Saturday, April 14, 2012

ခမာ တို့ရဲ့ နှစ်သစ်ကူးပွဲတော် (အပိုင်း တစ်)

ဒီတခါတော့ ကမ္ဘောဒီးယားနိုင်ငံက ခမာလူမျိုးတွေရဲ့နှစ်သစ်ကူးပွဲတော် ဆင်နွဲကြပုံ အကြောင်းလေးတွေပြောပြမယ်နော်။ ကမ္ဘောဒီးယားနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ခမာလူမျိုးတွေရဲ့ ရိုးရာပြက္ခဒိန်မှာ ခုနှစ်သက္ကရာဇ်တွေကို ဗုဒ္ဓသာသနာနှစ်နဲ့ပဲရေတွက် အသုံးပြုကြပါတယ်။ ခမာရိုးရာပြက္ခဒိန် စနစ်ကတော့ ရှေးဟောင်း ဟိန္ဒူပြက္ခဒိန်နဲ့ တရုတ်ရိုးရာပြက္ခဒိန်နှစ်မျိုးကို အခြေခံ ပေါင်းစပ်ထားတဲ့ စနစ်ကို အသုံးပြုပါတယ်။ ခမာနှစ်တွေကို တရုတ်ပြက္ခဒိန် နှစ်တွေအတိုင်းပဲ သက်ဆိုင်ရာ တိရစ္ဆာန် အကောင် ဆယ့်နှစ်မျိုး သင်္ကေတ (Chinese Zodiac Signs) များနဲ့ နာမည်ပေး သတ်မှတ်ကြပေမယ့် လတွေကို ပိုင်းခြား သတ်မှတ်တာကတော့ မြန်မာလတွေလို လပြည့်လကွယ်နဲ့တွက်ချက်ပြီး ခမာလတွေကို နာမည်ပေးရာမှာတော့ ဗေဒင်ပညာမှာသုံးတဲ့ ရာသီခွင်တွေကို အခြေခံထားပါတယ်။ ဥပမာဆိုရရင် ခမာနှစ်သစ်ရဲ့ ပထမဦးဆုံးလကို ခမာဘာသာစကားနဲ့ “မေ(အ်)ဆာ” လို့ အသံထွက်ပါတယ်။ ဗမာသံနဲ့ ဖလှယ်ရင်တော့ မိဿ ဆိုတဲ့ အသံထွက်ပါလိမ့်မယ်။ ရာသီခွင် အနေနဲ့လည်း မိဿ ရာသီပါ။ (ခမာလို “သ” သံမရှိလို့ “ဆ” သံနဲ့သုံးပါတယ်။ “သာသနာ” ကို ခမာစကားနဲ့ “ဆာဆနာ” လို့ပဲခေါ်ပါတယ်ရှင်။) တခြား အာရှနိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာ၊ ထိုင်း၊ လာအိုနဲ့ အိန္ဒိယနိုင်ငံက တချို့နေရာဒေသတွေလို ခမာနှစ်သစ်ကူးချိန်ဟာ မြန်မာတို့ရဲ့ နှစ်သစ်ကူး အတာသင်္ကြန် အချိန်နဲ့ အတူတူပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံက နှစ်သစ်ပွဲတော် ကျင်းပကြပုံနဲ့ ကမ္ဘောဒီးယားက ခမာလူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲ ကျင်းပကြပုံမှာတော့ ဗုဒ္ဓဘာသာ ယုံကြည်မှုအရ ဆင်တူရိုးမှားလေးတွေရှိသလို ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေပေါ် မူတည်ပြီးတော့ ကွဲပြားခြားနားမှု တွေလဲ အများကြီး ရှိပါတယ်။

ပထမဆုံး အနေနဲ့ ခမာနှစ်သစ်ကူး ဘယ်ကစခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီလေး ကိုပြောပြမယ်နော်။ ခမာလူမျိုးတွေအားလုံး အစဉ်အဆက် ယုံကြည် လက်ခံလာကြတဲ့ ခမာ နှစ်သစ်ကူးပွဲတော်ရဲ့ အစဟာ မြန်မာတွေသိကြတဲ့ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကနေ စတာချင်း အတူတူပါပဲ။ ခမာ နှစ်သစ်ကူး ရာဇ၀င်အကြောင်း ဒဏ္ဍာရီ ပုံပြင်လေးက ဒီလိုပါ။ ဟိုးရှေးရှေးတုံးက ချမ်းသာကြွယ်ဝတဲ့ မိဘများကနေ မွေးဖွားလာတဲ့ ဓမ္မဗလ ပါလ ကုမာရ ဆိုတဲ့ လူငယ်လေးဟာ ငှက်တွေရဲ့ပြောစကား အပါအ၀င် ဘာသာစကား လေးမျိုးကို နှံ့စပ်တတ်ကျွမ်းပြီး ခုနစ်နှစ်သား အရွယ်မှာကတည်းက ရှေးဟောင်း စာပေအရေးအသားတွေနဲ့ ရဟန်းသံဃာတွေသာ သင်ကြားရတဲ့ အဆင့်မြင့် ကျမ်းဂန်စာပေများကိုပါ တတ်ကျွမ်းဖတ်ရွတ်နိုင်တဲ့အပြင် တွေးခေါ်မြော်မြင်တတ်တဲ့ ဥာဏ်ပညာအရာမှာပါ ထူးချွန်ထက်မြက်လွန်းလို့ ပြဿနာအပေါင်းကို အခက်အခဲမရှိ ဖြေရှင်းပေးနိုင်တဲ့ ပညာရှိလူငယ်လေးအဖြစ် လူ့ပြည်တခွင်မှာ အလွန်ကျော်ကြားလှပါသတဲ့။ အဲဒီလို ပညာရှိလူငယ်လေး ဓမ္မဗလ ရဲ့ သတင်းဟာ အတိုင်းတိုင်း အပြည်ပြည်မှာ ထင်ရှားကျော်ကြားရာကနေ နောက်ဆုံးနတ်ပြည်အထိတောင် သူ့ရဲ့ဂုဏ်သတင်းဟာ ပျံ့နှံ့ရောက်ရှိသွားပြီးနောက် နတ်တို့ရဲ့အကြီးအမှူးဖြစ်တဲ့ ကဘိလမဟာဗြဟ္မာမင်းကြီးရဲ့ နားတော်အထိပေါက်ကြားသွားပါတယ်။
ဗြဟ္မာမင်းကြီးဟာ ဓမ္မဗလရဲ့ ကျော်ကြားလှတဲ့ ပညာစွမ်းကို မနာလိုစိတ်ဖြစ်ပေါ်လာပြီး မခံချင်စိတ်နဲ့ စမ်းသပ်ချင်လှတဲ့အတွက် လူ့ပြည်ကို ဆင်းသက်လာပြီးနောက် ဓမ္မဗလကိုတွေ့ဆုံကာ ဥာဏ်ပညာချင်းယှဉ်ပြိုင်ဖို့ စိန်ခေါ်တဲ့အနေနဲ့ အလောင်းအစားတစ်ခုပြုလုပ်မှာဖြစ်ကြောင်းပြောပါတယ်။
လောင်းကြေးကတော့ ဗြဟ္မာမင်းကြီးက မေးမြန်းတဲ့မေးခွန်းသုံးခုကို ခုနစ်ရက်အတွင်း ဓမ္မဗလ က ဖြေဆိုနိုင်ခဲ့ရင် ဗြဟ္မာမင်းကြီးက သူ့ဦးခေါင်းကို သူကိုယ်တိုင်ဖြတ်ပြီး ဓမ္မဗလကိုပေးအပ်မယ်။ ခုနစ်ရက်ပြည့်တဲ့အထိ အဖြေမှန် မပေးနိုင်ခဲ့ရင်တော့ ဓမ္မဗလရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဗြဟ္မာမင်းကို ဆက်သရမယ်လို့ သဘောတူကြပြီး အလောင်းအစား ပြုလုပ်ကြပါတယ်။
ဗြဟ္မာမင်းကြီးက ဓမ္မဗလကို -
လူသားတွေအတွက် ပျော်ရွှင်မှုဟာ မနက်ခင်းအချိန်မှာ ဘယ်နေရာမှာ တည်ပါသလဲ။
နေ့လည်ခင်း အချိန်မှာ ဘယ်နေရာမှာ တည်ပါသလဲ။
ညအချိန်အခါမှာ ဘယ်နေရာမှာ တည်ပါသလဲ။
 - ဆိုတဲ့ မေးခွန်း သုံးခုကို မေးမြန်းပါတယ်။ အဲဒီနောက် ဗြဟ္မာမင်းကြီးက မေးခွန်းများကို ဖြေဖို့အတွက် ခုနစ်ရက် အချိန်ပေးခဲ့ပြီး နတ်ပြည်ကို ပြန်သွားပါသတဲ့။ ဓမ္မဗလလည်း မေးခွန်းတွေအားလုံးကို မှန်ကန်တဲ့ အဖြေ ပေးနိုင်ဖို့ နေ့နေ့ညည အမျိုးမျိုး စဉ်းစား ကြံဆ တွေးတောပါသော်လည်း အဖြေမှန်ကို စဉ်းစား မရတဲ့အပြင် သူဖတ်မှတ်ခဲ့ဖူးတဲ့ ရှေးဟောင်းစာပေ ကျမ်းဂန်တွေထဲအထိ နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားလေ့လာ ရှာဖွေတာတောင်မှ နီးစပ်တဲ့ အဖြေလောက်ကိုတောင် ဘယ်လိုမှ ရှာမရနိုင်ဖြစ်နေခဲ့သတဲ့။ အဲဒီလိုနဲ့ အဖြေမှန်ကို ဘယ်လိုမှ ရှာမတွေ့ဘဲ ခုနစ်ရက်စေ့ခါနီး ဖြစ်လာတဲ့အခါမှာတော့ ဓမ္မဗလဟာ စိတ်ဓါတ်ကျစွာနဲ့ မိမိကိုယ်ကို သတ်သေဖို့ရာ ကြံစည် စိတ်ကူးပြီး တောထဲကို တစ်ယောက်တည်း ထွက်လာခဲ့ပါရောတဲ့။ တောစပ်နားအရောက်မှာ ထန်းပင်တစ်ပင်အောက် ခဏ၀င်ထိုင်ပြီး အနားယူနေတုန်း ထန်းပင်ပေါ်က လင်းယုန်မောင်နှံနှစ်ကောင် လူ့လောကမှာရှိတဲ့ပျော်ရွှင်မှုတွေအကြောင်း ပြောဆိုဆွေးနွေးနေကြတဲ့ အသံကို အမှတ်တမဲ့ ကြားမိရာကနေ သူလိုချင်နေတဲ့ မေးခွန်းတွေရဲ့ အဖြေကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ အဲဒါနဲ့ ဓမ္မဗလလည်း ၀မ်းမြောက်ဝမ်းသာ အိမ်ကိုပြန်လာခဲ့ပြီး ခုနစ်ရက်စေ့မယ့် အချိန်ကိုစောင့်ဆိုင်းနေတော့တာပေါ့။ ခုနစ်ရက်ပြည့်မြောက်လို့ ဗြဟ္မာမင်းကြီး ရောက်ရှိလာတဲ့အချိန် ဓမ္မဗလက အဖြေများကို တစ်ခုချင်း အသေအချာ ဖြေကြားရာမှာ -

ပထမ မေးခွန်းကို ဖြေတာက -
          မနက်ခင်း အချိန်မှာ လူသားတွေရဲ့ ပျော်ရွှင်မှုဟာ မျက်နှာမှာ တည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်အိပ်ယာက နိုးထတဲ့အချိန်မှာ မျက်နှာကို ရေနဲ့ ဆေးကြောပြီး မျက်နှာသစ်ရတဲ့အတွက် ဖြစ်ပါတယ်။

ဒုတိယ မေးခွန်းကိုတော့ -
          နေ့လည်ခင်း အချိန်မှာ လူသားတွေရဲ့ ပျော်ရွှင်မှုဟာ ရင်ဘတ်မှာ တည်ပါတယ်။ နေ့လည်ခင်းအချိန်မှာ အပူဒါဏ်က ကင်းဝေးစေဖို့ ကိုယ်ခန္ဓာကို ရေသွန်းလောင်းပြီး ရေချိုးသန့်စင်ကြရလို့ ဖြစ်ပါတယ်။

တတိယ မေးခွန်းရဲ့ အဖြေက -
          ညအချိန်မှာတော့ လူသားတွေရဲ့ ပျော်ရွှင်မှုဟာ ခြေထောက်မှာ တည်ပါတယ်။ ညအိပ်ယာမ၀င်ခင်မှာ ခြေထောက်များကို သန့်ရှင်းအောင် ရေနဲ့ ဆေးကြောပြီးမှ အိပ်ကြရလို့ဖြစ်ပါတယ် လို့ ဖြေဆိုလိုက်ပါတယ်။

ဓမ္မဗလ ဖြေဆိုတဲ့ အဖြေတွေအားလုံးက အတိအကျ မှန်ကန်နေတာကြောင့် ကဘိလ မဟာ ဗြဟ္မာမင်းကြီးဟာ ကတိအတိုင်း သူ့ဦးခေါင်းကို သူကိုယ်တိုင် ဖြတ်ရတော့မှာ ဖြစ်တဲ့အတွက် နတ်ပြည်က သမီးတော် ခုနစ်ပါးကို ခေါ်ယူကာ အကြီးဆုံး သမီးတော်ကို မိမိရဲ့ ဦးခေါင်းတော်ကို ဖြတ်ပြီးတဲ့အခါ ရွှေကလပ်ပေါ်မှာတင်ကာ ကိုင်ဆောင်ပြီး မေယုတောင်ကို မိနစ် ခြောက်ဆယ် ပြည့်အောင် ပတ်ပြီးတဲ့နောက် ကောင်းကင်ဘုံက ခိမလိုင် ၀တ်ကျောင်းတော်ကို ယူဆောင်လာဖို့ မှာကြားစေခိုင်းပါတယ်။ အကြောင်းကတော့ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းပြတ်ကို မြေပြင်ကိုပစ်ရင် မြေပြင်က မီးဟုန်းဟုန်း တောက်လောင်မှာ ဖြစ်သလို ကောင်းကင်ကိုပစ်ရင်လည်း မိုးမရွာနိုင်တော့ပဲ မိုးခေါင်တဲ့ဒါဏ် ခံရမှာဖြစ်ပြီးတော့ သမုဒ္ဒရာမှာ ချရင်တော့ သမုဒ္ဒရာရေတွေ အားလုံး ခမ်းခြောက်သွားမှာဖြစ်တဲ့အတွက်ကြောင့် ဦးခေါင်းတော်ထည့်ထားတဲ့ ရွှေကလပ်ကို သီတင်းတစ်ပတ်ရဲ့ နေ့ခုနစ်နေ့ကို ကိုယ်စားပြုတဲ့ သမီးတော် ခုနစ်ပါးက အလှည့်ကျ ကိုင်ထားကြရမှာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကစလို့ ဗြဟ္မာမင်းကြီးဟာ နှစ်သစ်ကူးချိန်မှာ လူသားတွေကို ကောင်းချီးမင်္ဂလာ မပေးနိုင်တော့ပါဘူး။ အဲဒါကြောင့် နှစ်သစ်ကူးတိုင်းမှာ သမီးတော် ခုနစ်ပါးထဲက တစ်နှစ်တစ်ပါးစီ အလှည့်ကျ လူ့ပြည်ကို ဆင်းသက်စေပြီး ဗြဟ္မာမင်းကြီးရဲ့ကိုယ်စား လူသားတွေကို ကောင်းချီးမင်္ဂလာ ပေးစေတယ်လို့ ဆိုကြပါတယ်။ အဲဒီအတွက်ကြောင့် ခမာလူမျိုးများဟာ နှစ်သစ်မှာ နတ်ပြည်က ဆင်းသက်လာမယ့် နှစ်သစ်နတ်သမီး ထံက ရှေ့လာမယ့် တနှစ်တာလုံးအတွက် သက်ရှည်၊ ကျန်းမာ၊ ကံကောင်း၊ ဘေးရန်ကင်းရှင်းကာ စီးပွားလာဘ်လာဘများ တိုးစေဖို့၊ လောကီ လောကုတ္တရာ ကောင်းကျိုးများခံစားရစေဖို့အတွက် နတ်သမီးကပေးသော ကောင်းချီးမင်္ဂလာတွေကို တနှစ်တာပတ်လုံးခံယူနိုင်ဖို့ အလှည့်ကျတဲ့ နတ်သမီး ကောင်းကင်ဘုံကနေ နောက်လိုက်နောက်ပါ အခြွေအရံများနဲ့တကွ ဆင်းသက်လာချိန်မှာ ရိုးရာဓလေ့ ပူဇော်ပသမှုများနဲ့အတူ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး နှစ်သစ်ကူး ပွဲတော်ကို ကျင်းပကြတာ ဖြစ်ပါတယ်။

တနှစ်တာပတ်လုံးမှာ ဆင်နွှဲကြတဲ့ ရိုးရာပွဲတော်များအနက် ခမာနှစ်သစ်ကူးပွဲတော်ဟာ ခမာလူမျိုးတွေအတွက်တော့ ဘာသာရေးအရကော ယဉ်ကျေးမှုအရပါ အဓိကကျပြီး အရေးပါတဲ့ ပွဲတော်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ခမာ ဘာသာစကားနဲ့ နှစ်သစ်ကူးပွဲတော်ကို “ချိုလ် ချနာမ် ထမိုင်း(အ်)” (Chaul Chnam Thmey) လို့အသံထွက်ပါတယ်။ အဓိပ္ပါယ်ကတော့ နှစ်သစ်ကို ကူးပြောင်း ရောက်ရှိချိန်လို့ ဆိုရပါလိမ့်မယ်။ ခမာ နှစ်သစ်ကူးပွဲတော်ဟာ နှစ်စဉ်နှစ်တိုင်း ဧပြီလ ၁၃ ရက်နေ့ ကနေ ၁၅ ရက်နေ့အထိ သုံးရက်တိတိ ကျင်းပလေ့ရှိကြပါတယ်။ တခါတရံ တချို့ ရက်ထပ်နှစ်တွေမှာတော့ ၁၄ ရက် ကနေ ၁၆ ရက် ဖြစ်တတ်တာမျိုး ရှိပေမယ့် များသောအားဖြင့်ကတော့ ၁၃၊ ၁၄၊ ၁၅ ရက်တွေပဲ ဖြစ်တာ များပါတယ်။ ခမာလူမျိုးတွေမှာလည်း နှစ်သစ်ကူးပွဲတော်အတွက် နှစ်စဉ်နှစ်တိုင်း ပွဲတော် မတိုင်ခင်က ကြိုတင် ထုတ်ဝေထားတဲ့ သင်္ကြန်စာရှိပါတယ်။ အဲဒီ မဟာ သင်္ကြန် စာအုပ် (Maha Songkran Book) ထဲမှာ ဗေဒင် နက္ခတ္တပညာရှင် ပုဏ္ဏား ဟူးရားများက လာမယ့် နှစ်သစ်အတွက် လိုအပ်တာများကို ဗေဒင် နက္ခတ်များနဲ့ ကြိုတင် တွက်ချက်ပြီး ရေးသား လမ်းညွှန်ထားကြပါတယ်။ ခမာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ နှစ်သစ်ကူးရက် မတိုင်ခင် ရက်များမှာ မိမိတို့ အိမ်များကို သပ်ရပ် သန့်ရှင်းအောင် ရှင်းလင်း ဆေးကြော သုတ်သင်ပြီး ဆေးအသစ်များ ထပ်မံသုတ်ခြင်း၊ ၀င်းထရံများကို ထုံးသုတ်ခြင်း၊ နေအိမ်ရှိ ဘုရားစင် နတ်စင်များကို ရှင်းလင်း သန့်စင်ခြင်းများကို ကြိုတင် ပြုလုပ်ထားရသလို နှစ်သစ်မှာ မင်္ဂလာရှိဖို့အတွက် အ၀တ်သစ် အစားသစ်များကိုလည်း ၀ယ်ယူ ချုပ်လုပ် အသင့်ပြင်ဆင် ထားတတ်ကြပါတယ်။ ခမာဓလေ့မှာ သီတင်းကျွတ် တန်ဆောင်တိုင် ပွဲတော်တွေဆို အိမ်တွေမှာ မီးထွန်းလေ့မရှိကြဘဲ နှစ်သစ်ကူး ပွဲတော်သုံးရက်မှာသာ အိမ်ပေါက်စေ့ မီးပုံးတွေ မီးရောင်စုံတွေ လျှပ်စစ်မီးသီးအလှတွေ ထွန်းညှိတတ်ကြလို့ ခမာ နှစ်သစ်ကူးနားနီးလာရင် မီးပုံးတွေ မီးသီးတွေရောင်းတဲ့ ဆိုင်တွေ အများကြီးပါပဲ။
(အောက်က ဓါတ်ပုံတွေက နှစ်သစ်ကူးမှာ မီးထွန်းဖို့ မီးပုံးတွေနဲ့ အိမ်မှာ အလှဆင်ချိတ်ဆွဲဖို့ မီးသီး၊ စာတန်း၊ ရောင်စုံ အလှဆင် ပန်းကုံးများနဲ့ ဘက်ထရီနဲ့ မီးလင်းတဲ့ အလှပန်းအိုး စတာတွေကိုရောင်းချတဲ့ ဆိုင်တွေပါ။)










(ဆက်ရန်)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

7 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ..
ခမာသင်္ကြန်မှာ အစ်မလည်း ပျော်ရွှင်ပါစေနော်။
နှစ်သစ်နဲ့အတူ စိတ်နှလုံးကြည်လင်ရွှင်လန်းပါစေ..
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပြီး ဆန္ဒတွေပြည့်ဝတဲ့ နှစ်သစ်ဖြစ်ပါစေနော်...

mstint said...

ခမာတို့ရဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်လေးနဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတို့ကို လေ့လာဖတ်ရှု မှတ်သားသွားပါတယ် မအိမ်သူရေ။ ဒုတိယပိုင်းဆက်မျှော်နေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

San San Htun said...

စိတ်ဝင်စားစရာကောင်းတဲ့ ခမာသင်္ကြန်အကြောင်း ဖတ်သွားတယ် အမရေ..နောက်အပိုင်းတွေလည်း မျှော်နေတယ်နော်...ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ..

နေ၀သန် said...

စိတ်ဝင်စားဖို့ကောင်းတယ် အစ်မရေ.. ဆက်ရန်ကို စောင့်နေပါတယ်ဗျာ..း)))

ခင်မင်လျက်
နေ၀သန်

ဟန်ကြည် said...

လာမယ့်နှစ်ရောက်ရင် ခမာပြည်မှာပဲ သင်္ကြန်ကျတော့မယ် အစ်မရေ...ဒီမှာ စိတ်ညစ်လွန်းလို့...မျက်စိဒုက္ခ...နားဒုက္ခနဲ့ အသက်များ ဒီထက်ပိုကြီးလာရင် ဘယ်လိုများနေရမယ် မသိတော့ဘူး...

မဒမ်ကိုး said...

မမရေ ခမာပြည်က မြန်မာတွေနဲ့တော်တော်တူတာဘဲ နော်

ဆက်ရန်ကိုစောင့်နေမယ်

ချစ်တဲ့

ဒိုးကန်

မအိမ်သူ said...

ချောရေ ပေးတဲ့ဆုနဲ့ပြည့်ပါစေနော်။

အန်တီတင့် လာအားပေးတာ ကျေးဇူးကမ္ဘာ..

ညီမစန်းထွန်းရေ မင်္ဂလာနှစ်သစ်ပါ။

နေ၀သန် စိတ်ဝင်စားတယ်ဆိုလို့ ၀မ်းသာမိပါတယ်။

ဆရာဟန် လာပါရှင်။ ခမာပြည်က ကြိုဆိုပါတယ်။ ဒီကသင်္ကြန်ကတော့ မြို့ပေါ်တွေမှာဆိုရင် တိတ်ဆိတ်ခြောက်ကပ်လို့။ လူတိုင်းက ကိုယ့်နယ်တွေကိုပြန်ကြတယ်လေ။

ညီမဒိုးကန်ရေ ဒီမှာနေရတာ မြန်မာနဲ့တူတာများ နိုင်ငံခြားရောက်နေတယ်လို့ကို မထင်ရတာ..

အားလုံးပဲ နှစ်သစ်မှာ ကျန်းမာရွှင်လန်းစွာနဲ့ လိုအင်ဆန္ဒများ ပြည့်ဝပြီး ပူပင်သောကများ ကင်းဝေးကြပါစေရှင်။

Related Posts Plugin for WordPress, Blogger...