Monday, February 13, 2012

ဖေဖေါ်ဝါရီ ကြယ်စင်


Photo credit to Google
ဟောဒီလို ဖေဖေါ်ဝါရီမှာပေါ့…
နှင်းမကွဲသေးခင် မြူလွင်ပြင်ထဲ
အမှောင်ကိုခွင်း ရန်ကိုရှင်းမဲ့
ကြယ်စင်တစ်စင်း ထွန်းလင်းခဲ့တယ်။

ဖေဖေါ်ဝါရီမှာ လင်းတဲ့ကြယ်
တစ်ပြည်တစ်နယ်လုံး “ထိန်လင်း”
တောက်ကြွားတဲ့ ဂုဏ်သတင်းက
ရိုးသားခြင်းတွေနဲ့ ဖွဲ့တည်
ထက်မြက်ခြင်းဂုဏ်ရည်နဲ့
တည်ကြည်တဲ့စိတ်ထား
သူ့ တရားက သစ္စာ
သူ့ မေတ္တာက စွန့်စားခြင်း
တွေဝေမှုကင်းတဲ့ ရဲရင့်ခြင်းများနဲ့
တစ်မျိုးသားလုံးက အားထားတဲ့ကြယ်…။

ဖေဖေါ်ဝါရီရဲ့ ကြယ်တစ်ပွင့်
အချိန်မတိုင်ခင် ကြွေလွင့်ရပေမယ့်
ရွှန်းတင့်ခဲ့တဲ့ရောင်ဝါ
ဘယ်သောခါ မမှိန်ပြီဘု
နောင်ရာစုပေါင်းများစွာ
ကျော်လွန်ကာသွားစေအုံးတော့
မြန်ပြည်တလွှား အမျိုးကောင်းသားတို့ရင်မှာ
(ကမ္ဘာတည်သရွေ့ လင်းနေမယ့်ကြယ်…)
(ကမ္ဘာတည်သရွေ့ လင်းနေမယ့်ကြယ်…)
(ကမ္ဘာတည်သရွေ့ လင်းနေမယ့်ကြယ်…) ။   

(လွန်ခဲ့သော နှစ်ပေါင်း ၉၇ နှစ်အချိန် ၁၉၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့သော မြန်မာပြည်၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုရေးဖွဲ့ပါသည်။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

11 comments:

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေး ခံစားရင်း ထပ်တူ ဂုဏ်ပြုလျှက်ပါမမရေ..

ကြယ်စင်များကို လေးစားသူ said...

ခေါင်းစဉ်လေးကို တအားခိုက်စ် :)

မောင်သီဟ said...

အစဉ်ထာဝရအလေးပြုပါသည်။ အားကျလေးစားရဆုံးသော လူသားဖြစ်ပါသည်။

mstint said...

ဒီကြယ်လေးကိုမမေ့မလျော့ဂုဏ်ယူလျှက်ပါ
မအိမ်သူရေ။ ကမ္ဘာတည်သရွေ့လင်းလက်နေမှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

ဟုတ်ပါတယ် အစ်မရယ်... ဒီကြယ်က ကမ္ဘာတည်သရွေ့ လင်းလက်နေမယ့် ကြယ်တစ်စင်းပါ... ကျွန်တော်တို့ ရင်ထဲမှာလဲ ထာဝရ လင်းလက်နေမယ့် ကြယ်တစ်စင်းပေါ့...

San San Htun said...

ကဗျာလေးက ကောင်းလိုင်တာ အမရေ..

နေ၀သန် said...

ဟုတ်ပါတယ်.. အစ်မရေ.. ဒီကြယ်လေးက ကမ္ဘာတည်နေသ၍ လင်းလက်နေမှာပါ...း))

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

မမရေ လင့်မတက်လို့ နောက်ဆုံးမှရောက်ရောက်လာပြီးခံစားသွားရပါတယ်

ချစ်တဲ့

မဒိုးကန်

ထော်ဦး said...

ခံစားချက်လေးနဲ့  ရေးထားလိုက်တာ
ဖတ်သူရင်ထဲ မျိုးချစ်စိတ် တက်ကြွစေပါတယ်လို့ ပြောကြားရင်း..
ထော်ဦး

ချော (အစိမ်းရောင်လင်ပြင်) said...

ပြည်သူတွေကို ချစ်ပြီး
ပြည်သူတွေကလည်း ချစ်တဲ့ ကြယ်စင်တစ်ပွင့်ပေါ့..
ကောင်းတာလုပ်လို့ ပြည်သူက ချစ်တဲ့သူများကျတော့လည်း ဘယ်တော့မှ ညိုးမှိန်မသွားတဲ့ ကြယ်တစ်စင်းလိုဘဲနော်..
ကဗျာလေး သိပ်ကောင်းတာဘဲ ..

မအိမ်သူ said...

အိန်ဂျယ်လှိုင် - ထပ်တူဂုဏ်ပြုသွားတယ်ဆိုလို့ ၀မ်းသာပါတယ် ညီမရေ..း)

ကြယ်စင်များကို လေးစားသူဆိုတဲ့ တင်စားချက်လေးက အရမ်းလှတယ် ခရစ္စတယ်ရေ..
ခေါင်းစဉ်လေးကြိုက်တယ်ဆိုလို့ ပျော်သွားပြီ။ ကဗျာရေးရေး စာရေးရေး ခေါင်းစဉ် စဉ်းစားရတာက ပိုခက်လို့...း))

ဗိုလ်ချုပ်က တကယ်ကို အားကျ အတုယူ လေးစားထိုက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါပဲ ကိုဘကြိုင်ရေ။

အစဉ်ထာဝရလင်းနေမယ့် ကြယ်တစ်စင်းပါ အန်တီရေ..

ညီရဲရေ.. မြန်မာလူမျိုးတိုင်းရဲ့ ရင်ထဲမှာ အဲဒီ ကြယ်တစ်စင်း အမြဲတောက်ပနေမှာ အသေအချာပါပဲ။

စန်းထွန်းရေ ကဗျာလေး ကောင်းတယ်ဆိုလို့ ကျေးဇူးပါညီမရေ..

နေ၀သန်ရေ ကျေးဇူးနော်။

ဘယ်အချိန်ပဲဖြစ်ဖြစ် လာပြီးခံစားလို့ရပါတယ် ညီမမဒိုးကန်ရေ.. နောက်ကျတယ် စောတယ်မရှိပါဘူး...း))

ကိုထော်ဦးရေ လာအားပေးတာ ကျေးဇူးပါ။

ညီမချော .. ကဗျာလေးကောင်းတယ်ဆိုလို့ ကျေးဇူးးးးး...
မြန်မာပြည်ရဲ့ ကြယ်တွေကို မြန်မာလူမျိုးတွေရဲ့ ရင်ထဲမှာ အမြဲထာဝရ လင်းလက်တောက်ပနေစေချင်ပါတယ်ချောရယ်။

Related Posts Plugin for WordPress, Blogger...