Friday, March 9, 2012

ကမ္ဘောဒီးယားနဲ့ အခြား ကမ္ဘာ့နိုင်ငံများက နှုတ်ဆက်နည်းများ

နှုတ်ဆက်ခြင်းဆိုတာ လူသားအချင်းချင်း တွေ့ဆုံဆက်ဆံကြတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အသိအမှတ်ပြုခြင်းကို  ဖေါ်ပြတဲ့ အပြုအမူတစ်ရပ်ဖြစ်သလို လေးစားသမှု၊ ယဉ်ကျေးဖွယ်ရာမှု၊ ရင်းနှီးခင်မင်မှုတွေကို ပြသတဲ့ အပြောအဆို အမူအယာလို့လဲ ဆိုနိုင်ပါတယ်။ 

လူသားတွေတင်မက ခွေးကလေးတွေ ကြောင်ကလေးတွေလို တိရစ္ဆာန်တွေမှာတောင် အချင်းချင်း တွေ့ကြဆုံကြတဲ့အခါ နှုတ်ဆက်တဲ့ အပြုအမူအနေနဲ့ တစ်ကောင်နဲ့တစ်ကောင် အသိအမှတ်ပြုတဲ့ အသံတွေ အမူအယာမျိုးတွေ လုပ်တတ်ကြတာကို တိရစ္ဆာန်ကလေးတွေနဲ့ အနီးကပ် တရင်းတနှီး နေထိုင်ဖူးတဲ့သူများ သတိထားမိကောင်း ထားမိကြမှာပါ။ လူသားဆိုတာကတော့ သတ္တလောကမှာ အဆင့်အတန်းမြင့်တဲ့ သတ္တ၀ါတွေမို့ လူသားအချင်းချင်းကြား ဆက်သွယ်မှုတွေမှာ ပိုမိုလေးနက်ပြီး အဓိပ္ပါယ်ပါတဲ့ အပြုအမူ အပြောအဆိုနဲ့ ဟန်ပန်အမူအယာတွေ ပါဝင်နေမှာမလွဲပါဘူး။ နှုတ်ဆက်ခြင်းအမှုဟာ အထူးသဖြင့် လူသားတွေ အချင်းချင်း တွေ့ဆုံကြတဲ့အချိန်မှာ မိမိတို့ရဲ့ ဖြစ်တည်မှုတွေကို အသိအမှတ်ပြုခြင်း၊ အလေးထားမှုကို ဖေါ်ထုတ်ပြသခြင်းနဲ့ တစ်ဦးချင်းစီရဲ့ အနေအထား၊ ပတ်သက်ဆက်နွယ်မှု၊ ရာထူး ဂုဏ်ရှိန် အဆင့်အတန်း (type of relationship or social status) တွေအပေါ်မူတည်ပြီးတော့ တစ်ဦးနဲ့တစ်ဦးကြား အလေးဂရုထားကာ အပြန်အလှန် အသိအမှတ်ပြု ပြောဆို လှုပ်ရှား ပြုမူကြရတဲ့ အပြုအမူလုပ်ဆောင်ချက် တစ်ခုအနေနဲ့ လူသားချင်း ဆက်သွယ် ပေါင်းသင်းကြရာမှာ အရေးပါလှပါတယ်။

လူသားတွေရဲ့ နှုတ်ဆက်နည်းတွေမှာ အဓိက အမျိုးအစား သုံးမျိုးရှိတယ်လို့ မှတ်သားဖူးခဲ့ပါတယ်။ နှုတ်စကားသက်သက်ဖြင့် နှုတ်ဆက်နည်း၊ ခြေဟန် လက်ဟန် ကိုယ်ဟန် အမူအယာ အပြုအမူ လှုပ်ရှားမှုတစ်မျိုးမျိုးဖြင့် နှုတ်ဆက်နည်းနဲ့ နှုတ်ဆက်စကားကော ကိုယ်ဟန် အမူအယာကော နှစ်မျိုးလုံး ပါဝင် ပေါင်းစပ်ထားတဲ့ နှုတ်ဆက်နည်း ဆိုပြီး သုံးမျိုးသုံးစားရှိတယ်လို့ သိမှတ်ဖူးပါတယ်။ နှုတ်ဆက်ခြင်းဓလေ့ဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေပေါ်မှာ အဓိက အခြေခံတာမို့လို့ ကမ္ဘာပေါ်မှာ နေရာဒေသ လူမျိုးနဲ့ ဘာသာတွေ ကွဲပြားတာနဲ့အမျှ နှုတ်ဆက်တဲ့ ဓလေ့တွေကလည်း အမျိုးမျိုးအဖုံဖုံ ကွဲပြားခြားနားကြမှာ အမှန်ပါပဲ။ လူသားအချင်းချင်း နှုတ်ဆက်ခြင်းဆိုတဲ့ အပြုအမူမှာ နေရာဒေသ လူမျိုး ဘာသာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာများကို လိုက်ပြီး နှုတ်ခွန်းဆက် ပဋိသန္ဓာရစကားဆိုခြင်း၊ လက်ဝှေ့ယမ်းခြင်း၊ နဖူးပေါ်လက်တင်၍ အရိုအသေပြုခြင်း၊ ဦးညွှတ်ခြင်း၊ ဦးခေါင်းညိတ်ခြင်း၊ နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်း၊ လက်အုပ်ချီခြင်း၊ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ကြက်ခြေခတ်ပုံသဏ္ဍာန် ယှက်ခြင်း၊ ပါးချင်းအပ်ခြင်း အစရှိတဲ့ ပြောဆို လှုပ်ရှားမှု ပုံသဏ္ဍာန် အမျိုးမျိုးတွေ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ပါဝင်နိုင်ပါတယ်။

ကမ္ဘာအနှံ့အပြားက အချို့သော လူမျိုးတွေမှာဆိုရင် အင်မတန် ထူးခြားဆန်းပြားတဲ့ နှုတ်ဆက်နည်းမျိုးတွေ ရှိကြတဲ့ အကြောင်းတွေကိုလည်း လေ့လာ သိရှိခဲ့ဖူးပါတယ်။ ဥပမာဆိုရရင် နယူးဇီလန်က လူမျိုးစုတွေမှာ နဖူးချင်းထိ နှာခေါင်းထိပ်ချင်း အသာအယာ ပွတ်ပြီး နှုတ်ဆက်ကြတဲ့ ဓလေ့ရှိသလို တိဘက်ဒေသမှာဆိုရင်လဲ တစ်ဦးနဲ့ တစ်ဦးတွေ့တဲ့အခါ အပြန်အလှန် လျှာထုတ်ပြပြီး နှုတ်ဆက်လေ့ရှိကြပါတယ်။ (မသိရင် ပြောင်ပြနေကြတယ် ထင်မှာပဲနော်။ :P)

နယူးဇီလန်က နှုတ်ဆက်နည်းပါ။

ဒါကတော့ တိဘက်လူမျိုးတစ်ယောက်ရဲ့ နှုတ်ဆက်ပုံပါပဲ။
ပိုလီနီးရှန်း ကျွန်းစုတွေပေါ်က လူမျိုးတွေကတော့ တစ်ဦးနဲ့ တစ်ဦး မျက်နှာချင်းအပ်ပြီး ပါးကို တိရိစ္ဆာန်များ အနံ့ခံသလိုမျိုး တရှုံ့ရှုံ့နဲ့ အနံ့ခံပြီး နှုတ်ဆက်တတ်ကြပါတယ်တဲ့။ (အနံ့အသက် မကောင်းရင် ဒုက္ခ.. အနံ့ခံရတယ်ဆိုတော့ အသက်အောင့် ထားလို့လဲ ရမယ်မထင်.. ) အာဖရိကတိုက်မှာ နေထိုင်ကြတဲ့ အချို့သော လူမျိုးစုများရဲ့ ဓလေ့ကတော့ မျက်နှာကို တံတွေးနဲ့ ထွေးပြီး နှုတ်ဆက်ကြတယ်လို့ ဆိုပါတယ်။ ဒါမှမဟုတ်ရင်လည်း မိမိတို့ရဲ့ လက်ဖ၀ါးထဲကို တံတွေးအရင်ထွေးပြီးမှ အဲဒီတံတွေးဆွတ်ထားတဲ့ လက်များနဲ့ လက်ဆွဲ နှုတ်ဆက်ကြပါတယ်တဲ့။ (ဒီနှုတ်ဆက်နည်းကတော့ အော့.. အော့.. )

အာဖရိက က နောက်လူမျိုးစုတစ်ခုရဲ့ နှုတ်ဆက်နည်းကတော့ စည်းဝါးကိုက် လှုပ်ရှားရတဲ့ အကလိုပုံစံမျိုး ခြေဟန် လက်ဟန် အမူအယာတွေကို လုပ်ရပါတယ်။ အဲဒီလူမျိုးစုက လူနှစ်ယောက် ဆုံမိကြလို့ နှုတ်ဆက်ကြတဲ့အခါ သတ်မှတ်ထားတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို သတ်မှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း စည်းချက်ကျကျ နှစ်ယောက်လုံးက ညီညီညာညာ တပြိုင်နက်တည်း လုပ်ကြရပါတယ်။ (အဲဒီလို နှုတ်ဆက်နည်းမျိုးကို ဘေးကနေကြည့်ရရင် ယိမ်းအကကြည့်နေရသလိုမျိုး အတော်ကြည့်ကောင်းမယ်လို့ ထင်မိသား…) အဲ အာဖရိက က များပြားလှတဲ့ လူမျိုးစုတွေထဲက နောက်တစ်မျိုးမှာတော့ အချင်းချင်း တွေ့ကြတယ်ဆိုရင် နှုတ်ဆက်တဲ့ သင်္ကေတအနေနဲ့ လက်ခုပ် တစ်ချက်တိတိပဲ တီးရပါတယ်တဲ့။ (အင်း… မှားပြီးများ နှစ်ချက်တွေ သုံးချက်တွေ တီးမိနေရင် ဘာ အဓိပ္ပါယ်နဲ့ သင်္ကေတတွေများ ဖြစ်မလဲမသိ… )

အက်စကီးမိုးတွေရဲ့ နှုတ်ဆက်နည်းက နယူးဇီလန်နဲ့ နည်းနည်းဆင်ပါတယ်။ အချင်းချင်း နှာခေါင်းထိပ်ချင်းထိ နှုတ်ခမ်းချင်းထိပြီး အသာအယာ နမ်းတာပါ။ ကလေးငယ်လေးတွေကို တွေ့ရင် ပါးကိုဖွဖွနမ်းပုံနဲ့ ခပ်ဆင်ဆင်တူတယ်လို့ ဆိုပါတယ်။ ပါးအစား နှာခေါင်းချင်းထိပြီး နမ်းတယ်ဆိုပါတော့။

Inuit လို့ခေါ်တဲ့ အက်စကီးမိုး လူမျိုးတွေရဲ့ နှုတ်ဆက်ကြပုံ။
အနောက်နိုင်ငံတွေမှာကတော့ အများအားဖြင့် လက်ဆွဲနှုတ်ဆက်နည်းက နိုင်ငံအတော်များများမှာ တွင်ကျယ်ပါတယ်။ အချို့သောနိုင်ငံတွေမှာတော့ အပြန်အလှန် ပါးချင်းအပ်တဲ့ နှုတ်ဆက်နည်းမျိုးရှိသလို ပါးနှစ်ဖက်ကို ဖွဖွနမ်းရတဲ့ နှုတ်ဆက်နည်း ဓလေ့တွေလည်း ရှိကြပါတယ်။ အချင်းချင်း ရင်ချင်းအပ် ကျောကိုလက်နှစ်ဖက်နဲ့သိုင်းပြီး ပွေ့ဖက်နှုတ်ဆက် ကြတာမျိုးတွေလည်း အချို့ အနောက်နိုင်ငံ ဓလေ့တွေမှာ ရှိပါတယ်။

ပြင်သစ်နိုင်ငံက နှုတ်ဆက်နည်းက ပါးကို အနမ်းဖွဖွပေးရပါတယ်။ ယောက်ျား မိန်းမ ကလေး မခွဲပါဘူး။ (ခမာပြည်မှာ ပြင်သစ်လူမျိုးတွေ အများကြီး နေထိုင်ကြလို့ အဲဒီလို နှုတ်ဆက်နည်းမျိုးကို ဒီမှာ မကြာခဏ တွေ့ရပါတယ်။)

ပါးချင်းအပ်တဲ့ နှုတ်ဆက်နည်း

ဒါလဲ ပါးချင်းအပ်နည်း တစ်မျိုးပါပဲ။

ဒါကတော့ ပွေ့ဖက် နှုတ်ဆက်နည်းပါ။
နှုတ်ဆက်နည်း ဓလေ့တွေ အမျိုးမျိုးရှိကြတဲ့အထဲမှာ အာရှလို အရှေ့တိုင်း နိုင်ငံတွေက နှုတ်ဆက်နည်းတွေမှာတော့ လူအချင်းချင်း ထိတွေ့မှုထက် ရိုသေသမှု လေးစားသမှုတွေကို ပြတဲ့ ကိုယ်ဟန်အမူအယာ အပြောအဆိုတွေကို ပိုပြီး အလေးထား ဖေါ်ပြတတ်ကြတယ်လို့ ထင်မိပါတယ်။ ဂျပန်တို့ ကိုရီးယားတို့ ယဉ်ကျေးမှုမှာဆိုရင် ခါးလေးကိုင်း ခေါင်းလေးငုံ့ပြီး ဦးညွှတ်နှုတ်ဆက်တတ်ကြသလို အိန္ဒိယ၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှားက ဘာလီကျွန်း အစရှိတဲ့ နိုင်ငံတွေမှာတော့ လက်အုပ်ကလေးချီ ဦးခေါင်းလေးညွှတ်ပြီး နှုတ်ဆက်တဲ့ ဓလေ့တွေ ရှိကြပါတယ်။ ကမ္ဘာ အနှံ့အပြားက နှုတ်ဆက်နည်း ယဉ်ကျေးမှုတွေဟာ တကယ့်ကို စိတ်ဝင်စားဖွယ်ရာ ကောင်းလှတဲ့ အကြောင်းအရာ တစ်ခုပါပဲ။ လေ့လာမယ်ဆို ကုန်နိုင်ဖွယ်မရှိပါဘူး။ 

ကိုရီးယားနိုင်ငံက နှုတ်ဆက်နည်း

ဂျပန်လူမျိုးများရဲ့ နှုတ်ဆက်နည်း

ဘာလီကျွန်းသား တစ်ဦး နှုတ်ဆက်နေပုံပါ။
ဆက်ပြီးတော့ ကမ္ဘောဒီးယားကခမာလူမျိုးတွေရဲ့ နှုတ်ဆက်နည်း ကိုလည်း ပြောပြချင်ပါတယ်။ ခမာ လူမျိုးတွေ နှုတ်ဆက်တဲ့အခါမှာ နှုတ်က ပဋိသန္ဓာရ စကားကို ဆိုရင်း လက်နှစ်ဖက်ကို လက်အုပ်ချီကာ အနည်းငယ် ဦးညွှတ်ပြီး ရိုကျိုးတဲ့ ကိုယ်ဟန် အမူအယာကို ပြရပါတယ်။ အဲဒီအပြုအမူကို ခမာလိုတော့ ဆမ်ဖီးယား (Sampheah) လို့ခေါ်ပါတယ်။ လွယ်လွယ် ပြောရရင် ခမာလို နှုတ်ဆက်တဲ့အခါ ဆမ်ဖီးယား လုပ်ရပါတယ်။

Apsara ကချေသည်တစ်ဦး ပရိသတ်ကို ဆမ်ဖီးယားလုပ်ပြီး နှုတ်ဆက်နေပုံပါ။
ဆမ်ဖီးယား လုပ်တဲ့အခါမှာ လက်အနေအထားပိုမြင့်လေ၊ ဦးခေါင်းညွှတ်တာ ပိုနိမ့်လေ၊ ရိုသေ လေးစားမှု၊ ဂါရ၀ ထားရှိမှုအဆင့် ပိုမိုမြင့်မားကြောင်းကို ဖေါ်ပြလေဖြစ်ပါတယ်။ ခမာလူမျိုးတွေဟာ ဆမ်ဖီးယားကို တွေ့ဆုံချိန်မှာကော ခွဲခွာချိန်မှာပါ ပြုလုပ်ရပါတယ်။ တွေ့ဆုံတဲ့အချိန်မှာ နှုတ်ခွန်းဆက်စကားကို ခမာလို “ခြုံ(မ်)ရိ(ပ်)ဆော(၀်)” (Choum Reap Sour) လို့ပြောရပြီး ခွဲခွာချိန်မှာတော့ “ခြုံ(မ်)ရိ(ပ်)လေးယား” (Choum Reap Lear) လို့ပြောရပါတယ်။ အဲဒီ စကားနှစ်လုံးကို Hello နဲ့ Goodbye လို့ လွယ်လွယ် အဓိပ္ပါယ် ပြန်လို့ရမယ် ထင်ပါတယ်။ တယ်လီဖုန်း ပြောရင်လဲ ဖုန်းထူးတဲ့အခါမှာ ခမာလူမျိုးတွေက ခြုံ(မ်)ရိ(ပ်)ဆော(၀်) ဆိုတဲ့ စကားလုံးကိုပဲ သုံးကြပါတယ်။

Hello ဆိုတဲ့ စကားလုံးကို ခမာလို နောက်ထပ် အသုံးအနှုန်း တစ်မျိုးရှိပါသေးတယ်။ အဲဒါကတော့ ဆိုး(၀်)ဆဒေး (Soou Sdey) လို့ အသံထွက်ပါတယ်။ ဒါပေမယ့် အဲဒီစကားလုံးကို လူငယ်တွေကြားနဲ့ ရင်းနှီးသူ မိတ်ဆွေ သူငယ်ချင်းတွေကြား သိပ်ပြီး formal မဟုတ်တဲ့ နှုတ်ဆက်ခြင်းမျိုးတွေမှာသာ သုံးကြတာ တွေ့ဖူးပါတယ်။ အဲဒီလို နှုတ်ဆက်ရင်တော့ နှုတ်ဆက်စကားဆိုပြီး ဆမ်ဖီးယား လုပ်တဲ့အခါ လုပ်သလို မလုပ်တဲ့ အခါမျိုးလဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီလို ဆိုး(၀်)ဆဒေး ဆိုပြီး နှုတ်ဆက်တာမျိုးကိုတော့ formal နှုတ်ဆက်နည်း အနေနဲ့ သုံးကြတာမျိုး သိပ်မတွေ့ဖူးပါဘူး။ Formal အနေနဲ့ဆိုရင်တော့ ဆမ်ဖီးယား လုပ်ကြတဲ့အခါမှာ နှုတ်ဆက်စကား အနေနဲ့ ခြုံ(မ်)ရိ(ပ်)ဆော(၀်) ကိုသာ သုံးကြတာ တွေ့ရပါတယ်။

ခမာလူမျိုးတွေအတွက် ဆမ်ဖီးယား လုပ်ခြင်းဟာ အရေးကြီးတဲ့ အပြုအမူတစ်ရပ်ပါ။ ဆမ်ဖီးယားဟာ လူနှစ်ဦးကြားက နှုတ်ဆက်ခြင်း အသိအမှတ်ပြုခြင်း သက်သက်တင်မဟုတ်ပါဘူး။ နှုတ်ဆက်ကြတဲ့ လူနှစ်ယောက်ရဲ့ ပတ်သက်ဆက်နွယ်မှု ရာထူး အသက်အရွယ် အဆင့်အတန်းနဲ့ ရိုသေ လေးစားမှုတွေကိုပါ ပြဆိုတဲ့ အမူအယာတစ်ခု ဖြစ်ပါတယ်။ ခမာလူမျိုးတွေ အနေနဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကို ဆမ်ဖီးယား လုပ်တဲ့အခါမှာ ကိုယ်ကလည်း သင့်တော်တဲ့ နည်းလမ်းအတိုင်း တုံ့ပြန်ပြီး ဆမ်ဖီးယား ပြန်လုပ်ရပါတယ်။ အဲဒီလို ပြန်မလုပ်ခဲ့ရင် မယဉ်ကျေးဘူးလို့ သတ်မှတ် ယူဆကြပါတယ်။ “သင့်တော်တဲ့ နည်းလမ်း” လို့ ပြောရတာကတော့ ဆမ်ဖီးယား လုပ်တဲ့နေရာမှာ အသက်အရွယ် ရာထူး အဆင့်အတန်းတွေနဲ့ ပတ်သက်တဲ့ လိုက်နာရမယ့် သတ်မှတ်ချက်တွေ ရှိလို့ပါ။ ခမာဓလေ့ ဆမ်ဖီးယား လုပ်နည်း အဆင့် ငါးဆင့် ရှိပါတယ်။ အဲဒီ အဆင့်ငါးဆင့်ကို လက်အုပ်ချီထားတဲ့ လက်နဲ့ တပြေးညီ တန်းတူရှိရမယ့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများနဲ့ ခွဲခြား သတ်မှတ်ထားပါတယ်။ အဲဒီ ကိုယ်ခန္ဓာ အစိတ်အပိုင်း ငါးဆင့်က -
  •        ရင်ညွန့် သို့မဟုတ် မေးစေ့အောက် (Chest Level)
  •        ပါးစပ် (Mouth Level)
  •        နှာခေါင်း (Nose Level)
  •        မျက်ခုံး (Eyebrow Level) နဲ့
  •        နဖူး (Forehead Level) တို့ ဖြစ်ပါတယ်။
ပထမဆုံးအဆင့်ဖြစ်တဲ့ ရင်ညွန့် မေးစေ့အောက် အဆင့်မှာ လက်အုပ်ချီရတဲ့ နှုတ်ဆက်နည်းက ကိုယ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းများ၊ ကိုယ်နဲ့ သက်တူရွယ်တူများ၊ ကိုယ့်ထက် ငယ်ရွယ်သူများ၊ ကိုယ့်ဝန်ထမ်း သို့မဟုတ် လက်အောက်ငယ်သားများ၊ ဒါမှမဟုတ် ပါတီတို့ ပွဲလမ်းသဘင်တို့လို လူပရိသတ် အများရှိတဲ့အခါ အားလုံးကိုခြုံပြီး နှုတ်ဆက်ချင်တဲ့ အခါမျိုးတွေမှာ လုပ်ရပါတယ်။ 

ကိုယ့်ထက် ငယ်သူကို နှုတ်ဆက်ရင် ရင်ညွန့် သို့မဟုတ် မေးစေ့အောက်နားမှာ လက်အုပ်ချီရပါတယ်။
ကိုယ့်ထက် အသက်အရွယ်အားဖြင့် ကြီးတဲ့သူ၊ ၀ါအားဖြင့် ကြီးသောသူ၊ အလုပ်ခွင်က ကိုယ့်အထက် အရာရှိများ၊ အခြားသော ရာထူးကြီး လူပုဂ္ဂိုလ် များကို နှုတ်ဆက်မယ်ဆိုရင် လက်အုပ်ချီထားတဲ့ လက်ချောင်းလေးတွေကို ပါးစပ် နှုတ်ခမ်းများနဲ့ တစ်ညီတည်း ထားပြီး နှုတ်ဆက်ရပါတယ်။


ခမာ မင်္ဂလာဆောင်မှာ သတို့သမီးနဲ့ သတို့သားတို့ အပြန်အလှန် ဆမ်ဖီးယား လုပ်ပြီး နှုတ်ဆက်နေကြပုံပါ။ (လက်အုပ်ချီထားကြတဲ့ အနေအထား ကို လေ့လာကြည့်နိုင်ပါတယ်။ သတို့သားက အသက်၊ ၀ါ ကြီးတဲ့အတွက် သတို့သမီးက လက်အုပ်ချီတဲ့အခါ ပါးစပ်နဲ့ တန်းတူထားပေမယ့် သတို့သား အနေနဲ့က ရင်ညွန့် မေးစေ့အောက်နားမှာပဲ ထားပါတယ်။)
 ကိုယ့်ရဲ့ အဖိုးအဖွား မိဘများနဲ့ ဆရာသမားများကို နှုတ်ဆက်ရင်တော့ လက်ကို နှာခေါင်းထိပ် သို့မဟုတ် နှာတံပေါ်မှာ ထားရပါတယ်။

အဖိုး အဖွား မိဘ ဆရာများကို နှုတ်ဆက်ပုံ
ဘုရင်၊ သံဃာတော်များနဲ့ မြင့်မြတ်သော သူတော်စင်များ၊ ပုဂ္ဂိုလ်များကို နှုတ်ဆက်နည်းကတော့ လက်အုပ်ချီတာကို မျက်ခုံးနဲ့ အညီထားပြီး  နှုတ်ဆက်ရပါတယ်။

ဘုရင်၊ သံဃာ၊ မြင့်မြတ်သောသူများကို နှုတ်ဆက်ပုံ။
လက်အုပ်ချီတာကို နဖူး သို့မဟုတ် နဖူးအထက် ဦးခေါင်းအထိ မြှင့်တယ်ဆိုရင်တော့ အဲဒါဟာ ဘုရားရှိခိုးခြင်း၊ ဆုတောင်းခြင်း၊ နတ် ဒေ၀တာများကို ပူဇော်ခြင်းနဲ့ အခြား တန်ခိုးကြီးသော အရာများကို ရှိခိုး ပူဇော်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ခမာလူမျိုးတွေရဲ့ နှုတ်ဆက်နည်း အဆင့်ဆင့်ကို ပြထားတဲ့ပုံပါ။
အဲဒီလို ဆမ်ဖီးယား လုပ်ဖို့အတွက် လက်အုပ်ချီတဲ့ အချိန်မှာ ဘယ်အဆင့်ပဲ ဖြစ်ဖြစ် ဦးညွှတ်တာကိုတော့ ကိုယ်ရဲ့ ရိုသေ လေးစားမှု ဂါရ၀ ထားမှု (Respect) အတိုင်းအတာကို ပြချင်ရင် ပြချင်သလောက်ထိ ကိုယ့်ရဲ့ခါးနဲ့ ခေါင်းကို ကိုင်းညွှတ်နိုင်ပါတယ်။

ခမာလူမျိုး တစ်ယောက်အနေနဲ့ ကိုယ့်ကို တစ်စုံတစ်ယောက်က ဆမ်ဖီးယားလုပ်ပြီး နှုတ်ဆက်လာတယ်ဆိုရင် ကိုယ်က ပြန်ပြီး ဆမ်ဖီးယားလုပ်တဲ့အခါမှာ နှုတ်ဆက်သူက ကိုယ့်ထက် ငယ်ရွယ်သူ ဖြစ်ရင် ကိုယ့်ရဲ့ လက်အနေအထားက ရင်ညွန့် သို့မဟုတ် မေးစေ့အောက်မှာ ထားရမှာဖြစ်သလို ကိုယ့်ထက် အသက်ကြီးသူ ဆိုရင်တော့ လက်ကို ပါးစပ်နဲ့ တတန်းထဲမှာ ထားပြီး ပြန်လှန် နှုတ်ဆက်ရမှာဖြစ်ပါတယ်။ ခမာလူမျိုးမှန်ရင် ဆမ်ဖီးယားကို ငယ်စဉ်ကတည်းက အသေအချာ သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက်ကြောင့် ခမာလူမျိုးတိုင်းဟာ နှုတ်ဆက်ခြင်းဓလေ့ ဆမ်ဖီးယားကို ဟိုးငယ်စဉ် ကလေးဘ၀ ကတည်းကစပြီး လေ့ကျင့် သင်ကြားပေးခြင်း ခံရလေ့ရှိကြပါတယ်။ ခမာလူမျိုးတွေဟာ ရှေးယခင် ကာလတည်းက ယဉ်ကျေးမှု ကြွယ်ဝတဲ့ လူမျိုးများ ဖြစ်ကြတဲ့အတွက် ခမာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာ ရိုးရာ ယုံကြည်မှုများဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းသလို လေ့လာလို့လဲ မကုန်နိုင်လောက်အောင်ပါပဲရှင်…။

ဒါက အခုလက်ရှိ ကမ္ဘောဒီးယားဘုရင် သီဟာမုနိပါ။ သူ့ကို ဘုရင်အဖြစ် တင်မြှောက်ဖို့အတွက် ဘိသိတ်ခံပွဲကို တက်ရောက်လာစဉ်တုံးကပုံပါ။ အဲဒီအချိန်မှာ သူက ဘုရင်အဖြစ် ဘိသိတ်မခံရသေးတဲ့အတွက် မင်းပရိသတ်ကို နှုတ်ဆက်တဲ့ အခါ လက်အုပ်ချီပုံ အနေအထားက နှာခေါင်းနဲ့ အညီလောက်မှာ ရှိပါတယ်။
ဒါကတော့ ဘိသိတ်ခံပြီး ဘုရင်ဖြစ်ဖြစ်ချင်းအချိန်မှာ ဘုရင့်ပလ္လင်တော်မှာ ထိုင်ခွင့်ရအပြီး တိုင်းပြည် ဦးသျှောင် ဘုရင်အဖြစ်နဲ့ မင်းပရိသတ်ကို နှုတ်ဆက်တဲ့အခါ လက်အုပ်ချီပုံ အနေအထား ဖြစ်ပါတယ်။
Apsara ကချေသည်များရဲ့ နှုတ်ဆက်ပုံပါ။

ရိုးရာအကနဲ့ ဖျော်ဖြေအပြီးမှာ ပရိသတ်ကို နှုတ်ဆက်နေတဲ့ ကချေသည်များ။

(ကချေသည်ပုံများက ကိုယ့်ဟာကိုယ် ရိုက်ထားတာပါ။ အခြားပုံများကိုတော့ Google ကနေ ယူပါတယ်ရှင်။ Photos Credit to Google Image)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

17 comments:

ထော်ဦး said...

အစ်မအိမ်သူေ၇...
မင်္ဂလာပါလို့ နှုတ်ဆက်၇င်းနဲ့ 
ဘယ်ပျောက်သွားပါလိမ့်လို့ 
အလည်လာ၇င်း မေးမြန်းလိုက်ကြောင်းပါ...
ထော်ဦး

mstint said...

စိတ်ဝင်စားစရာ နှုတ်ဆက်ပုံအမျိုးမျိုးနဲ့အတူ
ဗဟုသုတလေးတွေယူသွားတယ် မအိမ်သူရေ။
စိတ်ရှည်ရှက်တင်ထားတဲ့အတွက်ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်သီဟ said...

မြန်မာများမှာတော့ အချင်းချင်းတွေ့ရင် နှုတ်ဆက်ပုံမတွေ့ရတော့ပါဖူး
အင်း အဲနဲ့ပြီးသွားတာများတယ်
အမူအရာတခုခုတော့ ရှီသင့်တယ်ထင်မိပေမယ့်
ကိုယ်တိုင်ကလိုက်လုပ်တာနည်းတယ်
မင်္ဂလာပါလို့နှုတ်ခွန်းဆက်ဖို့တောင် တခါတခါ ခက်နေတာ ကိုယ့်ကိုကိုယ်ပြန်ပြင်ရအုံးမယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

နှုတ်ဆက်နည်း အမျိုးမျိုးက စိတ်ဝင်စားစရာပါလားနော်
ခမာပြည်လာဖြစ်ရင်တော့ အဲဒါတွေ သေချာလေ့လာပြီးမှ လာတော့မယ်
တော်ကြာမှားနှုတ်ဆက်မိရင်ဒုက္ခနော်။
ဟိုးအပေါ်က နှုတ်ဆက်နည်းထဲက တံတွေးထွေးရတဲ့ နှုတ်ဆက်နည်းလုပ်တဲ့ နိုင်ငံမှာ လူမဖြစ်တာ တော်သေးတယ်နော်း))

ဟန်ကြည် said...

နှုတ်ဆက်နည်းထဲမှာ အက်စ်ကီမိုးနှုတ်ဆက်နည်းကို သဘောကျတယ် မအိမ်သူရေ...လာမယ့်နှစ်ရောက်ရင်တော့ ကျောင်းသားတွေကို အဲဒီနှုတ်ဆက်နည်း သင်ပေးရင် ကောင်းမလားလို့း)

ခမာတွေရဲ့ နှုတ်ဆက်နည်း စနစ်တကျရှိတာကို တအံ့တသြ မှတ်သွားပါတယ် မအိမ်သူရေ... အပြင်မှာ ရှာလို့ မရနိုင်တဲ့ ဗဟုသုတအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောပါရစေဗျား...

အဖြူရောင်နတ်သမီး said...

ဆိုက်ပရပ်စ်မှာတော့ နှုတ်ဆက်ရင် တစ်ယောက်ပါး တစ်ယောက်နမ်းကြတယ်၊ ပြင်သစ်နဲ့ခပ်ဆင်ဆင်တူတယ်။

မြန်မာတွေလည်း ခုနောက်ပိုင်း ဟိုတည်လိုနေရာတွေမှာ ထိုင်းလို လက်အုပ်ချီပြီးနှုတ်ဆက်နေကြပြီ၊

နှုတ်ဆက်ပုံလေးတွေ ဗဟုသုတအဖြစ်မှတ်သွားတယ် ချစ်မရေ..

ယပလက် က ခရစ္စတလ် said...

ခမာပြည်လာပြီး ထိုင်းလို လာနှုတ်အုံးမယ် အစ်မ :)

လွင်ပြင်လှိုင်းငယ် said...

ဗဟုသုတ ရစရာလေးတွေအတွက်ကျေးဇူးပါ

စံပယ်ချို said...

ချမ်းမြေ့ပါစေလို့ နုတ်ဆက်ရင်းပဲ ရောက်နေပါတယ်ရှင်
အက်စကီးမိုး လူမျိုးတွေရဲ့ နှုတ်ဆက်ကြပုံလေးကချစ်စရာ
လေးနော်
ခေါပုတ်လုပ်စားဖြစ်တယ် နဲနဲပျော့သွားတာကလွှဲရင်မဆိုးပါဘူး
ဒီမှာလာဖတ်ပြီးလုပ်တာကျေးဇူးအထူးပါနော်
ချစ်တဲ့ jasmine

San San Htun said...

ခမာပြည်က နှုတ်ဆက်နည်းက စိတ်ဝင်းစားဖို့ ကောင်းတယ်..မအိမ်သူ ပျောက်ချက်သား ကောင်းလှချည်လား..

နေ၀သန် said...

မအိမ်သူရေ.. ပျောက်နေတာကြာပြီနော်... စိတ်ဝင်စားဖို့ကောင်းလိုက်တာ.. နှုတ်ဆက်နည်းတွေက... ခမာပြည်ကနှုတ်ဆက်နည်းတွေလည်း ဗဟုသုတရမိတယ်..း))

ခင်မင်လျက်
နေ၀သန်

...အလင်းစက်များ said...

နှုတ်ဆက်ပါတယ်ခင်ဗျာ။ မင်္ဂလာပါလို့ ။

နှုတ်ဆက်နည်း တွေ လေ့လာသွားပါတယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

နှုတ်ဆက်နည်းတွေ သိပ်ကိုများတာပဲ။
တိဘက်တွေရဲ့ နှုတ်ဆက်နည်းတော့ မကြိုက်ဘူးရယ်.. :D

ခင်မင်စွာဖြင့်
မြတ်

ညိမ်းနိုင် said...

ခုမှရောက်တယ်အစ်မရေ...၊မအားတာတစ်ကြောင်း၊
ကွန်ပြူတာကို့ယို့ကားယားလုပ်နေတာကတစ်ကြောင်း
မို့ပါ...။ခမာနှုတ်ဆက်နည်းလေးက စိတ်ဝင်စားဖို့
ကောင်းတယ်...။ရောက်တုန်းက ဆာရာနတ်သမီးလေး
တွေအဲ့လိုနှုတ်ဆက်တာတွေ့ဖူးပေမယ့် ခုလိုအဆင့်တွေ
ခွဲထားမှန်းမသိခဲ့ဘူး...။ကျေးဇူးအစ်မ....။

8Yar said...

ဗဟုသုတတွေအများကြီး ရသွားပါတယ်ခင်ဗျာ။ ကျေးကျေးပါအစ်မရေ။ မရောက်ဖြစ်တာကြာသွားလို့ Sorry ပါခင်ဗျာ။

8Yar said...

ဗွမ်း ဗွမ်း ဗွမ်း ဗွမ်း!! ရေလာလောင်းပါတယ်ဗျိုး။ ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေခင်ဗျာ!!

မအိမ်သူ said...

ကိုထော်ဦး၊ အန်တီတင့်၊ ကိုဘကြိုင်၊ ညီမချော၊ ဆရာဟန်၊ နတ်နတ်၊ ခရစ္စတယ်လ်၊ ကိုလွင်ပြင်၊ ဂျက်စ်၊ ညီမစန်းထွန်း၊ နေ၀သန်၊ ကိုအလင်းစက်၊ မြတ်ပန်းနွယ်၊ ကိုမျောလွင့်တိမ်နဲ့ ကိုအိပ်ယာ တို့အားလုံး လာရောက်အားပေး ဖတ်ရှုပြီး နှုတ်ဆက်နည်းတွေကို လေ့လာ စမ်းသပ်သွားကြတာ ကျေးဇူးအထူးတင်ကြောင်းပါရှင်.... :D
(ကိုအိပ်ယာ -- သင်္ကြန်ရေလာလောင်းတဲ့အတွက်လဲ ကျေးဇူးအထူးပါ။)

Related Posts Plugin for WordPress, Blogger...