ့အတူ ကျေနပ်စွာ ကြည်နူးစွာ ဖြတ်သန်းခွင့်ရခဲ့တဲ့လမ်းတစ်ခု..။
ရှေ့ဆက်သွားဖို့ တွဲထားတဲ့လက်တွေမှာ နွေးထွေးမှုတွေနဲ့ ပြည့်ဝလို့..။ သစ္စာတရားတွေနဲ့အတူ ပျော်ရွှင်စွာ  ရှေ့ဆက်လျှောက်သွားကြအုံးမယ်။ 
ရတုတွေ အဆက်ဆက်ထိတိုင်အောင်……။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Thursday, September 13, 2012

တောင်သမန်ကိုလွမ်းတယ်



ငါလွမ်းနေတယ် တောင်သမန်ရေ …
မင်းသတင်းတွေကို အဝေးကနေနားစွင့်လို့…
တို့ဝေးခဲ့တာ အနှစ် နှစ်ဆယ်တောင်ရှိပါပေါ့လား…
ငါချစ်တဲ့တောင်သမန်ဟာ..
ဟိုး.. အရင်ကအတိုင်းပဲရှိပါစေ…။

အင်းရေတိုးချိန်အခါက
တောင်သမန်ရေသင်ဖျူးမှာ
ငှက်သမ္ဗန်နဲ့ ကူးခဲ့ရတာကို လွမ်းနေတယ်။

နှင်းငွေ့မှုံမှုံနဲ့ မြူခိုးတွေဝေနေတဲ့
တောင်သမန်ရဲ့ အေးမြမြဆောင်းမနက်ခင်းတွေထဲ
ဟိုး.. အရင်အခါတွေတုန်းကလို
အကြော် ပူပူနွေးနွေးကိုဝါးရင်း
ရေနွေးပူပူလေးနဲ့ မြည်းလိုက်ချင်သေးတယ်…။

တောင်သမန်ရေ…
ငါသတိရနေတုန်းပဲ..
တံလျှပ်တွေကြားမှာ
အင်းထဲက ယာခင်းစိမ်းစိမ်းတွေက
ယိမ်းနွဲ့နေသလိုလို…။

တောင်သမန်ရေ…
အမှတ်ရနေအုံးမလား…
ငါ့အပေါင်းဖေါ်သဟာတွေနဲ့
မင်းဆီကို ငါ အလည်လာခဲ့တဲ့တစ်ခေါက်
အညာနွေပူပူအောက်က အင်းခြောက်ခြောက်ထဲ
ဖုံထူထူ လှည်းလမ်းကြောင်းတစ်လျှောက်မှာ
နွားခြေရာကောက်တမ်းကစားခဲ့ဖူးသေးတယ်။

တောင်သမန်ရေ…
မင်းထမ်းပိုးထားတဲ့ တံတားကြီးပေါ်ကနေ
ငါ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးတဲ့အချိန်တွေကို လွမ်းတယ်။

တောင်သမန်ရေ…
တံတားအောက်က တိုင်လုံးတွေကြားမှာ…
မယ်ဇယ်ပင်တန်းရဲ့ အရိပ်တွေအောက်မှာ…
စိတ်လွတ်လပ်ပေါ့ပါးစွာနဲ့
ဟိုးတစ်ချိန်တုန်းကလို ငါလမ်းလျှောက်ချင်သေးတယ်။

တောင်သမန်ရေ ငါလွမ်းနေလို့…
အခွင့်အရေးရလို့များ ငါပြန်လာခဲ့ရင်
ဟိုး.. အရင်ကလိုပုံစံမျိုးနဲ့
တောင်သမန်ရေ... ငါ့ကိုကြိုပါအုံးလား…။

@ @ @ *** @ @ @ *** @ @ @

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 
Related Posts Plugin for WordPress, Blogger...