Thursday, May 24, 2012

အခါလည်

မအိမ်သူတစ်ယောက်လဲ ခမာနှစ်သစ်ကူးနေလိုက်တာနောင်နှစ် နှစ်သစ်ကူးထိများ ရောက်တော့မလို... စမိတဲ့ ဇာတ်လမ်းကို ဆက်ဖို့ရာ ဒီကြားထဲမှာ မအားတာရယ်... တခြားဦးစားပေးစရာ အလုပ်တွေ များနေတာရယ်နဲ့ စာရေးတဲ့ဖက်ကို လောလောဆယ်မှာ အချိန်မပေးနိုင် ဖြစ်နေတာနဲ့ပဲ နောက်ဆုံးတစ်ပိုင်း ဆက်ရေးတဲ့ဆီကို မရောက်နိုင် ဖြစ်နေတာ... ဆက်ရန်ဆိုပြီး တခါတည်း ပေါ်မလာဇာတ်ခင်းနေလိုက်တာ ကြာနေပြီလို့များ ထင်ကြမလားပဲ... စောင့်ဖတ်နေကြသူများရှိရင်လဲ လည်ပင်းတွေ တစ်တောင်လောက် ရှည်ပြီး ညောင်ရေအိုးတွေ ရေတကောင်းတွေ ဖြစ်ကုန်ကြရော့မယ်။ ဘလော့ဂ်လဲ လှည့်မကြည့်အားလို့ ပစ်ထားတာ ကြာပေါ့။ စီဘောက်လဲ မရှင်းအားဘူး။ စပမ်းတွေ ပွနေပြီ။ အဲဒါတွေ မလာအောင် ဟိုးအရင်က Word Verification ထည့်ထားဖူးပေမဲ့ လာရေးတဲ့ နှုတ်ဆက်တဲ့သူတွေ လွယ်လွယ်ရေးမရမှာ အားနာလို့ ပြန်ဖြုတ်ထားတာ ကြာပြီဆိုတော့ မရှင်းအားရင် စီဘောက်တစ်ခုလုံး ပြည့်နေရော...
နောက်ဆုံးပို့စ်ရေးခဲ့တုံးက ဘလော့စပေါ့က ဆက်တင် အဟောင်းပဲရှိသေးတယ်။ ပစ်ထားတာကြာပြီး ပြန်ဝင်လိုက်တော့ ရုတ်တရက် ဘလော့ဂ်ပျောက်သွားတယ်လို့ ထင်သွားတယ်။ ဘယ်တွေရောက်လို့ ရောက်နေမှန်းမသိဘူး။ ဆက်တင်အသစ် ဘယ်အချိန်က ပြောင်းသွားလိုက်မှန်း မသိလိုက်တာလေ.. အူကြောင်ကြောင်နဲ့ ဟိုကြည့်သည်ကြည့် လျှောက်ကြည့်လိုက်တော့မှ ဆက်တင်တွေ အသစ်ပြောင်းပြီး ပုံစံသစ်ဖြစ်နေမှန်း သိတော့တယ်။ အင်း.. မျက်စေ့ကို လည်နေတာပဲ။ နောက် တစ်ပတ် နှစ်ပတ်လောက်နေရင်တော့ အချိန်နဲနဲ ပြန်ရလာတော့မှာပါ။ အဲတော့မှပဲ ခမာ နှစ်သစ်ကူးလေးကို ဆက်လက် ဆင်နွဲကြတာပေါ့နော်...း))

ဘာရယ်မဟုတ် အချိန်တွေလဲ အကုန်မြန်လိုက်တာများ တစ်နှစ်ဆိုတဲ့ အချိန်ဟာ ဘာမှကို မကြာလိုက်သလိုပဲ... ဒီ ဝါခေါင်မိုး ဆိုတဲ့ဘလော့ဂ်လေးကို မနှစ်က ဒီလိုအချိန်မှာ ဘာရယ်မဟုတ် ရည်ရွယ်ချက် မယ်မယ်ရရ မရှိပါပဲနဲ့ လက်တည့်စမ်းပြီး စလုပ်ဖြစ်ခဲ့တာ... စိတ်ထဲမှာ မနေ့တစ်နေ့ကလိုပဲ ထင်နေတုန်း... အချိန်တွေက တဖြုတ်ဖြုတ်နဲ့ အခု အခါလည်သွားခဲ့ပြီ... ကလေးငယ်လေး တစ်ယောက်သာဆိုရင် မတ်တပ်စမ်းပြီပေါ့... ခြေလှမ်းလေးတွေ အားယူပြီး ဆက်လှမ်းရအုံးမယ်။ လောကကြီးထဲကို တိုးဝင်ရအုံးမယ်။ သင်ယူရင်း လေ့လာရင်း ကိုယ်သိထားတာလေးတွေကို ပြန်လည်မျှဝေရင်း... လျှောက်နိုင်သရွေ့တော့ ဆက်လျှောက်သွားနေအုံးမှာ.. အုတ်တစ်ချပ်လား သဲတစ်ပွင့်လား နှမ်းတစ်စေ့လား... ဘာပဲဖြစ်ဖြစ် သူများမှန်ကို ခွဲမဲ့အုတ်ချပ်တို့.. ထမင်းပန်းကန်ထဲက သဲတစ်ပွင့်တို့... ဆီလဲမဖြစ် အဆံလဲမအောင်တဲ့ နှမ်းတစ်စေ့တို့တော့ မဖြစ်လိုတာအမှန်... ကိုယ့်ကြောင့် အကျိုးမဖြစ်ချင်နေ အဆိုးကိုတော့ မပေးလိုတာ ကိုယ့်ဆန္ဒ... အနည်းဆုံးတော့ ဘ၀မှာ ကြည်ကြည်နူးနူး အမှတ်ရစရာလေး တစ်ခုဖြစ်ခဲ့ရင်ကို ကျေနပ်ပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

13 comments:

ဟန်ကြည် said...

ကျွန်တော်လည်း ထိုနည်းလည်းကောင်းပါပဲ မအိမ်သူရေ...အလုပ်များတာက တစ်ကြောင်း ဖတ်စရာစာတွေကလည်း ပုံနေတာက တစ်ကြောင်းနဲ့ ဘလော့ဖက်မရောက်တာ တစ်လလောက်ကြာသွားတယ်...ပို့စ်သစ်တင်ဖို့ ဘလော့ပြန်ကြည့်တော့ ဆက်တင်အသစ်နဲ့ မျက်စိလည်ပါလေရော...

မအိမ်သူရဲ့ ပို့စ်တွေဖတ်ရတာ ဗဟုသုတတွေ ရပါတယ်ဗျာ...ပိုပေါ့အကြောင်းကစပြီး ဖတ်လာခဲ့တာ အခုထိ ပေါ့ပျက်ပျက်ရေးထားခဲ့တာ တစ်ခုမှ မတွေ့ဖူးတာပဲ...နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်ငြိမ်းချမ်းစွာ ဘလော့ဂင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ...

mstint said...

အခါလည်မှ နှစ်ပေါင်းများစွာတိုင် ရုန်းကန်လှုပ်ရှားပြီး အခက်အခဲများစွာကို ကျော်ဖြတ်ရင်း စာကောင်းပေကောင်းများ ဆက်လက်ဖြန့်ဝေနိုင်ပါစေ မအိမ်သူရေ။ လူတိုင်းမှာအခက်အခဲကိုယ်စီနဲ့မို့ နားလည်ကိုယ်ချင်းစာပါတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

အလုပ်တစ်ဖက်နဲ့ ၀ါသနာအရ ဘလော့ဂင်နေရတဲ့ ကျွန်မတို့ ဘလော့ဂါတွေ...
အလုပ်တွေပိလို့ စာနည်းနည်းေ၇းတာ ကျဲသွားရင် နေလို့ ထိုင်လို့ မထိတော့ပြီ..။
စာရေးဖို့ အချိန်တွေ ပြန်လည် ပေါများလာပါစေလို့...။

မဒမ်ကိုး said...

မမအိမ်သူရေ ပျော်ရွှင်ပါစေ
လာလည်သွားပါတယ်
ဂျာရစ်လဲအလုပ်တွေရှုပ် အရှုပ်တွေလုပ်လို့း))

ချစ်ခင်လျှက်


ဂျာရစ်

ချော(အစိမ်းရောင်လွင်ပြင်) said...

မအိမ်သူရေ
အချိန်မရပေမဲ့ ရတဲ့အချိန်လေးမှာ စာတွေရေးရတာကိုက ပျော်စရာတစ်မျိုးဘဲ မဟုတ်လားနော်။
ကိုယ်တစ်ပွင့်တည်း ဘာမှ မဖြစ်တောင် နှမ်းတွေတစ်စေ့ချင်းစီပေါင်းရင် ဆီဖြစ်လာမှာဘဲလေနော်။
နှမ်းတစ်စေ့အဖြစ်ပါဝင်ခွင့်ရတာကိုက ဝမ်းသာစရာမဟုတ်လား

Cameron said...

အလုပ်များလဲ အားတဲ့ချိန်လေးမှာ ကိုယ်ရေးချင်တာလေး ရေးတင်ရတာ အမှတ်တရဖြစ်တာပေါ့....။ စာတွေအများကြီးဆက်ရေးနိုင်ပါစေ....။

စံပယ်ချို said...

jasmine က အလုပ်တော့မများပါဘူးမအိမ်သူရေ
နေမကောင်းတာရယ် အိမ်မှာလိုင်းမကောင်းတာရယ်နဲ့
ကိုယ့်ဆိုဒ်ထဲတောင်ကိုယ် ၃ရက်လောက်မ၀င်ဖြစ်ဘူး
ဒီနေ့ဝင်ဖြစ်တာနဲ့အတော်ပဲဖြစ်သွားတယ် ဒါနဲ့အသုတ်မစားရတာအတော်ကြာပြီနော်
မအိမ်သူအားတဲ့အချိန်လေးတော့ စာတွေရေးပြီးတင်နိုင်ပါစေ
ချစ်ခင်မြတ်နိုးရတဲ့ မိသားစုနဲ့ ထာဝရ လက်တွဲနိုင်ပါစေလို့
ချစ်တဲ့
စံပယ်ချို

Crystal said...

အလည်လာတဲ့အခါ မုန့်ကျွေးရင်တော်ပါပြီ :P

...အလင်းစက်များ said...

ကျနော်လည်း အူကြောင်ကြောင်နဲ့  ဘယ်နားသွားနှိပ်ပြီး ပိုစ့်တင်ရမယ် အတော်လေး လုပ်ယူလိုက်ရသေးတယ်။

အားတဲ့ခါ (လစ်ရင်လစ်သလိုလို့  မပြော) တက်လာပေါ့ဗျာ :D

ထော်ဦး said...

အစ်မအိမ်သူ အလည်ရောက်လာပါတယ်...
အခါလည် သမီးလေးအတွက် ဂုဏ်ယူပါကြောင်း...
ဆက်လက် ဘလော့ဂင်းနိုင်ပါစေ...
ထော်ဦး

blackroze said...

အမ..လာလည်သွားတယ်
အချိန်ပေးနိုင်တဲ့အခါတွေ
စာတွေဆက်ရေးပါဦးအမ

ညိမ်းနိုင် said...

အစ်မရေ....မအားလို့ မရောက်ဖူးဗျာ....၊ခုသတိရလို့
ဝင်လာတာ....၊အကိုနဲ့သမီးလေးရော...နေကောင်းတယ်
ဟုတ်.....၊ခမာပြည်ကိုနောက်တစ်ခေါက်လာလည်နိုင်ဖို့
ကြိုးစားနေတယ်ဗျိုး....။အစ်မရဲ့ အမဲနှပ်ကိုလည်း သတိ
ရတေတယ်....:)))။ပို့စ်အသစ်လေးတွေ မျော့နေသဗျိုး

San San Htun said...

တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေ..

Related Posts Plugin for WordPress, Blogger...