လာချင်ပါလျက်နဲ့ မနီးတဲ့ခရီးတွေလည်း ရှိတာပါပဲ
ခရီးဝေးတိုင်းလည်း မလာချင်တာ မဟုတ်သလို
နီးပါလျက်နဲ့လည်း လာခွင့်မသာနိုင်ခဲ့တဲ့ခရီးမျိုးတွေကို
ဘယ်လိုများ ဖွဲ့ဆိုရမယ်မသိနိုင်ခဲ့တော့...။
ခရီးဆိုတာကိုက...
ရည်ရွယ်တိုင်း သွားဖြစ်ချင်မှလဲ သွားဖြစ်လိမ့်မယ်။
မရည်ရွယ်ပါပဲနဲ့ ကောက်ခါငင်ခါ သွားလိုက်ရတာမျိုးလဲ ရှိတတ်သေးတယ်။
တကယ်တော့လည်း...
သွားချင်တဲ့ ခရီး...
မသွားချင်တဲ့ ခရီး...
သွားခွင့် မရှိတဲ့ ခရီး...
သွားခွင့် ရှိတဲ့ ခရီး...
ရွေးချယ်ခွင့် ရှိတဲ့ ခရီး...
ရွေးချယ်ခွင့် မရှိတဲ့ ခရီး...
နီးတဲ့ ခရီး...
ဝေးတဲ့ ခရီး...
ခရီးပေါင်းများစွာနဲ့ ဘ၀မှာ...
အမှန်တော့လည်း...
အားလုံးဟာ ဘ၀ရဲ့ခရီးသည်တွေ...
တချို့ ခရီးက တိုတယ်။
တချို့ ခရီးက ရှည်တယ်။
တချို့ ခရီးက ဖြောင့်တယ်။
တချို့ ခရီးက ကောက်တယ်။
တချို့က ရိုးရှင်း သလောက်
တချို့ကတော့ ၀င်္ကပါလိုလျှောက်...
ခရီးဆိုကတည်းက စပြီးရင် ဆုံးရမယ်လေ...။
ခရီးတွေက မတူညီလည်း
ဆုံမှတ်ကတော့ တစ်ခုတည်း...
ကဲ...
ခရီးသွားအပေါင်းတို့ရေ..
တစ်ချိန်ချိန်မှာတော့
ရှောင်လွဲလို့မရနိုင်တဲ့
ခရီးဆုံး ပန်းတိုင်တစ်ခုမှာ
တို့တွေအားလုံး ဆုံကြမယ်ကွဲ့ ...။
^ v ^ v ^ v ^ v ^ v
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
11 comments:
လူတိုင်းမဖြစ်မနေ အရောက်သွားရမဲ့ နောက်ဆုံးခရီးလေးကို သံဝေဂဉာဏ်နဲ့ ဆင်ခြင်သွားမိတယ် မအိမ်သူရေ (ပြန်ရောက်သွားပြီပေါ့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မြန်မာပြည်မှာမမအိမ်သူတစ်ယောက်ပျော်နေတယ်ပေါ့လေ မိုးအေးအေးမှာ သွားလိုက်လာလိုက်ကွေးလိုက်း))
ချစ်တဲ့
ဒိုးကန်
ကျွန်တော်လည်း ခရီးထွက်ဖို့ ချောင်းနေတယ် ...။ ခရီးထွက်ဖြစ်တဲ့အခါ ရေမြေသဘာဝ ထိတွေ့ရတာ ၊ နေ့စဉ်ဖန်တရာတေ ၀န်းကျင်ထဲကနေ ခဏ လွတ်မြောက်သွားရတာကို ရချင်နေလို့ ... :)
ခရီးသည် တစ်ယောက် ရောက်လာခဲ့ပါတယ်.. :D
အမပြန်ရောက်တာ မတွေ့လိုက်ရဘူး....း(
ပျောက်နေလို့ မေးတောင်ပို့တော့မလို့....၊မြန်မာပြည်
အလည်ပြန်နေတာကိုးဗျ.....၊အကိုနဲ့ သမီးလေးရော...
နေကောင်းတယ်ဟုတ်...၊သတိရတယ် အစ်မရေ....၊
မြန်မာပြည်ခရီးစဉ် အမှတ်တရကဗျာလေးကိုခံစားရင်း
ခရီးရှည်ကြီးကိုဖြတ်သန်းနေတဲ့
စံပယ်
မနာလိုဘူးမမရာ..:)))
အဓိပ္ပါယ်ရှိလှတဲ့ကဗျာလေးပါလား မအိမ်သူရေ..
ခရီးက ပြန်ရောက်လာပြီပေါ့
အစစ အရာရာ အဆင်ပြေပြီး ပျော်ရွှင်တဲ့ ခရီးလေးဖြစ်မယ်လို့ ယုံကြည်ပါတယ်နော်။
အမရေ..ကဗျာကောင်းလေး ဖတ်ပြီး ခရီးအကြောင်း ဖတ်ဖို့  စောင့်နေတယ်နော်..
ခရီးသွားထဲက ခရီးသည်တယောက်
ခက်ခက်ခဲခဲ လာရောက်လည်သွားပါတယ်
ခင်မင်တဲ့
seesein
Post a Comment