Monday, February 13, 2012

ဖေဖေါ်ဝါရီ ကြယ်စင်


Photo credit to Google
ဟောဒီလို ဖေဖေါ်ဝါရီမှာပေါ့…
နှင်းမကွဲသေးခင် မြူလွင်ပြင်ထဲ
အမှောင်ကိုခွင်း ရန်ကိုရှင်းမဲ့
ကြယ်စင်တစ်စင်း ထွန်းလင်းခဲ့တယ်။

ဖေဖေါ်ဝါရီမှာ လင်းတဲ့ကြယ်
တစ်ပြည်တစ်နယ်လုံး “ထိန်လင်း”
တောက်ကြွားတဲ့ ဂုဏ်သတင်းက
ရိုးသားခြင်းတွေနဲ့ ဖွဲ့တည်
ထက်မြက်ခြင်းဂုဏ်ရည်နဲ့
တည်ကြည်တဲ့စိတ်ထား
သူ့ တရားက သစ္စာ
သူ့ မေတ္တာက စွန့်စားခြင်း
တွေဝေမှုကင်းတဲ့ ရဲရင့်ခြင်းများနဲ့
တစ်မျိုးသားလုံးက အားထားတဲ့ကြယ်…။

ဖေဖေါ်ဝါရီရဲ့ ကြယ်တစ်ပွင့်
အချိန်မတိုင်ခင် ကြွေလွင့်ရပေမယ့်
ရွှန်းတင့်ခဲ့တဲ့ရောင်ဝါ
ဘယ်သောခါ မမှိန်ပြီဘု
နောင်ရာစုပေါင်းများစွာ
ကျော်လွန်ကာသွားစေအုံးတော့
မြန်ပြည်တလွှား အမျိုးကောင်းသားတို့ရင်မှာ
(ကမ္ဘာတည်သရွေ့ လင်းနေမယ့်ကြယ်…)
(ကမ္ဘာတည်သရွေ့ လင်းနေမယ့်ကြယ်…)
(ကမ္ဘာတည်သရွေ့ လင်းနေမယ့်ကြယ်…) ။   

(လွန်ခဲ့သော နှစ်ပေါင်း ၉၇ နှစ်အချိန် ၁၉၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့သော မြန်မာပြည်၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုရေးဖွဲ့ပါသည်။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Saturday, February 11, 2012

နှင်းဆီပန်တဲ့ပျို

Photo credit to Google Image.
အဆင်းရယ်ကနီနီ
ချိုမွှေးကြည် သင်းရနံ့ရယ်နဲ့
ဆူးခက်စီ ခြံရံထွေးတဲ့
နှင်းဆီကိုမှ ပျိုလိုချင်
ခူးဖို့ရန်ပြင် လှမ်းမိစဉ်ခဏ
ထိတ်လှချည့်ကွယ်
ရိုးတံမယ် ဆူးတွေပေါသနဲ့
ဘယ့်နှယ့်ခူးပါ့မယ်
ခက်ချေရဲ့စိတ်ကူး
ဆူးစူးမှာစိုးတဲ့ပျို
ချစ်သူကို လေချိုသွေး…
“ခူးပေးပါကွဲ့ မောင်ကြီးရယ်
လိုချင်တယ် ဟိုနှင်းဆီပွင့်
လှလွန်းတယ်ထင့်…
သို့ပေမင့် မောင်ကြီးရယ်
ပျိုဖြင့်ကြောက်တယ် ခူးရဲဖူးကွဲ့
ဆူးတွေများလှတယ်…”
ပျိုနှမငယ် မူဟန်ကကြွယ်
ချူပေးပါ့ကွယ် ပူဆာတတ်လေတော့
ဟိုအကို ကာလသားမှာဖြင့်
မဒီပျို စိတ်မညိုရအောင်ပ
သွေးသံယို ဆူးကိုမမှုလေထင့်
လှမ်းလင့်ကာ ဆွတ်ခြွေခူးလို့ရယ်
မယ့်ဆံနွယ်ကေသာဦးမှာလ
ကြည်နူးဖွယ် ယုယစွာနဲ့
ကိုယ်တိုင်သာ ဆင်ပါ့မယ်မောင့်ချစ်ဦးရယ်
ခေါင်းမော့ပါကွဲ့လေး…။   ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...